မြန်မာ အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး လိင်ဆက်ဆံနေတာကို ရိုက်ကူးထားတဲ့၊ Violet of Myanmar (မြန်မာ့ ခရမ်းရောင်) လို့ အမည်ပေးထားတဲ့ ဗွီဒီယိုဖိုင် တခုကို အွန်လိုင်းက တဆင့် ရောင်းချဖို့ ပြုလုပ်လာကြပါတယ်။ အဲဒီကားက ဧပြီလ ၂၄ ရက်နေ့မှာ ညစ်ညမ်းဆိုဒ်တွေမှာ တက်လာတာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ပထမဆုံး HD လို့ ကြော်ညာထားတဲ့ ဗီဒီယိုဖိုင်ဟာ အချိန် ၂း၀၀ နာရီကျော် ကြာမြင့်မှာ ဖြစ်ပြီး အစအဆုံး ကြည့်ရှုလိုသူတွေ အနေနဲ့ ဗိုက်ဗာကို ဆက်သွယ်ဖို့ ဖုန်းနံပါတ် +၁ ၅၇၀ ၃၃၈ ၅၂၄၃ ဆိုပြီး ဖော်ပြထားပါတယ်။နမူနာ ၄ မိနစ်စာခွေကိုတော့ အွန်လိုင်းက ပွန်းဆိုဒ်တွေမှာ နမူနာအဖြစ် ပြသပေးထားပါတယ်။
မြန်မာအပြာကားကို လူသိရှင်ကြား အွန်လိုင်းကတဆင့် ရောင်းချတာဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာ အပြာကားကို ညစ်ညမ်းကား အဖြစ် သတ်မှတ်ထားပါတယ်။ ညစ်ညမ်းကားကို ရိုက်ထူးခြင်း၊ ထုတ်လုပ်ခြင်း၊ ကူးယူခြင်း၊ ဖြန့်ချိ ရောင်းချခြင်း တွေကို ဥပဒေအရ တားမြစ်ထားပါတယ်။
ရိုက်ကူးထုတ်လုပ်သူတွေ ကလည်း အွန်လိုင်း ပရိတ်သတ်ကိုသာ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ မြန်မာခရမ်းပြာ ညစ်ညမ်းကား နမူနာခွေ အွန်လိုင်းပေါ် ရောက်ရှိပြီး နောက်တနေ့မှာပဲ ရိုက်ကူးသူတွေကို ဥပဒေအရ အရေးယူဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီ ဖြစ်ကြောင်း ပုဂ္ဂလိက သတင်းစာတစောင်က သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားပါတယ်။
လွတ်လပ်ပွင့်လင်းတဲ့ ခေတ်ရောက်သည် ဆိုသည့်တိုင် လိင်ကိစ္စကို မြန်မာလူ့အဖွဲ့အစည်းက ခြင်ထောင်ထဲက ကိစ္စ အဖြစ်သာ သဘောထားပါတယ်။ အများသူငါ ရှေ့မှာ မပြောသင့် မပြုမူသင့်တဲ့ အရေးကိစ္စ အဖြစ် သဘောထားကြ တယ်။ အခုလို လိင်ဆက်ဆံမှုကို ဗီဒီယိုရိုက်ပြီး စီးပွားရေးအရ ထုတ်လုပ် ရောင်းချတယ်ဆိုတာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ဗီဒီယိုခေတ်ဦးမှာလည်း ညစ်ညမ်းဗီဒီယို ထုတ်လုပ် ရောင်းချတာ ရှိခဲ့ဖူးပေမယ့် အွန်လိုင်းက ရောင်းချတာ မဟုတ်ဘဲ နီးစပ်ရာတွေက တဆင့် လက်သိပ်ထိုး ရောင်းချခဲ့တာ ဖြစ်ပါတယ်။
ဆင်ဆာတိုက်ဖျက်ရေးလို့ တွင်တွင် အော်နေချိန်မှာ ညစ်ညမ်းမြန်မာရုပ်ရှင် အွန်လိုင်းပေါ်မှာ ထွက်ပေါ် လာတာ ဖြစ်ပါတယ်။ ဆင်ဆာစနစ်ကြောင့် အနုပညာတွေ အစွမ်းကုန်ပြသခွင့် မရဘူးလို့ ရိုက်ကူး ထုတ်လုပ်သူတွေ ညည်းညူ နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ မြန်မာခရမ်းပြာ ဗီဒီယိုနမူနာကြောင့် ဆင်ဆာစနစ်ကို အသက်သွင်းလိုသူတွေ အကြိုက် တွေ့သွားစေပါတယ်။ လွတ်လပ်ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းကို ဖော်ဆောင်မယ် ဆိုရင် ဆင်ဆာစနစ်ရှိဖို့ လိုသလား။ ဆင်ဆာစနစ်ရှိခဲ့ရင် ဘယ်လိုမူဝါဒတွေနဲ့ ဆင်ဆာ ခွင့်ပြုမှာလဲ။ ဆင်ဆာ စနစ်ရဲ့ အားသာချက် အားနည်းချက်တွေကို စနစ်တကျ ထည့်သွင်းစဉ်းစားကြဖို့ လိုပါတယ်။
စာပေမှာ အရင်က စာပေစိစစ်ရေး (ဆင်ဆာ) ရှိခဲ့ပါတယ်။ ငွေမင်သုတ်တယ် ဆုတ်ဖြဲတယ် ဆိုတာ အဲဒီခေတ်ရဲ့ လက်သုံးစကား။ ဆင်ဆာအကျိုးဆက်ကြောင့် အနုပညာမြောက်တဲ့ စာပေအနုပညာတွေ ပရိတ်သတ်နဲ့ ထိတွေ့ခွင့် မရခဲ့ဘူး။ ဆင်ဆာမူဝါဒ တိတိကျကျ မရှိခဲ့တော့ ငါနဲ့ ငါ့အဖွဲ့အစည်းကို ဝေဖန်မှု မှန်သမျှ လက်မခံခဲ့တော့ ဗောင်းတော် ညိတ် စိတ်တော်သိ စာတွေသာ ထွက်ပေါ်ခဲ့ရတယ်။ ကျိုးကြောင်းကျ ဝေဖန်ထောက်ပြမှု လုပ်စေကာမူ လက်မခံခဲ့ဘူး။ တချို့ စာရေးဆရာတွေ စာရေးသားခွင့် ပိတ်ပင်ခံခဲ့ရရုံမက ကလောင်ဖော်ပြခွင့်တောင် သေသည် အထိ မရခဲ့တဲ့ တိုင်းကျိုးပြည်ပြု စာရေးဆရာကြီးတွေ ရှိခဲ့ဖူးတယ်။
အခုအခါမှာတော့ ဆင်ဆာ (စိစစ်ရေး) မရှိတော့ပါဘူး။ တာဝန်ခံမှု တာဝန်ယူမှုနဲ့သာ ထုတ်ဝေဖြန့်ချိ နေတာ ဖြစ်ပါတယ်။ အများပြည်သူကို ဖျော်ဖြေမှုတွေပေးနေတဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုတွေမှာရော ဆင်ဆာစနစ် ဆက်လက်ထားရှိဖို့ လိုသေးသလား စဉ်းစားကြစေလိုပါတယ်။ ပုံနှိပ်ထုတ်ဝေရေးမှာ ဆင်ဆာ နားတော့မယ် ဆိုတော့ အညှီအဟောက်တွေ ဖေတော့မောင်တော့တွေ ကော့ကော်ကန်ကားတွေ ဈေးကွက်မှာ ရောက်လာ နိုင်တယ် လို့ တွက်ဆခဲ့ပေမယ့် လက်တွေ့မှာ ရှားပါးတိမ်မြှုပ်နေတဲ့ စာကောင်းပေကောင်းတွေသာ ထပ်ပြန်တလဲလဲ ပုံနှိပ်ထုတ်ဝေလာတာ တွေ့ရပါတယ်။ ရှားရှားပါးပါး လိင်ကိစ္စအသားပေးတဲ့ အပတ်စဉ်ထုတ် ဂျာနယ် တစောင် သာထွက်ပေါ်ခဲ့ပါတယ်။ အခုတော့ အဲဒီဂျာနယ်လည်း နားသွားပါပြီ။ အရှေ့တိုင်း နိုင်ငံရေး သုခမိန် တယောက်ရဲ့ စကားကိုပဲ ကိုးကားပါရစေ။
တံခါးတွေ ပိတ်ထားရင် လေကောင်းလေသန့်တွေ မဝင်နိုင်တော့ဘူး။တံခါးတွေ ဖွင့်လိုက်ရင်တော့ လေကောင်းလေသန့်ရော ညစ်ညမ်းလေတွေပါ ဝင်နိုင်ပါတယ်။တံခါးဖွင့်သူက ရွေးချယ်ရုံပါပဲ။
မြန်မာခရမ်းပြာ ညစ်ညမ်းဗီဒီယို နဲ့ ပတ်သတ်လို့ အမြင်အမျိုးမျိုး ရှိကြပါတယ်။ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်း ရှုဒေါင့်က ကြည့်ရင်ဖြစ်ဖြစ် ဘာသာတရား အဆုံးအမ ရှုဒေါင့်ကကြည့်ရင် ဖြစ်ဖြစ်၊ မြန်မာခရမ်းပြာ ညစ်ညမ်းဗီဒီယိုက လက်ခံနိုင်ဖွယ် မရှိပါဘူး။ ပွန်းဆိုဒ်တွေမှာ မြန်မာညစ်ညမ်း ဗီဒီယိုကားအချို့ ရှိနေတယ် ဆိုသည့်တိုင် အခုလို စီးပွားဖြစ် လူသိရှင်ကြား ရိုက်ကူးထုတ်လုပ် ဖြန့်ချိတာ မြန်မာလူ့အဖွဲ့အစည်းက အပြင်းအထန်ရှုတ်ချရမှာ ဖြစ်ပါတယ်။ ပွန်းဆိုဒ်တွေမှာ မြန်မာညစ်ညမ်းကားအချို့ရှိတယ် ဆိုတာ အမှန်ပါပဲ။
ကိုယ်တိုင်ရိုက်ကူးသည် ဖြစ်စေ တစုံတယောက်ရဲ့ ချောင်းမြောင်းရိုက်ကူးခြင်းခံရလို့ဖြစ်စေ မြန်မာညစ်ညမ်း ဗီဒီယို အချို့ ရှိနေပါတယ်။သို့သော် စနစ်တကျရိုက်ကူး ထုတ်လုပ်ပြီး စီးပွားဖြစ် ဖြန့်ချိတဲ့ အထိ လက်ရဲဇက်ရဲ လုပ်ရအောင် အထိတော့ ခွင့်ပြုဖို့ မသင့်ပါဘူး။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)