တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဂျာမနီ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Volker Waiker ရဲ့ ဖိတ်ကြားချက် အရ ဂျာမနီနိုင်ငံကို ချစ်ကြည်ရေး ခရီးသွားရောက်ပါတယ်။
ဒီ ချစ်ကြည်ရေး ခရီးစဉ်ဟာ ဆိုရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဒုတိယအကြိမ်မြောက် ဥရောပခရီးစဉ် ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ကလည်း ဘယ်လ်ဂျီယံ နိုင်ငံဘရပ်ဆဲလ်မြို့မှာ ကျင်းပခဲ့တဲ့ ဥရောပသမဂ္ဂရဲ့ စစ်ကော်မတီ အစည်းအဝေးကို တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါ သေးတယ်။
အခု ခရီးစဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို မသိရသေးပေမယ့် ဒီခရီးစဉ်ဟာ မြန်မာ တပ်မတော်ရဲ့ ဥရောပနိုင်ငံများနဲ့ စစ်ဘက် ဆက်ဆံရေး တိုးမြှင့်ဖို့ အတွက် ရည်ရွယ်တယ် ဆိုတာကိုတော့ မေးခွန်းထုတ်စရာ မလိုပါဘူး။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ ဂျာမဏီကို အသွားမှာ သြစတြီးယား နိုင်ငံကိုလည်း ချစ်ကြည်ရေးခရီး ဝင်ရောက်လည်ပတ်တယ် လို့ သိရပါတယ်။
လက်ရှိအချိန်မှာ ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်း ရောင်းဝယ်မှု ပိတ်ဆို့ထားပြီး မြန်မာ့တပ်မတော်နဲ့ ဆက်ဆံရာ မှာလည်း သတိထားပြီး ဆက်ဆံနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် တရုတ်နဲ့ ရုရှားကို အလွန်အမင်း မှီခိုနေရတဲ့ မြန်မာ့တပ်မတော်အနေနဲ့ ကတော့ လက်ရှိနိုင်ငံရေး အသွင်ကူးပြောင်းမှု ကာလမှာ ဥရောပသမဂ္ဂနိုင်ငံတွေ အပါအဝင် အနောက်နိုင်ငံများနဲ့ ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ ကြိုးစားလာနေတာ ကို တွေ့ရပါတယ်။
ဒီနေရာမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ ချစ်ကြည်ရေးခရီးစဉ် အဖြစ် သွားရောက်ဖို့ ဂျာမနီနိုင်ငံကို ရွေးချယ်ခဲ့တာကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။
သမိုင်းထဲက ဆက်ဆံရေး
ဂျာမနီနိုင်ငံ (အထူးသဖြင့် အနောက်ဂျာမနီနိုင်ငံ) ဟာ ၁၉၈၈ ခုနှစ် မတိုင်ခင်အထိ မြန်မာတပ်မတော်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့တဲ့ နိုင်ငံဖြစ်ပြီး ၁၉၈၈ မတိုင်မီက ဆိုရင် ဂျာမနီဟာ အာရှှမှာ မြန်မာနဲ့ အရင်းနှီးဆုံး ဥရောပနိုင်ငံ လို့တောင် ဆိုကြပါတယ်။
အထူးသဖြင့် Fritz Werner ဆိုတဲ့ ဂျာမနီ ကုမ္ပဏီဟာ ဆိုရင် မြန်မာ့တပ်မတော်နဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အတွက် အဓိက တွဲဖက်လုပ်ကိုင်ခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဂျာမနီနိုင်ငံနဲ့ ၁၉၅၄ ခုနှစ်မှာ သံတမန် ဆက်ဆံရေးကို စတင်ခဲ့ပေမယ့် Fritz Werner ကုမ္ပဏီက တော့ သံတမန်ဆက်ဆံရေး မစတင်မီ ၁၉၅၃ ခုနှစ်တည်း က မြန်မာ့တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
Fritz Werner ရဲ့ ပထမဆုံး ပရောဂျက်က နေဝင်းစတင်း လို့ လူသိများတဲ့ BA 52 အမျိုးအစား စစ်သေနတ် ထုတ်လုပ်ရေး ဖြစ်ပြီး သိပ်မကြာခင်မှာပဲ ရန်ကုန်မြို့ အင်းလျားကန် အနီးမှာ မြန်မာ့တပ်မတော် အတွက် စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေး စက်ရုံတရုံ တည်ဆောက်ပေးခဲ့တယ်။ နောက်ပိုင်းမှာတော့ မြန်မာ့တပ်မတော် ဟာ ဂျီသရီးလို့ လူ သိများတဲ့ Gewehr 3 ရိုင်ဖယ် သေနတ်ကိုလည်း Fritz Werner ကုမ္ပဏီရဲ့ အကူအညီနဲ့ ထုတ်လုပ်ခွင့် လိုင်စင် ရရှိခဲ့ပြီး အဲဒီနောက်မှာတော့ G-3 သေနတ်ဟာ မြန်မာ့တပ်မတော်ရဲ့ အဓိက တိုက်ခိုက်ရေး လက်နက်ဖြစ်ခဲ့ ပါတယ်။
Fritz Werner ကုမ္ပဏီဟာ မြန်မာ့တပ်မတော်နဲ့ သာမက မြန်မာစစ်အာဏာရှင် ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး နေဝင်းနဲ့လည်း ပုဂ္ဂိုလ်ရေးအရ အရမ်းကို ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။ အချို့သတင်းတွေရဲ့ အဆိုအရ Fritz Werner ကုမ္ပဏီဟာ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ နိုင်ငံခြားခရီးတွေ၊ အပန်းဖြေခရီးနဲ့ ဆေးကုသရေး ခရီးစဉ်တွေကိုတောင် စီစဉ်ပေးခဲ့တယ် လို့ ရေးသားခဲ့ပါတယ်။
ဘယ်လောက်တောင် ရင်းနှီးခဲ့လဲ ဆိုတော့ ဗိုလ်ချုပ်ကြီးနေ ဝင်းက Fritz Werner ကုမ္ပဏီရဲ့ အကျိုးဆောင်ခဲ့တာတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ကုမ္ပဏီ အခြေစိုက်ရာ ဂျာမနီနိုင်ငံရဲ့ Geisenheim မြို့နားမှာ မြန်မာအိမ်တလုံး ဆောက်ပြီး အမှတ်တရ အဖြစ် ပေးအပ်လှူဒါန်းခဲ့ပါတယ်။ အဲဒီအိမ် နာမည်ကို မေတ္တာပေါင်းကူး ဗိမာန်လို့တောင် အမည် ပေးထားခဲ့ပါတယ်။
Fritz Werner ကုမ္ပဏီနဲ့ မြန်မာတပ်မတော်တို့ရဲ့ ဆက်ဆံရေးဟာ အတော်လေး အဆင်ပြေခဲ့ပြီး နောက်ပိုင်း စက်ရုံတွေ ထပ်မံ တည်ဆောက်ခဲ့သလို နယ်ပယ်စုံမှာ ပူးပေါင်း ဆောင်ရွက်မှုတွေလည်း ဆက်လက် ပြုလုပ်ခဲ့ ပါတယ်။ ကျွဲကူး ရေပါ ဆိုသလိုပဲ မြန်မာအစိုးရနဲ့ ဂျာမနီအစိုးရ (ထိုစဉ်က ‘ဘွန်း’ အခြေစိုက် အနောက်ဂျာမနီ အစိုးရ)တို့ရဲ့ ဆက်ဆံရေးက ခိုင်မာအားကောင်းခဲ့ပါတယ်။
နောက်ပိုင်းမှာ Fritz Werner ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ဓာတုဗေဒ လက်နက်စက်ရုံ တည်ဆောက်ခဲ့တယ် လို့ စွပ်စွဲခံခဲ့ရ သလို နောက်ပိုင်း ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ကုမ္ပဏီကတော့ မြန်မာအစိုးရနဲ့ ဆက်လက်ပြီး အလုပ် လုပ်ကိုင်နေခဲ့တယ် လို့ စွပ်စွဲမှုတွေလည်း ရှိခဲ့ပါတယ်။
အချိုးအကွေ့များ
ဂျာမနီအစိုးရဟာ မြန်မာတပ်မတော်နဲ့ နီးစပ်တဲ့ ဆက်ဆံရေး ရှိခဲ့ပြီး Fritz Werner ကုမ္ပဏီက မြန်မာတပ်မတော်ရဲ့ လက်နက် ထုတ်လုပ်ရေးတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ အတွက် ဝေဖန်မှုတွေကိုလည်း ခံခဲ့ရပါတယ်။ ၁၉၈၇ ခုနှစ်မှာ ဆိုရင် ကချင်ကိုယ်စားလှယ်အဖွဲ့တဖွဲ့ဟာ ဂျာမနီကို ရောက်ရှိလာပြီး တပ်မတော်ရဲ့ စစ်ဆင်ရေးတွေမှာ ဂျာမနီ နိုင်ငံထုတ် လက်နက်တွေကြောင့် ရွာသားတွေ သေဆုံးခဲ့ရတဲ့ အထောက်အထားတွေကို ပြပြီး အရေးဆို ခဲ့ကြပါတယ်။
၁၉၈၈ အရေးအခင်းမှာ G-3 ရိုင်ဖယ် သေနတ်ပြောင်း ဝတွေမှာ ကျောင်းသား ပြည်သူတွေ သွေးမြေကျတော့ ဂျာမနီ အစိုးရဟာ အပြင်းအထန် ဝေဖန်ခံခဲ့ရပါတယ်။ ဒါပေမယ့် ဂျာမန် စီးပွားရေး ဝန်ကြီးဌာနရဲ့ တရားဝင်ထုတ် ပြန်ချက် အရ ၁၉၈၈ခုနှစ်၊ စက်တင်ဘာလ နှောင်းပိုင်း မှာ ဂျာမနီအစိုးရဟာ Fritz Werner ကုမ္ပဏီရဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ စက်ပစ္စည်းတွေ မြန်မာနိုင်ငံ တင်ပို့ခွင့်ကို ခွင့်ပြုပေးခဲ့ပါသေးတယ်။
နောက်ပိုင်းမှာတော့ ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ ဂျာမနီအစိုးရရဲ့ မြန်မာနိုင်ငံကို အကူအညီ ဖြတ်တောက်တဲ့ ဆုံးဖြတ်ချက်တွေကြောင့် Fritz Werner ကုမ္ပဏီဟာ မြန်မာတပ်မတော်ရဲ့ နောက်တလှမ်းဆုတ် ခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီကတော့ ရန်ကုန်မှာ အခြေစိုက်ရုံး ရှိနေခဲ့ပြီး ထပ်မံရင်းနှီးမြှပ်နှံမှုတွေ ရှိခဲ့တယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။
၂၀၀၁ ခုနှစ်တုန်းက ဂျာမနီနိုင်ငံရဲ့ ဗဟိုအကောက်ခွန်ရုံးက ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းများ ထုတ်လုပ်တဲ့ အကြီးစား စက်ပစ္စည်းတွေကို တရားမဝင် တင်ပို့မှု အမှုတခုကို စစ်ဆေးခဲ့ပြီး နောက်ထပ် ၂ နှစ် အကြာမှာတော့ ဒီအမှုနဲ့ ပတ်သက်ပြီး လူ ၇ ဦးကို တရားရုံးက ပြစ်ဒဏ်တွေချမှတ်ခဲ့ပါတယ်။
အသွင်ကူးပြောင်းမှု နောက်ပိုင်း
မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုတွေ ပြုလုပ်ခဲ့ပြီးချိန် မှာတော့ ဥရောပသမဂ္ဂနိုင်ငံများရဲ့ မြန်မာနိုင်ငံအပေါ် သဘောထား အတော်လေး ပြောင်းလဲခဲ့ပါတယ်။ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ပြစ်ဒဏ်ကို ပယ်ဖျက်ပေးခဲ့ပြီး ပုံမှန် သံတမန် ဆက်ဆံရေးတွေကို ပြန်လည် တည်ဆောက်လာ ခဲ့ပါတယ်။
စစ်လက်နက် ပစ္စည်း လွှဲပြောင်းရောင်းချမှု ပိတ်ဆို့ထား ပေမယ့် ဥရောပသမဂ္ဂ နိုင်ငံတွေနဲ့ မြန်မာ့တပ်မတော် အကြားက ဆက်ဆံရေး ပိုမိုကောင်းမွန်လာခဲ့ပါတယ်။ အထူးသဖြင့် စစ်အာဏာရှင်စနစ်က နိုင်ငံရေး အသွင်ကူးပြောင်း လာတဲ့ နိုင်ငံတွေက စစ်တပ်တွေကို ဒီမိုကရေစီနိုင်ငံတွေက စစ်တပ်တွေနဲ့ ပိုမိုထိတွေ့ခွင့် ပေးတာဟာ “ဒီမိုကရေစီ ထုံကူး” စေတယ် ဆိုတဲ့ အယူအဆနဲ့ ဆက်ဆံရေး တိုးမြှင့်လာကြတာ ဖြစ်ပါတယ်။
အဲ့ဒီ အယူအဆကနေ ရပ်ခံစဉ်းစားတဲ့ နိုင်ငံတွေထဲမှာ ဂျာမနီနိုင်ငံကလည်း ထိပ်ဆုံးက ပါဝင်နေပါတယ်။ ဂျာမနီဟာ ဆိုရင် ဒီမိုကရေစီ ထုံကူးပေးဖို့ ရည်ရွယ်ချက်နဲ့ အာဖရိက နိုင်ငံ အတော်များများက စစ်တပ်တွေကို သင်တန်းတွေ အများကြီး ပေးခဲ့တဲ့ နိုင်ငံပါ။ အာဖရိကမှာပေးခဲ့တဲ့ သင်တန်းတွေနဲ့ ပတ်သက်လို့ အများကြီး ဝေဖန်ခံ ခဲ့ရပေမယ့် ဂျာမနီမူဝါဒ ချမှတ်သူတွေကတော့ ဒီမိုကရေစီ ထုံကူးရေး ရည်ရွယ်ချက်ကို မမှိတ်မသုန် ယုံကြည်နေဆဲပါ။
၂၀၀၈ ခုနှစ်က Guinea မှာ အာဏာသိမ်းခဲ့တဲ့ Camara ဟာဆိုရင် ဂျာမနီမှာ သင်တန်း ၄ နှစ် တက်ရောက်ခဲ့သူ ဖြစ်လို့ သူ့ရဲ့အာဏာသိမ်းမှုကို ဂျာမန်အာဏာသိမ်းမှု (German Coup) လို့တောင် ခေါ်ဝေါ်ကြတဲ့ အထိ ဝေဖန်ခံခဲ့ရ တာတွေ ရှိခဲ့ပါတယ်။ မြန်မာ့တပ်မတော်နဲ့ ပတ်သက်ပြီးတော့လည်း ဂျာမနီ မူဝါဒချမှတ်သူတွေကြားမှာ ဒီမိုကရေစီ ထုံကူးရေး ရည်ရွယ်ချက် ရှိနေတယ် လို့ သိရပါတယ်။
မြန်မာ့တပ်မတော် ဘက်ကတော့ ဥရောပ သမဂ္ဂနိုင်ငံတွေနဲ့ ပုံမှန်ဆက်ဆံရေး ပြန်လည် တည်ဆောက်နိုင်ဖို့ အတွက် ဂျာမနီက အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ ဆက်ဆံရေးကောင်း သမိုင်း အစဉ်အလာ ရှိခဲ့ တဲ့ ဂျာမနီဟာ ဥရောပသမဂ္ဂမှာလည်း အင်အား အကောင်းဆုံး နိုင်ငံ ဖြစ်နေလေတော့ကာ ဂျာမနီနဲ့ ဆက်ဆံရေးကောင်း ပြန်လည် တည်ဆောက်နိုင်တာဟာ မဟာဗျူဟာကျ ပါတယ်။
နောက်ပြီး ဥရောပသမဂ္ဂရဲ့ စစ်လက်နက်ပစ္စည်း လွှဲပြောင်းရောင်းချရေး ပိတ်ဆို့ထားမှုတွေ ရှိနေပေမယ့် မြန်မာ့ တပ်မတော်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းမှာ ဂျာမနီရဲ့ Grob Aircraft ကုမ္ပဏီကနေ G 120 TP အမျိုးအစား အမောင်းသင် လေယာဉ်အစီး ၂၀ ဝယ်ယူခဲ့ပါတယ်။ ဒီလေယာဉ် တစီးကိုဒေါ်လာ ၂ ဒသမ ၅ သန်းကျော် တန်ဖိုး ရှိတာကြောင့် အစီး ၂၀ အတွက် စုစုပေါင်း ဒေါ်လာ သန်း ၅၀ ကျော် ပေးချေ ခဲ့ရတယ် လို့ သိရပါတယ်။
သိပ်မကြာသေးခင် တုန်းကလည်း Grob Aircraft ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Andre Hiebeler နဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံကို လာရောက် လည်ပတ်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက် ပြုလုပ်ဖို့ ဆွေးနွေးခဲ့ကြတယ် လို့ သိရပါတယ်။
အဲဒီအချက်ကို ကြည့်ရင် မြန်မာ့တပ်မတော်ရဲ့ ဂျာမနီခြေလှမ်း အတိုင်းအတာကို ခန့်မှန်းကြည့်လို့ရနိုင်မယ် လို့ ထင်ပါတယ်။ အခု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဂျာမနီခရီးစဉ်ဟာ ဘယ်လောက်အထိ အောင်မြင်မှု ရနိုင်မလဲ ဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။
(ကိုရဲသည် တကောင်း နိုင်ငံရေး လေ့လာမှု အဖွဲ့၏ အမှုဆောင်အရာရှိ တဦးဖြစ်ပြီး၊ ယင်း အဖွဲ့သည် မြန်မာနိုင်ငံ၏ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို အထူးပြု လေ့လာနေသော အဖွဲ့ဖြစ်သည်)