နိုင်ငံရေး အကျဉ်းသား

ထက်မြက်
လွတ်မြောက်လာမည့် အကျဉ်းသားများအား စောင့်ကြိုနေသူများကို ၂၀၁၆ ခုနှစ် ဧပြီ ၈ ရက်က ရန်ကုန် အင်းစိန် ထောင်ရှေ့တွင် တွေ့ရစဉ် / မျိုးမင်းစိုး / ဧရာဝတီ

နိုင်ငံရေးအကျဉ်းသား ဆိုသော ဝေါဟာရနှင့် ပတ်သက်ပြီး ယခုအစိုးရ လက်ထက်ကျမှ ပို၍ အငြင်းပွား လာကြ ပုံ ရပါသည်။

သို့သော် ၁၉၇၄ မှ ၂၀၁၀ အတွင်း စစ်အစိုးရ အုပ်ချုပ်မှု အဆက်ဆက်တွင် နိုင်ငံရေးအကျဉ်းသား ဟူသော ဝေါဟာရ ကို တသွေး၊ တသံ၊ တမိန့်အရ သုံးခွင့်မရသောကြောင့် အသံသိပ်မထွက်ခဲ့ပေ။

ယခုအစိုးရ လက်ထက်တွင်မူ လွတ်လပ်စွာ ပြောခွင့်၊ ဆိုခွင့်၊ ရေးခွင့်ရနေသော်လည်း ယခင် စစ်အစိုးရ အမူ အကျင့် အတိုင်း ငြင်းပယ်နေဆဲ ဖြစ်ပါသည်။

သမ္မတ ဦးသိန်းစိန် တက်လာကတည်းက ထိုက်သင့်သလောက် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခဲ့၏။ သို့သော် တကြိမ်မှ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် မပေးခဲ့သည်ကိုကား ဂုဏ်ယူနေမလား မသိပေ။

နိုင်ငံရေးပြစ်မှုများကို တခြားရာဇဝတ် ပြစ်မှုများနှင့် တတန်းတည်း ထားခဲ့သည်။

သမ္မတဦးသိန်းစိန်နှင့် အစိုးရတဖွဲ့လုံးသည် သူတို့၏ နည်းပေးလမ်းညွှန် ဗိုလ်နေဝင်း ချမှတ်ခဲ့သော ၇၃ ဖွဲ့ စည်း ပုံ အရ နိုင်ငံရေးအကျဉ်းသား မရှိစေရဆိုသည်ကို ခေါင်းမာမာနှင့် ဆက်လက်ကိုင်စွဲထားခဲ့ပါသည်။ ယခင်က ပုဒ်မ ၅ ဖြင့် ထောင်ပေါင်း များစွာသော အကျဉ်းသားများကို ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပါသည်။

ထိုအချိန်က နိုင်ငံရေး အကျဉ်းသားခေါ် နိုင်/ကျဉ်း ဆိုသည်မှာ ယခုလိုငြင်းခုန် နေရလောက်အောင် အထွေ အထူး ပြဿနာမဖြစ်ခဲ့ပေ။

နိုင်ငံရေးအကျဉ်းသား ဆိုသည်မှာ ဘာလဲ၊ ဘယ်လိုပြစ်မှုများ ကျူးလွန်လျှင် နိုင်ငံရေးအကျဉ်းသား ဖြစ်သလဲ၊ နိုင်/ကျဉ်း ဆိုသော ဝေါဟာရ မည်သို့ပေါ်ပေါက်ခဲ့ရပါသလဲ။

ယနေ့ နိုင်/ကျဉ်းများသည် နိုင်/ကျဉ်း ရှိရေး၊ မရှိရေးတွင် အသံအတော် ကျယ်အောင် လှုပ်ရှား ဆောင်ရွက် နေသူများ ဖြစ်သည်။

ထိုထဲတွင် အကျဉ်းကာလနှစ်ပေါင်း ၂၀ နှင့် နှစ်ပေါင်း ၂၀ နီးပါးနေထိုင် ခဲ့ရသူများ ပါဝင်ကာ နိုင်/ကျဉ်းတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားလျှင် ပိုကောင်းမည်ဟု ထင်ပါသည်။

နိုင်ကျဉ်းစာရင်း ပြုစုနေသည်ဟုလည်း ကြားရ ၏။ နိုင်ကျဉ်းဟောင်းများကို လိုက်လံမေးမြန်းနေသည်ဟု လည်း ကြားရ ၏။

မိမိမှာမူ တခါမှ အမေးမခံရ။ နိုင်/ကျဉ်း ညီလာခံ၊ နိုင်/ကျဉ်း အစည်းအဝေးများ သို့လည်း အဖိတ်မခံရပေ။ နိုင်/ကျဉ်း ဟူ၍ မသတ်မှတ်သည်လား၊ သို့မဟုတ် စုံစမ်းလေ့လာမှု မရှိ၍လား မသိပေ။ ထိုအတွက် စိတ် မကောင်းဖြစ်ခြင်းတော့ မရှိပေ။

နိုင်/ကျဉ်းဆိုသည်မှာ အုပ်ချုပ်သော စစ်အစိုးရကို ဆန့်ကျင်ခဲ့သူများ၊ အုပ်ချုပ်သော စစ်တပိုင်း အစိုးရကို ဆန့်ကျင်သူ များ၊ ထိုသို့ ဆန့်ကျင်မိ၍ အကျဉ်းသားများအဖြစ် ထောင်ကျသွားသူများ၊ အဖမ်းဆီးခံရသူများ၊ လယ်သမားတိုက်ပွဲ၊ အလုပ်သမားအရေး၊ ကျောင်းသား အရေး၊ ဒီမိုကရေစီ အရေးအတွက် လှုပ်ရှားရင်း ဖမ်းဆီးခံ၊ ထောင်ကျ ခံရသူများကို နိုင်ငံရေးအကျဉ်းသား၊ နိုင်/ကျဉ်းဟု သတ်မှတ်သည်။

ထောင် ၃ လ ကျသူမှာလည်း နိုင်/ကျဉ်း အဖြစ်သတ်မှတ်ခံရသည်။ ထောင်အနှစ် ၂၀ ကျသူမှာလည်း နိုင်/ကျဉ်း ဖြစ်လေသည်။

ပုဒ်မ ၁၈ ဖြင့် ထောင်ကျသူမှာလည်း နိုင်/ကျဉ်းဖြစ်၏။ ကိုထင်ကျော် တို့လို လှုပ်ရှားတက်ကြွသူများ မှာ လည်း နိုင်/ကျဉ်းဖြစ်လေသည်။

နိုင်/ကျဉ်းကို မျက်နှာလိုက်၍ မရ၊ နိုင်ငံရေးပြစ်မှုဖြင့် ထောင်ကျသူမှန်သမျှ နိုင်/ကျဉ်းများသာ ဖြစ်လေသည်။

နိုင်/ကျဉ်း ညီလာခံတွင် အသက် ၇၀ ကျော်၍ မပါရဟု မသတ်မှတ်နိုင်သလို အသက် ၁၆ ၊ ၁၈ အရွယ်များ ဖြစ်၍ မပါရဟုလည်း သတ်မှတ်မရနိုင်ပေ။

Eleven Media တည်ထောင်ခြင်း ၅ နှစ်မြောက် အခမ်းအနားတွင် မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်မှ ဦးကြီးမြင့် နှင့် စကားပြောခဲ့သည်။ ယခင်ကတည်းက တွေ့ဆုံဖူးပါသည်။ သို့သော် အချိန်တချိန်အထိ ထိုင် စကားမပြောဘူးပေ။

သူနှင့် စကားပြောမိမှ သူသည် ၇၂ ခုနှစ်၊ ၈၂ ခုနှစ် ကာလများက ပုဒ်မ ၅၊ ပုဒ်မ ၁၀ ဖြင့် နိုင်ငံရေး အကျဉ်းသား အဖြစ် အဖမ်းခံ ထောင်ကျ ခဲ့ရဖူးသည်ဟု သိရသည်။ ကိုအောင်ထိုက်တို့ ဒေါက်တာ ဝေမင်း တို့နှင့် အတူတူနေခဲ့သည်။ စစ်အာဏာရှင်၏ ရက်စက်ကြမ်းကြုတ်မှုကို ခံခဲ့ရသူများ ဖြစ်ပါသည်။

ဦးကြီးမြင့်က ယနေ့ ဒီမိုကရေစီ လှုပ်ရှား တက်ကြွသူများအကြောင်းနှင့် တက်ကြွသူ နိုင်ငံရေးသမားများ အကြောင်း ပြောပါသည်။ သူပြောသည်ကို ကျနော် သဘောတူပါသည်။

ယခင် ဒီမိုကရေစီ အတွက် အနစ်နာခံဆောင်ရွက်ခဲ့သူများ အသံ သိပ်မကြားရပါ။ လှုပ်ရှားတက်ကြွသူများ မှာ ပို၍ အားကောင်းလာကြောင်း ပြောဖြစ်ခဲ့ကြသည်။

မိမိတို့ စကားဝိုင်းတွင် ဒေါက်တာ အောင်ခင်ဆင့်လည်း ပါပါသည်။ ကျနော် စိတ်မကောင်းမဖြစ်ဘဲ ပြည်သူ များ ယခုလို မျက်စိဖွင့်၊ နားပွင့်ဖြစ်နေသည်ကို ကျေနပ်ဝမ်းသာမိသည်။ Eleven Media လို စစ်အာဏာရှင် အဟောင်းအသစ်များကို တိုက်ပွဲဝင်နေသည့် မီဒီယာကြီးနှင့်အတူ သတင်းစာ၊ ဂျာနယ်များကလည်း ပါဝင် ကာ ထောက်ခံလာကြလေသည်။

ယခင်အမျိုးသား ရင်ကြားစေ့ရေးဆိုပြီး စစ်အာဏာရှင်ကို ခြေသလုံးဖက်ခဲ့ကြသော သဘောတရားရေး ပါရဂူ လိုလို၊ နိုင်ငံရေး သိပ္ပံပညာရှင် လိုလိုလူများမှာ တဖြည်းဖြည်း ဘေးရောက်သွားကြသည်။

တချို့မှာ စာရေးခြင်းမှ အနားယူသွားကြသည်။ ပြည်သူတို့၏ နိုင်ကြားမှုရေချိန်မှာ ကြီးမားနေပေသည်။ ယခု အချိန်၌ လယ်မြေ အသိမ်းခံရသော လယ်သမားများမှာလည်း မိမိတို့ လယ်မြေပြန်ရရှိရေးအတွက် ဆန္ဒပြ နေကြသည်။

လက်ပံတောင်းမှ ဒေါ်ခင်ဝင်းလို သူရဲကောင်းများလည်း ပေါ်ပေါက်လာခဲ့သည်။ ထိုအချိန်တွင် မိမိသာလျှင် ဒီမိုကရေစီ လှုပ်ရှားတက်ကြွသူ၊ မိမိသာလျှင် နိုင်/ကျဉ်း အစစ်ဟု ကြွေးကြော်နေ၍ မရတော့ပေ။
နိုင်/ကျဉ်းအဖွဲ့သည် တဖွဲ့တည်းမဟုတ် နိုင်/ကျဉ်းနှင့် နိုင်/ချုပ် ဟူ၍ ကွဲသွားကြ၏။

ထိုသို့ကွဲသွားခြင်းမှာ မကောင်းပါ။ ပြည်သူလူထု အတွက် ဒီမိုကရေစီရေး အတွက် စွန့်လွှတ် အနစ်နာခံခဲ့ သူများ အဖြစ် အားလုံး သတ်မှတ်ပြီး လက်တွဲကြရမည်။

ယခင်က ပြည်ပတွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့(AAPP) ရှိခဲ့ဖူးပါသည်။

ထိုက်သင့်သလောက် အားကိုးရ၏။ သူတို့သိသလောက် နိုင်ငံရေးအကျဉ်းသားများကို ကြေညာပေး၏။ စစ်အစိုးရ ဖျောက်ထားသော၊ ကွယ်ထားသော နိုင်ငံရေးအကျဉ်းသားများကို ဖော်ထုတ်ပေးသည်။ ယခု လည်း ထိုက်သင့် သလောက် အကူအညီပေးသည် ဟုကြားရပါသည်။

သို့သော် မိမိသိရှိသော၊ အလွန်ဒုက္ခရောက်နေသော၊ အကြိမ်ကြိမ် အဖမ်းခံရသော နိုင်ကျဉ်းများကို အကူ အညီ ပေးခြင်း မရှိဘဲ ကျော်သွားသည်ကိုလည်း သတိထားမိ၏။ လူဟောင်းလူသစ် မခွဲဘဲ အကူအညီပေး သင့်သည်။

ထို့ကြောင့် နိုင်ကျဉ်းဖွဲ့စည်းသည့်အခါတွင် လူကြီး၊ လူလတ်၊ လူငယ် ပါနိုင်အောင် ကြိုးစားရပေမည်။

လက်ရှိ မြန်မာပြည် အကျဉ်းထောင်များ အတွင်း နိုင်ငံရေး အကျဉ်းသား ၃၀၀ ဝန်းကျင် ရှိကြောင်းလည်း AAPP က ထုတ်ပြန်ထားသည်။

အရေးကြီးသည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် နိုင်ငံရေးအကျဉ်းသား ဆိုသော နိုင်ကျဉ်းဥပဒေကို ထည့်သွင်း ရေးဆွဲရပေမည်။

နိုင်ကျဉ်းကို ဖျောက်ဖျက်ထားသည်မှာ ဗိုလ်နေဝင်း၏ ၇၄ မဆလ ဖွဲ့စည်းပုံ အဆက်ဖြစ်ပါသည်။

အယောင်ဆောင် ဆိုရှယ်လစ် နိုင်ငံတော် တခု ထူထောင်ခဲ့ခြင်းမှာ စင်စစ် စစ်တပ်အာဏာရှင် နိုင်ငံ ထူထောင်ခြင်း သာ ဖြစ်၏။ သူတို့ကို ဆန့်ကျင်သူများအား နိုင်ငံရေးအကျဉ်းသားဟု မသတ်မှတ်ဘဲ ရာဇဝတ် သားဟု သတ်မှတ်လိုက်ခြင်း ဖြစ်ပါသည်။

ထိုသည်ကို ဗိုလ်သန်းရွှေက ဆက်ခံပြီး ယခုလည်း ဗိုလ်သန်းရွှေ၏ တပည့်သားမြေးများက ဆက်ခံခြင်း ဖြစ်ပါ သည်။

သူတို့သည် သူတို့ကို ဆန့်ကျင်သူမှန်သမျှအား လက်စားချေချင်စိတ် အလွန်ပြင်းထန်၏။ လက်တုံ့ပြန်ရေးမူ ကို အသည်းထဲ ကပင် စွဲကိုင်ထားသူများဖြစ်ပါသည်။ သူတို့ကို ဆန့်ကျင်သူမှန်သမျှ၊ နိုင်ငံရေးသမား မှန်သမျှကို ကျူပင်ခုတ်၊ ကျူငုတ်ပါမကျန် ရှင်းလင်းလိုကြ၏။

နိုင်ငံရေးအကျဉ်းသား ဆိုသည်မှာ ကိုလိုနီခေတ် ကတည်းက ကျွန်ပြုခဲ့သူများကပင် တလေးတစားဆက်ဆံ ရသောသူများ ဖြစ်ပါသည်။

ပါတီစုံစနစ်အဖြစ် ၁၉၄၈ လွတ်လပ်ရေး ရပြီးနောက် ဒီမိုကရေစီ ကျင့်သုံးလာသည့် အခါတွင်လည်း နိုင်ကျဉ်း များကို လေးလေးစားစားဖြင့် ပုဒ်မ ၅ ဆိုသော ထိန်းသိမ်းသည့် ပုဒ်မတပ်ကာ အေ၊ ဘီ၊ စီ အဆင့် များ ခွဲ၍ ရာဇဝတ် အကျဉ်းသားများနှင့် ခွဲခြားဆက်ဆံခဲ့သည်။

မိမိအကျိုးကိုစွန့်ကာ နိုင်ငံအကျိုးရှိမည်ထင်၍ လုပ်ဆောင်ခဲ့သော သူများကို နိုင်ငံရေးအကျဉ်းသား အဖြစ် သတ်မှတ် လျှင် တိုင်းပြည် ဂုဏ်မငယ်နိုင်ပေ။ မသတ်မှတ်မှသာ တိုင်းပြည်ဂုဏ်ငယ်နိုင်ပါသည်။

နိုင်ငံရေးပြစ်မှုကို ကိုယ်ကျင့်တရား ပျက်ပြားပြီး လုယက်ခိုးယူသူများနှင့် တတန်းတည်း ထားလျှင် ထိုသို့ သတ်မှတ် သူများ၏ ပညာရေချိန်၊ အသိရေချိန်ကို သိရှိနိုင်ပေသည်။

ဗိုလ်နေဝင်း၏ ခပ်တိမ်တိမ် အတွေးနှင့် နိုင်ငံရေးအကျဉ်းသား မရှိစေရဟု ဆိုသည်ကို ဗိုလ်သန်းရွှေက ဆက်ခံကာ ယခုအထိ ကျင့်သုံးနေလေသည်။

သူတို့သည် တည်ဆဲဥပဒေကို ချိုးဖောက်သူများ မဟုတ်၊ အဂတိလိုက်စားသူများ မဟုတ်၊ စာရိတ္တ ပျက်ပြား နေသူများ မဟုတ်။ စစ်အုပ်စုထဲကလို အဂတိလိုက်စား၊ မတရားယူ၊ အနိုင်ကျင့်၊ လူကျင့်ဝတ် ချိုးဖောက် နေသူများ မဟုတ်။ သူတို့သည် ပြည်သူလူထု အကျိုးအတွက် ဒီမိုကရေစီရေး အတွက် လုပ်ဆောင်နေသူ များ ဖြစ်သည်။

သူတို့ကို ယခင်ကရှိခဲ့သော နိုင်ကျဉ်းအဆင့်ကို ပယ်ဖျက်ထားခဲ့သဖြင့် အလွန်ရုပ်ဆိုးလှ၏။ နိုင်ကျဉ်းများကို နိုင်ကျဉ်းဟု မသတ်မှတ်လျှင် ရာဇဝတ်သားဟု သတ်မှတ်မလား၊ လူချင်းတူတူ၊ အကျဉ်းသားချင်း တူတူဟု သတ်မှတ်မလား၊ ဒိမိုကရေစီ အခွင့်အရေးအရ အားလုံးတတန်းစားတည်း ပေးရမည်ဟု ဒီမိုကရေစီ ပညာ ရှင်များ သတ်မှတ်သလို သတ်မှတ် မလား၊ နိုင်ငံရေးပြစ်မှုကို ကျူးလွန်ပြီး မိမိကိုယ်ကျိုးစီးပွားကို စွန့်လွှတ် အနစ်နာခံသူများအား နိုင်ကျဉ်းဟု မသတ်မှတ်လျှင် အလွန်အတွေးတိမ်ပြီးအလွန်ပင် ညံ့ဖျင်းသော ဖက်ဆစ် ဝါဒီများနှင့် တန်းတူပင် ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် နိုင်ငံရေးလှုပ်ရှားမှုရှိလျှင် နိုင်ငံရေး အကျဉ်းသားများလည်း ရှိရပေမည်။ နိုင်ငံရေးအကျဉ်းသား မရှိလျှင် ပုဒ်မ ၁၈ လို၊ ၅ (ည) လို နိုင်ငံရေးပြစ်မှုများ ထားရှိခြင်း၊ ဖမ်းဆီးခြင်း မရှိနိုင်ပေ။

ဆိုလိုသည်မှာ အုပ်ချုပ်သူသည် ဖိနှိပ်မှုများလုပ်နေ သရွေ့ နိုင်ကျဉ်းခေါ် နိုင်ငံရေးအကျဉ်းသား များလည်း ရှိနေပေလိမ့် မည်။ ။

ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ တွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။

Loading