“ဝီ” စိတ်ဓာတ်များ ထွန်းကားပါစေ

လင်းငယ်
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ဝင်များ / Reuters
Want create site? Find Free WordPress Themes and plugins.

ကျနော်က “ဝီ” စိတ်ဓာတ် လို့ ပြောတော့ တချို့က နာမည်ကြီးနေတဲ့ “ဝီ” ကို ပြေးမြင်ကြလေးမလားပဲ။ ဒီနေရာမှာ တော့ ဒါကို ပြောလိုရင်း မဟုတ်ပါ။ ကျနော်တို့ လုပ်ငန်းခွင်မှာ Team building အသင်းအဖွဲ့ကောင်း ဖြစ်လာအောင် စနစ်တကျ တည်ဆောက်ခြင်း လုပ်ရပါတယ်။ အသင်းအဖွဲ့ကောင်း တခု ဖြစ်လာဖို့ ဆိုရင် အားလုံးက ဒီအသင်း အဖွဲ့ဟာ ငါတို့နဲ့ ဆိုင်တယ်။ ငါတို့ အသင်းဆိုတဲ့ အများဆိုင် သဘောထားတွေ ထားရှိဖို့က အရေးကြီး ပါတယ်။

ကိုယ့်အဖွဲ့အစည်းရဲ့ အမည်ကို နာမည်တပ်ပြီး ကိုယ့်အဖွဲ့ဝင်တွေ (အထူးသဖြင့် ဝင်လာစ အသစ်တွေကို) စည်းရုံးရေး လုပ်ကြရပါတယ်။ ဘောလုံးအသင်း တသင်းနဲ့ ဥပမာ ပေးရရင် ငါတို့ ဘောလုံးအသင်း ဆိုတဲ့ အမြင်မျိုးပါ။ မင့် အသင်းလည်း မဟုတ်ဘူး။ ငါ့အသင်းလည်း မဟုတ်ဘူး။ ငါတို့ အသင်း။ ငါတို့ အတူတူ ကစားနေတဲ့ အသင်း။ ဒါကိုပဲ “ဝီ” စိတ်ဓာတ်လို့ ကျနော်က အလွယ်ခေါ်တာပါ။ “We” ဆိုတဲ့ အင်္ဂလိပ်စကားလုံးကို ဆိုလိုတာပါ။ ဒီသဘော တရားကို ခေါင်းဆောင်လုပ်သူတိုင်း နီးပါးလောက်က သိကြပါတယ်။ လက်တွေ့ အကျိုးရှိရှိ အသုံးချကြ ပါတယ်။

ကျနော်ရဲ့ လက်ဦး ဆရာဖြစ်ခဲ့သူ တယောက်ကတော့ စကားလုံး အသုံးအနှုန်းက အစ အလွန် ဂရုစိုက်ပါတယ်။ သူ့နှုတ်က ငါ့ရုံး၊ ငါ့ဌာနဆိုတဲ့ တဦးဆိုင်နာမ်တွေ အလွန်မှကို သုံးခဲပါတယ်။ အထူးသဖြင့် ကျနော်တို့ ရုံးရဲ့ အောင်မြင်မှု တွေကို တခြားတနေရာမှာ ပြန်လည် ပြောတိုင်း ကျနော်တို့ ရုံးက လူတွေ ဘယ်လို အတူတူ လုပ်ကြတာကို အဓိက ဇောင်းပေး ပြောလေ့ရှိပါတယ်။

တခါတော့ ကျနော်အဓိက ထားပြီးလုပ်ခဲ့တဲ့ လုပ်ငန်းတခု ပြီးစီး အောင်မြင်ပါတယ်။ ဒါပေမယ့် သူက အားလုံးကို ချီးကျူးပါတယ်။ ကျနော့်စိတ်ထဲမှာ နည်းနည်း အောင့်သက်သက် ဖြစ်သွားပါတယ်။ လုပ်ရတာက ငါ။ ချီးကျူးခံရတော့ အားလုံး။ ဆရာသမားက တသက်တာ မမေ့မယ့်စကားကို ကျနော့်စိတ်ကို သိနေသည့်အလား ပြောလိုက်တော့မှ စိတ်သက်ရာ ရသွားပါတယ်။

တချို့ကတော့ ထင်မှာပေါ့…၊ ငါလုပ်လိုက်လို့ အောင်မြင်သွားတာလို့။ ဒါပေမယ့် ပြန်စဉ်းစားကြည့်ပါ။ မအောင်မြင်လို့ ကျရှုံးသွားရင် ငါလုပ်လိုက်တာလို့ လူတကာရှေ့တိုးကာ တာဝန်ယူရဲကြပါ့မလား။ နောက် တချက်က ဒီရုံး ဒီအလုပ်မှာ ကိုယ်လုပ်ခွင့် ရနေလို့ ဒီလို အောင်မြင်မှုကို လုပ်လို့ ရတာ။ ကိုယ် ဒီအလုပ် လုပ်နေတဲ့ အချိန်မှာ အနည်းဆုံး အခြား လုပ်ဖော်ကိုင်ဖက်တွေက လုံးဝ ကူမလုပ်ရဘူးလား ပြန်စဉ်းစားကြည့် တဲ့။ အနည်းဆုံး သွားချင်တဲ့ နေရာ သွားဖို့ အတွက် ရုံးက ကားဆရာက လိုက်ပို့ ပေးရတယ် မဟုတ်လားတဲ့။ အောင်မြင်မှုတွေဆိုတာ အတူတူ တည်ဆောက် မျှဝေ ခံစားကြရတာမျိုး ဆိုတာကို ဆရာက ဆုံးမပေးခဲ့ပါတယ်။

နောက်တခုက သူက တယောက်ကို တယောက် အပြစ်တင်တာ ကိုယ့်ကိုယ်ကို အပြစ်တင်တာကို ရှောင်စေပါတယ်။ အမှားတွေကို သင်ခန်းစာအဖြစ် ဆရာက ပြောင်းပေးရာမှာ အလွန်မှကို တော်ပါတယ်။ လုပ်ငန်းတခု မအောင်မြင်ဘူး၊ မကောင်းဘူး ဆိုရင် ကျနော်တို့ သဘာဝက အပြစ်ရှာချင်ကြတယ်။ တရားခံ ရှာတတ်ကြတယ်။ အနည်းဆုံးတော့ ပြန်ပြောလို့ မရတဲ့ အကြောင်းတရား တခုခုကို လွှဲချတတ်လိုက်တာ များတယ်။ ဆရာကတော့ မဟုတ်ပါဘူး။ နောက်တခါ ဘယ်လို ပိုကောင်းအောင် လုပ်မလဲပဲ စဉ်းစားခိုင်းတယ်။ နောက်တခါ အခုလို မဖြစ်အောင် ဘယ်လို လုပ်မလဲ ဆိုတာပဲ မေးတယ်။ တယောက်ဆီက အဖြေတခု မရမချင်းတော့ မေးပါတယ်။ ဒီလိုနည်းနဲ့ အပြစ်တင် တတ်တဲ့ အကျင့်အစား၊ အမှားထဲကနေ သင်ခန်းစာယူတတ်အောင် သင်ပေးခဲ့ပါတယ်။

ပင်လုံမှာ လုပ်တဲ့ ပြည်ထောင်စုနေ့ပွဲ အပြီးမှာ အဓိက ပြန်ကြားရတဲ့ နှစ်ချက် ရှိပါတယ်။ ကျနော်က တိုင်းရင်းသား ဒေသတွေမှာ တလျှောက်လုံး အလုပ် လုပ်ခဲ့တာ ဆိုတော့ တိုင်းရင်းသား မိတ်ဆွေတွေဆီက အဓိက ပြန်ကြားရတာပါ။ ပထမတစုက ငါတို့နဲ့ မသက်ဆိုင်သလို ခံစားရတယ်။ ဒါက ပင်လုံမှာ ကိုယ်တိုင်ပါဝင် လက်မှတ် မထိုးခဲ့ရတဲ့ တိုင်းရင်းသားတွေ ဆီက အထူး ကြားရတာပါ။ သူတို့ဆီက ဘယ်လောက်အထိ ကြားရသလဲ ဆိုရင် သူတို့ကို အဆင့်တန်းတူ မသတ်မှတ်ခဲ့ဘူး။ အခုလည်း မသတ်မှတ်ဘူးတဲ့။

ဒုတိယတမျိုးကတော့ ပင်လုံမှာ လက်မှတ်ထိုးခဲ့ပြီး ပင်လုံက ကတိကဝတ် အတိုင်း ဖြစ်မလာခဲ့တာကို နာကျင် နေခဲ့ကြသူတွေလို့ ပြောရင်ရမယ့် သူတွေဆီက ပါ။ အခုအစိုးရက ငါတို့ တိုင်းရင်းသားတွေကိုပဲ NCA မှာ အတင်းလာ လက်မှတ် ထိုးခိုင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ခိုင်း နေတာ တပ်မတော်ကို ကျတော့ မပြောကြတော့ဘူး လား။ ပင်လုံကတိတွေကို မေ့နေတယ် ဆိုတာပါ။

အထူးသဖြင့် သာမာန်ပြည်သူတွေက အကြောင်းအရာ နှစ်ခုလုံးကို ပြောတဲ့အခါမှာ အနည်းနဲ့ အများဆိုသလို ဗမာ မုန်းတီးရေးကို အခြေခံနေတာက ပကတိ အရှိတရားပါ။ ခေတ်အဆက်ဆက် အာဏာရှင် အစိုးရ လုပ်ခဲ့သမျှကို ဗမာတွေ လုပ်တယ်ဆိုတဲ့ အမြင်က ကြီးစိုးနေခဲ့တာပါ။ လက်ရှိ အစိုးရကိုလည်း ဗမာ အစိုးရအဖြစ် မြင်နေပါပြီ။ လူမျိုးရေးတွေကို အခြေခံလာပြီ ဆိုရင် မင်းဘာဖြစ်တယ်၊ ငါဘာဖြစ်တယ်ဆိုတဲ့ အငြင်းပွားစရာ တဦးကို တဦး အပြစ်တင်တာတွေက ပါလာပါပြီ။ သမိုင်းဆိုတာက မှားသည် မှန်သည် ရှိခဲ့ဖြစ်ခဲ့ ပြီးပါပြီ။ အစကို ပြန်သွားနေရင် ရှေ့ကို တိုးမှာ မဟုတ်တော့ပါဘူး။

ဒါက ဘာကို ရည်ညွှန်းနေလဲ ဆိုရင် နက်နက်နဲနဲ ယုံကြည်မှု ပျက်ယွင်းနေတဲ့ လက္ခဏာပါပဲ။ တကယ်တမ်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ပြောသွားတဲ့ မိန့်ခွန်းကို သေချာပြန်ဖတ်ရင် စစ်တပ်ကိုလည်း ပြောသွားတာပါပဲ။

တဖက်ကလည်း သူမအနေနဲ့ ဘယ်လောက်များ ပြောနိုင်မှာလဲ။ ပြောလိုက်တာနဲ့ ကောင်းကျိုးရမယ် ဆိုရင် သူမလောက် ပြောချင်သူ ရှိမယ် မထင်။ အခုအချိန်မှာ စစ်တပ်ကိုကျတော့ ထိုးစစ်ရပ်ဖို့ မပြောဘူး၊ အပြစ် မတင်ဘူး ဆိုတာတွေက ပြောလိုက်တိုင်း ကောင်းကျိုးရှိမှာလား တွေးစရာပါ။ တချိန်တည်းမှာပဲ တိုင်းရင်းသားတွေကို အပြစ်တင်တဲ့ သဘော ပြောတာ မတွေ့ရပါဘူး။

ပြန်စဉ်းစားကြည့်မယ် ဆိုရင် ပြောသမျှ စကားလုံးတိုင်းကို အထအနကောက်ပြီး စိတ်ခုနေရတယ် ဆိုတာကိုက ယုံကြည်မှု ပျက်နေတဲ့ နောက်ထပ် အညွှန်းကိန်းတခုလို့ ပြောရမယ်။ တကယ်တော့ မင်းလူမျိုး ငါ့လူမျိုးဆိုတဲ့ စကားတွေ သက်သက်ကြောင့် ပြဿနာဖြစ်နေတာ မဟုတ်ပါဘူး။ မယုံကြည်တဲ့ ပြဿနာကြောင့်သာ စကာလုံးတွေက ထိရှစရာတွေ ဖြစ်နေပြီး ပြဿနာအဖြစ် ယူဆခံနေရတာပါ။

လိုအပ်နေတာက ငါတို့ ပြည်ထောင်စုအတွက် ဆိုတဲ့ဘက်က တွေးကြည့်ကြရမှာပါ။ ငါ့ပြည်နယ် အတွက်လည်း မစဉ်းစားရဘူး မဟုတ်ဘူး။ စဉ်းစားပါ။ ဒါပေမယ့် ဒီပြည်ထောင်စုကြီးမှာ ပါနေမှတော့ ငါတို့ ပြည်ထောင်စုဆိုတဲ့ အတွေးကနေ တွေးကြည့်ပေးပါလို့ တောင်းဆိုရမယ် ထင်ပါရဲ့။ နိုင်ငံတော် အတိုင်ပင်ခံရဲ့ အောက်ပါစကားကိုပဲ ပြန်ကိုးကားချင်ပါတယ်။

“ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာပါနေတဲ့ အစုအဖွဲ့ပုဂ္ဂိုလ်များ အားလုံးဟာ ကိုယ့်ကိုယ်ကို ယုံကြည်တယ်၊ ကိုယ်ဟာ ကိုယ့် နိုင်ငံအကျိုးအတွက် ငြိမ်းချမ်းတဲ့ နည်းနဲ့ ဆောင်ရွက်နိုင်တဲ့ အရည်အချင်း ရှိတယ် ဆိုတဲ့ ယုံကြည်ဖို့ဟာ ပထမ လိုအပ်ချက် ဖြစ်ပါတယ်။ ဒီလိုယုံကြည်မှု ရှိပြီ ဆိုရင် ငြိမ်းချမ်းရေး ညီလာခံမှာ မပါဝင်နိုင်တဲ့သူ တယောက်မှ ရှိမှာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခြင်း အားဖြင့် ကိုယ်ဟာ ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်ထောင်စု အတွက် အကောင်းဆုံး လုပ်ပေးချင်တဲ့ စေတနာရှိတယ်၊ လုပ်ပေးနိုင်တဲ့ စွမ်းရည်ရှိတယ် ဆိုတာကို ယုံကြည်သော အားဖြင့် ကျမတို့ရဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာ အားလုံးပဲ ပါဝင်ကြပါ”

သူက ခေါင်းဆောင်တွေကို ဦးတည်ပြောတယ် လို့ ယူဆရပါတယ်။ ဒါပေမယ့် ခေါင်းဆောင် မဟုတ်တဲ့ သာမန် ပြည်သူတွေ အနေနဲ့လည်း ငါတို့ ပြည်ထောင်စု စိတ်ဓာတ်တွေ ဝိုင်းဝန်း တည်ဆောက်ကြရမှာပါ။ “ဝီ” စိတ်ဓာတ် ဖြစ်တည်လာဖို့ အတွက် အပျက်စကားတွေ မပြောဘူး။ လူမျိုးရေးတွေ ရှေ့တန်း မတင်ဘူး။ တယောက်ကို တယောက် အပြစ်တင်ဖို့ထက် ငါဘယ်လိုကောင်းအောင် လုပ်ပေးနိုင်မယ်ပဲ ပြောမယ် ဆိုရင် တတပ်တအား တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ ပါဝင်ခြင်း မည်ပါလိမ့်မယ်။ မိတ်ဆွေတယောက်ကတော့ ဟာသ ပြောပါတယ်။ “ပြည်ထောင်စု ဆိုတာ အားလုံးပိုင်တာပဲ။ ဒါကြောင့် အားလုံး စုပေါင်း ဖျက်စီးရမှာပဲ။ ပြည်ထောင်စုဆိုတော့ ပြောင်ထုစီပေါ့” တဲ့။ သူက ဟာသပြောပေမယ့် ကျနော်ကတော့ ရယ်ရခက်တဲ့ အမှန်တရားတခုလို့ အောက်မေ့မိ ပါတယ်။

ကျနော်တို့ နေ့စဉ်နဲ့ အမျှ လူမှု ကွန်ရက်တွေပေါ်မှာ တစုနဲ့ တစု၊ လူမျိုး တမျိုးနဲ့ တမျိုး ဘယ်လို စကားမျိုးတွေ အတွေ့ရ များတယ် ဆိုတာကို ဆင်ခြင်ကြည့်ပါ။ ဘာသာရေးနဲ့ ပတ်သက်ပြီး ကိုယ် ဘာစကားတွေ ပြောမိနေလဲ ပြန်မြင်ကြည့်ပါ။ ငါ၊ ငါ့လူမျိုးဆိုတဲ့ အတ္တဗဟိုပြု စဉ်းစားနည်းတွေနဲ့ စဉ်းစားဖြစ်၊ ပြောဖြစ်တာ များတာကို တွေ့ရ ပါလိမ့်မယ်။ ပိုပြီး ဆိုးရွားတဲ့ အဆင့်မှာ ဆိုရင်တော့ တဖက်အုပ်စုကို နင်ပဲငဆ ပြောတာမျိုးပေါ့။ လူမျိုးရေး မခွဲခြားရဘူး ဆိုတာ လူဦးရေများတဲ့ လူက လူဦးရေ နည်းတဲ့ လူကိုချည့် ခွဲခြားတာ မဟုတ်ပါဘူး။ လူဦးရေ နည်းတဲ့ လူကလည်း လူဦးရေများတဲ့ သူတွေကို နာမည်အမျိုးမျိုး တပ်ပြီး အမုန်းပွားစေမယ့် စကားတွေ လှိုင်လှိုင်ကြီး သုံးစွဲတာဟာလည်း လူမျိုးရေး ခွဲခြားတာပါပဲ။ လူမျိုးရေး ခွဲခြားခြင်းဟာ…၊ ပြည်ထောင်စုရဲ့ စိတ်ဓာတ်၊ ငါတို့ တိုင်းပြည်ဆိုတဲ့ စိတ်ဓာတ်၊ တနည်းအားဖြင့် “ဝီ” စိတ်ဓိတ်ရဲ့ ဖီလာ ဆန့်ကျင်ရာပါပဲ။

ခေတ် အဆက်ဆက် လူနည်းစု တိုင်းရင်းသားတွေရဲ့ ဖိနှိပ်ခံခဲ့ရတဲ့ ဒုက္ခကို စာနာပါတယ်။ အမှန်တကယ်လည်း အားလုံး တန်းတူညီမျှ ဖြစ်စေချင်ကြပါတယ်။ ဖြစ်စေချင်ကြတာလည်း လူမျိုးပေါင်းစုံ တိုင်းရင်းသား ပေါင်းစုံရဲ့ ဆန္ဒ အစစ်အမှန် ပါ။ ဒါပေမယ့် ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေကို ပြန်လည် ရရှိအောင် ကြိုးပမ်းရာမှာ ဘယ်လို ရယူမလဲ။ အသုံးပြုတဲ့ နည်းလမ်းက ပြည်ထောင်စုဆိုတာနဲ့ သဟဇာတ ကျတဲ့ စိတ်ဓာတ်တွေ တည်ဆောက်ရာမှာ အဟန့်အတား ဖြစ်စေတဲ့ အပြုအမှု အပြောအဆိုတွေ လုပ်မိနေသလား ဆိုတာကိုတော့ ပြန်မေးကြည့်ကြပါလို့ တိုက်တွန်းပါရစေ။

အမုန်းစကားတွေ ပစ်လွှတ်နေတာက အမြောက်ဆံတွေ ကျည်ဆံတွေ ပစ်လွှတ်နေတာထက် အဆမတန် သက်ရောက်မှု ကြီးမားလှပါတယ်။ ဒီကနေ့ အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် ချုပ်ဆိုနိုင်ရင် နောက်တစ်နေ့ သေနတ်သံတွေ တိတ်ဆိတ်သွားနိုင်ပါတယ်။ အမုန်းစကား ကျည်ဆံတွေ၊ သွေးကွဲစေတဲ့ အမြောက်ဆံတွေကတော့ အရှိန်သေဖို့ အချိန်တွေ အများကြီး ပေးဆပ်ရမှာပါ။

တကယ်တော့ “ဝီ” စိတ်ဓာတ်ဆိုတာ အားလုံး တာဝန်ယူ တည်ဆောက်ရမယ့် စိတ်ဓာတ်ပါပဲ။ နှစ်သစ်မှာ အမြင်သစ်များဖြင့် “ဝီ” စိတ်ဓာတ်များ ထွန်းကားနိုင်ပါစေ။

(လင်းငယ်သည် ပြည်တွင်းအခြေစိုက် ဆရာဝန်တဦးဖြစ်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading