၆၆ (ဃ) ကို ပြင်မလား၊ ဖျက်မလား

မောင်ဆောင်းခ
ပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆို ဖမ်းဆီးခံရချိန် ရုံးထုတ်လာသော မောင်ဆောင်းခ / The New Yorker
Want create site? Find Free WordPress Themes and plugins.

နာမည်ကြီးနေတဲ့ဆက်သွယ်ရေးဥပဒေထဲမှာဆိုရင် လတ်တလောပြည်သူကို ဒုက္ခအပေးဆုံး ပုဒ်မကတော့ ၆၆ (ဃ) ပဲ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ဆက်သွယ်ရေး ဥပဒေ ဆိုင်ရာ သုတေသနအဖွဲ့က ကောက်ခံရရှိထားတဲ့ စာရင်းတွေ အရ ယခင် အစိုးရ လက်ထက်ကနေ ယနေ့အထိ ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲခံထားရတဲ့အမှုပေါင်းဟာ ၆၀ ကျော် သွားပြီ ဖြစ်ပါတယ်။ ဒါတောင် အကုန်မပါသေးပါဘူး။ ကျနော်တို့ လက်လှမ်းမမီနိုင်တဲ့ အခြား ၆၆ (ဃ) အမှုတွေလည်း ကျန်ရှိနေနိုင်ပါသေးတယ်။

ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ၆၆ (ဃ) ရဲ့အဓိပ္ပာယ်ကတော့ -“၆၆။ မည်သူမဆို အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျုးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအား သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

(ဃ) ဆက်သွယ်ရေးကွန်ရက် တခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်ထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောက်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက် ခြင်း” ဖြစ်ပါတယ်။

ဥပဒေကို သေချာလေ့လာတဲ့ အခါမှာ ပုဒ်မ ၆၆ ရဲ့ (ဃ) တခုတည်းမှာတင် အသရေဖျက်ခြင်း၊ နှောက်ယှက်ခြင်း၊ မလျော်သြဇာ သုံးခြင်းစသည်ဖြင့် ပြုလုပ်မှုပုံစံ ၇ မျိုးအထိ ပါဝင်နေပြီး တခုချင်းစီကို အသေးစိတ် ရှင်းလင်း ဖော်ပြထားခြင်း (သို့မဟုတ်) တိကျသော နည်းဥပဒေ ရေးဆွဲပြဋ္ဌာန်းထားခြင်း လုံးဝမရှိတာကို တွေ့ရပါတယ်။

၆၆ (ဃ) နဲ့ ပတ်သက်ပြီးလက်ရှိဖြစ်ပေါ်နေတဲ့ အမှုအခင်းအားလုံးနီးပါးက “အသရေဖျက်ခြင်း” နဲ့ ဆိုင်တဲ့ အမှုဖြစ်စဉ်များသာ ဖြစ်ပါတယ်။ တပ်မတော်နဲ့ အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေကို အသရေဖျက်ပါတယ် ဆိုပြီး ၆၆ (ဃ) နဲ့ ဖမ်းဆီး ထောင်ချခံရမှုဟာ လက်ရှိ အစိုးရ လက်ထက်မှာ ပိုမိုများပြားလာတာ တွေ့ရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက Eleven သတင်းစာကို ဒီမတရားဥပဒေကြီးနဲ့ တရားစွဲဆိုပြီး နောက်ပိုင်းမှာ လူတော်တော်များများဟာ ဆက်သွယ်ရေးဥပဒေကို ပိုမိုသတိပြုမိလာပြီး ဘယ်လို အသုံးပြုရမလဲ ဆိုတာပါ ပြည်သူတွေ ပိုမိုသိရှိလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လူ့အဖွဲ့အစည်း ကြားထဲမှာ ၆၆ (ဃ) ကို လက်နက်သဖွယ်၊ လက်စားခြေဥပဒေတခုသဖွယ် အသုံးပြုလာတာတွေ တွေ့လာရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အဘက်ဘက်က လျော့ရဲ အားနည်းနေတဲ့၊ အပြစ်ရှိ/မရှိ သေချာစွာ မသိသေးဘဲနဲ့ ထောင်ထဲ တန်းပို့လို့ ရနေတဲ့ ဒီလိုဥပဒေကို NLD လွှတ်တော်က အမြန်ဆုံး ပြင်ရမှာ ဖြစ်ပါတယ်။ NLD လွှတ်တော်လို့ ဘာလု့ိ ပြောရသလဲ ဆိုတော့ လက်ရှိ လွှတ်တော်ထဲရောက်နေတဲ့ NLDလွှတ်တော်ကိုယ်စားလှယ် အရေအတွက် အရ NLD ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက လွဲရင် ကျန်တဲ့ ဥပဒေအားလုံးကို ပြင်နိုင်/ဖျက်နိုင်/အသစ်ပြဋ္ဌာန်းနိုင် လို့ ပါပဲ။ တရားဥပဒေ စိုးမိုးမှု မရှိတာကို ၂ဝဝ၈အခြေခံဥပဒေနဲ့ ပြည်ထဲရေးကို လွှဲချလို့ ရပေမဲ့ ဒီလို မတရားတဲ့ ဥပဒေတွေ မပြင်နိုင်ရင်တော့ NLD ပဲ ခေါင်းခံရမှာ ဖြစ်ပါတယ်။

ဥပဒေပြင်ဆင်ရေးမှာ ဘာတွေ ဘယ်လို ပြင်ရမလဲဆိုတာ ကျနော့်အမြင်ကို ပြောပါမယ်။

၁ – အာမခံရရှိရေး
ဆက်သွယ်ရေးဥပဒေထဲမှာ အာမခံပေးလို့ ရခြင်း၊ မရခြင်းကို ရှင်းလင်းစွာ မပြဋ္ဌာန်းထားပေမယ့် ပြစ်ဒဏ် ၃ နှစ် နဲ့ အထက် ပြစ်မှုများကို အာမခံပေးလို့ မရတဲ့ ကျင့်ထုံးဥပဒေပါ ပြဋ္ဌာန်းချက် အရ အာမခံပေးခြင်း/ မပေးခြင်းဟာ တရားသူကြီးရဲ့ ဆင်ခြင်တုံတရား အပေါ်မှာပဲ မူတည်သွားပါတယ်။

တရားသူကြီးဟာ ဥပဒေအရကို အာမခံ မပေးဘဲ နေနိုင်သလို ဥပဒေအရပဲ အာမခံပေးလို့ ရပြန်ပါတယ်။ ပြီးခဲ့တဲ့အမှု ဖြစ်စဉ်တွေ အားလုံးကို ပြန်ကြည့်တဲ့အခါ နိုင်ငံတော်အကြီးအကဲများ (သို့) သြဇာရှိတဲ့ လူပုဂ္ဂိုလ်/ အဖွဲ့အစည်းများနဲ့ ဖြစ်ပွားတဲ့ အမှုများ အားလုံး အာမခံ မရရှိခဲ့ပါဘူး။ အစိုးရသစ်လက်ထက်မှာတော့ အစိုးရနဲ့ ဆိုင်တဲ့ အမှုတချို့ အာမခံ ရရှိလာခဲ့ပြီး တပ်မတော်နဲ့ ပတ်သက်တဲ့ အမှုတွေကတော့ ယနေ့အထိ အာမခံရရှိခဲ့ခြင်း မရှိတာကို တွေ့ရပါတယ်။ အာမခံရအောင် ပြင်လို့ရမယ့် နည်းလမ်း နှစ်ရပ် ရှိပါတယ်။

ပထမ တခုကတော့ အသရေဖျက်ခြင်း အပါအဝင် ရာဇသတ်ကြီးမှာ ပါပြီးသား ပြစ်မှုတွေကို ၆၆ (ဃ) ထဲက အပြီးတိုင် ပယ်ဖျက်လိုက်ပြီး ရာဇသတ်ကြီး ဥပဒေထဲက အတိုင်း အရေးယူလို့ ရအောင် ဆောင်ရွက်ပေးရမှာပါ။ ရာဇသတ်ကြီး ထဲက ပုဒ်မတွေကိုလည်း အွန်လိုင်းပေါ်က အသရေဖျက်မှုတွေကိုပါ အကျုံးဝင်အောင်၊ IT နည်းပညာနဲ့ စနစ်တကျ စစ်ဆေးဆောင်ရွက်လို့ ရအောင် ပြင်ဆင်ပေးဖို့တော့ လိုပါတယ်။

အဲဒီလို ဆိုရင်တော့ ဘယ်သူမဆို အာမခံ ရနိုင်ပြီး အပြင်ကနေ လွတ်လပ်စွာ တရားရင်ဆိုင်နိုင်ပါ လိမ့်မယ်။

ဒုတိယ နည်းကတော့ ပြစ်ဒဏ် ၃ နှစ်ကို ၁ နှစ် (သို့မဟုတ်) ၂ နှစ် အောက် အထိ လျှော့ချပေးတာပါ။ အဲဒါဆိုရင် ရာဇဝတ် ကျင့်ထုံးဥပဒေ အရ ပြစ်ဒဏ် ၃ နှစ်အောက် ဖြစ်သွားတဲ့အတွက် အာမခံပေးလို့ ရသွားပါပြီ။

၂ – ကြားလူက ထင်သလိုဝင်ပြီး တရားစွဲလို့ မရရေး

တောင်ဒဂုံက လွှတ်တော်အမတ်ကို ဝေဖန်တဲ့ သူကို NLD ရပ်/ကျေး ဥက္ကဋ္ဌ တဦးက ကြားကနေ တရားစွဲခဲ့တာ ရှိပါတယ်။ ဝေဖန်ခံရတဲ့ လွှတ်တော်အမတ် ကိုယ်တိုင်က တရားရုံးမှာ ကျေအေးရုတ်သိမ်းလွှာ လာတင်ပေးတာတောင် စွပ်စွဲခံရသူဟာ ထောင်ထဲမှာ လေးလလောက် အချုပ်ခံထားလိုက်ရပါသေးတယ်။ ပြီးတော့ မဘသဆရာတော် ဦးဝီရသူနဲ့ ပတ်သက်တဲ့ အမှုတွေမှာ ဆိုရင်လည်း သူ့တပည့်တပန်းတွေကပဲ ကြားကနေ ဝင်စွဲနေတာတွေ့ရပါတယ်။ နောက်တခုက နိုင်ငံတော်အကြီးအကဲတွေနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဆိုင်တဲ့အမှုတွေ…။ ကြားလူစွဲတဲ့ အမှုတွေ အများကြီးပါပဲ။

သူငယ်ချင်းအချင်းချင်း Facebook မှာ ရင်းနှီးလို့ Comment မှာ အပျော်သဘောနဲ့ ဆဲဆိုတာတွေ၊ အပြန်အလှန် Post တင်ပြီး ရုပ်တည်ကြီးနဲ့ ဖြဲတာတွေ ဆိုရင်တောင် ကြားလူက တရားဝင်စွဲလို့ ရနေတဲ့ သဘောဖြစ်နေပါတယ်။ အဲ့ဒီတော့ ကြားလူက တရားစွဲလို့ ရနေတဲ့ ကိစ္စဟာ တော်တော့ကို ပြဿနာ ကြီးပါတယ်။ ဘယ်သူက တရားစွဲခွင့် ရှိသလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း ပြဋ္ဌာန်းဖို့ လိုပါတယ်။ ရာဇဝတ်မှုဆိုင်ရာ ဥပဒေရဲ့ သဘောသဘာဝ အရ နစ်နာတဲ့ သူကသာ တရားစွဲလို့ ရတဲ့ အကြောင်းကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ (၁၉၈) မှာ အတိအလင်းပြဋ္ဌာန်းထားပြီး ဖြစ်တဲ့ အတွက် ဒီဆက်သွယ်ရေး ဥပဒေထဲမှာ ဒီအချက်ကို အတိအလင်း ညွှန်းဆိုလိုက်ရုံနဲ့ လုံလောက်ပါတယ်။ ကျင့်ထုံးဥပဒေပုဒ်မ ၁၉၈ မှာလည်း ခြွင်းချက်တွေ ပေးထားပါသေးတယ်။

ဥပမာ- အသက် ၁၈ အောက်တို့၊ ရူးသွပ်သူ ဖြစ်နေတာတို့၊ အရှက်ရစရာ အမှုအခင်းအတွက် တရားခွင်ရှေ့ ထွက်ဆိုရန် မသင့်လျော်တဲ့ အမျိုးသမီးဖြစ်တာတို့၊ မသန်စွမ်းတာတို့ ဆိုရင် ကြားလူက တရားရုံးရဲ့ ခွင့်ပြုချက်နဲ့ တိုင်ကြားနိုင်ပါတယ်။ ကျင့်ထုံးဥပဒေပုဒ်မ ၁၉၈ ကို အလွယ်ကူဆုံး ဘယ်လို ညွှန်းလို့ ရနိုင်သလဲ ဆိုတော့ ပုဒ်မ ၈ဝမှာ နောက်တိုး အနေနဲ့ (ဂ) ကို ထပ်ထည့်ပြီး “ဤဥပဒေပါ ပြစ်မှုများကို အရေးယူ ဆောင်ရွက်ရာတွင် မည်သူက တရားစွဲဆိုနိုင်သည် ဟူသော အငြင်းပွားမှု ပေါ်ပေါက်လျှင် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ (၁၉၈) ပါ ပြဋ္ဌာန်းချက်များ အတိုင်း ဆောင်ရွက်ရမည်” ဆိုတာမျိုး ဖြည့်စွက် ပြင်ဆင်လိုက်ရင် အဆင်ပြေသွားနိုင်ပါတယ်။

၃ – ဆက်သွယ်ရေး ဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်

ပြီးခဲ့တဲ့ အမှုဖြစ်စဉ်တွေ အားလုံးမှာ ပုဒ်မ ၈ဝ (ခ) အရ တရားစွဲ အဖွဲ့အစည်း ဖြစ်တဲ့ ရဲကနေ သက်ဆိုင်ရာ ဆက်သွယ်ရေး ဝန်ကြီးဌာနဆီက ကြိုတင်ခွင့်ပြုမိန့် တောင်းတဲ့ အခါတိုင်း “အကြောင်းအရာ အချက်အလက် မှန်ကန်ခိုင်လုံပါက ဆက်လက်တရားစွဲဆိုနိုင်သည်” ဆိုတာမျိုးပဲ ပြီးစလွယ် အကြောင်းပြန်ခဲ့ပြီး အမှုတွေအပေါ် IT ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး တာဝန်ယူ စစ်ဆေးခြင်း၊ တာဝန်ခံခြင်း လုံးဝမရှိတာကိုတွေ့ရပါတယ်။

စွပ်စွဲခံရသူဟာ တရားခံ ဟုတ်/ မဟုတ်ဆိုတာ စစ်ဆေးဖို့ ရဲလက်ထဲ ဝကွက်အပ်လိုက် သလိုပါပဲ။ ပြည်ထဲရေး လက်အောက်မှာ ရှိတဲ့ ရဲဌာနကရော ဘယ်လောက်အထိ သမာသမတ် ကျလဲ၊ ဘယ်လောက်ထိ ပွင့်လင်းမြင်သာမှု ရှိသလဲ ဆိုတာတော့ ယနေ့အချိန်ထိ မေးခွန်းထုတ်နေရဆဲ ပါပဲ။ ဒါ့ကြောင့် ဒီပုဒ်မကိုလည်း ပြန်သုံးသပ်ဖို့ လိုအပ်ပါတယ်။

ဝန်ကြီးဌာန လက်အောက်မှာ IT နည်းပညာ ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေပါတဲ့ အဖွဲ့တခုကို ဖွဲ့စည်းပြီး အမှုတွေ အားလုံးကို စနစ်တကျ စစ်ဆေးတာ၊ Facebook Team ကို အစိုးရအနေနဲ့ တရားဝင် Request လုပ်ပြီး Profile အစစ်အမှန် ဟုတ်/မဟုတ် အတည်ပြုတာတွေကိုပါ လုပ်ဆောင်ဖို့ လိုပါတယ်။ ဒါမှလည်း အကောင့်ဟက်ခံရတာတွေ၊ အကောင့်အတုနဲ့ ခြောက်တွန်းခံရတာတွေကို သေချာစိစစ်နိုင်ပြီး ပြစ်မှုတကယ် မကျုးလွန်တဲ့သူတွေကို အကာအကွယ် ပေးနိုင်မှာ ဖြစ်ပါတယ်။

အကောင်းဆုံးကတော့ ပုဒ်မ ၈ဝ (ခ) ကို ပိုပြည့်စုံသွားအောင် နည်းဥပဒေ ထဲမှာ အထက်က အချက်အလက်တွေကို အကျယ်တဝင့် ဖြည့်စွက်ပြင်ဆင်လိုက်ဖို့ပါပဲ။ ဒီလောက်ဆိုရင်ကို ဆက်သွယ်ရေး ဥပဒေဟာ အတော်လေးမျှမျှတတ ဖြစ်သွားမယ်လို့ ယူဆပါတယ်။

တကယ်ကတော့ ဒီဥပဒေက ဆက်သွယ်ရေး ကုမ္ပဏီတွေနဲ့ အစိုးရအကြား အလုပ် လုပ်ကိုင်လို့ ရအောင် သဘောတူ ညီစာချုပ် သဘောမျိုး သီးသန့်ရေးဆွဲထားတဲ့ ဥပဒေတခု ဖြစ်ပါတယ်။ ပြီးတော့ ဒီဥပဒေက စားသုံးသူ/ Network အသုံးပြုသူတွေကို ဆက်သွယ်ရေး ကုမ္ပဏီတွေ ဘက်က ဖုန်းဘေလ် ခိုးဖြတ်တာတွေ၊ Packed အမျိုးမျိုးနဲ့ ငွေလိမ်ယူတာတွေ (ဂျင်းထည့်တာတွေ) ကို အကာအကွယ် ပေးဖို့ပဲ ဖြစ်ရပါမယ်။

အွန်လိုင်းပေါ်က ပြစ်မှုတွေ အတွက် နိုင်ငံတကာစံချိန်စံညွှန်းမီ Cyber Crime Law တခုသာ ရေးဆွဲပြဋ္ဌာန်းသင့်ပြီး လက်ရှိ ဆက်သွယ်ရေး ဥပဒေထဲက လူတိုင်းကို အချိန်မရွေး ထောင်ထဲထည့်လို့ ရနေတဲ့ ပုဒ်မတွေကို ဖြုတ်ပစ် ဖျက်ပစ်တာတွေ လုပ်ကိုလုပ်ရမှာဖြစ်ပါတယ်။

၆၆ (ဃ) ကို ပြင်မလား၊ ဖျက်မလား ဆိုတာကတော့ ပြည်သူတွေနဲ့ NLD လွှတ်တော်က ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ။

(မောင်ဆောင်းခသည် သမ္မတ ဦးသိန်းစိန်လက်ထက် ပုဒ်မ ၆၆ (ဃ)ဖြင့် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသူတဦး ဖြစ်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading