ကျမဟာ မွေးဖွားလာကတည်းက မြန်မာနိုင်ငံသား တယောက် အဖြစ် မွေးဖွားလာလို့ မြန်မာ့ယဉ်ကျေးမှုကို ချစ်မြတ်နိုး တန်ဖိုးထားသူ တယောက်ပါ။ အညာဒေသ ကျမရဲ့ ဇာတိစစ်ကိုင်းမြို့လေးမှာ ကိုးကွယ်ရာဘာသာတွေ မတူညီပေမယ့် တူညီတာက မြန်မာ့ယဉ်ကျေးမှုကို အလေးထားတာ၊ မြို့သူမြို့သား အချင်းချင်း မေတ္တာထားချစ်ခင်တာ၊ ကူညီရိုင်းပင်း ကြတာပါပဲ။
ကျမ နေထိုင်ကြီးပြင်းခဲ့တဲ့ မင်းလမ်းရပ်ကွက်မှာ အများစုက အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ပေမယ့် ဗုဒ္ဓဘာသာဝင်တွေ လည်း ရှိပါတယ်။ ကျမရဲ့ မိဘတွေ၊ အဘိုးအဘွားတွေက ဒီမြေဒီရေမှာ ကြီးပြင်းခဲ့တဲ့ ဗမာလူမျိုး အစ္စလာမ်ဘာသာဝင် တွေ ဖြစ်ပါတယ်။ အဖေ့ရဲ့ အမေက ပန်းတောင်းသူဖြစ်ပြီး ပြည်၊ ပန်းတောင်းဘက်က ဆွေမျိုးတွေကလည်း အတော့်ကို ဗမာဆန်ကြတာပါ။
စာရေးဆရာတဦး ဖြစ်တဲ့ ကျမအဖေက အမြဲပြောခဲ့ဖူးတဲ့ စကားကို ဒီနေ့ထက်ထိ ကျမမှတ်မိနေပါတယ်။ “မြန်မာပြည်မှာ နေရင် မြန်မာ့ယဉ်ကျေးမှု အတိုင်း နေရမယ်”တဲ့။ အခုလို သင်္ကြန်မှာ အဖေက ဗဟိုမဏ္ဍပ်မှာ သံချပ်အဖွဲ့တွေအတွက် အကဲဖြတ် ဒိုင်လည်း လုပ်ခဲ့ဖူးပါတယ်။ နှစ်ဆန်းတရက်နေ့ ဆိုရင် ကျမတို့ တမိသားစုလုံး ခေါင်းလျှော်ရေချိုးကြတယ်၊ အမေက အိမ်သန့်ရှင်းရေး လုပ်ပါတယ်။ ကျမ အဖေဟာ ကွယ်လွန်သွားခဲ့တဲ့ အချိန်အထိ မြန်မာဆန်ဆန် တိုက်ပုံကို အမြဲ ဝတ်ဆင်ခဲ့သူပါ။ အမေဆိုရင်လည်း ခုထက်ထိ စစ်ကိုင်းမှာနေထိုင်ပြီး ပန်းအလွန်ကြိုက်ပါတယ်။
ကျမတို့ ငယ်စဉ်က ဝါဆိုလပြည့်နေ့ ရောက်လာရင် ထမင်းချိုင့်တွေ ထည့်ပြီး စစ်ကိုင်းတောင်ပေါ် တက်ရတာ တော်တော် ပျော်စရာကောင်းပါတယ်။ ဗုဒ္ဓဘာသာဝင်တွေနဲ့ ချစ်ကြည်လွန်းပြီး ရပ်ကွက်ထဲမှာ ဗုဒ္ဓဘာသာဝင်တွေ အလှူလုပ်ရင် ဝိုင်းကူကြရဲ့။
ဗုဒ္ဓဘာသာဝင်တွေ ကလည်း တကယ့်ဆွေမျိုး ရင်းချာလို ကူညီကြတော့ အဲဒီနေ့ ရောက်ရင် မုန့်တွေ ပို့ကြ၊ ဟင်းတွေ ပို့ကြနဲ့ပေါ့။ စစ်ကိုင်းဟာ စေတီပုထိုးပေါများတဲ့ မြို့ဆိုတော့ ဘုရားပွဲရှိရင် ကျမတို့ ပျော်ကြပြီ။
ငါးထပ်ကြီး ဘုရားပွဲ၊ ထူပါရုံဘုရားပွဲ နေ့တွေ ရောက်လာရင် လူကြီးတွေက ဆွေဘုရား၊ မျိုးဘုရားဟေ့၊ ဘုရားပွဲ သွားကြမယ် ဆိုပြီး ခေါ်ပါတယ်။ ကောင်းမှုတော် ဘုရားပွဲဆိုရင် သနပ်ခါးတုံး စစ်စစ်တွေတောင် ဝယ်လို့ ရပါတယ်။ “မိုးဇာဗြောသံ” ကြားရင်တော့ က,ချင်စိတ်တောင် ပေါက်မိပါရဲ့။ အစ္စလာမ်ဘာသာဝင် အားလုံးလိုလိုက မြန်မာ ဆန်ဆန် ဝတ်စားဆင်ယင်ကြတော့ တကိုယ်လုံး အနက်ရောင်ဝတ်စုံ ဝတ်ပြီး ခေါင်းမြီးခြုံထားတဲ့ အမျိုးသမီးဆိုတာ တော်တော်လေးရှားပါတယ်။ ရပ်ကွက် အတွင်းမှာ ဗလီ ၂ လုံးရှိပြီး အမျိုးသမီးတွေလည်း ဝတ်ပြုနိုင်ပါတယ်။ ဗလီပေါ်ကို တခြားဘာသာဝင်တွေလည်း လာရောက် လည်ပတ်နိုင်ပါတယ်။
အခုနောက်ပိုင်း ရန်ကုန်မြို့မှာ နေထိုင်နေတဲ့ ကျမဟာ တချို့မွတ်စ္စလင် အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုကို တွေ့ရတိုင်း စိတ်မသက်မသာ ဖြစ်မိပါတယ်။ ဒီနိုင်ငံသားတွေ ဖြစ်ပါလျက်နဲ့ အနက်ရောင်ခြုံထည်တွေ ဝတ်ဆင်ထား တာ မြင်ရလို့ပါ။ ပူပြင်းတဲ့ နွေရာသီမှာ အနက်ရောင်ဟာ အပူစုပ်တာကြောင့် ကျန်းမာရေးရှု့ထောင့်က ကြည့်ရင် အဆင် မပြေသလို သီးသန့် ကွဲထွက်နေတဲ့ ဝတ်စားမှု ပုံစံကြောင့် အထင်အမြင် လွဲမှားနိုင်ပါတယ်။ တလက်စတည်း စဉ်းစားမိတာက မြန်မာဝတ်စုံကို နှစ်နှစ်သက်သက် ဝတ်ဆင်သွားကြတဲ့ ဗမာ-မွတ်စလင်တွေနဲ့ ဘာလို့ ကွဲပြား နေပါလိမ့် ဆိုတာပါပဲ။
ဆရာကြီးဦးရာဇတ်က အမျိုးသားကျောင်းတွေကို တည်ထောင်ခဲ့သူဖြစ်သလို ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ လက်တွဲပြီး နိုင်ငံလွတ်လပ်ရေး အတွက် ကြိုးပမ်းခဲ့သူပါ။ ပရဟတိတွေလုပ်ခဲ့တဲ့ ပျဉ်းမနားက ဟာဂျီမဒေါ်ပုဆိုရင်လည်း ဆံထုံး ထုံးပြီး မြန်မာဆန်ဆန်ပဲ ဝတ်စားခဲ့တာပါ။ ဒေါ်ပုဟာ ၁၉၇၉ ခုနှစ်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းမှာ ဆီးနှင့် ကျောက်ကပ် ဆေးရုံကို အဲဒီခေတ်ကာလ သိန်း ၃၀ ကျော် အကုန်အကျခံပြီး လှူဒါန်းခဲ့ပါတယ်။ မြန်မာမွတ်စလင် အမျိုးသမီးအဖွဲ့ချုပ် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့တဲ့ ဆရာမကြီး ဒေါ်စောရွှေဆိုရင်လည်း ဆံထုံးထုံး၊ ပဝါချပြီး မြန်မာဆန်ဆန် ဝတ်ဆင်ခဲ့တာဖြစ်ပါ တယ်။
အဲဒီလို နေထိုင်ခဲ့တဲ့ အမျိုးသမီးတွေ ရှိခဲ့ပါလျက်နဲ့ အာရပ်နိုင်ငံတွေမှာ မွေးဖွားသူတွေလို ဝတ်ဆင်နေတာ မဖြစ်သင့် ဘူး လို့ မြင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံသား မွတ်စလင်အမျိုးသမီးတွေဟာ အရှေ့အလယ်ပိုင်းက မွတ်စလင် အမျိုးသမီးတွေ ထက် အခွင့်အရေးတွေ အများကြီး ပိုရတာ ငြင်းမရပါဘူး။ ပါကစ္စတန်လိုနိုင်ငံမှာ မိဘ သဘောမတူသူ ကို ယူမိတာနဲ့ “ဂုဏ်သိက္ခာအရ သတ်ဖြတ်ခြင်း” လို့ခေါင်းစဉ်တပ်ပြီး ဆွေမျိုးရင်းချာတွေကိုယ်တိုင်က အမျိုးသမီးတွေ ကို မသေမချင်း ကျောက်ခဲနဲ့ ထုသတ်တာတွေ ရှိပါတယ်။ ယီမင်နိုင်ငံမှာ ၁၀ နှစ်၊ ၁၂ နှစ်လောက်ပဲ ရှိသေးတဲ့ ကလေးငယ်တွေကို အတင်းအဓမ္မ အိမ်ထောင်ပြုစေလို့ ဒုက္ခရောက်နေရတဲ့ ကလေးတွေ တပုံကြီး ရှိပါတယ်။
မြန်မာ့ယဉ်ကျေးမှုကို လေးစားတာနဲ့ ဘာသာရေးကိစ္စကို သီးသန့်စီရှုမြင်တတ်ဖို့ လိုပါတယ်။ ဘယ်ဘာသာတရားပဲ ဖြစ်ဖြစ် မေတ္တာထားဖို့ပဲ သွန်သင်ဆုံးမတာ ဖြစ်ပြီး ကိုယ့်ရဲ့ ဘာသာအပေါ် ယုံကြည်စွာ ကိုးကွယ်နေရင် ဘယ်သူကမှ “ခိုင်မာတဲ့ ယုံကြည်မှု” ကို ပျက်စီးနိုင်မှာ မဟုတ်ပါဘူး။
နောက်တခုက တနေ့ ၅ ကြိမ် ဝတ်ပြုဖို့ ဗလီတွေက ဆော်သြရာမှာ အသံချဲ့စက်ကို တချို့ဗလီတွေက လွန်လွန်ကျွံကျွံ ကျယ်ကျယ်လောင်လောင် သုံးစွဲနေတဲ့ ကိစ္စပါ။ အခုလို ဆက်သွယ်ရေး နည်းပညာတွေ အလွန်မြင့်မားလာတဲ့ ခေတ်မှာ ပတ်ဝန်းကျင် အများပြည်သူကို နှောင့်အယှက် ဖြစ်စေတဲ့ အသံချဲ့စက်တွေ မသုံးသင့်တော့ပါဘူး။
မင်္ဂလာ တောင်ညွှန့်မြို့နယ်ထဲက ဗလီတလုံးဟာ နံနက်ဆိုရင် ဝတ်ပြုဖို့ ဆော်သြရာမှာ ၄ ဘက် ၄ တန် လှည့်ပြီး တပ်ဆင်ထားတဲ့ အသံချဲ့စက်တွေနဲ့ ဒက်ဆီဘယ် အမြင့်ဆုံးထားပြီး သံကုန်ဟစ်ပြီး ဆော်သြတာကြောင့် တခြား ဘာသာဝင်တွေ စိတ်အနှောင့်အယှက် ဖြစ်ရတဲ့ အကြောင်း၊ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေမှာ အဲဒီလို ကျယ်လောင်လှတဲ့ အသံကြောင့် ကျန်းမာရေး ထိခိုက်ရတဲ့ အကြောင်း ကျမကို ပြောကြတာတွေ ရှိပါတယ်။ တကယ်လည်း ကျယ်လောင်ပါတယ်။ အသံချဲ့စက်သုံးပြီး လုပ်မှ ဘာသာတရား လုပ်တာ မဟုတ်ဘူးဆိုတာ နားလည်ဖို့ လိုပါတယ်။
အဲဒီလို တချို့ဗလီတွေက အသံချဲ့စက်ကို လိုတာထက် ပိုကျယ်စွာ ဆော်သြကြတာကြောင့် မလိုလား “အထင်လွဲစရာ” တွေ ဖြစ်ရသလို “အမုန်း” ကိုပါ ဖြစ်စေနိုင်ပါတယ်။ အသေးအမွှားလို့ ထင်ကောင်း ထင်ရပေမယ့် အနှောင့်အယှက် ပေးသလို ဖြစ်လာရင် “သံသယ” တွေ ပါဝင်လာနိုင်တာမို့ သတိပြုဆင်ခြင်သင့် ပါတယ်။ ဖြစ်သင့် ဖြစ်ထိုက်တာက ဝတ်ပြုဖို့ ဆော်သြရာမှာ ရပ်ကွက်ထဲက သူတွေ ကြားသာရုံလောက် ဒက်ဆီဘယ် ချိန်ညှိပြီးမှ သုံးသင့်ပါတယ်။ အသံချဲ့စက် မသုံးလို့လည်း ဘာသာတရား ကိုင်းရှိုင်းမှုအပေါ် ဘာမှ မထိခိုက်ပါဘူး။ တကယ့် ဘာသာဝင်တွေက လာရောက်ဖို့၊ ဝတ်ပြုဖို့ ခေါ်စရာ နှိုးဆော်စရာ မလိုပါ။ သူတို့ အသိ သူတို့ ယုံကြည်မှုနဲ့ လာရောက်ကြမယ်၊ ဝတ်ပြုကြမယ် မဟုတ်လား။
ဘာသာတခုနဲ့တခု နားလည်မှု ရှိရှိ၊ သဟဇာတဖြစ်ဖြစ် နေထိုင်ဖို့ရင် ကျမတို့ဟာ တခြားဘာသာဝင်တွေ မကြိုက်တဲ့ အပြုအမူတွေ မပြုလုပ်မိဖို့ လိုသလို သူတို့ကို လေးလေးစားစား ဆက်ဆံတတ်ရပါမယ်။ အထင်အမြင်လွဲမှားစေတဲ့ နားလည်မှု လွဲမှားစေတဲ့ ဝတ်စားဆင်ယင်မှုနဲ့ အပြုအမူတွေဟာ ရေရှည်မှာ ကောင်းကျိုး မဖြစ်ထွန်းစေပါဘူး။ အစ္စလာမ်ဘာသာရဲ့ အနှစ်သာရက သည်းခံခွင့်လွတ်တတ်တဲ့ မေတ္တာတရားကို မွေးမြူဖို့၊ ဆင်းရဲသားတွေကို ကူညီစောင့်ရှောက်ဖို့ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး နေထိုင်ရှင်သန်ရာ နိုင်ငံအပေါ် သစ္စာစောင့်သိဖို့ပါ လမ်းညွှန် ထားတာပါ။
ကုရ်အာန် ၄၉း၁၃ မှာ “ကမ္ဘာ့လူသား မျိုးနွယ် တရပ်လုံးသည် ကမ္ဘာ့မိသားစုကြီးသာ ဖြစ်သည်။ လူမျိုးစု၊ မျိုးနွယ်စု ကွဲပြားခြင်းကို အပြန်အလှန် အသိအမှတ်ပြုကြရမည်။ လူတဦးနှင့် တဦး သာလွန်မြင့်မြတ်ခြင်းကို မှန်သော အယူ၊ မှန်သောအကျင့်ဖြင့်သာ တိုင်းတာသည်” လို့ ပါရှိပါတယ်။
ဒါကြောင့် မှန်မှန်ကန်ကန်ကျင့်ကြံနေထိုင်နိုင်ခြင်းဟာ တခြားဘာသာဝင်တွေနဲ့ သဟဇာတဖြစ်ဖြစ်၊ ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲ နေထိုင်နိုင်ရေးကို အများကြီး အထောက်အကူပြုပါလိမ့်မယ်။ တခြားဘာသာဝင်တွေကို အနှောင့်အယှက် မဖြစ်အောင် လေးစားသမူနဲ့ ပြုမူပြောဆိုဆက်ဆံမှ ကိုယ့်ဘာသာဝင်တွေကို လေးစားသမူနဲ့ ဆက်ဆံခံရမှာ မမေ့စေချင်ပါဘူး။
အစ္စလာမ် ဘာသာဝင်တချို့ အနေနဲ့ ပြုပြင်သင့်တဲ့ အချက်တွေကို ပြုပြင်နေထိုင်ဖို့ နောက်မကျသေးပါဘူး။ ကျမဇာတိ စစ်ကိုင်းမြို့က အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာဝင်တွေ ညီညွတ်ရေးနဲ့ ချစ်ချစ်ခင်ခင် နေထိုင်ကြတာကို တွေးမိတိုင်း ပီတိဖြစ်ရ သလို မြန်မာနိုင်ငံသား အခြားအစ္စလာမ် ဘာသာဝင်တွေလည်း မြန်မာ့ယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေ နေထိုင်သွား နိုင်ရင် ဘာပဋိပက္ခမှမဖြစ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်မယ် လို့ ယုံကြည်မျှော်လင့်နေမိပါတယ် ရှင်။
(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာတဦး ဖြစ်သည်)