နိုင်ငံရေးအကျဉ်းသား ပြဿနာ

ဘိုကြည်
၂၀၁၄ ခုနှစ် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရာ အင်းစိန်အကျဉ်းထောင်ရှေ့တွင် လာရောက်စောင့်ကြိုနေသူတဦး / Reuters
Want create site? Find Free WordPress Themes and plugins.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာစရပြီးခါစ ၂၀၁၆ခုနှစ် သင်္ကြန်မတိုင်မီနှင့် သင်္ကြန်ပြီးကာလများမှာ နိုင်ငံရေးအရ ထိန်းသိမ်းခံထားရသူများ၏အမှုများကို ပလပ်ပေးခြင်းနှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်မှလည်း သူမ၏ကြေညာချက်တွင် နိုင်ငံရေးအကျဉ်းသားဆိုသောစကားရပ်ကို ထည့်သွင်း ရေးသားခဲ့ပါသည်။ ထို့အတွက်ကြောင့်လည်း မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားဆိုသည့် စကားရပ်ကို အစိုးရသစ်က လက်သင့်ခံသလိုလို ထင်ခဲ့မိသည်။ နိုင်ငံရေးအကျဉ်းသားဆိုသည့်ကိစ္စရပ်မှာ မြန်မာနိုင်ငံတွင် တခန်းရပ်တော့မည်ဟု ယုံကြည်ဝမ်းမြောက်မိပါသည်။

သို့သော်လည်း ပြီးခဲ့သည့်နှစ် လွှတ်တော်တွင် လွှတ်တော်အမတ် ဦးဖေသန်းမှ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းရာတွင် ပြည်ထဲရေးဒုတိယဝန်ကြီးမှ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား မရှိပါဟု ဖြေကြားခဲ့ပါသည်။ လွှတ်တော်မှမေးမြန်းမှုကို ဖြေကြားခြင်းသည် တရားဝင်သည်ဟု ထင်မှတ်ရမည်ဖြစ်သဖြင့် သည်အဖြေက အစိုးရ၏သဘောထားကို ထင်ဟပ်စေသည်ဟု ယူဆရပါမည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားမရှိ၊ ဥပဒေချိုးဖောက်ထားသူများသာရှိသည် ဆိုသည့် အဖြေမှာ ခေတ်အဆက်ဆက် စစ်အစိုးရများ၏ သဘောထားဖြစ်ပါသည်။ ထိုသဘောထားများကို လက်ရှိအစိုးရသစ်အနေဖြင့်လည်း ကျော်လွှားနိုင်ခြင်း မရှိသေးပေ။

၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ လုံခြုံရေးနှင့်ဆိုင်သောကိစ္စရပ်များကို အဓိက စီမံခန့်ခွဲသူများမှာ အစိုးရသစ်မဟုတ်ဘဲ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာနတို့ ဖြစ်ကြပေသည်။ ထိုသူများ၏ သဘောတူညီချက် မရှိဘဲ နိုင်ငံရေးအကျဉ်းသားများ လွှတ်ခြင်းကို ပြုလုပ်ရန် ခက်ခဲပေမည်။

ထို့အပြင် နိုင်ငံရေးအကျဉ်းသားဆိုင်ရာ ကိစ္စသည် အရေအတွက် အနည်းအများ၊ ထင်ရှားသူများ အကျဉ်းထောင်တွင်း ရှိနေခြင်း၊ မရှိနေခြင်းဖြင့် တိုင်းတာရမည် မဟုတ်ပါ။

ယနေ့ မြန်မာနိုင်ငံတွင် စစ်အစိုးရလက်ထက်က နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့သူများသည် နိုင်ငံတော်ကို စီမံခန့်ခွဲခွင့် အကုန် မဟုတ်သော်လည်း တစုံတရာ ရရှိနေသောအချိန်ဖြစ်ပါသည်။
နိုင်ငံရေးအကျဉ်းသားတယောက် ရှိနေလျှင်ပင် တော်တော်များနေပြီဟု ပြောဆိုခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည်ပင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတရုံးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီး တာဝန်များကို ထမ်းဆောင်နေခွင့်ရနေပြီ ဖြစ်ပါသည်။

နိုင်ငံရေးအကျဉ်းသား ပြဿနာကို ဖြေရှင်းရာတွင် စဉ်းစားရမည်မှာ နိုင်ငံရေးအကျဉ်းသား ဖြစ်လာရခြင်း အကြောင်းရင်းများကို ဖြေရှင်းရန် ကြိုးစားရပါမည်။ ထိုအကြောင်းရင်းများမှ ပြည်တွင်းစစ်သည် အဓိက အကြောင်းတရပ် ဖြစ်ပေသည်။

ပြည်တွင်းစစ်ကြောင့် စစ်ဘေးရှောင်ပြည်သူ အရေအတွက် တိုးပွားလာခြင်း၊ နှိပ်စက်ညှင်းပမ်းမှု၊ မတရားသဖြင့် ဖမ်းဆီး ထိန်းသိမ်းခံရခြင်းများ၊ ဥပဒေမဲ့ သတ်ဖြတ်မှုများ ဖြစ်ပွားလာခြင်းနှင့် အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်သည့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ဖြစ်ပွားလာရခြင်းများလည်း ဖြစ်ပေါ်နေပါသည်။

ထိုအထဲတွင်မှ မတရားအသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးထိန်းသိမ်း ပြစ်ဒဏ်ပေးခံရသူများမှာလည်း သိသိသာသာ တိုးပွားလာပါသည်။ ဥပမာအားဖြင့် ကချင်ပြည်နယ်တွင်းတွင် ရွာသား ၅၀ ကျော်မှာ ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် အဆက်အသွယ် ရှိသည်ဆိုပြီး ပုဒ်မ ၁၇(၁) ဖြင့် ထောင်တွင်းမှ အမှုရင်ဆိုင်နေရသည်။

ထိုနည်းတူ ရခိုင်ဘက်တွင်လည် ရခိုင်အမျိုးသား ၅၀ ကျော်မှာလည်း ရခိုင်တပ်မတော်နှင့် အဆက်အသွယ်ရှိသည် ဆိုကာ ပုဒ်မ ၁၇(၁) ဖြင့် ထိန်းသိမ်းခံနေရခြင်းနှင့် ပြစ်ဒဏ်ချမှတ်ခံနေရသူများရှိနေသည်။ မတရားသဖြင့် ဖမ်းဆီး ထိန်းသိမ်းခံရခြင်းနှင့် ဆက်စပ်နေသည်က ထိန်းသိမ်းခံနေရသူများသည် စစ်ကြောရေးစခန်းများတွင် နှိပ်စက်ခံခဲ့ရခြင်းများရှိခဲ့သည်ဆို သည့် သတင်းများထွက်ပေါ်နေခြင်း ဖြစ်သည်။

ထို့အပြင် တရားစီရင်ရေးတွင်လည်း ရုံးချိန်းများ ကြာမြင့်လွန်းခြင်း၊ မျှတသည့် တရားစီရင်မှု ရရှိသည်ဟု နိုင်ငံရေးအရ ထိန်းသိမ်းခံနေရသူများနှင့် မိသားစုဝင်များက မယုံကြည်ခြင်း ဖြစ်ပါသည်။

အထက်ဖော်ပြပါ ပြည်တွင်းစစ်၏ ဆိုးကျိုးများသည် လူတဦးချင်း၏ရှင်သန်ရပ်တည်ခွင့် အပါအဝင် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများ ဆုံးရှုံးသွားရခြင်း ဖြစ်ပေသည်။

မြေယာပြဿနာသည်လည်း နိုင်ငံရေးအကျဉ်းသား တိုးပွားလာရခြင်း နောက်အကြောင်းအချက် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်း ပြီးခဲ့သည့် စစ်အစိုးရအဆက်ဆက်မှ ခေါင်းစဉ်အမျိုးမျိုးပြကာ မြေယာသိမ်းဆည်းမှုများ အကြီးအကျယ် ရှိခဲ့ပါသည်။ လယ်သမားများမှ သူတို့၏မြေယာများ ပြန်ရရေးအတွက် ထွန်တုံးတိုက်ပွဲဝင်ခြင်းများ၊ အခြားသော တောင်းဆိုမှုများဖြင့် တောင်းဆိုခြင်းများ ပြုလုပ်နေကြပါသည်။

ထို့အတွက် သူတို့ ပြန်လည်ရရှိသည်မှာ သူတို့ဆုံးရှုံးသော မြေယာမဟုတ်ဘဲ ထောင်ဒဏ်များသာ ဖြစ်ပါသည်။ မြေယာ သိမ်းဆည်းခံရခြင်းသည် စီးပွားရေးဆိုင်ရာ အခွင့်အရေးကို ကြီးကြီးမားမား ချိုးဖောက်ခံရခြင်းဖြစ်ပေသည်။

လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားခွင့် အစရှိသည့် အခြေခံလူ့အခွင့်အရေးများကို လက်တွေ့ကျင့်သုံးခြင်းကြောင့် ဖမ်းဆီး ထိန်းသိမ်း ပြစ်ဒဏ်ပေးခံနေရသူများလည်း ရှိနေပါသည်။
ဥပမာ – ကိုထင်ကျော်ဆိုလျှင်လည်း တပ်မတော်ခေါင်းဆောင်များ၏ဂုဏ်သိက္ခာကျဆင်းစေရန် ပြောဆိုသည်ဟု စွပ်စွဲခံရကာ ပုဒ်မ ၅၀၅(ခ) အပါအဝင် အခြားအမှုများဖြင့် အင်းစိန်ထောင်တွင်းတွင် ထိန်းသိမ်းခံနေရသည်။ ထို့အပြင် ပုဒ်မ ၆၆ (ဃ)ဖြင့် အမှုရင်ဆိုင်နေရသူများ၊ ပြစ်ဒဏ်ချမှတ်ခံနေရသူများလည်း ရှိနေသည်။

အထက်ဖော်ပြပါများသည် ဥပမာမျှသာဖြစ်ပါသည်။ တကယ်တော့ နိုင်ငံရေးအကျဉ်းသားဆိုသောအဓိပ္ပာယ်ဖွင့်ဆိုရာတွင် တကမ္ဘာလုံးက သဘောတူထားသည့် သတ်မှတ်ဖွင့်ဆိုချက်မျိုး ယနေ့အချိန်ထိ မရှိသေးပါ။

သို့သော်လည်း မြန်မာနိုင်ငံတွင် ယခင် သမ္မတဟောင်းဦးသိန်းစိန် လက်ထက် ၂၀၁၃ ခုနှစ်တွင် လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီကို ပြည်ထဲရေးဒုဝန်ကြီးအပါအဝင် ဝန်ကြီးဌာနများ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့ အစည်းများဖြင့် ဖွဲ့စည်းပေးခဲ့ပြီး လက်ကျန် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိစ္စကို ဆောင်ရွက်ခဲ့ဖူးပါသည်။

ထိုလက်ကျန် နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီ အစည်းအဝေးတွင် မည်သူများကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်မည်နည်းဆိုသည်ကို ဆွေးနွေးခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ဦးဉာဏ်ဝင်း တင်ပြခဲ့သော နိုင်ငံရေးအဖွဲ့အစည်းများနှင့် ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်းခံနေရသူများကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်မည် ဟု သဘောတူခဲ့ကြသည်။

ထိုသတ်မှတ်ချက်ဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံးနီးပါးကို ၂၀၁၃ ခုနှစ်အကုန်ပိုင်းတွင် လွှတ်ပေးနိုင်ခဲ့ပြီး ထိုအချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ သဘောတူညီမှုမရသည့် နိုင်ငံရေးအကျဉ်းသား ၃၀ ဦးသာ ကျန်နေခဲ့ပါသည်။ ထို့နောက် ဖမ်းဆီးမှုများ ဆက်လက်မြင့်တက်လာခဲ့ပြီး နိုင်ငံရေးအကျဉ်းသားအရေအတွက် ပြန်လည်မြင့်တက်လာခဲ့ပါသည်။

ယနေ့တွင် ပြစ်ဒဏ်ချမှတ်ခံထားရသော နိုင်ငံရေးအကျဉ်းသား ၉၉ ဦး ရှိနေပြီး ထောင်တွင်းမှ အမှုရင်ဆိုင်နေရသူမှာ ၉၁ ဦး နှင့် အာမခံရပြီး ထောင်ပြင်ပမှ ရင်ဆိုင်နေသူမှာ ၁၁၅ ဦး ရှိနေပါသည်။

နိုင်ငံရေးအကျဉ်းသား ပြဿနာသည် နိုင်ငံ၏ပြဿနာများနှင့် တိုက်ရိုက်ပတ်သက်နေပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက်လည်း အလွန်ကို အရေးကြီးသည့် ပြဿနာ ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံတကာမှ မြန်မာနိုင်ငံ၏ အဆင့်အတန်းကို သတ်မှတ် အမှတ်ပေးရာတွင်လည်း နိုင်ငံရေးအကျဉ်းသားအရေးကို ထည့်သွင်းစဉ်းစားသည်ကို နိုင်ငံ့ခေါင်းဆောင်များ သိပြီး ဖြစ်ပါသည်။

ယခင် ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ထောင်သွင်းထည့်ထားခြင်းထက် ထိုသူများကို လွှတ်ပေးပြီး ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် တိုင်းပြည်အတွက် မည်မျှအကျိုးရှိသည်ဆိုသည်ကို ပြည်သူများ အပါအဝင် တပ်မတော်ခေါင်းဆောင်များ မျက်မြင်ပင် ဖြစ်ပါသည်။

နိုင်ငံရေးအကျဉ်းသားမရှိဟု ငြင်းဆန်နေခြင်းသည် အရှိ တရားကို မျက်ကွယ်ပြုရာရောက်ပေမည်။

အစိုးရ၊ တပ်မတော်၊ ပြည်ထဲရေး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများစုပေါင်းပြီး ဖြေရှင်းလျှင် ဖြေရှင်းနိုင်သော ပြဿနာ ဖြစ်ပေသည်။ နိုင်ငံရေးအကျဉ်းသားများသည် လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ပြုမည့်သူများ မဟုတ် ဆိုသည်ကိုလည်း လက်တွေ့မြင်နေရပြီး ဖြစ်ပေသည်။

သို့အတွက်ကြောင့် အန္တရာယ်မရှိသောသူများကို ထောင်သွင်းထည့်ထားခြင်းသည် တိုင်းပြည်အတွက်ဆုံးရှုံးမှု ဖြစ်ပေသည်။

အစိုးရအနေဖြင့်လည်း နိုင်ငံရေးအကျဉ်းသားပြဿနာကို ဖြေရှင်းရန်နှင့် လတ်တလော အကျဉ်းထောင်အတွင်း လူဦးရေ ထူထပ်မှုကို ဖြေရှင်းရန် ကော်မတီတရပ်ကို ထူထောင်ပြီး လုပ်ဆောင်ပါရန် မေတ္တာရပ်ခံ နှိုးဆော်လိုက်ရပါသည်။

(ဘိုကြည်သည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ မြန်မာနိုင်ငံ၏ တွဲဖက်အတွင်းရေးမှူး ဖြစ်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading