ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ၁၆ ကြိမ်မြောက် ကွန်ဂရက်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး သဘောထား အပြောင်းအလဲ မရှိဘဲလက်ရှိသွားနေတဲ့ နိုင်ငံရေးဆွေးနွေးပွဲ လမ်းကြောင်းအတိုင်းသာဆက်လက်ပြီး ကြိုးပမ်း လုပ်ဆောင်သွားကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ မဟာဗျူဟာအရ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ အံ့သြ လောက်စရာ အကြောင်းမရှိသလို စောဒက တက်စရာလည်း အကြောင်းမရှိပါ။
သို့သော် ကရင်အမျိုးသားများရဲ့ နိုင်ငံရေး ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ အတွက်ကတော့ တာဝန်ရှိတဲ့ ခေါင်းဆောင်တွေက ဒီမဟာဗျူဟာကို လက်တွေ့မှာ ဘယ်လောက်အကောင်အထည် ဖော်နိုင်မလဲ ဆိုတဲ့ အပေါ်မှာအများကြီး မူတည်ပါတယ်။ စားပွဲဝိုင်းပေါ်မှာ နိုင်ငံရေးဆွေးနွေးခွင့်ဟာ ကျနော်တို့ရဲ့ ပန်းတိုင်မဟုတ်ပါ။ ပန်းတိုင်ကို တက်လှမ်းနိုင်ဖို့ လမ်းရဲ့ အစသာ ဖြစ်ပါတယ်။
မကြာသေးမှီက ကရင်ပြည်နယ် ဘားအံနဲ့ KNU ဗဟိုဌာနချုပ် ဖြစ်တဲ့ လေးဝါး တို့မှာ Union Peace Dialogue Joint Committee (UPDJC ) က အတည်မပြုထားသေးတဲ့ Framework for Political Dialogue နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်အပေါ်မှာ အခြေခံပြီး ကျနော်တို့က ကရင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျင်းပခဲ့ပါတယ်။
နိုင်ငံရဲ့ အနာဂတ်အတွက် အရေးပြီး နက်နဲသိမ်မွေ့တဲ့ အကြောင်းအရာတွေကို တမျိုးသားလုံးရဲ့ ကိုယ်စား ပြောဆို ဆွေးနွေးရတာ ဖြစ်တဲ့အတွက် မရေမရာတဲ့ မူဘောင်အတွင်းမှာတော့ မလုပ်သင့်ပါ။ Nation Building ကိစ္စများ ဖြစ်သည့်အတွက် နိုင်ငံရေးအရတာဝန်ယူမှု တာဝန်ခံမှုအပြည့်အဝလည်း ရှိဖို့ လိုအပ်ပါတယ်။
တဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ အားလုံးက တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA) ကို လက်မှတ် ရေးထိုးနိုင်သေးတာ မဟုတ်တဲ့အတွက်ကြောင့် လက်မှတ်ထိုးပြီးအဖွဲ့ ၈ ဖွဲ့နဲ့ပဲ ဒီနိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်တခုလုံးကို အပြီးသတ်ရေးဆွဲ သတ်မှတ်ဖို့ဆိုတာ ကလည်းမဖြစ်သင့်ပါ။
ကျန်ရှိနေသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ပါဝင်လာနိုင်အောင် လမ်းဖွင့်ထားပေးရဦးမှာဖြစ်ပါတယ်။
အဲဒီတော့ အစမှာမကောင်းရာကနေ အနှောင်းမှာလည်း မသေချာမရေရာဖြစ်လာရပါတယ်။ ကျနော်တို့ဟာ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းတွေကို လုပ်ရင်းလုပ်ရင်းနဲ့ပဲ ကိုယ့်ကြိုးကွင်း ကိုယ်ပြန်စွပ်နေသူတွေလို ဖြစ်နေပါတယ်။ ဒါဟာ NCA အတွက်ညှိနှိုင်းဆွေးနွေးခဲ့စဉ် ကတည်းက အားလုံးရဲ့သဘောတူညီမှုနဲ့ ပါဝင်လက်မှတ် ရေးထိုးနိုင်မှုကို ပီပီပြင်ပြင် အကောင် အထည်မဖော်နိုင်ခဲ့လို့ဖြစ်တယ်။
အဲဒီလို အကောင်အထည် မဖော်နိုင်ခဲ့တာဟာ တပ်မတော်ရဲ့ ခွဲခြားဆက်ဆံမှုနဲ့ ဟိုတစုကိုချန်ခဲ့၊ ဒီတစုကိုခွဲထုတ် လုပ်တတ်တဲ့ ပေါ်လစီတွေကြောင့် ဖြစ်တယ်။ ရှေ့နောက် မညီဘဲ အင်အားသုံး အနိုင်ကျင့်တဲ့ မူဝါဒတွေကြောင့် ဖြစ်ပါတယ်။
အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကိုလည်း NCA လက်မှတ်ထိုးထားပြီးဖြစ်တဲ့ တိုင်းရင်းသား နယ်မြေဒေသတွေမှာ အစုံအလင် မကျင်းပနိုင်သေးတာကို တွေ့ရပါတယ်။ ဒီထက်ပိုပြီး အရေးကြီးတာက အဲဒီလို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ဖို့ကို တပ်မတော်က သဘောမတူခြင်း၊ ကန့်သတ်ချုပ်ချယ်ထားခြင်း တွေပဲ ဖြစ်ပါတယ်။
အဲဒီလို ကန့်သတ်တယ်ဆိုတာလည်း တပ်မတော်က NCA ကိုလိုလားတာထက် သူ့ရဲ့ငြိမ်းချမ်းရေးမူဘောင် ၆ ချက်ကိုပိုပြီး တစိုက်မတ်မတ် လိုက်နာအကောင် အထည်ဖော်ဆောင်ရွက် နေတာကို တွေ့ရပါတယ်။
NCA နဲ့ဲ မြန်မာ့တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူ
ယနေ့အထိ ကျနော်တို့ တေ့တေ့ဆိုင်ဆိုင် မမေးရသေးတဲ့ မေးခွန်းတခုကတော့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာမူ ၆ ချက်နဲ့ NCA ကတောင်းဆိုပြဋ္ဌာန်းချက်တွေ ထပ်တူတိုက်ဆိုင်မှု မရှိတဲ့အခါမှာ မြန်မာ့တပ်မတော်က သူတို့ရဲ့မူ ၆ ချက်ကို အသေစွဲကိုင်ပြီး NCA ပါသဘောတူညီချက်များကို ချိုးဖောက်မှာလား ဆိုတဲ့ကိစ္စဖြစ်ပါတယ်။
နောက်တဆင့် အခြေခံကျတဲ့ မေးခွန်းကိုမေးရမယ် ဆိုရင်တော့ တပ်မတော်က NCA ကိုလက်မှတ်ထိုးတဲ့အထဲမှာ ပါဝင်နေတယ် ဆိုပေမယ့် NCA ထဲမှာပါတဲ့ သဘောတူညီချက်များနဲ့ တပ်မတော်ရဲ့ငြိမ်းချမ်းရေးမူ ၆ ချက်ဟာ ကိုက်ညီမှု သဟဇာတဖြစ်မှုရှိရဲ့လား ဆိုတဲ့ မေးခွန်းပါဘဲ။
NCA ထဲမှာက နိုင်ငံရေးလမ်းပြ မူဘောင်ကို သဘောတူညီမှု ရယူပြီးရေးဆွဲပြဋ္ဌာန်းမယ်။ ပြီးရင် နိုင်ငံရေးဆွေးနွေးမယ်၊ ပြီးရင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ သဘောတူညီမှုရအောင်လုပ်မယ်။ ရလာတဲ့သဘောတူညီမှုတွေကို လွတ်တော်မှာ တင်သွင်းပြီး အတည်ပြုချက် ရယူမယ်လို့ပါရှိပါတယ်။ လွတ်တော်မှာ အတည်ပြုချက် ရယူပြီး နောက်မှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေး စာချုပ်ဟာ ဥပဒေကဲ့သို့ အာဏာတည်တဲ့ သဘောတူညီမှု စာချုပ်တခု ဖြစ်လာရမယ်ဆိုတာပါဘဲ။
ဒီတော့ နိုင်ငံရေးဆွေးနွေးပွဲများရဲ့ရလဒ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံရဲ့ ရလဒ်တွေအရ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ လိုအပ်လာမှာဖြစ်ပါတယ်။ ဒီလိုဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်လာမယ် ဆိုရင် တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးမူ ၆ ချက်ကို အသေစွဲကိုင်လို့ မရတော့ဘူးဆိုတဲ့ အချက်ပါပဲ။
အဲ့ဒီတော့ လက်ရှိတပ်မတော်ရဲ့ သဘောထားနဲ့ စစ်ရေး၊ နိုင်ငံရေးလှုပ်ရှားမှု တွေကို ကြည့်မယ်ဆိုရင် NCA အပေါ်မှာ လေးလေးနက်နက် သဘောထားမှုမရှိဘဲ NCA နဲ့ နိုင်ငံရေးဆွေးနွေးပွဲများရဲ့ ရလဒ်ကိုလည်း အကောင်အထည်ဖော်ဖို့ ရည်ရွယ်ချက် ရှိမနေဘူး ဆိုတာကို တွေ့ရပါတယ်။
စစ်ရေးအရ ဆိုရင်လည်း NCA လက်မှတ်ထိုး ထားပြီးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ နယ်မြေ တွေမှာ စစ်တပ်ရဲ့ ရှေ့တန်း တပ်စခန်းတွေကို လျှော့ချဖို့ မရှိတဲ့အပြင်၊ အဲဒီတပ်စခန်းတွေကို စားနပ်ရိက္ခာနဲ့ ဆေးဝါး စစ်လက်နက် ပစ္စည်းတွေ ပို့ဖို့ဆိုပြီးတော့ ကျနော်တို့ဆီကို အကြောင်းကြားလာတာ တွေ့ရပါတယ်။
NCA ထဲမှာ သူ့နယ်၊ ကိုယ့်နယ် ဖြတ်သန်းသွားလာတဲ့ အခါမှာ ကြိုတင် အကြောင်းကြားပြီး ညှိနှိုင်းမှုတွေ လုပ်ဖို့ လိုတယ်လို့ အကြောင်းပြန်ကြားတဲ့ အခါမျိုးကျရင် ကျနော်တို့တပ်တွေ ကျနော်တို့ ခေါင်းဆောင်တွေကို အပြစ်တင် တိုင်တမ်းစာတွေ အကြိမ်ပေါင်း ရာနှင့်ချီ ပို့ခဲ့ပါတယ်။
ဒါဟာ အသေးအမွှား ရှေ့တန်းစစ်မျက်နှာမှာ ဖြစ်တတ်တဲ့ အကြောင်းအရာတွေပဲလို့ ယူဆစရာ အကြောင်းရှိပေမယ့် တကယ်တမ်းကျတော့ လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲ လမ်းကြောင်းပေါ်မှာထားတဲ့ မြန်မာ့ တပ်မတော်ရဲ့ သဘောထားကို ထင်ဟပ်ပေါ်လွင်စေတဲ့ အချက်တွေဖြစ်ပြီး နောင်ဆက်လက် တက်လှမ်းရမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အပေါ်မှာ ကျနော်တို့ဘက်က ယုံကြည့်နိုင်ဖို့ ပိုမိုခက်ခဲလာစေပါတယ်။
တကယ်တမ်းကျတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအပေါ်မှာ ကျနော်တို့ တဖက်တည်းက ချည့်ပဲ ယုံကြည်နေလို့ မပြီးပါဘူး။ အားလုံးက ဒီပေါ်မှာ ယုံကြည်မှု ရှိလာနိုင်ဖို့လိုပါတယ်။ မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ အကြောင်းတရားတွေ ပကတိ အခြေအနေတွေပေါ်မှာ စဉ်းစားဆုံးဖြတ်ရတာဖြစ်ပါတယ်။
KNU ရဲ့ ငြိမ်းချမ်းရေး သန္နိဋ္ဌာန်နဲ့ လက်တွေ့ အခြေအနေ
အဲဒီတော့ ကျနော်တို့ KNU အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားတယ်၊ ငြိမ်းချမ်းရေးရဖို့အတွက် တိုင်းပြည်ရဲ့ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ စားပွဲဝိုင်းပေါ်မှာ ဖြေရှင်းဖို့ စိတ်အားထက်သန်သလို သန္နိဋ္ဌာန်လည်း ချထားပြီး ဖြစ်တယ်။ KNU ရဲ့ ပြီးခဲ့တဲ့ ၁၅ ကြိမ်နဲ့ ၁၆ ကြိမ်မြောက် ကွန်ဂရက်တွေက ပြတ်ပြတ်သားသား ချမှတ်ထားခဲ့တဲ့ လမ်းစဉ်လည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဒီလမ်းစဉ် ဒီမူအပေါ်မှာ ရှေ့ဆက် ဘယ်လိုသွားလို့ ရမလဲ ဘယ်လောက်အထိ ခရီးပေါက်မလဲ၊ မပေါက်ဘူးလဲ ဆိုတာကတော့ မြန်မာ့တပ်မတော်နဲ့ NLD ဦးဆောင်တဲ့ အစိုးရသစ်ရဲ့ သဘောထားအပေါ်မှာ အများကြီး မူတည်နေပါတယ်။
ကျနော်တို့ KNU ရဲ့ ၁၅ ကြိမ်မြောက် ကွန်ဂရက်က ချမှတ်ထားတဲ့ စစ်ပွဲတွေ ရပ်နိုင်အောင်ကြိုးစားမယ် နိုင်ငံရေး ပြသနာကို နိုင်ငံရေးနည်းနဲ့ စားပွဲဝိုင်းပေါ်မှာ အဖြေရှာကြမယ် ဆိုတဲ့ မူကမှန်ပါတယ်။
လတ်တလောကျင်းပ ပြီးစီးခဲ့တဲ့ KNU ရဲ့ကွန်ဂရက်ကလည်း အဲဒီမူအတိုင်းပဲ ဆက်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ခေါင်းဆောင်မှု အပြောင်းအလဲ ရှိရင်တောင်မှ ကျနော်တို့ ဒီမူကိုပြောင်းဖို့မလိုပါဘူး။
ပြောင်းလည်း ပြောင်းမှာ မဟုတ်ပါဘူး။
သို့သော် ဒီမူအပေါ်မှာ ဘယ်လို ဆက်လျှောက်ပြီး မြန်မြန်သွားမယ်၊ မသွားဘူးဆိုတာတွေကို ကျနော်တို့ရဲ့ ဆွေးနွေးဖော် ဆွေးနွေးဖက်တွေရဲ့ လက်တွေ့လုပ်ရပ်နဲ့ စိတ်သဘောထားတွေအပေါ်မှာ ချင့်ချိန် ဆုံးဖြတ် သွားရမှာဖြစ်ပါတယ်။ ဖြစ်စဉ်တလျှောက်လုံးမှာ စနစ်တကျနဲ့ အပြန်အလှန် လေးစားတန်ဖိုးထားမှု ရှိဖို့ကတော့ အရေး အကြီးဆုံးပါ။
စစ်ရေးဖြစ်စေ ငြိမ်းချမ်းရေးဖြစ်စေ ကရင်ပြည်သူလူထုရဲ့ ထောက်ခံမှုလိုအပ်
KNU အနေနဲ့ ပြတ်သားတဲ့ ခေါင်းဆောင်မှု ရှိဖို့လိုအပ်သလို နိုင်ငံရေးဆွေးနွေးပွဲတွေမှာ မိမိအဖွဲ့ အစည်းရဲ့ မူအပေါ်မှာ ရပ်တည်ပြီး လိမ္မာပါးနပ်စွာ ဆွေးနွေးနိုင်တဲ့ အရည်အချင်းလည်း ရှိရမှာဖြစ်ပါတယ်။ တမျိုးသားလုံးရဲ့ အရေးဖြစ်တဲ့ အတွက် လက်တွေ့ပကတိ အခြေအနေတွေကို မှန်မှန်ကန်ကန်သုံးသပ်ပြီး ကျနော်တို့ ကရင်ပြည်သူ လူထုတရပ်လုံးရဲ့ ရပ်တည်မှု နားလည်မှု ထောက်ခံအားပေးမှုတွေ ရဖို့အတွက်လည်း ကြိုးစားရမှာဖြစ်ပါတယ်။
ကရင်တမျိုးသားလုံး အဖိနိပ်ခံဘဝက လွတ်မြောက်ပြီးတော့ အမျိုးသား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ရရှိဖို့နိုင်ငံရေး စစ်ရေး ကဏ္ဍတွေမှာ ဦးဆောင်မှုပေးပြီး လက်နက်ကှိင် တော်လှန်ရေး ဆင်နွဲနေတဲ့ အဖွဲ့အစည်းတခု ဖြစ်တဲ့အတွက် ကရင် အမျိုးသားထု တရပ်လုံးရဲ့ အားပေး ထောက်ခံမှုကို ရရှိဖို့ကလည်း အလွန်အရေးကြီး ပါတယ်။ အဲဒီလိုအားပေး ထောက်ခံမှု ရမှလည်းပဲ ကရင်အမျိုးသားထု တရပ်လုံးရဲ့ နိုင်ငံရေးပန်းတိုင် ရောက်ရှိအောင် ဆောင်ရွက် ပေးနိုင်မှာ ဖြစ်ပါတယ်။
ဘဝတူ တိုင်းရင်းသားများနှင့် မဟာမိတ် အခန်းကဏ္ဍ
တိုင်းရင်းသား မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုကလည်း အဓိကကျပါတယ်။ ကျနော်တို့ အမျိုးသား လွတ်မြောက်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက် တိုက်ပွဲဝင်တယ် ဆိုပေမယ့် တသီးတခြားကိုယ်ထင်ရာ ကိုယ်စိုင်း လုပ်လို့မဖြစ်ဘူး ဆိုတာလည်း အားလုံးအသိပါ။ ဖက်ဒရယ်ပြည်ထောင်စုထဲမှာ အမျိုးသားတန်းတူရေးကို အခြေခံပြီး အားလုံး အတူတကွ ပေါင်းစည်းနေထိုင်မယ် ဆိုရင်တော့ ဒီလမ်းကို အတူတူ လျှောက်မှဖြစ်ပါလိမ့်မယ်။
တစုတဖွဲ့၊ တစိတ်တပိုင်းပဲ သွားပြီးရှေ့ကို ကျွံလို့မရပါဘူး။ အခုဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများရဲ့ ရှေ့မတိုးသာ နောက်မဆုတ်သာ နိုင်ငံရေး အခြေအနေကလည်း ဒီအခြေခံအကြောင်းတရားကို ဖော်ပြနေတာ ဖြစ်ပါတယ်။
NCA ကို တချို့တဝက်ပဲ လက်မှတ်ထိုးမယ်၊ ကျန်တဲ့ အဖွဲ့တွေက နောက်မှလိုက်ခဲ့ပါ၊ အဆင်သင့် ဖြစ်တဲ့အခါထိုးပါ ဆိုတာမျိုးက ပြောတာလွယ်သလောက် လက်တွေ့မှာတော့ သဘာဝမကျသလို မညီညွတ်မှုနဲ့ တကွဲတပြား ဖြစ်မှုကို ဦးတည် တွန်းပို့နေတဲ့ သဘောထားတွေပဲ ဖြစ်ပါတယ်။
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေမှာ ယခုလက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲတွေ၊ ပဋိပက္ခ တွေဟာ၊ ဒီတချို့ အဖွဲ့တွေထိုး၊ တချို့တော့ မထိုးနဲ့ဆိုတဲ့ တနိုင်ငံလုံးအတိုင်း အတာမဟုတ်တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) လုပ်ငန်းစဉ်ရဲ့ ရလဒ်တွေပဲ ဖြစ်ပါတယ်။ ဒါဟာကျနော်တို့ အတွက် သင်ခန်းစာ တခုလို့ မှတ်ယူပြီး ကျနော်တို့ အဖိနှိပ်ခံ ဘဝတူတ ိုင်းရင်းသားများ အချင်းချင်း နားလည်မှုနဲ့ စည်းလုံးမှုကို ပြန်လည် တည်ဆောက်ဖို့ို ကြိုးစားရမှာဖြစ်ပါတယ်။
NLD အစိုးရသစ် တက်လာပြီးနောက် အခြေအနေ
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အပြီးမှာတော့ လူထုက တခဲနက်ရွေးချယ် တင်မြှောက်လိုက်တဲ့ NLD အစိုးရသစ် တက်လာပါတယ်။ အဲဒီနောက်ပိုင်း ကာလတွေမှာလည်း တိုက်ပွဲတွေ လျှော့နည်းသွားခြင်းမရှိဘဲ အချို့နေရာတွေမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာခဲ့တာ တွေ့ရပါတယ်။
တပ်မတော်အနေနဲ့ကလည်း NLD အစိုးရလက်ထက်ကျမှ လက်နက်ကိုင် ပဋိပက္ခလျှော့နည်းသွားတယ် ဆိုတာ ဖြစ်စေချင်ပုံ မရပါဘူး။ တနည်းအားဖြင့်လည်း တပ်မတော်အနေနဲ့ သူလုပ်စရာရှိတာကို သူ့ဟာသူ ဆက်လုပ်နေတဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။ သေချာတာတခုကတော့ လူထုကရွေးချယ် တင်မြှောက်လိုက်တဲ့ အရပ်သားအစိုးရ အာဏာရရှိလာခဲ့တယ် ဆိုပေမယ့် စစ်တပ်က သဘောမတူဘူးဆိုရင် ငြိမ်းချမ်ရေးရဖို့ မဖြစ်နိုင်ဘူးဆိုတာကို သိသာထင်ရှားအောင် ပြသလိုက်တာလည်း ဖြစ်နိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရအနေနဲ့ မြန်မာနိုင်ငံတွင်း အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးအတွက် မူနှစ်ခုနဲ့ တပြိုင်တည်း သွားဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။ တဖက်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ တပ်မတော်ကို မဝေဖန်ဘဲ စည်းရုံးနားချရင်ရနိုင်မယ်လို့ ယုံကြည်နေပုံရပါတယ်။
ဒါက အရင် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကနေ တဆင့်အပြန် အလှန်ယုံကြည်မှု တည်ဆောက်နိုင်ခဲ့တဲ့ အတွေ့ အကြုံပေါ်မှာ အခြေခံပါတယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတာမှာလည်း သူနဲ့တပ်မတော်ကြား တည်ဆောက်ရမယ့် ကိစ္စလို့ အဓိကထား မြင်နေတာလည်းသိသာထင်ရှားပါတယ်။
ဥပမာအားဖြင့် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ် ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသတွေမှာ ဖြစ်နေတဲ့တိုက်ပွဲ ကိစ္စတွေမှာပါ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့သဘောထားကို ဖော်ပြတာ၊ တပ်မတော်ကိုလူသိ ရှင်ကြားဝေဖန်တာ ထောက်ပြတာ၊ တောင်းဆိုတာတွေ တခုမှမလုပ်ခဲ့ပါဘူး။ ဒါဟာ NLD အစိုးရ အနေနဲ့ တပ်မတော်ကို အချိုသပ်စည်းရုံးဖို့ ကြိုးစားနေတာလို့ ယူဆရပေမယ့် ဘယ်လောက် အတိုင်းအတာ အထိ အောင်မြင်မှု ရှိနိုင်မလဲဆိုတာကိုတော့ ပြောဖို့ခက်နေပါသေးတယ်။
အခြား တဖက်မှာကလည်း ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လာရင် တပ်မတော်ဘက်က အစိုးရနဲ့ စိတ် သဘောထား တထပ်တည်းကျတယ်လို့ ‘တွင်တွင်’ ပြောနေခဲ့တာပါ။ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ကိုယ်တိုင်က တပ်မတော် အနေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ သူတိုရဲ့ ငြိမ်းချမ်းရေးမူ ၆ ချက်နဲ့ အညီ ပါဝင်သွားမယ်လို့ အကြိမ်ကြိမ် ပြောဆိုခဲ့ပါတယ်။
ဒီနေရာမှာ တပ်မတော်နဲ့ အစိုးရဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တခုလုံးအပေါ်မှာ တကယ်ပဲ သဘောထားချင်း တိုက်ဆိုင်မှု ရှိ-မရှိကို သုံးသပ်ဖို့ လိုပါလိမ့်မယ်။ NCA အပေါ်မှာထားတဲ့ တပ်မတော်ရဲ့ သဘောထား၊ မြေက်ပိုင်း ဒေသမှာ ဖြစ်တဲ့ စစ်ရေးပဋိပက္ခတွေ အပေါ်မှာထားတဲ့ သူတို့သဘောထားတွေ ဘယ်အတိုင်း အတာအထိ တူညီနေမှုရှိသလဲ ဆိုတာကိုတော့ သဲသဲကွဲကွဲမသိရသေးပါ။
ရှေ့ဆက်ရန်သာရှိ
KNU အနေနဲ့ ကရင်အမျိုးသားထု တရပ်လုံးကို နိုင်ငံရေးကြိုးပမ်းမှုမှာ ဆက်လက်ပြီးတော့ ဦးဆောင် ဦးရွက်ပေးနေရဦးမှာ ဖြစ်ပါတယ်။ ယခုလက်ရှိ သွားနေတဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းကို တစိုက်မတ်မတ် ဆက်သွားရမှာ ဖြစ်ပါတယ်။၁၆ ကြိမ်မြောက် ကွန်ဂရက်က ရွေးကောက် တင်မြှောက်လိုက်တဲ့ ခေါင်းဆောင်တွေက ဆက်လက်ပြီး ဒီလုပ်ငန်းစဉ်ကို တာဝန်ယူ တာဝန်ခံကြရမှာ ဖြစ်သလို အဖွဲ့အစည်း တခုရဲ့ ခေါင်းဆောင်တွေ အနေနဲ့ သာမက အမျိုးသားရေး တာဝန်ကြီးတရပ် အနေနဲ့ တမျိုးသားလုံးရဲ့ ပါဝင်မှု ရရှိဖို့လည်း ကြိုးစားကြရမှာ ဖြစ်ပါတယ်။ နည်းနာနဲ့ ချဉ်းကပ်ပုံ ချဉ်းကပ်နည်း အပိုင်းမှာတော့ ပိုမို၍ စနစ်ကျအောင် ဆောင်ရွက်နိုင်ဖို့က သေရေး ရှင်ရေးတမျှ ရေးကြီးပါတယ်။
တိုင်းပြည်ရဲ့ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးစားပွဲဝိုင်းပေါ်မှာ ဖြေရှင်းခွင့် ရရင်ပြီးရော ဆိုပြီး လွယ်လွယ် ကောက်ချက်ချတာမျိုး မဖြစ်သင့်ပါ။ NCA ပါ အချက်အလက်များကို တပ်မတော်ဘက်ကရော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းများကပါ ကတိတည်စွာနဲ့ အကောင်အထည် ဖော်ဖို့လိုပါတယ်။ တဖက်ဖက်က မိမိတို့ အကောင် အထည်ဖော်ရမယ့် အပိုင်းကို ပျက်ကွက်တာတို့၊ တာဝန်ခံမှုနဲ့ တာဝန်ယူမှု အပိုင်းမှာ အားနည်းနေတာမျိုးတို့ ဆိုရင်လည်း ပြင်ဆင်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် ရေးထိုးရာမှာ ပါဝင်သင့် ပါဝင်ထိုက်သော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အားလုံးရဲ့ ပါဝင်နိုင်မှုကို မိမိတို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့တဲ့ ဘဝတူ တိုင်းရင်းသားများနဲ့ မဟာမိတ် ဆက်ဆံရေးမူကို ပြန်လည် အသက်သွင်းဖို့ လိုအပ်ပါတယ်။
နိုင်ငံရေး ဆွေးနွေးပွဲတွေမှာလည်း သူတို့ရဲ့ပါဝင်မှု သာမက အဓိပ္ပာယ်ရှိသော ကိုယ်စားပြုမှုလည်း ရရှိဖို့အရေးကြီး ပါတယ်။ တနိုင်ငံလုံးငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ အတွက်အားလုံး ပါဝင်နိုင်မှုရဲ့ အားအင်နဲ့ အရောက်လှမ်းနိုင်မှ လိုရာပန်းတိုင်ကို အတူတကွ ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ ။
(စောကပီ သည် Salween Institute for Public Policy (www.salweeninstitute.org) ကို ၂၀၁၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သူ တစ်ဦးဖြစ်ပြီးလ က်ရှိအချိန်တွင် ၎င်းအဖွဲ့၏ ဒါရိုက်တာလည်း ဖြစ်သည်။)