ကျမတို့ မြန်မာနိုင်ငံဟာ အာဏာရှင်အစိုးရ အဆက်ဆက်ရဲ့ စီမံခန့်ခွဲမှု အမှားတွေနဲ့ သူတို့ရဲ့ ကိုယ်ကျုးိရှာမှုတွေ ကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရပါတယ်။ အရပ်သားအစိုးရ တက်လာခဲ့ပြီးတဲ့ နောက်မှာ ဖွံ့ဖြိုးတိုးတက်မှု အားကောင်းစေဖို့၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပမာဏ မြင့်မားလာဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ ဒါပေမယ့် ဖွံ့ဖြိုး တိုးတက်မှုကို ဟန့်တားနေဆဲ အရာတွေထဲမှာ “စွမ်းအင်လိုအပ်ချက်” များပြားနေမှုက အချက်တချက်အနေနဲ့ ပါဝင်နေဆဲပါ။
စွမ်းအင် ထုတ်ယူနိုင်တဲ့ ရင်းမြစ်တွေ အများကြီး ရှိနေပေမယ့် ဒီအခွင့်အရေးကို ပြည့်ပြည့်ဝဝ အသုံးမချနိုင်သေးတာ ကြောင့် နိုင်ငံ့လူဦးရေရဲ့ ၃၁ ရာခိုင်နှုန်းလောက်ပဲ လျှပ်စစ်မီး ရရှိပါသေးတယ်။ ရေ၊ လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှု ရှိမှ နိုင်ငံရဲ့ “အခြေခံအဆောက်အအုံ” ကောင်းမွန်လာပြီလို့ ပြောနိုင်မှာပါ။ နယ်တွေ မဆိုထားနဲ့ စီးပွားရေးမြို့တော် လို့ ဆိုနိုင်တဲ့ ရန်ကုန်မှာတောင် နွေရာသီမှာ လျှပ်စစ်မီး ပြတ်တောက်မှု ရှိနေပါသေးတယ်။
သမ္မတရဲ့ သီးသန့်ရန်ပုံငွေထဲကနေ ရန်ကုန်တိုင်းဒေသကြီးရဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ဘီလီယံ ၃၀ ခွင့်ပြုပေးခဲ့ ပါတယ်။ ဒါပေမယ့် ရန်ကုန်တိုင်းမှာ ရှိတဲ့ စက်မှုဇုန်တွေမှာ လျှပ်စစ်မီး လုံလုံလောက်လောက် မရသေး သလို လျှပ်စစ်လိုအပ်ချက်က မဂ္ဂါဝပ် ၂၀၀၀ ကျော်အထိ မြင့်တက်လာခဲ့ပါတယ်။
တဖက်ကလည်း အစိုးရအနေနဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေတာ တွေ့ရ ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးထဲမှာ မီးလင်းဖို့ ကျန်နေသေးတဲ့ ကျေးရွာ ၄၀၀ ကျော် အတွက် ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာသန်း ၃၁၀ နဲ့ ၂၀၁၈ ခုနှစ်မှာ မီးလင်းဖို့ လုပ်ဆောင်သွားမယ် လို့ ဆိုပါတယ်။ ဒါ့အပြင် မန္တလေးတိုင်း ဒေသကြီး နဲ့ ရှမ်းပြည်နယ်တို့မှာလည်း ကမ္ဘာ့ဘဏ်ချေးငွေနဲ့ ကျေးရွာမီးလင်းရေး ဆက်လက် လုပ်ဆောင်သွားမှာပါ။
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ကနေပြီး ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ တွေ ပြုပြင်ဖို့ အမေရိကန်ဒေါ်လာ ၉၇ သန်း ထုတ်ချေးခဲ့ပါတယ်။ လတ်တလောမှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက တည်ဆောက်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေက ရွှေလီ (၃)၊ အထက်ရဲရွာ၊ အထက်ဘီလူးချောင်း၊ သူဌေး၊ အထက်ကျိုင်းတောင်းနဲ့ အထက်ပေါင်းလောင်း စီမံကိန်းတွေပါ။ နိုင်ငံတဝှမ်းလုံး အတိုင်းအတာနဲ့ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ ၂၆ ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၂၇ ရုံရှိပြီး အကြီးစားကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ ၁ ရုံရှိတယ် လို့ သိရပါတယ်။
သဘာဝဓာတ်ငွေ့ အမြောက်အမြား ထွက်ရှိတဲ့ ကျမတို့ နိုင်ငံမှာ နိုင်ငံက ထွက်တဲ့ ဓာတ်ငွေ့ဟာ နိုင်ငံခြားဝင်ငွေ အများဆုံး ရှာပေးနိုင်တဲ့ ကဏ္ဍမှာ ပါဝင်နေတာက စွမ်းအင်လိုအပ်ချက်အတွက် စိန်ခေါ်မှုတခု ဖြစ်လာခဲ့တာပါ။ နိုင်ငံခြားဝင်ငွေ ရရှိဖို့ အရေးကြီးတာ မှန်ပေမယ့် ပြည်တွင်းမှာ သဘာဝဓာတ်ငွေ့ကနေ လျှပ်စစ် ပိုမိုထုတ်ယူနိုင်ဖို့ ကြိုးစားတာက ပိုပြီးမှန်ကန် ပါလိမ့်မယ်။ ကျောက်မီးသွေးကနေ စွမ်းအင် ထုတ်လုပ်ရင် ကုန်ကျစရိတ် သက်သာတယ် လို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်က ပြောတဲ့ အကြောင်း သတင်းတပုဒ်မှာ ဖတ်လိုက်ရတော့ စိုးရိမ်ပူပန်မှု ဖြစ်ခဲ့ရပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်ထဲက တီကျစ် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ လည်ပတ်မှုရဲ့ ဆိုးကျိုးကို ဒေသခံတွေ နှစ်ပေါင်းများစွာ ခံစားနေရတာကြောင့် ပြန်ပြီး လည်ပတ်မှာကို မလိုလား ကြပါဘူး။ Clean Coal Technology လို့ ခေါ်တဲ့ သန့်စင်တဲ့ ကျောက်မီးသွေးနည်းပညာဟာ မြန်မာနိုင်ငံ မဆိုထားနဲ့ အမေရိကန် ပြည်ထောင်စုမှာတောင် မဖြစ်နိုင်သေးပါဘူး။ တကယ်လို့ ရန်ကုန်တိုင်း ဒေသကြီး အတွင်း ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ ခွင့်ပြုခဲ့ရင် စက်ရုံက ထွက်လာတဲ့ အမှုန်အမွှားတွေ၊ အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့တွေဟာ မိုင် ၅၀ ပတ်လည် အထိ ရောက်ရှိနိုင်တာကို အထူး အသိပြုသင့်ပါတယ်။
၂၀၁၇ ခုနှစ် ဧပြီ ၂၉ ရက်က ထုတ်ပြန်ခဲ့တဲ့ ဟားဗတ်တက္ကသိုလ်နဲ့ Greenpeace အဖွဲ့တို့ ပူးပေါင်းသုတေသန ပြုလုပ်ခဲ့တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံအတွင်း ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတွေ တိုးချဲ့တည်ဆောက် ခဲ့မယ် ဆိုရင် လေထုညစ်ညမ်းမှု ၃ ဆ မြင့်တက်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။ အာဆီယံ နိုင်ငံတွေထဲမှာတောင် ကျမတို့ မြန်မာနိုင်ငံဟာ အမှုန်အမွှားပျံ့နှံ့မှု အမြင့်ဆုံးထဲ ပါဝင်နေသလို PM 2.5 ဆိုတဲ့ အမှုန်အမွှားတွေကြောင့် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါတွေ ဖြစ်ပွားမှုနှုန်း မြင့်မားလာနိုင်တာပါ။
စွမ်းအင် ထုတ်လုပ်ရာမှာ မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေက လူထုကျန်းမာရေး အပေါ် ဘယ်လောက် အထိ ထိခိုက်နိုင်သလဲ ဆိုတာနဲ့ Renewable Energy လို့ခေါ်တဲ့ (ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်) ထုတ်လုပ်နိုင်မယ့် နည်းလမ်းတွေ ဖြစ်နိုင်ခြေကို ထည့်သွင်းကြံဆဖို့ ပါပဲ။ လေစွမ်းအင်၊ နေစွမ်းအင်စတဲ့ စွမ်းအင်တွေဟာ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်တွေ ဖြစ်ပါတယ်။ နိုင်ငံတဝှမ်းမှာ နေရောင်ခြည် ကောင်းကောင်းရရှိတဲ့ နေရာတွေ အများအပြား ရှိတာမို့ ဆိုလာပြားတွေ ကနေ စွမ်းအင်ထုတ်လုပ်ဖို့ ပိုမို လွယ်ကူနိုင်ပါတယ်။ ဒါ့အပြင် နေစွမ်းအင်ဟာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုလည်း မရှိသလောက် နည်းပါးတယ်လို့လည်း သိရပါတယ်။
မက္ကဆီကိုနဲ့ ပီရူးနိုင်ငံတို့မှာ ဆိုရင် ဆိုလာကနေ စွမ်းအင်ထုတ်လုပ်မှု အောင်မြင်နေပြီး စွမ်းအင်တယူနစ် ထုတ်လုပ်မှု အတွက် ကုန်ကျစရိတ်ဟာ မြန်မာငွေနဲ့ ကျပ် ၅၀ ပဲ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆော်ဒီအာရေဗျ နိုင်ငံမှာ လာမယ့် ၆ နှစ် အတွင်း နေရောင်ခြည် စွမ်းအင်ကနေ စုစုပေါင်းစွမ်းအင်ရဲ့ ၁၀ ရာခိုင်နှုန်းအထိ ထုတ်လုပ်ဖို့ ရည်ရွယ်ထား ပါတယ်။ တခြားနိုင်ငံတွေမှာ မရရှိနိုင်တဲ့ စွမ်းအင်ရင်းမြစ်တွေ ပိုင်ဆိုင်ထားတဲ့ ကျမတို့ နိုင်ငံမှာ ကျောက်မီးသွေးကနေ စွမ်းအင် ထုတ်လုပ်ခဲ့ရင် ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်တာ အလေးအနက်ဂရုပြုသင့်ပါတယ်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်လာနိုင်တဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေကို ဆက်လက် လုပ်ဆောင်ဖို့ ခွင့်မပြုသင့် ပါဘူး။ အများစုက “မြစ်ဆုံရေကာတာ စီမံကိန်း” ကိုပဲ အဓိကထား ပြောဆိုနေကြပေမယ့် သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် ရေကာတာတွေကနေ ရေအားလျှပ်စစ် ထုတ်လုပ်ခဲ့ရင် ငြိမ်းချမ်းရေးကို အနှောင့်အယှက် ဖြစ်စေနိုင်တာ စဉ်းစားသင့်ပါတယ်။ သံလွင်ရေကာတာ စီမံကန်းနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အချက်အလက်တွေ ကို ဒေသခံပြည်သူတွေ ပြည့်ပြည့်စုံစုံ သိခွင့် မရသေးပါဘူး။
အစိုးရ ရုံးစိုက်တဲ့ နေပြည်တော်လို နေရာမှာ မလိုအပ်ဘဲ လျှပ်စစ်မီးသုံးစွဲမှုကို လျှော့ချသင့် သလို တကယ် လိုအပ်နေတဲ့ နေရာတွေမှာ လျှပ်စစ်မီး ရရှိရေး ဆက်လက် လုပ်ဆောင်သွားရပါလိမ့်မယ်။ စွမ်းအင် လိုအပ်ချက် များနေသေးသရွေ့ FDI လို့ခေါ်တဲ့ “နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု” တွေ ထင်သလောက် ဝင်လာမှာ မဟုတ်ပါဘူး။
နေစွမ်းအင်၊ လေစွမ်းအင်တွေ အမြောက်အမြား ထုတ်လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှာဖွေရမှာ ဖြစ်သလို သဘာဝ ဓာတ်ငွေ့ ကနေ စွမ်းအင်ထုတ်လုပ်နိုင်ဖို့ မဟာဗျူဟာ ချမှတ်ပြီး ဆောင်ရွက်သင့်ပါတယ်။ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ မှန်ကန်ထိရောက်တဲ့ နည်းလမ်းတွေ အသုံးပြုပြီး လုပ်ဆောင်နိုင်မှသာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နည်းပါးမှာ ဖြစ်ပြီး နိုင်ငံရဲ့ “ဖွံ့ဖြိုးတိုးတက်မှု” ကို ဦးတည်နိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်ရေးသားလိုက်ရ ပါတယ် ရှင်။
(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာတဦး ဖြစ်သည်)