၁၉ ရက်နေ့မှာ သတင်းစကြားရတယ်။ RCSS ကို ရှမ်းပြည်နယ် ဒေသဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို တက်ရောက်ဖို့ ဖုန်းနဲ့ ဖိတ်ကြားတယ်။ ဖိတ်စာကတော့ နောက်မှ ပို့မယ်လို့ ဆိုပါတယ်။ နေ့လယ်ပိုင်းလောက် ကြတော့ ရှမ်းပြည်နယ်ထဲက လွှတ်တော်ကိုယ်စားလှယ်တွေကို အဲဒီနေ့ ညနေပိုင်းမှာ ထွေ/အုပ်ရုံးကို အစည်းအဝေး ဖိတ်တယ်။ အဲဒီမှာ မြို့နယ်အဆင့် ဆွေးနွေးပေးဖို့ တိုက်တွန်းတယ်။ ၂ဝ ရက်နေ့မှာ ခရိုင်အဆင့် ဆွေးနွေးပွဲတွေ လုပ်တယ်။ ကျိုင်းတုံဘက်ကဆိုရင် အလုပ်ရုံဆွေးနွေးပွဲလို့ ခေါင်းစဉ်တပ်ပြီး ဖိတ်စာထွက်တယ်။
၂ဝ ရက်နေ့ မနက်ပိုင်းအထိ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီဝင်တဦးကို မေးတော့ သူ ဘာမှ မသိရသေးကြောင်း ပြောတယ်။ နောက်ထပ်မေးတော့ မွန်းလွဲပိုင်းကျော်တော့မှ သူ့ဆီကို ဖုန်းဆက်အကြောင်း ကြားတယ်လို့ ပြောတယ်။ ပါတီတွေကိုတော့ ၂ဝ ရက်နေ့မွန်းလွဲမှာ ဖုန်းဆက်ဖိတ်ကြားပြီး ကိုယ်စားလှယ်သုံးဦးကို ၂၁ ရက်နေ့ မနက် ၉ နာရီ စာရင်းပေးရမယ်လို့ ပြောတယ်။ အိပ်ချိန်ထည့်တွက်လိုက်ရင် လူရွေးချိန်က ၁၀ နာရီ လောက်ပဲ ရှိတယ်။ ၂၂ ရက်နေ့ ညနေကို ဆွေးနွေးမယ့် စာတမ်း (ဆယ်မိနစ်စာ) ကို စိစစ်ဖို့ ပေးပို့ရမယ်လို့ ဆိုပြန်ပါတယ်။
၂၁ ရက်နေ့ ညနေမှာတော့ ပါတီကိုယ်စားလှယ်နာမည်တွေနဲ့ ဖိတ်စာထွက်လာတယ်။ ပါတီတွေကိုလည်း ဖိတ်စာ ပို့ပေးတယ်လို့ ဆိုပါတယ်။ အချိန်တွက်ကြည့်လိုက်တော့ ၁၉ ရက်နေ့က စတင်လုပ်လိုက်တာ ဆွေးနွေးပွဲကျင်းပမယ့် ၂၃ ရက်နေ့အထိဆိုရင် စုစုပေါင်း ၄ ရက်ပဲ အချိန်ရလိုက်ပါတယ်။
ဆွေးနွေးပွဲ ခေါင်းစဉ်ကို ကြည့်လိုက်တော့ ” ရှမ်းပြည်နယ် ဒေသ အလိုက် ကျင်းပသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ” ဆိုတဲ့ အလွန်ကြီးကျယ်ခန်းနားတဲ့ ခေါင်းစဉ်ကြီးကို တွေ့ရပါတယ်။ မြို့နယ်အလိုက် ဆွေးနွေးပွဲ၊ ခရိုင်အလိုက် ဆွေးနွေးပွဲတွေ အပါအဝင် ဆက်တိုက်လုပ်ခဲ့ရတာ ဖြစ်ပါတယ်။ အလွန်ကြီးလေးတဲ့ တာဝန်ကြီးတခုကို ၄ ရက်ထဲနဲ့ အကောင်အထည်ဖေါ်လိုက်နိုင်တာကို ဂုဏ်ယူစရာလို့ မြင်ခဲ့ရင် အမှားကြီး မှားပါလိမ့်မယ်။ မြန်ခြင်းနှေးခြင်း ဆိုတာတွေထက် ရလဒ် ကောင်းမကောင်းက အများကြီး ပို အရေးကြီးတယ်လို့ မြင်ပါတယ်။ ဘယ်လောက်မြန်မြန် ရလဒ် မကောင်းရင် အကျိုးမဲ့တာပါဘဲ။ အခုကိစ္စက နိုင်ငံရေးကိစ္စ ဖြစ်တာမို့ အမှားအယွင်းကင်းအောင် ပိုပြီးဂရုစိုက်ရမှာ ဖြစ်ပါတယ်။ မလိုအပ်ဘဲနဲ့ အလောသုံးဆယ် မလုပ်သင့်ပါဘူး။
ပြည်ထောင်စုမြန်မာနိုင်ငံကို လက်ရှိ ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၄ ခု နဲ့ ဖွဲ့စည်းထားရာမှာ ရှမ်းပြည်နယ်ဟာ အကြီးဆုံးဖြစ်သလို ပြဿနာတွေလည်း အများဆုံးဖြစ်ပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်း တွေရှိသလို ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေလည်း ရှိနေကြပါတယ်။ နိုင်ငံရေးပါတီတွေကို ကြည့်လိုက်ရင် ၂၄ ပါတီလောက် ရှိပါတယ်။ လက်နက်ကိုင်ထားတဲ့ ပြည်သူ့စစ်တွေလည်း အများအပြား ရှိနေတာ ဖြစ်ပါတယ်။ တပ်မတော်ဘက်ကလည်း စစ်တိုင်းကြီးလေးတိုင်းနဲ့ အခြေချထားတာမို့ နည်းတဲ့အင်အားစု မဟုတ်ပါဘူး။
၁၉၆၂ တုန်းက ဗိုလ်ချုပ်နေဝင်း စစ်အာဏာသိမ်းတော့ ရှမ်းတွေက ဖက်ဒရယ်မူနဲ့ ပြည်ထောင်စုကြီးထဲက ခွဲထွက်မှာမို့ အာဏာသိမ်းရတာပါ ဆိုတဲ့ပြောဆိုချက်ကို နှစ်ပေါင်းများစွာ ဇွတ်မှိတ်ယုံကြည်ခဲ့ကြရတာလည်း ရှမ်းပြည်နယ်ပဲ ဖြစ်ပါတယ်။ လက်ရှိ တိုက်ပွဲတွေ ဆက်ဖြစ်နေတာလည်းပဲ ရှမ်းပြည်နယ်တခုတည်း ကျန်နေတယ်လို့ ပြောရင်လည်း မငြင်းသာပါဘူး။
ဒီလောက် ရှုပ်ထွေးနေတဲ့ ရှမ်းပြည်နယ် ဒေသမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးကို လေးရက်အတွင်း ကျင်းပဖို့ ကြိုးစားတာဟာ မစဉ်းစားတတ်လောက်အောင် အံ့အားသင့်စရာဖြစ်ပါတယ်။ ကိုယ်တွေကပဲ အကဲဖြတ်ချက်ညံ့နေလားတော့ မသိပါ။ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေ အရပ်ရပ်အနေနဲ့လည်း ရှမ်းပြည်မှာ အဲဒီလောက် အမြန်လိုနေတဲ့ အခြေအနေကိုလဲ မမြင်မိပါဘူး။ မြန်မာစကားမှာ တက်သုတ်ရိုက်တယ်။ အပူတပြင်းလုပ်တယ်။ လက်ပူတိုက်တယ်။ ကမန်းကတန်းလုပ်တယ်။ အမျိုးမျိုးကြားဖူးပေမယ့် အခုကိစ္စမှာ တွဲသုံးကြည့်ဖို့ ဆိုတာ အတော့်ကို မဆီလျော်တာကို တွေ့ရပါတယ်။ ဘာတွေကများ နောက်ကလိုက်နေလို့လဲ။ ၂၁ ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ဒုတိယအကြိမ် ကျင်းပမယ့်ရက်တောင် မသတ်မှတ်ရသေးပါဘူး။
အဖွဲ့အစည်းတွေအတွက်တော့ အတော်ကို အကျပ်ရိုက်ခဲ့ကြတယ်လို့ ထင်ပါတယ်။ မြို့နယ်အဆင့်၊ ခရိုင်အဆင့် တွေကို ကျင်းပရာမှာ နာရီပိုင်းကလေးပဲ ကြိုတင်ဖိတ်ကြား ကျင်းပခဲ့ကြတာဖြစ်ပေမယ့် တက်ရောက်လာတဲ့ ပါတီတွေ၊ အဖွဲ့အစည်းတွေကို နိုင်ငံရေး၊ စီးပွားရေး၊ မြေယာကိစ္စတွေကို ချက်ချင်းတင်ပြခိုင်းခဲ့တာမို့ အဖွဲ့အစည်းဝင်တွေဟာ ဗဟိုက သဘောထားကို မမေးနိုင်ကြတော့ပါဘူး။ အဲဒီလိုနဲ့ ဗဟိုနဲ့အောက်ခြေတွေ သဘောထားမတူကြတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုကိစ္စမျိုးက ကြိုတင်ပြင်ဆင်ကြတာတောင် အတော်လုပ်ယူရတဲ့ ကိစ္စတွေပါ။ ဒါက ခလေးတွေ ကစားတဲ့ ကစားစရာမျိုး မဟုတ်ပါဘူးဗျာ။ အလွန်အရေးကြီးတဲ့ နိုင်ငံရေးကိစ္စ ဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသားရင်ကြားစေ့ရေးကို အထူးအလေးထား ဆောင်ရွက်နေရတဲ့ကာလတွေမှာ ပိုလို့တောင် သတိထားရမယ့် ကိစ္စဖြစ်ပါတယ်။ ကွမ်းမစားရ အမိန့်ထုတ်တာမျိုးက ဘာမှဖြစ်မသွားလောက်ပေမယ့် အခုလို နိုင်ငံရေးကိစ္စမျိုးမှာတော့ သတိချပ်ပြီး လုပ်သင့်တယ်လို့ မြင်မိပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းက အောက်ခြေတွေမှာ လုပ်သွားခဲ့တဲ့ လက်ပူတိုက်ဆွေးနွေးပွဲတွေကို တက်လိုက်ရတဲ့ လူတချို့ကို မေးစမ်းကြည့်ပါတယ်။ ဘယ်သူမှ ကျေနပ်အားရတယ် ဆိုတာကို မတွေ့ရပါဘူး။ တချို့များဆိုရင် “အင်းလေ ကြားဖြတ် ရွေးကောက်ပွဲမှာ လူထုထောက်ခံမှု မရခဲ့တာကို တုန့်ပြန်တဲ့အနေနဲ့ မင်းတို့ ရှမ်းပြည်နယ်မှာ ငါတို့ ဒီလိုအုပ်ချုပ် နိုင်တယ်။ ဒီလိုစီမံနိုင်တယ်ဆိုတာ သိအောင်ပြလိုက်တာ ဖြစ်နိုင်တယ်” ဆိုပြီးတော့တောင် ပြစ်တင်ဝေဖန်တာတွေ ရှိလာတယ်။
တနည်းအားဖြင့် ပြောရရင် ယုံကြည်မှု ပျောက်ဆုံးကုန်တာ ဖြစ်ပါတယ်။ ယုံကြည်မှု ပျက်ပြားတာဟာ အသံ မကြားရပါဘူး။ ကျည်ဆံလို အကောင်အထည် မမြင်ရပါဘူး။ ထိချက် အလွန်ပြင်းထန်ပြီး ကုသရ အလွန်ခက်တဲ့ ဘာမှန်း မသိတဲ့ ရောဂါတခုလို ဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေဟာ ပြဿနာကို ဖြေရှင်းဖို့ နိုင်ငံရေးလုပ်ကြတာ ဖြစ်ပါတယ်။ ဒါကိုမှ ပြဿနာ ပိုများလာအောင် လုပ်ရင်တော့ လမ်းမှားနေပြီလို့ ပြောနိုင်ပါတယ်။
ရှမ်းပြည်နယ် ဒေသအလိုက်ကျင်းပတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပမယ်ဆိုရင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့အတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်းစနစ်တွေ ရှိထားပါတယ်။ လုပ်ငန်းလမ်းညွှန်လို့လဲ ခေါ်ပါတယ်။ အခုလို ဒေသအလိုက်ပဲ ဖြစ်ဖြစ်၊ လူမျိုးအလိုက်ပဲ ဖြစ်ဖြစ်၊ အကြောင်းအရာ အလိုက်ပဲ ဖြစ်ဖြစ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပမယ်ဆိုရင် သက်ဆိုင်ရာ ကျင်းပခွင့်ရှိတဲ့ အစုအဖွဲ့က အဆင်သင့်ဖြစ်ကြောင်း တင်ပြလာတဲ့အပေါ် UPDJC အတွင်းရေးမှူးအဖွဲ့က စိစစ်ပြီး UPDJC ဒုတိယဥက္ကဌ သုံးဦးပါဝင်တဲ့အဖွဲ့ကို တင်ပြရပါမယ်။ အစုအဖွဲ့တခုစီက ဒုတိယဥက္ကဌ တဦးစီပါဝင်တဲ့ ဒုတိယဥက္ကဌ သုံးဦးပါတဲ့အဖွဲ့က ဆွေးနွေးပြီး ခွင့်ပြုချက်ပေးရတာ ဖြစ်ပါတယ်။
အခုတော့ အဲဒီအဆင့်က လူတွေတောင် ဘာမှ မသိလိုက်ရဘူး လို့သိရပါတယ်။ အားလုံးသဘောတူထားကြတဲ့ လုပ်ငန်းလမ်းညွှန် (ToR) တွေကို ဂရုစိုက်ဖို့တော့ လိုပါတယ်။ မြန်မာနိုင်ငံကို ဒီမိုရေစီနိုင်ငံအဖြစ် ပေါ်ထွန်းလာအောင် ပြုစုပျိုးထောင်နေတဲ့ကာလမှာဆို ပိုလို့တောင် ဂရုစိုက် လိုက်နာဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ကာလတုန်းကလို လူတဦး တယောက်ထဲရဲ့ ညွန်ကြားချက်ကို စည်းမျဉ်းစည်းကမ်းထက် ပိုလိုက်နာရတာမျိုးကို ဆက်မဖြစ်စေသင့်တော့ပါဘူး။
တောင်ကြီးမှာ တွေ့ဆုံခဲ့ကြတဲ့ အခုဆွေးနွေးပွဲမှာ ပါဝင်ပတ်သက်နေတဲ့ ပုဂ္ဂိုလ်တွေ နဲ့ NRPC က ပုဂ္ဂိုလ်တွေ တွေ့ဆုံပွဲမှာ NCA လက်မှတ်ထိုးထားတဲ့ ခေါင်းဆောင်တယောက်က လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း ပထမညီလာခံမှာတုန်းကလို ဖိတ်ကြားသင့်ကြောင်း တိုက်တွန်းတင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် NCA ကို လက်မှတ်မထိုးရင်တော့ တက်ခွင့်မပေးနိုင်ကြောင်း ပြန်ရှင်းတယ်လို့ သိရတယ်။ အဲဒီ အပြောမျိုးကို မကြာခဏ ကြားနေ ရပါတယ်။ NCA သဘောတူညီချက်ထဲမှာ ပြန်ဖတ်တော့လည်း အဲလို ရေးထားတာ မတွေ့ရပါဘူး။
အခန်း(၁) အခြေခံမူ ခေါင်းစဉ်အောက်က ပုဒ်မ(၁) ပုဒ်မခွဲ(ဆ)မှာ ” ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် ရည်မှန်း၍ တိုင်းရင်းသားများ၏ လိုလားချက်များနှင့် သဘောထားဆန္ဒများကို အခြေခံပြီး ပါဝင်သင့်သူအားလုံး ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပသွားရန်” ဆိုတဲ့ စာပိုဒ်ကိုပဲ တွေ့ရပါတယ်။ ပုဒ်မ (၂၂) မှာလဲ အားလုံးပါဝင်ရေးမူကိုသာ အခြေခံပြီး နိုင်ငံရေး ဆွေးနွေးပွဲများကို ကျင်းပသွားမယ်ဆိုတာကို တွေ့ရပါတယ်။
NCA သဘောတူညီချက်တွေမှာ အခုလို ဖေါ်ပြရေးသားထားပေမယ့် NCA သဘောတူညီချက်ကို လက်မှတ် ရေးထိုးမှ ၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တက်ရောက်ဖို့ ခွင့်ပြုနိုင်မယ်ဆိုတဲ့ စကားက ဘယ်က ဘယ်လို ထွက်ပေါ်လာမှန်း မသိတော့ပါဘူး။ ဒါတွေက နိုင်ငံရေး အမြော်အမြင်နဲ့ အတော်ကို သက်ဆိုင်ပါတယ်။
နောက်တခုက ရှမ်းပြည်နယ် ဒေသအလိုက် ကျင်းပသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ တင်ပြ ဆွေးနွေးမယ့် (ဆယ်မိနစ်စာ) စာတမ်းကို ၂၂ ရက် နေ့ နောက်ဆုံးထား ပေးပို့ရမယ်ဆိုတဲ့ကိစ္စပါ။ ပါတီတွေကတော့ ပြည်ထောင်စုကို ထိခိုက်နစ်နာစေမယ့် ဆွေးနွေးချက်တွေကို ဆွေးနွေးကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်စာတမ်းကို စိစစ်မယ်ဆိုရင်လည်း လက်ခံနိုင်စရာ မရှိပါဘူး။ ဘယ်သူတွေက ဘယ်လိုမူနဲ့ စိစစ်မယ်ဆိုတာလဲ မသိရတော့ ပိုပြီး လက်မခံနိုင်တာပါ။ လုပ်ငန်းလမ်းညွှန်တွေထဲမှာလည်း အဲဒီလို စိစစ်ရမယ်ဆိုတာလဲ မပါပါဘူး။
ကျနော်တို့ဟာ ကိုယ့်နိုင်ငံရဲ့အစိုးရအနေနဲ့ မှန်ကန်တဲ့လုပ်ရပ်မျိုး ၊ အမြော်အမြင်ကြီးတဲ့ လုပ်ရပ်မျိုးကိုပဲ လုပ်စေချင်ကြသလို အဲဒီကိုယ့်နိုင်ငံရဲ့အစိုးရ ဒုက္ခရောက်တာမျိုးကိုလည်း မမြင်ချင်ကြပါဘူး။ ကိုယ့်အစိုးရ ဒုက္ခရောက်တာဟာ ကိုယ့်တိုင်းပြည်ဒုက္ခရောက်တာနဲ့ အတူတူပါဘဲ။ ကိုယ့်အစိုးရကို လူတော်လူကောင်းတွေ ဝန်းရံကူညီနေတာမျိုးကိုပဲ မြင်ချင်ပါတယ်။ အစိုးရက သိပ်အတင်းအကျပ် ပုံစံမျိုးလုပ်ရင် လူတော်လူကောင်းတွေဟာ အနားမကပ်ချင်ကြတော့ဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဆုတ်ခွာသွားတတ်ပါတယ်။ အဲဒီလို လူမသိသူမသိ ခွဲထွက်သွားတာ တိုင်းပြည်အတွက် အင်မတန်မှ ထိခိုက်တတ်ပါတယ်။ အဲဒီ လူတော်လူကောင်းတွေရဲ့နေရာကို လူလည်လူနပ်တွေက အစားထိုးဝင် လာရင်တော့ အစိုးရအဖို့ ကျဆုံးချိန် နီးလာပြီလို့ ပြောနိုင်ပါလိမ့်မယ်။ တနည်းအားဖြင့် တိုင်းပြည်ဒုက္ခရောက်မယ့် လက္ခဏာ ဖြစ်ပါတယ်။ အဲဒီလို မဖြစ်အောင် အားလုံးက ဝိုင်းဝန်းကာကွယ်ချင်ကြတာ ဖြစ်ပါတယ်။
အဲဒါတွေကတော့ မလိုအပ်ဘဲ အလွန်ကို အလောသုံးဆယ် လုပ်လိုက်ရင် ဖြစ်လာတတ်တဲ့ အကျိုး သက်ရောက်မှုတွေ ဖြစ်ပါတယ်။ ကျနော့်ရဲ့ မြန်မာစာဆရာ ပြောပြတဲ့ ”အလောသုံးဆယ်” ဆိုတဲ့စကားကို ရှင်းပြရရင် လူတွေသေဆုံးခါနီးကြရင် “ဇောခုနစ်ဇော” ဖြစ်ပေါ်ပါသတဲ့။ အဲဒီ ဇောခုနစ်ဇောထဲမှာ အလယ်က သုံးဇောက အလွန်ဆိုးဝါးတယ်လို့ ပြောပါတယ်။ အလောသုံးဆယ်ဆိုတာ အဲဒီ “အလယ်သုံးဇော ” ကို ပြောခြင်းဖြစ်ပါသတဲ့။ အဲဒီဇောတွေ မဖြစ်အောင် သတိပြုဖို့ လိုပါကြောင်း။
(စိုင်းညွန့်လွင်သည် ရှမ်းတိုင်းရင်းသားများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သည်)