ဧပြီလက ရန်ကုန်ရှိ အာရဗီ စာသင်ကျောင်း နှစ်ကျောင်းကို ဗုဒ္ဓဘာသာရဟန်းများအား ကျောထောက်နောက်ခံပြုသည့် ဆန့်ကျင်သူ လူအုပ်က အတင်းအကျပ် ပိတ်ပင်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ ကျစ်လစ်သိပ်သည်းမှု မရှိသော အကူးအပြောင်းကာလတွင် ပြင်းထန်သော မွတ်ဆလင် ဆန့်ကျင်ရေးစိတ်ဓာတ်များ ရှိနေသေးကြောင်း ပြသသည့်လက္ခဏာဖြစ်သည်။
မြို့တော်ဟောင်း ရန်ကုန်၏သာကေတမြို့နယ်ရှိ အစ္စလာမ်ကျောင်းနှစ်ခုကို ထိုကျောင်းနှစ်ခုသည် တရားမဝင် ဗလီများ ဖြစ်သည်ဟု စွပ်စွဲသူများက သော့ခတ်ပိတ်ပင်ခဲ့သည်။ ထိုဖြစ်ရပ်ကို သတင်းယူနေကြသော သတင်းထောက်များကို ထို လူအုပ်က ခြိမ်းခြောက်တိုက်ခိုက်သောအခါ ရဲတပ်ဖွဲ့ဝင်များက ရပ်ကြည့်နေခဲ့သည်။ ထိုကျောင်းနှစ်ခုမှာ ဆက်လက် ပိတ်ပင်ထားခြင်းခံရပြီး ရပ်ကွက်၏အခြေအနေမှာ ဆက်လက်တင်းမာနေသည်။
ထိုဖြစ်ရပ်သည် အစ္စလာမ်မုန်းတီးရေးဝါဒ အနိုင်အထက်ပြုမှု ပြန်လည်ခေါင်းထောင်ထ လာသည်ဟု ဆိုရမည်ဖြစ်သည်။ ၎င်းတို့၏ မွတ်ဆလင်ဆန့်ကျင်ရေး ၉၆၉ လှုပ်ရှားမှုနှင့် မွတ်ဆလင်အသိုင်းအဝန်းများကို ဆန့်ကျင်သော မကြာခဏ ပေါ်ပေါက်သည့် အဓိကရုဏ်းများကြောင့် ကျော်ကြားလာသော အမျိုးသားရေးအစွန်းရောက် မဘသ လှုပ်ရှားမှုသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့၏ ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်မှုကြောင့် အင်အားလျော့ကောင်း လျော့သွားနိုင်ခဲ့သည်။ သို့သော် သူတို့သည် လုံးဝပျောက်ကွယ်သွားခြင်း မရှိသည်မှာ အထင်အရှားပင် ဖြစ်သည်။
ထင်ရှားသော ရှေ့နေကြီးဦးကိုနီကို ရန်ကုန်လေဆိပ်တွင် ဇန်နဝါရီလက လုပ်ကြံသတ်ဖြတ်ခြင်းသည် နိုင်ငံရေးနှင့် ပတ်သက်သည့် မည်သည့် ကျေနပ်နှစ်သိမ့်မှုကိုမဆို မိုးကြိုးပစ်သံအလားပင်ဖြစ်သည်။ ထင်ရှားသောသတင်းစာဆရာ ကိုဆွေဝင်းသည်လည်း မွတ်ဆလင်ဘာသာဝင် ရှေ့နေကြီးအား လုပ်ကြံသတ်ဖြတ်မှုကို ထောက်ခံသော သံဃာများကို ဝေဖန် သရုပ်ဖော်သောကြောင့် ဒေါသထွက်သည့် မဘသ ထောက်ခံသူတဦး၏ ထောင်ဒဏ်ချမှတ်ခံရနိုင်ခြေရှိသည့် အသရေ ဖျက်မှုစွပ်စွဲချက်ကို ရင်ဆိုင်နေရသည်။
မြန်မာနိုင်ငံမှ မွတ်ဆလင်ဆန့်ကျင်ရေးစိတ်ဓာတ်ကို နိုင်ငံတကာက ရိုဟင်ဂျာ မွတ်ဆလင်လူနည်းစုကို ဖိနှိပ်မှု၏ဘေးထွက် ပစ္စည်းအဖြစ် မကြာခဏ နားလည်မှုလွဲကြသည်။ သို့သော် မွတ်ဆလင်ဆန့်ကျင်ရေးစိတ်ဓာတ်သည် မကြာခဏ ဆူပွက် လာတတ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အုပ်ချုပ်မှုအောက်တွင် အာဏာရအသိုင်းအဝိုင်း၏ မြှောက်စားမှု မရှိတော့သော်လည်း ငြိမ်သက်သွားခြင်း မရှိသည့်အတွက် တနိုင်ငံလုံးမှ မွတ်ဆလင်များ၏ စိုးရိမ်မှု ပိုမိုကျယ်ပြန့်လာနေပြီး ယုံကြည်မှုများလည်း မှုန်ဝါးသွားစေသည်။
မွတ်ဆလင် အဆောက်အအုံများကို မကြာသေးမီက တိုက်ခိုက်မှုများတွင် ၂၀၁၆ ခုနှစ် ဇွန်လက ပဲခူးတိုင်းတွင် ဗလီတခုကို တိုက်ခိုက်မှုလည်း ပါဝင်သည်။ ထို့နောက် ကချင်ပြည်နယ် ဖားကန့်တွင် ဗလီတခု မီးရှို့တိုက်ခိုက်ခံရသည်။
အများအားဖြင့် တိုက်ခိုက်မှုများတွင် စွပ်စွဲချက်အရ ထိုအဆောက်အအုံများ၏တရားမဝင်ခြင်းကို အကြောင်းပြချက် ပေးကြပြီး ဒေသအာဏာပိုင်များအနေဖြင့် အမျိုးသားရေးအစွန်းရောက် မွတ်ဆလင်ဆန့်ကျင်ရေးသမားများဘက်က ရပ်တည်ရန် အခြေအနေကို ဖန်တီးပေးသည်။
လွန်ခဲ့သော လက ရန်ကုန်တွင် ထိုဘာသာရေးစာသင်ကျောင်းများ ပိတ်ပင်ခြင်းသည် မွတ်ဆလင် ဆန့်ကျင်ရေး အမျိုးသားရေးအုပ်စုကို ငြင်းပယ်ရန်နှင့် ပဋိပက္ခမှ လူနည်းစုများကို ကာကွယ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမအစိုးရက ကတိကဝတ်ကို ခိုင်မာစေရန် စိတ်အားထက်သန်မှု မရှိခြင်းကို ဖော်ပြနေသည်။
၂၀၁၅ ရွေးကောက်ပွဲသည် ဆယ်စုနှစ်များစွာကြာသော မှားယွင်းသည့် စစ်အုပ်ချုပ်ရေးအပေါ် အမည်မခံသော ဆန္ဒခံယူ ပွဲဖြစ်ကြောင်း စူးစူးရှရှ နားလည်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသည် ထို ရွေးကောက်ပွဲအတွင်း မဘသ၏ အနှောင့်အယှက်များကို ကျော်လွှားနိုင်ပြီး ဘာသာရေးအစွန်းရောက်ခြင်းကို အားမပေးရန် အခွင့်အလမ်းရခဲ့ သည်။
ထို့ကြောင့်ပင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြောင်ကျကျ ဆန့်ကျင်သော မဘသသည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ရပ်တည်မှုဆုံးရှုံးရကာ လူမှုကွန်ရက်တွင် ပြောင်ကျကျ ဝေဖန်ခံရသည်။ သို့သော် မဘသသည် ထောက်ခံမှုရရှိရေးအတွက် အမျိုးသားအဆင့်နှင့် ဒေသဆိုင်ရာပြဿနာများကို မကြာခဏ ရောထွေးပစ်သော နိုင်ငံတဝန်း လက်ခွဲများ၏ အစုအဝေးထက် အဆင့်ဆင့်တည်ဆောက်ထားသော အမျိုးသားအဆင့် လှုပ်ရှားမှုဟု မြင်ကြလေ့ရှိသည်။
၂၀၁၆ ခုနှစ်လယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်း ခေါင်းဆောင် ဦးဝင်းထိန်၏ ဝေဖန်မှုနှင့် နောက်ဆက်တွဲ အစိုးရက ခန့် အပ်သော ဘာသာရေးအာဏာပိုင်ဖြစ်သည့် မဟနခေါ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ တားမြစ်မှုများသည် ယခင်က ထင်ခဲ့သလို ပြတ်သားသော ရှုတ်ချမှုများ ဖြစ်မလာခဲ့ပေ။
မဘသအပေါ် မဟန၏အမြင်သည် တရားဝင် မှတ်ပုံတင်ဖျက်သိမ်းကြောင်း ကြေညာခြင်းမဟုတ်ဘဲ အစွန်းရောက်လှုပ်ရှားမှုများအတွက် သတိပေးခြင်းသာ ဖြစ်သည်ဟု အောက်စဖို့တက္ကသိုလ်မှ မြန်မာ့ရေးရာ သုတေသီ Matthew Walton က သူ၏ ၂၀၁၆ ခုနှစ်က ဆောင်းပါးတွင် ရေးသားခဲ့သည်။
ယခု ဆိုရှယ်မီဒီယာ၏ပြင်းထန်သော ဝေဖန်မှုကို ခံနေရသူ မဘသ၏လက်ခွဲ သဘောထားတင်းမာသူ ဗုဒ္ဓဘာသာဘုန်းကြီး ဦးဝီရသူကလည်း လွန်ခဲ့သောမတ်လက မဟန၏ တရားဟောခွင့် တနှစ်ပိတ်ပင်ခံရပြီးနောက် စတန့် ထွင်လုံး အများအပြား ပြုလုပ်လာသည်။
ထိုတားမြစ်ချက်ကို ကန့်ကွက်ရန် ပါးစပ်ကို တိပ်ဖြင့် ပိတ်ပြီး တရားပွဲများသို့ ရောက်လာကာ မကြာမီမှာပင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်အစိုးရသည် သူ၏လွတ်လပ်စွာပြောဆိုခွင့်ကို ခြိမ်းခြောက်သော ဓားမိုးကရေစီ အစိုးရဟု လှောင်ပြောင်သော တရားဗီဒီယိုကို ဖွင့်သည်။
ဦးဝီရသူကို မွတ်ဆလင်များအား တိုက်ခိုက်ရန် ဗျာဒိတ်တော်လာ ဆင်းသက်လာသူဟု တခါတရံမြင်နေကြသော်လည်း သူသည် အစွမ်းရှိသော အမျိုးသားရေးဝါဒီဖြစ်ဖို့ထက် မိမိကိုယ်မိမိ အမွန်းတင်ပြီး မိမိ၏ဝါဒကို ကြေညာကာ ဓားခုတ်ရာ လက်ဝင်လျှိုသူ ဖြစ်ဖို့သာရှိသည်ဟု ဝေဖန်သူများက ပြောကြသည်။
သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ၏တုံ့ပြန်မှုမှာ ပုံမှန်မရှိဘဲ အမြင်တိုလှပြီး တရားဥပဒေစိုးမိုးမှုကို ဆန့်ကျင်စိန်ခေါ်နေသူ တကိုယ်တော်ဝါဒီများအား ငြင်းပယ်ထိန်းချုပ်ရန် လိုအပ်သော အဆင့်မြင့်သဘောတရားနှင့် သတင်းစကားမရှိပုံ ပေါက်နေသည်။
အစိုးရက ဦးဆောင်သော ဘာသာပေါင်းစုံချစ်ကြည်ရေး ဆွေးနွေးပွဲများ၊ ထိရောက်သော ရပ်ရွာအသိုင်းအဝန်း ကြီးကြပ်မှု အတွက် ထောက်ပံ့မှုများနှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုသည် အခြေအနေကို တင်းမာမှု လျော့ကျစေရန် အထောက်အကူပြုသည်။
သို့်သော် ထိုပြဿနာမှာ အခြေခံလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စု ဝေးခွင့်နှင့် အသင်းအပင်းဖွဲ့စည်းခွင့်ကို မကန့်သတ်ဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသားရေးအစွန်းရောက်များ၏လှုပ်ရှားမှုများကို စိန်ခေါ်ရန် အမျိုးသားနှင့်ဒေသဆိုင်ရာ နိုင်ငံရေးခေါင်းဆောင်များ စုဖွဲ့နိုင်ရေး ပျက်ကွက်ပါက အများအပြားမှာ အကြမ်းဖက်မှုသို့ ရောက်မည်ဖြစ်သည်။
သို့သော် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက် ထိုထက်ကြီးမားသော အမှားမှာ အမျိုးသားရေးအစွန်းရောက်များကို ထိန်းချုပ်ရာတွင် အထိရောက်ဆုံး မဟာမိတ် ဖြစ်ဖွယ်ရှိသော လူမှုအခြေပြုအဖွဲ့အစည်းများကို အင်အားချိနဲ့စေရန်နှင့် အယုံအကြည် ကင်းမဲ့စေရန် အားထုတ်မှုဖြစ်သည်။
အမျိုးသမီးအခွင့်အရေးအဖွဲ့အစည်းများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ ကျန်းမာရေးနှင့် ပညာရေးလှုပ်ရှားသူများ၊ သု တေသနအဖွဲ့များနှင့် မီဒီယာများသည် အစွန်းရောက် အမျိုးသားရေးဝါဒီများအပါအဝင် အဖွဲ့ပေါင်းစုံတို့က အစွန်းရောက် အမျိုးသားရေးဝါဒီများကို ရှေ့တန်းမှ ဝေဖန်ကြပြီး ထိုကြောင့်ပင် လူမှုကွန်ရက်မှတဆင့် ခြိမ်းခြောက်မှုများ၊ မကြာခဏဆို သလို လက်တွေ့အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်လာကြသည်။
လူမှုအခြေပြုအဖွဲ့အစည်းကွန်ရက်များသည် ကျေးလက်ဒေသတွင် မွတ်ဆလင်တို့ကို မုန်းတီးခြင်းနှင့် အယုံအကြည် ကင်းမဲ့ခြင်းအကြောင်းရင်းများ အပါအဝင် သတင်းအချက်များကို အစိုးရနှင့် ရပ်ရွာအသိုင်းအဝန်းများကြားတွင် ဖြန့်ချိပေးသော ကြောင့် အရေးပါသောအခန်းမှ ပါဝင်သည်။ သို့သော်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် အထူးသဖြင့် ၂၀၁၆ ခုုနှစ်တွင် အာဏာရပြီးနောက် လူမှုအခြေပြုအဖွဲ့များနှင့် ကင်းကင်းနေရန် ကြိုးစားလာသည်။
ထိုအဖွဲ့အစည်းများ၏ အောက်ခြေလူထုအပေါ်တွင် ရှိနေသည့် ဩဇာအာဏာကို ဖျက်ဆီးပစ်ရန် နိုင်ငံတကာ အလှူရှင်များနှင့်တွေ့လျှင် ၎င်းတို့ အများအပြားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောင်ကျကျ ဝေဖန်သည်။ စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်ရန် သူမကို ဆယ်စုနှစ် ၃ ခုကြာထောက်ခံခဲ့သည် လူမှုအခြေပြုအဖွံ့အစည်းများကို အဖိုးတန်သော မဟာမိတ်များအဖြစ် သဘောမထားဘဲ ဖရိုဖရဲ တာဝန်မဲ့သော အမျိုးသားညီးညွတ်ရေးခြိမ်းခြောက်သူများအဖြစ် ဒေါ်အောင်ဆန်းစုကြည် ရှုမြင်နေသည်။
မတ်လ ၃၀ ရက်က သူမ၏အစိုးရသက်တမ်း ပထမတနှစ်အတွင်း အောင်မြင်မှုများကို ချီးကျူးသည့် မိန့်ခွန်းပြောသောအခါ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားလုံးကို တန်းတူဆက်ဆံရမည်ဟု ပြောပြီး ပြည်သူတို့နှင့်အတူ ဟူသော စကားကို သုံးသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏အစိုးရသည် ရန်ကုန်တွင် ဘာသာရေးစာသင်ကျောင်းများ ပိတ်ပင်ခြင်း အပါအဝင် မွတ်ဆလင် ဆန့်ကျင်ရေးဖြစ်ရပ် တခုစီဖြစ်ပွားပြီးတိုင်း နှုတ်ဆိတ်နေခြင်းကြောင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ စံနှုန်းများနှင့် အညီ မြင့်မားသော ရည်မှန်းချက် ရှိမရှိ မေးခွန်းထုတ်ရတော့မည်ဖြစ်သည်။
( Asia Times တွင် ဖော်ပြထားသော David Scott Mathieson ၏ Islamophobia redux in Myanmar ဆောင်းပါးကို ဘာသာပြန်သည်။ David Scott Mathieson သည် Human Rights Watch တွင် မြန်မာပြည်ရေး သုတေသီအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ဖူးပြီး ယခုအခါ ရန်ကုန်မြို့တွင် အခြေစိုက်နေထိုင်လျက် ရှိသည်။)