ရောင်းအား အကောင်းဆုံးနှင့် လူထုကြားမှာ အပျံ့နှံ့ဆုံး ပုံနှိပ်ထုတ်ဝေတဲ့ စာစောင်က မည်သည့် စာစောင်ဖြစ်သနည်း။ နေ့စဉ်ထုတ် သတင်းစာများ မဟုတ်ပါ။ ထို့အတူ အပတ်စဉ်ထုတ် သတင်းဂျာနယ်များ မဟုတ်သလို လစဉ်ထုတ် ထီပေါက်စဉ်လည်း မဟုတ်ပါ။ဘာစာစောင် ဖြစ်မယ်လို့ စာဖတ်သူထင်ပါသနည်း။ သင်္ကြန်စာ ဖြစ်ပါတယ်။
သင်္ကြန်စာကို မြန်မာလူမျိုး အများစု ခုံခုံမင်မင် ဝယ်ယူအားပေးကြတယ်။ တောရောမြို့ပါ သင်္ကြန်စာရဲ့ သြဇာက ကြီးမားလှတယ်။ သင်္ဘောဆိပ်၊ ကားဂိတ်၊ ဘူတာရုံတွေမှာ သင်္ကြန်စာရောင်းသူတွေကို အလွယ်တကူ မြင်တွေ့နိုင် ပါတယ်။ သင်္ကြန်စာတွေရဲ့ စာရွက်အရွယ်အစားက ဂျာနယ်တွေရဲ့ အရွယ်အစားဖြစ်ပြီး လက်ပွေ့ ရောင်းချသူတွေ ဆီမှာလည်း သင်္ကြန်စာတွေ ဝယ်ယူ ရရှိနိုင်ပါတယ်။ အာဝဇ္ဇန်းကောင်းသူ လက်ပွေ့ရောင်းသူတွေကတော့
“သိကြားမင်းက လက်ထဲမှာ လေးမြားကိုင်ပြီး ဆင်းတယ် ခင်ဗျ ××× မကောင်းသူကို ပယ်ရှားမည် ××× ကောင်းသူကို ကယ်တင်ပါလိမ့်မယ်××× သိကြားသာသနာ ရောက်ပါပြီ ×××သိချင်ဝယ်ဖတ်ကြပါ” ဆိုတဲ့ အသံတွေလည်း ကြားရနိုင်ပါသေးတယ်။
သင်္ကြန်စာမှာ မိုးဦးစောအံ့။ မိုးလယ် ညံ့အံ့။ မိုးနှောင်း ကောင်းအံ့ ဆိုတဲ့ တနှစ်စာ မိုးလေဝသ ခန့်မှန်းချက်တွေ ပါလေ့ရှိတယ်။ ကောက်ပဲသီးနှံများ ဈေးကောင်းရအံ့။ ဆန်ရေစပါး ပေါများအံ့၊ ဆီထွက်သီးနှံများ ဖြစ်ထွန်းအံ့ ဆိုတဲ့ တောင်သူတွေနဲ့ သက်ဆိုင်တာတွေလည်း ပါတတ်ပါတယ်။ တောင်သူတွေ အတွက် သင်္ကြန်စာဟာ စိုက်ပျိုးရေး လမ်းညွှန်ပါပဲ။ အရင်ခေတ်က တောင်သူတွေအဖို့ သင်္ကြန်စာက လက်မလွတ်သင့်တဲ့ တနှစ်တာ တောင်သူဟောကိန်း။
ကျနော်တို့ ငယ်ငယ်က သင်္ကြန်စာတွေရဲ့ သြဇာက ကြီးမားလှတယ်။ အထူးသဖြင့် အဖွားက သင်္ကြန်စာအပေါ်မှာ သက်ဝင် ယုံကြည်သူ ဖြစ်တယ်။ အဖွားတို့ မျိုးဆက်က သင်္ကြန်စာကို အထူးဂရုပြု အလေးထားကြသူတွေ ဖြစ်တယ်။ သင်္ကြန်စာမှာ ပါတဲ့ ရှေ့ဖြစ်ဟောတွေ ဆောင်ရန် ရှောင်ရန်တွေ ဂရုတစိုက် လုပ်ကြသူတွေ ဖြစ်တယ်။
သင်္ကြန်စာမှာ သိကြားမင်း (တနွင်္ဂနွေဂြိုဟ်မင်း) ဘာစီးပြီး လူ့ပြည်ဆင်းသလဲ။ ဘယ်ဘက်လက်က ဘာကိုင်ပြီး ညာဘက်လက်က ဘာကိုင်ထား တာလဲ။ သိကြားမင်းကိုင်တဲ့ ပစ္စည်းပေါ်မူတည်ပြီး လူ့အဖွဲ့အစည်း ပေါ်သက်ရောက်မှု ရှိမယ် လို့ ယုံကြည်ကြသူတွေ ဖြစ်ပါတယ်။
သိကြားမင်း မီးဒုတ်ကိုင်ဆင်းတဲ့ နှစ်တွေမှာ မီးလောင်မှုတွေ ဖြစ်ပွားမှု များနိုင်တယ် လို့ ယူဆကြသူတွေ ဖြစ်တယ်။ စစ်လက်နက် ပစ္စည်းတွေ ဖြစ်တဲ့ ဓား၊ လှံ၊ လေး၊ မြား၊ သံလျက်တွေ ကိုင်ပြီး သိကြားမင်းက လူ့ပြည်ကို ဆင်းတဲ့အခါ စစ်မက် ထူပြောမယ် လို့ ယုံကြည်ကြပြန်ရော။
ငလျင်လှုပ်ခတ်မှုကို ဘယ် မိုးလေဝသပညာရှင်ကမှ ကြိုတင် မသိရှိပေမယ့် သင်္ကြန်စာ ရေးသားထုတ်ဝေသူတွေက သင်္ကြန်စာမှာ အတိအလင်း ထည့်သွင်း ရေးသားကြတာလည်း ရှိတယ်။
သင်္ကြန်စာမှာ (၇) ရက်သားသမီးတွေ အတွက် ဟောစာတမ်းတွေလည်း ပါလေ့ရှိပါတယ်။ အထူးသဖြင့် နှစ်ဆန်း တရက်နေ့မှာ လုပ်ဆောင်ရမယ့် လုပ်ဆောင်ချက်တွေကို ထည့်သွင်းထားပါတယ်။ ဘာနေ့ သားသမီးတွေက ဘယ်အရပ်ကို မျက်နှာမူပြီး ခေါင်းဆေးမင်္ဂလာ လုပ်ရမယ်၊ ဘုရားမှာ ဆွမ်းတော်တင်ရမယ့် လှူဖွယ်အမျိုး အမည်တွေ သင်္ကြန်စာမှာ ဖော်ပြလေ့ ရှိပါတယ်။ သင်္ကြန်စာမှာ ဖော်ပြထားတဲ့ ဟောပြောချက်တွေ အတိုင်း အဖွားက ကျနော်တို့ကို တသွေမတိမ်း လုပ်စေတယ်။ အဲဒီလို လုပ်နေရင်း “နတ်နဲ့ နဂါး မလှည့်စားနဲ့” လို့လည်း ပြောတတ်သေးတယ်။
အခုခေတ်မှာလည်း သင်္ကြန်စာတွေ နေရာတိုင်းမှာ လွယ်လင့်တကူ ဝယ်လို့ ရနေသေးတယ်။ ဒါပေမယ့် သင်္ကြန်စာ ဝယ်ဖတ်ကြသူတွေထဲမှာ ယုံကြည်ကိုယ်းစားလို့ ဝယ်ဖတ်ကြသူတွေရှိသလို သိချင်ရုံသက်သက် ဝယ်ဖတ်ကြသူ တွေလည်း ပါဝင်တယ်။ သင်္ကြန်စာက လူတိုင်း ရေးခွင့်ရှိတာတော့ မဟုတ်ပါဘူး။ နိုင်ငံတော်က တရားဝင် သတ်မှတ် ထားသူကသာ ရေးခွင့်ရှိတာပါ။ အများအားဖြင့် နိုင်ငံတော် ပြက္ခဒိန် အခါပေး ဗေဒင် ပညာရှိတွေရဲ့ ဗေဒင်ကိန်းခန်း တွေနဲ့ တွက်ချက်ပြီးမှသာ ထုတ်ဝေခွင့်တင်ပြီးမှ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်နဲ့ ထုတ်ဝေဖြန့်ချိ ရတာပါ။
သင်္ကြန်စာတွေ ပေါ်ပေါက်ခဲ့တဲ့ သက်တမ်း မနည်းတော့ဘူး။ သင်္ကြန်စာတွေကို ပညာရှင်တွေ အနေနဲ့ သုတေသန လုပ်ဖို့ ကောင်းတယ်။သင်္ကြန်စာတွေရဲ့ ဟောကိန်း မှန်မမှန်ဆိုတာထက် ဘယ်ပုံဘယ်နည်း တွက်ချက်တယ်။ ဘယ်သူတွေ ဘယ်လို ထုတ်လုပ်ဖြန့်ချိနေတယ်။ သင်္ကြန်စာတွေရဲ့ သက်ရောက်မှု စတာတွေ စနစ်တကျ သုတေသန လုပ်နိုင်ရင် တစုံတရာ အကျိုးရှိနိုင်တာပေါ့။
အဖွားတို့ခေတ်က သင်္ကြန်စာတွေက အဖြူ-အမည်း ဖြစ်ပေမယ့် ဒီနေ့ခေတ်မှာတော့ သင်္ကြန်စာတွေက ရောင်စုံတွေနဲ့ ဖြစ်ကုန်ပါပြီ။ အရောင်အသွေး စုံစုံနဲ့ ဈေးဝယ်တွေကို ဖမ်းစားဖို့ ကြိုးစားလာတာ တွေ့ရပါတယ်။ အဖွားတို့ ခေတ်မှာ သင်္ကြန်စာ တစောင် ၁ ကျပ်ပဲ (၁၉၈၀ ပြည့်လွန်နှစ်တွေက) ပေးခဲ့ရတယ်။ အခုခေတ်မှာတော့ သင်္ကြန်စာသည်ပင် တစောင် ကျပ် ၅၀၀ ဖြစ်သွားပါပကော။ အဖွား ကိုယ်တိုင် သင်္ကြန်စာ ဝယ်ဖြစ်ရင် ဘေးအိမ်တွေကလည်း အဖွားဆီက ငှားရမ်း ဖတ်ရှုကြတယ်။ အဖွား မဝယ်ဖြစ်ခဲ့ဘဲ ဘေးအိမ်တွေက ဝယ်တဲ့ အခါလည်း ရှိတယ်။ အဲဒီလိုအခါမျိုးမှာ အဖွားက ငှားဖတ်သူ ဖြစ်ရပြန်တယ်။ အဲဒီခေတ် လူမှုဆက်ဆံရေးက အဲသည်လို နှစ်အိမ် တအိမ် ကူးလူးဆက်ဆံမှု တွေ ရှိကြတယ်။ သူ့ဟင်းခွက် ကိုယ်နှိုက်စား၊ ကိုယ့်လက်ဖက်အစ် သူနှိုက်မြည်းတဲ့ ခေတ်ပေကိုး။
ကျနော် ကိုယ်တိုင်လည်း သင်္ကြန်စာ မဖတ်ဖြစ်တာ ဆယ်စုနှစ်နဲ့ချီ ကြာခဲ့ပြီ။ သင်္ကြန် မတိုင်မီတော့ သင်္ကြန်စာ တစောင် မဖြစ်မနေ ဝယ်ရပါဦးမယ်။ သင်္ကြန်စာမှာ ရေးထားတဲ့ ဟောပြောချက်တွေ မှန်မမှန် ဆိုတာထက် သင်္ကြန်စာက ပေးတဲ့ ရသကို ခံစားချင်တာပါ။ အထူးသဖြင့် ငယ်ဘဝကို ခေတ္တဖြစ်ဖြစ် ပြန်လွမ်းဖို့ပဲ ဆိုပါတော့။ မိတ်ဆွေတို့လည်း သင်္ကြန်စာတွေ လက်လှမ်းတမီတွေ့တဲ့ အခါ ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။ ငွေကျပ် ၅၀၀ နဲ့ ငယ်လွမ်း ဝေဒနာတွေ ခံစားနိုင်တဲ့ အရာက သင်္ကြန်စာပဲ ဖြစ်ပါတယ်။ ။