ကုလသမဂ္ဂ စုံစမ်းရေးသည် ဒီမိုကရေစီ လမ်းမပေါ်သို့ မြန်မာ ရောက်လာရန် ကူညီမည်

ရည်မွန်ထွန်းနှင့် တိုင်လာဂီယန်နီနီ
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မြန်မာကို စုံစမ်းစစ်ဆေးရန် မစ္စယန်ဟီးလီက တိုက်တွန်းခဲ့သည် / Reuters

ရုတ်တရက်ကြည့်လိုက်လျှင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အတည်ပြုခဲ့သော မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်က ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ အပေါ် ပြင်းထန်စွာ ဝေဖန် ပြစ်တင်မှု တခု အသွင်ဖြစ်နေသည်။ အဆိုပါ ဆုံးဖြတ်ချက်က လတ်တလောထွက်ပေါ်နေသည့် စစ်ဘက်နှင့် လုံခြုံရေးတပ်ဖွဲ့များ၏ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များကို နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတခု ပြုလုပ်ရန် တောင်းဆိုထားသည်။ အထူး သဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်သည်။

အကြမ်းဖက်မှုများနှင့် ပတ်သက်၍ လူသိရှင်ကြားတုန့်ပြန်မှုမရှိဘဲ နှုတ်ဆိတ်နေခဲ့ခြင်း၊ အစိုးရက ပယ်ချခြင်းများ နှင့် ပြည် တွင်းတွင် ယနေ့အထိ အရေးတယူစုံစမ်းစစ်ဆေးမှု မရှိခြင်းများကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်ရန် လွယ်ကူ စေပါလိမ့်မည်။ သို့သော်လည်း အလွယ်တကူမြင်နိုင်သည့် နောက်ထပ် အကြောင်းအရာတခု ရှိနေဆဲဖြစ်သည်။ ဒေါ်အောင် ဆန်းစုကြည်နှင့် သူ၏ အစိုးရအနေဖြင့် လုံခြုံရေးတပ်ဖွဲ့များ၏ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များကို စုံစမ်းစစ်ဆေး ခြင်းနှင့် ထိန်းချုပ်ရေးတွင် ပိတ်ဆို့နေသော အဟန့်အတားများ ရှိနေသည်။ အဆိုပါ အတားအဆီးများက စစ်တပ်က ရေး ဆွဲခဲ့သော မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေတွင် အရင်းခံနေကြသည်။ အတားအဆီးများကို ဖယ်ရှားနိုင်သည့် အချိန် အထိ စစ်ဘက်ကို ၎င်းတို့၏ အကြမ်းကိုင်သည့် နည်းလမ်းများမှ ပြောင်းလဲစေရန် အတွက် ပြည်တွင်းနှင့် နိုင်ငံတကာ၏ ကြိုးစား ဆောင်ရွက်မှုများ လိုအပ်မည် ဖြစ်ပါသည်။

ယခုကိစ္စက မြန်မာနိုင်ငံ အခြေခံဥပဒေ၏ ပြည်သူများ အပေါ် ပျက်ကွက်မှုကို ပထမဆုံး အကြိမ်မြင်တွေ့ရခြင်း မဟုတ် ပါ။ မျိုးဆက်တခုမျှသော ကာလအတွင်းတွင် ပထမဆုံး ပြုလုပ်နိုင်ခဲ့သည့် လွတ်လပ်သော ရွေးကောက်ပွဲတွင် သူ၏ NLD ပါတီ အနိုင်ရရှိခဲ့သော်လည်း အခြေခံဥပဒေက တားမြစ်ထားသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မလာနိုင်ခဲ့ပါ။ ထို့ကြောင့် သူနှင့် NLD ပါတီက “နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်” ဆိုသည့် ရာထူးသစ်တခုကို ဖန်တီး၍ အစိုးရ အဖွဲ့ကို ဦး ဆောင်နိုင်ရန် ပြုလုပ်ခဲ့ရသည်။ တီထွင်ဖန်တီးမှုရှိသော၊ လိုအပ်သော ဆောင်ရွက်ချက်တခု ဖြစ်သလို ရွေးကောက်ပွဲ၏ ရလဒ်မှ ရွေးချယ်၍ ရနိုင်သည့် တခုတည်းသော နည်းလမ်းလည်း ဖြစ်ပါသည်။

အလားတူပင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် လိုအပ်သော အခြေခံ စောင့်ကြည့် စစ်ဆေးမှုများ ကင်းမဲ့ နေသည့် အတွက် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးက လိုအပ်သော အရွေ့တခု ဖြစ်သည်။ အောက်တိုဘာလမှ စ တင် ၍ လုံခြုံရေးတပ်ဖွဲ့များက လူ ၁၀၀၀ ခန့်ကို သတ်ဖြတ်ခဲ့ပြီး ရိုဟင်ဂျာ မွတ်ဆလင် ၇၇၀၀၀ ခန့်ကို ၎င်းတို့ နေအိမ်ရှိရာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးစေခဲ့သည်ဟု စွပ်စွဲပြောဆိုမှုများ ပေါ်ပေါက်ခဲ့သည်။ အဆိုပါ လုံခြုံရေး အဖွဲ့များကို စစ်ဘက်က တရားဝင် လက်တွေ့ထိန်းချုပ်ထားသည်။

အခြေခံ ဥပဒေ၏ သတ်မှတ်ချက်အရ လုံခြုံရေးတပ်ဖွဲ့များကို ထိန်းချုပ်ထားသည့် ဝန်ကြီးဌာန ၃ ခုဖြစ်သော နယ်စပ်ရေး ရာ၊ ကာကွယ်ရေး နှင့် ပြည်ထဲရေးတို့ကို အရပ်ဘက်က ထိန်းချုပ်နိုင်ခြင်း မရှိပါ။ အဆိုပါ ဝန်ကြီးဌာနများ အတွက် ဝန်ကြီး များ ခန့်အပ်ခြင်းမှ အစ အဆင့်ဆင့် အမိန့်ပေးကြီးကြပ်ခြင်းများအထိ စစ်ဘက်က လွတ်လပ်စွာ ဆောင်ရွက်ပြီး အရပ်သား အနည်းငယ်မျှသာ သိရှိနိုင်သည်။

ထိုသို့ သိရှိနိုင်ခြင်း မရှိသည့်အတွက် ရခိုင်ပြည်နယ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့် ပတ်သက်သော အမျိုးသား အဆင့် စုံစမ်းစစ်ဆေးမှုပေါင်း များစွာက စစ်တပ်၏ လုပ်ငန်းဆောင်ရွက်မှုနည်းလမ်းကို ပြောင်းလဲပေးနိုင်ခြင်း မရှိခဲ့သည် မှာ အံ့သြစရာ မဟုတ်ပါ။ NLD အစိုးရ အာဏာရရှိသည့် အချိန်မှ စ၍ သီးခြားကော်မရှင် ၂ ခုကို ဖွဲ့စည်းခဲ့သည်။ ပထမ တခု ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း Kofi Annan က ဦးဆောင်ပြီး ကော်မရှင်၏ တာဝန်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန်မဟုတ်ဘဲ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများကို အ လေး ပေးဆောင်ရွက်ရန် ဖြစ်သည်။ စစ်ဘက်အရာရှိဟောင်းများပါဝင်သော ဒုတိယ ကော်မရှင်က ရခိုင်ပြည်နယ် မြောက်ပိုင်း မှ လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းများကို အလွယ်တကူပင် ပယ်ချခဲ့သည်။

သို့သော်လည်း ယခုနှစ် အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်များထံသို့ သွားရောက်ခဲ့သော ကုလသမဂ္ဂ အဖွဲ့ တဖွဲ့ က တရားလက်လွတ်သတ်ဖြတ်ခြင်း၊ မတရားပြုကျင့်ခြင်း နှင့် နှိပ်စက်ခြင်းများ အပါအဝင် လူ့အခွင့်အရေးချိုးဖောက် သော ပြစ်မှုများ ရှိနိုင်သည့် အထောက်အထားများ တွေ့ရှိခဲ့ရသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို မြန်မာ့နိုင်ငံရေးတွင် ဝင်ရောက်စွတ်ဖက်ရန် ပြင်ပမှ အားထုတ်မှု တခု အဖြစ် အချို့က ပုံဖော်ကြဖွယ်ရာ ရှိပါသည်။ သို့သော်လည်း လက်တွေ့တွင်မူ မြန်မာနိုင်ငံမှ တက်ကြွလှုပ်ရှားသူများ က ပြည်တွင်းမှ စနစ်သည် ကန့်သတ်ချက်များသည့် အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုများ အပေါ် နိုင်ငံတကာ စုံစမ်း စစ်ဆေးမှုတခုကို တောင်းဆိုနေခဲ့ကြ သည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီ ဖြစ်သည်။

ဥပမာပြရလျှင် မြန်မာနိုင်ငံတွင် အဓမ္မအလုပ်ခိုင်းစေခြင်းများ ကျယ်ကျယ်ပြန့် ရှိနေခြင်း အပေါ် နိုင်ငံတကာ အလုပ်သမား အဖွဲ့ (ILO) က ၁၉၉၉ ခုနှစ်တွင် စုံစမ်း စစ်ဆေးမှုများ စတင်ဆောင်ရွက်ခဲ့ခြင်းမှာ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ၏ အားထုတ်မှုများကြောင့် ဖြစ်သည်။ ၂၀၀၀ အလယ်ပိုင်း နှစ်များတွင် ပြည်ပရောက် မြန်မာတက်ကြွလှုပ်ရှားသူ များက နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နိုင်ငံ အတွင်းမှ ဖြစ်နိုင်ဖွယ်ရာရှိသော နိုင်ငံတကာ မှုခင်းများကို စုံစမ်း စစ်ဆေးရန် တွန်းအားပေးခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ပြည်တွင်း အဖွဲ့အစည်း အများအပြားက Harvard ဥပဒေကျောင်းမှ International Human Rights Clinic အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ စစ်ရာဇဝတ်မှုများနှင့် လူ့ အခွင့်အရေးချိုးဖောက်သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးမှုတခု ပြုလုပ်ရန် တောင်းဆိုခဲ့ကြသည်။ အထူးသဖြင့် ၎င်း တို့ ဦးတည်သည်မှာ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဖြစ်ပြီး ၂၀၀၅-၂၀၀၆ အတွင်းက မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် ပြုလုပ်ခဲ့သော စစ်ဆင်ရေးတခုတွင် ပါဝင် ပတ်သက်ခဲ့သောကြောင့် ဖြစ်သည်။ ယခုနှစ် ဇန်နဝါရီလ အတွင်းတွင်လည်း ရခိုင်ပြည်နယ်မှ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် လွတ်လပ်သော နိုင်ငံတကာ စုံစမ်းစစ် ဆေး မှုတခု ပြုလုပ်ပေးရန် မြန်မာနိုင်ငံ မှ အဖွဲ့အစည်း ၄၀ က တောင်းဆိုခဲ့ကြသည်။

ရခိုင်ပြည်နယ်မှ ပြဿနာများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောဆိုခြင်းမရှိသလို ပြဿနာများ ရပ်တန့်ရေး အတွက်လည်း ပိုမို အားထုတ်လုပ်ဆောင်မှုများ မရှိဟု အချို့က ဝေဖန်ခဲ့ကြသည်။ အကယ်၍ သူကသာ အခွင့် အရေးချိုးဖောက်မှုများ အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့လျှင် သူ၏ အရှိန်အဝါကြောင့် အပြောင်း အလဲအတွက် တွန်းအားပေးရာတွင် အတော်ခရီးရောက်နိုင်မည်မှာ သေချာပါသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖြေရှင်းရန်အတွက် ပြည်တွင်းမှ အားထုတ်မှုများကို အခွင့်အရေးပေးသင့်ကြောင်း ပြောဆို၍ သူ၏ အရပ်သား အစိုးရ အဖွဲ့က နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကို ဆန့်ကျင်ခြင်းက အခက်အခဲတခု ဖြစ်လာသည်။ သို့သော်လည်း ဒေါ် အောင် ဆန်းစုကြည်နှင့် သူ၏ အစိုးရ အဖွဲ့က ဆောင်ရွက်နိုင်ခြင်း မရှိသည့် အခြေအနေ သို့မဟုတ် ဆောင်ရွက်လိုသော ဆန္ဒ မရှိ သည့် အခြေအနေတွင် ဖြေရှင်းရေးအတွက် ပြည်တွင်း လုပ်ငန်းစဉ်တခုကို စောင့်ဆိုင်းနေခြင်းက လုံလောက်သည့် ရွေး ချယ်စရာ တခုမဟုတ်ပါ။ အထူးသဖြင့် တာဝန်ခံမှုနှင့် ပတ်သက်၍ ဖွဲ့စည်းပုံဆိုင်ရာ အတားအဆီးများ နက်ရှိုင်းစွာ အမြစ် တွယ်နေသည့် လုံးခြုံရေးတပ်ဖွဲ့များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့် ပတ်သက်၍ ဖြစ်သည်။ စစ်တပ်ဘက် က လည်း တာဝန်ခံရန် ဆန္ဒရှိမည် မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့က ကိုယ်တိုင်ဆောင်ရွက်ပေးရန် ကို လည်း အခြေခံ ဥပဒေက တားဆီးထားသည်။

မြန်မာနိုင်ငံ၏ ဒီကရေစီ အသွင်ကူးပြောင်းရေးတွင် တရားဥပဒေ စိုးမိုးရေးက မရှိမဖြစ်လို အပ်ကြောင်းပြောခဲ့သည်။ သို့ သော်လည်း ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့များ၏ လူ့အခွင့် အရေးချိုးဖောက်မှုများ ကျယ်ပြန့်လာ ခြင်းက အသွင်ကူးပြောင်းရေးက ပြည့်စုံခြင်း မရှိသေးကြောင်း ထင်ရှားစေပါသည်။ ထိုသို့ပြုလုပ်ရန် အတွက် နိုင်ငံ အတွင်းတွင် စစ်မှတ်သော အလားအလာမရှိသည့် အချိန်တွင် နိုင်ငံတကာ၏ စုံစမ်းစစ်ဆေးမှုကို ကျူးကျော်စွတ်ဖက် ခြင်းဟု မမြင်ဘဲ အခွင့်အရေးတရပ် အဖြစ်သဘောထားသင့်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အစိုးရ အနေ ဖြင့် တရားဥပဒေစိုးမိုးရေးအတွက် သူတို့ပေးထားသည့်ကတိကို စုံစမ်းစစ်ဆေးမှုကို ခွင့်ပြုခြင်း ပူးပေါင်းဆောင်ရွက်ခြင်းများ ဖြင့်ပြသနိုင်မည် ဖြစ်ပါသည်။ သို့မှသာလျှင် စစ်ဘက်ကို ဆက်လက်ဖိအားပေးနိုင်ပြီး NLD သည် စစ်မှန်သော ဒီမိုကရေ စီသို့ ဦးတည်သော လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရန် ဆုံးဖြတ်ထားကြောင်း အချက်ပြလိုက်ခြင်းလည်း ဖြစ်လာ ပါလိမ့်မည်။

(ရည်မွန်ထွန်းသည် မြန်မာ-ကနေဒါ ရှေ့နေတဦး ဖြစ်ပြီး Justice Trust ၏ မြန်မာနိုင်ငံ အစီအစဉ်မှ ဒါရိုက်တာလည်း ဖြစ်သည်။ Tyler Giannini သည် Harvard ဥပဒေကျောင်း၏ လူ့အခွင့်အရေး အစီအစဉ်နှင့် International Human Rights Clinic တို့၏ ဒါရိုက်တာ ဖြစ်ပါသည်။)

Loading