သက်တမ်း တနှစ်ကုန်ဆုံးသွားပြီ ဖြစ်သောကြောင့် မြန်မာနိုင်ငံ၏ ရွေးချယ်တင်မြောက်ခံ အရပ်သားဦးဆောင်သော အစိုးရသည် ၎င်း၏ ရည်မှန်းချက်များကို အကောင်ထည်ဖော်နိုင်ခြင်း ရှိ-မရှိနှင့် ပတ်သက်ပြီး လူအများက မေးခွန်း ထုတ်နေကြပြီ ဖြစ်သည်။
သေချာသော အချက်တချက်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရသည် ငြိမ်းချမ်းရေးရရှိရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးတို့ အတွက် သာမက နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှင်စနစ် အလွန်တွင် ဖရိုဖရဲ ဖြစ်နေသာ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် ဖွံ့ဖြိုးရေးအတွက်ပါ ရုန်းကန်နေရဆဲဖြစ်သည် ဟူသော အချက်ဖြစ်သည်။
ယခင်အစိုးရများနှင့် နှိုင်းယှဉ်လျှင် မြန်မာပြည်သူအများစုအနေဖြင့် လက်ရှိအစိုးရကို အသိအမှတ်ပြုရမည့် တန်ဖိုး အရှိဆုံး အချက်မှာ သက်တမ်းတနှစ် ကြာသည်အထိ လက်ရှိ ဝန်ကြီးများသည် အဂတိလိုက်စားမှု ကင်းရှင်းနေဆဲ ဖြစ်သည်ဟူသော အချက်ပင်ဖြစ်သည်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သော ယခင် အရပ်သားတပိုင်း အစိုးရအောက်တွင် အမြဲစိုးရိမ်နေရသော အချက်မှာ စစ်သားဟောင်းများ ဦးဆောင်သော ပြုပြင်ပြောင်းရေးသည် အချိန်မရွေး နောက်ပြန်လှည့်သွားနိုင်သည် ဟူသော အချက်ဖြစ်သည်။၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ တက်လာသောအခါ ထိုအိပ်မက်ဆိုးမှာ ဦးသိန်းစိန် အစိုးရနှင့် အတူ ပျောက်ကွယ်သွားသည်။
ထိုမှစ၍ NLD အစိုးရ၏ စွမ်းဆောင်ရည်၊ မူဝါဒများ၊ ခေါင်းဆောင်မှု ပုံစံ၊ ရှောင်လွှဲမရ နိုင်သော ယခင်အစိုးရ၏ အမွေများ နှင့် အဖျက်အင်အားစုများ ဆက်လက်တည်ရှိနေခြင်း တို့နှင့်ပတ်သက်ပြီး အောင်မြင်မှု၊ ကျဆုံးမှုများကို ဆန်းစစ်ခဲ့ကြသည်။
မလိုလားသော အမွေများ
မြန်မာနိုင်ငံသည် အတိတ်မှ အမွေရခဲ့သော ပြဿနာအများအပြားကို ဆက်လက်ခံစား နေရဆဲဖြစ်သည်။ နှစ်ပေါင်း ၇၀ ကျော် ကြာပြီဖြစ်သော ပြည်တွင်းစစ်လည်း ဆက်လက်ဖြစ်ပွားနေသည်။
တိုင်းပြည်၏ အင်အားအကြီးမားဆုံး အဖွဲ့အစည်း ဖြစ်သော စစ်တပ်သည် လူမျိုးစုလက်နက်ကိုင်များအရေး၊ ပဋိပက္ခများနှင့် ပတ်သက်လျှင် ချုပ်ကိုင်နေဆဲပင် ဖြစ်သည်။
မကြာသေးမီက BBC သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်း တခုတွင် ဒေါ်အောင်ဆန်းစုကြည်က “သူတို့ ( စစ်တပ် ) က လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်၊ တိုက်ခွင့် ရှိနေတယ်။ ဒါဟာဖွဲ့စည်းပုံ ကြောင့်ဖြစ်တာ။ စစ်ရေးစစ်ရာတွေကို တပ်ကိုပဲ လုပ်ပိုင်ခွင့်ပေးထားရတယ်။ ဒါကြောင့်မို့ ကျမတို့က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ကြိုးစားနေတာ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ ကျမတို့ရဲ့ ရည်မှန်းချက်တွေထဲက တခုပဲ” ဟု ပြောခဲ့သည်။
ယခင်စစ်အစိုးရက ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် NLD အစိုးရအတွက် လက်ရှိအချိန်အထိ အကြီးမားဆုံး စိန်ခေါ်မှုတခု ဖြစ်နေဆဲ ဖြစ်သည်။ ထိုဖွဲ့စည်းပုံသည် အစိုးရအတွင်း ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများနှင့် ပတ်သက်လျှင် လုပ်ပိုင်ခွင့်ကို စစ်တပ်ကို ၀ ကွက်အပ်ထားပြီး လွှတ်တော် တွင်လည်း တပ်မတော်သား ကိုယ်စားလှယ်များကို ၂၅ ရာခိုင်နှုန်း ပါဝင်ခွင့်ပေးထားသည်။
ထို့ကြောင့်ပင် NLD ၏ အဓိက ရည်မှန်းချက်များ အနက် တခုမှာ “ကျွန်ုပ်တို့နိုင်ငံမှ ပြည်သူအားလုံး အေးချမ်းလုံခြုံစွာ နေထိုင်စေနိုင်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ တရပ် ပြဋ္ဌာန်းရေးဖြစ်သည်” ဟု ၎င်းတို့၏ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ဖော်ပြထားသည်။
NLD သည် ၎င်းတို့၏ ပြောင်းလဲရေး ရည်မှန်းချက်နှင့် ပတ်သက်၍ နေရာပေါင်းစုံမှ ခုခံမှုများနှင့် ရင်ဆိုင်နေရသည်။ တပ်မတော်သည် လက်ရှိ ဖွဲ့စည်းပုံကိုပြင်ရန် သို့မဟုတ် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် ရေးဆွဲရန် NLD ၏ အားထုတ်မှုများကို ဆန်ကျင်သော အနေ အထားတွင် အမြဲရှိနေသည်။
ထို့ကြောင့်ပင် စစ်တပ်၏ တရားဝင်ထုတ်ဖော် ကြေညာထားသော တာဝန်တရပ်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရေးဖြစ်သည် ဟု လက်ရှိ ဖွဲ့စည်းပုံ၏ အခန်း (၁) နိုင်ငံတော်၏ အခြေခံမူများတွင် ဖော်ပြထားသည်။ ထိုမူများထဲတွင် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်အခန်းကဏ္ဍတွင် စစ်တပ်က ပါဝင်နိုင်စေရေးလည်း ပါဝင်သည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က BBC သတင်းဌာနသို့ ပြောသည့်အတိုင်းပင် NLD အစိုးရ၏ ဦးစားပေး တခုဖြစ်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ စစ်တပ်၏ ထိုးစစ်များသည် အဟန့်အတားဖြစ်စေသည်။ သို့သော် လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေက NLD အနေဖြင့် စစ်တပ် အပေါ် သြဇာမညောင်း နိုင်အောင် တားဆီးထားသည်။
NLD အစိုးရ အနေနှင့်၎င်းတို့ အစိုးရ အာဏာရချိန်မှစပြီး ပြင်းထန်လာသော လက်နက်ကိုင်ပဋိပက္ခနှင့်ပတ်သက်ပြီး အစိုးရနှင့် ပူးပေါင်းဆောင်ရန် စစ်တပ်ခေါင်းဆောင်ပိုင်းကို ဖျောင်းဖျနိုင်ခြင်း မရှိသေးပေ။
ထို့အပြင် NLD အစိုးရအပေါ် ဥပဒေဘာင် အတွင်းမှဖြစ်စေ၊ ပြင်ပမှဖြစ်စေ အာခံနေသည့် အင်အားစုများလည်း ရှိနေသေးပြီး ၎င်းတို့ကို နောက်ကွယ်မှ လက်မဲကြီးများဟု သတ်မှတ်နိုင်ပြီး ထိုအင်အားစုများထဲတွင် အစွန်းရောက်အဖွဲ့များ၊ သို့မဟုတ် အစိုးရဟောင်းအဖွဲ့ဝင်များ ပါဝင်နိုင်သည်။
ထိုသူများထဲတွင် ဇန်နဝါရီလက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥပဒေအကြံပေး ဦးကိုနီကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နေ့ခင်းကြောင်တောင် လုပ်ကြံသတ်ဖြတ် ခဲ့ကြသူများ ပါဝင်သည်။ ဦးကိုနီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေးကို အပြင်းအထန် ဆော်သြသူဖြစ်သည်။ သူ့အားလုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်သည်ဟု သံသယရှိ ခံရသူများတွင် စစ်တပ် အရာရှိဟောင်းများပါဝင်သည်။
ထိုလုပ်ကြံသတ်ဖြတ်မှုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွက် ဆုံးရှုံးမှုဖြစ်သည်ဟု အချို့သော ဝေဖန်သူများက ယူဆကြပြီး အချို့ကမူ ထိုလုပ်ရပ်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေးရည်မှန်းချက်များကို မထေမဲ့မြင်ပြုလိုသူများ၏ အဖျက်လုပ်ရပ်ဟု ထင်သည်။
စစ်တပ်နှင့် ယခင်အစိုးရဟောင်းမှ လူများနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးစားပေးရန်ဟူသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ မူဝါဒက သူ၏ အစိုးရကို အကျပ်အတည်းထဲ ရောက်စေသည် ဟု ယူဆနိုင်သည်။ NLD အစိုးရက ၎င်း၏ အစိုးရကိုဖွဲ့စည်းစဉ် အခါက ယခင်အစိုးရက ခန့်ထားခဲ့သည့် ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးများကဲ့သို့သော ထိပ်တန်း အစိုးရအရာရှိများကို ဆက်လက် ခန့်ထားခဲ့သည်။
ထိုသူအများစုမှာ စစ်အရာရှိဟောင်းများဖြစ်ပြီး အချို့မှာ အစိုးရသစ်က အကောင်အထည်ဖော်ရန် ရည်မှန်းထားသည့် အစီအမံများကို အတိုက်အခံ လုပ်နေသည်ဟူသော သတင်းများလည်းထွက်နေသည်။
အခြားသော အထူးကြေကွဲစရာ အမွေတခုမှာ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ဟုခေါ်ဆိုနေကြသည့် ဘင်္ဂါလီလူမျိုးများနှင့် ပတ်သက်သော အကျပ် အတည်းဖြစ်သည်။ ထိုပြဿနာသည် ဆယ်စုနှစ်များစွာ သက်တမ်းရှိနေပြီဖြစ်ပြီး ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရ အပါအဝင် ယခင် အစိုးရအဆက်ဆက်က အဖြေမရှာ၊ မတုံ့ပြန်ဘဲ ထိုဒေသရှိ အခွင့်အရေးချိုးဖောက်မှုများကို လျစ်လျှူရှုထားခဲ့သည်။
ဘင်္ဂါလီများအပေါ် အစိုးရ လုံခြုံရေးတပ်ဖွဲ့များက လူ့အခွင့်အရေး ချိုးဖောက်မှုများကို အရေးယူရန် ပျက်ကွက်သောကြောင့် ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံတကာဝေဖန်မှုများကို ရင်ဆိုင်ရသည်။ လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲထားသော ချိုးဖောက်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင် များက ကျူးလွန်ခဲ့ပါက သူ၏အစိုးရအနေဖြင့် ၎င်းတို့ကိုဥပဒေနှင့်အညီ အပြစ်ပေး အရေးယူရမည်ဖြစ်သည်။
၎င်းတို့မှာ နိုင်ငံအတွက် အခြေခံကျသော အပြောင်းအလဲဖြစ်ပေါ်စေရန် ကျော်လွှားရမည့်အခက်ခဲဆုံးစိန်ခေါ်မှုများဖြစ်သည်။
နိုင်ငံရေး ခြေလှမ်းမှားများ
သို့သော် နိုင်ငံရေးအရ လုပ်ဆောင်ရန် ဆန္ဒရှိပါက အထက်ဖော်ပြပါ စိန်ခေါ်မှုများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ၏ ပညာရေး၊ စီးပွားရေးနှင့် ဥပဒေရေး ကဏ္ဍများတွင် တိုးတက်အောင် လုပ်ဆောင်ရေးကို အတားအဆီး ဖြစ်စေနိုင်မည် မဟုတ်ပါ။ အစိုးရနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှမ်းမိုးသောလွှတ်တော် အနေဖြင့် ကောင်းမွန်သော အပြောင်းအလဲများ ပြုလုပ်နိုင်သည့် နယ်ပယ် အများအပြား ရှိနေသေးသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက် အရေးကြီးသော သင်ခန်းစာအဖြစ် ယူဆနိုင်သော နိုင်ငံရေးခြေလှမ်းမှား တခုရှိပြီး ၎င်းကို တံတား သင်ခန်းစာဟု ခေါ်နိုင်သည်။
ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်များက အာဏာရ ပါတီသည် တိုင်းရင်းသား မဲဆန္ဒနယ်များတွင် လူထုထောက်ခံမှု မည်မျှကျဆင်း နေသည်ကို ပြသနေသည်။ ထိုရလဒ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယှဉ်ပြိင်ခဲ့သော ၁၉၉၀၊ ၂၀၁၂ နှင့် ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်များနှင့် သိသိသာသာ ကွာခြားနေသည်။ ထိုရွေးကောက်ပွဲများတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် တိုင်းရင်းသား နယ်မြေများ အပါအဝင် တနိုင်ငံလုံးတွင် အပြတ်အသတ်အနိုင်ရသည်။
ယခုနှစ်ရွေးကောက်ပွဲတွင် စုစုပေါင်း ၁၉ နေရာအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယှဉ်ပြိုင်ခဲ့သည့် ၁၈ နေရာတွင် ၎င်းသည် ၉ နေရာ တွင်သာ အနိုင်ရသည်။ အနိုင်ရသည့် တိုင်းရင်းသားဒေသ ၂ နေရာမှာ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တွင် ဖြစ်သည်။ ကျန် ၉ နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရှုံးနိမ့်ခဲ့သည်။
ရှမ်းပြည်နယ်တွင် ၁၉၉၀ ရွေးကောက်ပွဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မဟာမိတ်ဖြစ်ခဲ့သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ၆ နေရာတွင်အနိုင်ရသည်။ ၂၀၁၅ ခုနှစ်ကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အနည်းစုသာ အနိုင်ရသော ရခိုင်ပြည်နယ်၏ အမ်းမြို့နယ်တွင် ရခိုင်နိုင်ငံရေးသမား ဒေါက်တာ အေးမောင် အနိုင်ရခြင်းသည် အံ့သြစရာတော့မဟုတ်ပေ။
စစ်တပ်က ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုရှုံးနိမ့်ခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က မွန်ပြည်နယ်တွင် ၁ နေရာနှင့် ရှမ်းပြည်နယ်တွင် ၁ နေရာ စုစုပေါင်း ၂ နေရာအနိုင်ရသည်။
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် USDP အနိုင်ရခြင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒေသခံပြည်သူများ၏ ဆန္ဒကို လျစ်လျှူရှုခြင်း ရလဒ်ကြောင့်ဖြစ်နိုင်သည်။ ဒေသခံ မွန်ပြည်သူအများအပြားက တံတားတစင်းကို တည်ရှိရာနေရာနှင့် ဖြတ်ကူးသော မြစ်ကို ရည်ညွှန်းကာ သံလွင်တံတား (ချောင်းဆုံ) ဟုအမည်ပေးလိုချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထိုတံတားကို မြန်မာ့ လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း အမည်ပေးရန် အမျိုးသားလွှတ်တော်တွင် ၎င်းတို့အသာစီးရနေသည့် အနေအထားကို အသုံးချသည်။
ရလာဒ်အနေဖြင့် ၂၁၀၅ အထွေထွေ ရွေးကောက်ပွဲက ၎င်းတို့အနိုင်ရသော ထိုဒေသတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှုံးနိမ့်သွားလေသည်။
ထိုတံတားကို ဗိုလ်ချုပ်အောင်ဆန်း အမည်ပေးရန် အစိုးရက လုပ်ဆောင်ခြင်းအား ဆန့်ကျင်မှုကို အတိုက်အခံများနှင့် အမျိုးသားရေး ဝါဒီသံဃာများက စည်းရုံးဆောင်ရွက်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်ပိုင်းက ယူဆသည်။ ထို ဆန့်ကျင်မှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးအတိုက်အခံများက လှုံ့ဆော်စေကာမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တံတားအမည် ပေးသော နည်းလမ်းမှာ အတင်းအကျပ်ပုံစံဖြစ်သည်ဟု ဒေသခံအပြားကမြင်ကြခြင်းကို NLD ခေါင်းဆောင်ပိုင်းက သဘော ပေါက်သင့်သည်။
NLD က ထိုတံတား အမည်ပေးခြင်းကို ဒေသတွင်းတွင် မဖြေရှင်းဘဲ အမျိုးသားလွှတ်တော်တွင် ဆုံးဖြတ်ချက်ချခြင်းကို မွန် ပြည်သူ ထောင်ပေါင်း များစွာ တို့က ကန့်ကွက်ကြသည်။ တံတားအမည်ပေးသည့် နေရာတွင်ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လူမျိုးစုများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လေးစားခြင်းမရှိဟု ၎င်းတို့ကပြောသည်။
ထိုကြောင့် ချောင်းဆုံတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရှုံးနိမ့်ခြင်းသည် အမျိုးသားရေး ကိစ္စမဟုတ်သော်လည်း NLD အဖို့တနိုင်ငံလုံးစာ မဟာသင်ခန်းစာဖြစ်သည်။
ရဲဘော်ရဲဘက်စိတ်နှင့် တစိမ်းတရံ
၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဝါရင့်တက်ကြွလှုပ်ရှားသူများ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို ကာလ ရှည်ကြာစွာ ထောက်ခံခဲ့ကြသူ အများအပြားနှင့် လူမျိုးစု အင်အားစုများက ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရသည် ရည်ရွယ်ချက်ရှိရှိနှင့် ဖြစ်စေ၊ မရည်ရွယ်ဘဲလည်းဖြစ်စေ၊ ၎င်းတို့ကို ပြစ်ပယ်လာသည်ဟု ခံစားနေကြသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရထံမှ ၎င်းတို့မျှော်လင့်ထားသည့် ရဲဘော် ရဲဘက်ခင်မင်မှုနှင့် ဆက်ဆံရေးအစား ခွဲခြားဆက်ဆံခြင်း ခံရသည်ဟုပင် အချို့ကပြောကြသည်။ ဤသည်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၎င်း၏အစိုးရတို့၏ အဓိက မဟာမိတ်များနှင့် ပတ်သက်သော ရပ်တည်မှု ကျဆုံးခြင်းပင်ဖြစ်သည်။
အစိုးရ သက်တမ်း တနှစ်ကြာလျှင် သူသည် တနိုင်ငံလုံးတွင် ပိုမိုကြီးမားသော ထောက်ခံမှုရသင့်သည်။ ဥပမာ ဆိုရပါက လူမျိုးစု ခေါင်းဆောင်များနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးသည် ငြိမ်းချမ်းရေးအတွက် သူ၏ အားထုတ်မှုတွင် အထောက်အကူပြုနိုင်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ ရာထူးလက်ခံသော သက်တမ်း တနှစ်ပြည့်သည့် မတ်လ ၃၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် က သူ၏ ပြည်ထောင်စုမိန့်ခွန်းတွင် ပါတီ၏ ကြွေးကျော်သံကို ပြောင်းလဲချိန်တန်ပြီမှ “ပြည်သူနှင့်အတူ” ဟု ပြောင်းလိုက်ကြောင်း ကြေညာသည်။
သို့သော် သူ၏ခေါင်းဆောင်မှုပုံစံဖြစ်သော ပစ်ပယ်တစိမ်းဆန်ခြင်းကဲ့သို့ပင် ချောင်းဆုံတံတားဖြစ်ရပ်သည် ပြည်သူနှင့်အတူ ဟူသော ကြွေးကြော်သံနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။
သူ၏ အချို့သောဝန်ကြီးများသည် တက်ကြွမှုမရှိကြဘဲ အချို့မှာ လူမှန် နေရာမှန်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကဝန်ခံသည်။ ၎င်းတို့အတွက် လိုအပ်သော ဆောင်ရွက်မှုများ ပြုလုပ်မည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
သူ ပြောသည့်အတိုင်း အစိုးရတခု အလုပ်လုပ်ရာတွင် တနှစ်ဟူသော ကာလသည် ရှည်ကြာသော ကာလမဟုတ်ပေ။ သို့သော် ယခုအချိန်သည် NLD အစိုးရအနေနှင့် ၎င်းတို့၏ နိုင်ငံရေးခြေလှမ်းမှားများ၊ လူထုထောက်ခံမှုမရှိသော မူဝါဒများနှင့် အငြင်းပွားဖွယ်ရာ ခေါင်းဆောင်မှုပုံစံများကို ပြင်ဆင်ရန် အချိန်ဖြစ်သည်။ အစိုးရအဖွဲ့ အပြောင်းအလဲ လုပ်ရန်အချိန်ဖြစ်သည်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် စွမ်းဆောင်ရည်မရှိသော ဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိများကို ထုတ်ပယ်ပစ်ပြီး အစိုးရကိုပိုမို အဖြစ်ရှိအောင် လုပ်ပေးနိုင်သူများနှင့် အစားထိုးရမည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ လက်ကျန် သက်တမ်း ၄ နှစ်သည် ရှုပ်ထွေးသောပြသနာများကြားတွင် ရှိနေသောနိုင်ငံကို ပြုပြင်ရန် အတွက် ရှည်ကြာသည့် ကာလမဟုတ်ပေ။ ၂၀၁၆ မှ ၂၀၂၁ အထိ NLD အစိုးရ၏ သက်တမ်းသည် တာဝန်ရှိသူများကို စစ်တပ် အုပ်ချုပ်ရေး၏ မလိုလားအပ်သော အမွေများနှင့် ရင်ဆိုင်ရန် အုတ်မြစ်ချပေးပြီး နိုင်ငံသစ်အတွက် ခိုင်မာသော လမ်းကြောင်းကို ပုံဖော်ရန် ဥပဒေ လုပ်ထုံးလုပ်နည်းများ ထူထောင်ရမည့် အချိန်ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သည့် The Path to a New Country: Looking Back on One Year of NLD Rule ကို ဘာသာပြန် ဆိုသည်။)