မကြာခင်မှာပဲ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမယ့် ရခိုင်ပြည်နယ် ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) စီမံ ကိန်းကို စတင်အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။ ၎င်းစီမံကိန်းကို ယခင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် တရုတ် ဦးဆောင်တဲ့ CITIC Group ကို လုပ်ကိုင်ခွင့်ပေးထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ လက်ရှိ မြန်မာနိုင်ငံသမ္မတ ဦးထင်ကျော်ရဲ့တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း ကျောက်ဖြူအ ထူးစီးပွားရေးဇုန် (SEZ) နောက်ထပ်တဖန် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ယခင် ဦးသိန်းစိန်အစိုးရလက်ထက်က တရုတ် CNPC ကုမ္ပဏီမှ ရေနံနှင့် သဘာဝဓာတ် ငွေ့ပိုက်လိုင်းတည်ဆောက်ခဲ့တာကြောင့် လယ်မြေ၊ ယာမြေ အမြောက်အမြားသိမ်းဆည်းခံရမှုအပေါ် တရုတ်အစိုးရဘက်မှ ယနေ့အချိန်ထိ အလုံးစုံ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ဧပြီလ ၂၄ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံခြားရေးရာလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yajun ဟာ ကျောက်ဖြူမြို့မှာ ဒေသခံတွေနဲ့ တွေ့ဆုံပြီး ဒေသခံတွေရဲ့အသံတွေကို နားထောင်နိုင်ဖို့၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို မကြာခင်ကာလအတွင်း စလုပ်သွားဖို ရှိတယ်လို့ ဆိုပါတယ်။
အခုလို တရုတ်အစိုးရဘက်က ရင်းနှီးမြှုပ်နှံမယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းဟာ ဒေသခံပြည်သူတွေကို အမှန် တကယ် အကျိုးဖြစ်နိုင်ပါမလားဆိုတာ ဆွေးနွေးတင်ပြသွားပါမယ်။
ရခိုင်ပြည်နယ်ကျောက်ဖြူမြို့ဟာ ရခိုင်ပြည်နယ်ရဲ့မြို့တခု ဖြစ်ပြီး လူဦးရေ ၆၀၀၀၀-ခန့် နေထိုင်လျက်ရှိပါတယ်။ ကျေး လက်နေ ပြည်သူအများစုဟာ အသက်မွေးဝမ်းကြောင်းအတွက် စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းကို အဓိက မှီခိုရပ်တည်နေ ကြသူတွေ ဖြစ်ပါတယ်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) စီမံကိန်းကို ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ မာန်အောင်မြို့နယ်များတွင် တည် ဆောက်မှာဖြစ်ပါတယ်။ ၎င်းစီမံကိန်းတွင် ရေနက်ဆိပ်ကမ်း၊ စက်မှုလက်မှုနှင့် အဆင့်မြင့် အိမ်ရာစီမံကိန်းများ ပါဝင်ပြီး ၄၂၈၉.၃၂ ဧက (၁၇၃၅.၈၃ ဟက်တာ) မှာ တည်ဆောက်မှာ ဖြစ်ပါတယ်။
ယခင် ဦးသိန်းစိန်အစိုးရလက်ထက် မြစ်ဆုံဆည်စီမံကိန်း ဆိုင်းငံ့ထားတဲ့ကိစ္စ၊ လက်ပံတောင်းစီမံကိန်း၊ ကျောက်ဖြူ-ကူမင် ရထားလမ်း၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးတွင် တရုတ်အစိုးရအရေးပါမှု စတဲ့အရေးကိစ္စတွေကြောင့် ဒေါ်ဆောင်ဆန်းစုကြည် ဦး ဆောင်သော NLD အစိုးရအတွက် အကျပ်တည်းတွေရှိနေပါတယ်။
အဲဒီလိုအနေအထားမှာ စီးပွားရေး ချွတ်ခြုံကျနေတဲ့ လက်ရှိ မြန်မာနိုင်ငံအစိုးရအတွက် တခြားရွေးချယ်စရာမရှိဘဲ ကျောက် ဖြူအထူးစီးပွားရေးဇုန်ဟာ အကောင်းဆုံးရွေးချယ်စရာမူဝါဒ (Policy Option) တခု ဖြစ်လာပါတယ်။
ရခိုင်ပြည်နယ်ထဲက ရင်းနှီးမြှုပ်နှံမှုတွေဟာ တရုတ်အစိုးရရဲ့ကမ္ဘာ့အရှေ့ခြမ်းနဲ့အနောက်ခြမ်းကို ကုန်းလမ်းရော၊ ရေလမ်း က ပါကုန်သွယ်ရေးလမ်းကြောင်း ချိတ်ဆက်ပေးမယ့် One belt and One Road လို့ခေါ်တဲ့ မဟာဗျူဟာမြောက် စီးပွားရေး စီမံကိန်းရဲ့အစိတ်အပိုင်းတခုဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
မကြာသေးမီက ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းမှာ တရုတ်-မြန်မာနှစ်နိုင်ငံ အစိုးရကြား အကျိုးတူ ပူးပေါင်းဆောက်ရွက်ဖို့ ပြီးခဲ့တဲ့ ၂၀၁၆ ကုန်ပိုင်းမှာ ကမ်းလှမ်းမှုကို တရုတ်အစိုးရဘက်က လက်မခံဘဲ ၎င်းတို့ရှယ်ယာ ပိုင်ဆိုင်မှု ၈၅ ရာခိုင်နှုန်းအထိ တောင်းဆိုလာတဲ့သတင်းထွက်ပေါ်လာပါတယ်။
တကယ်လို့သာ မြန်မာနိုင်ငံအစိုးရအနေနဲ့ တရုတ်အစိုးရ တောင်းဆိုနေတဲ့ ၈၅ ရာခိုင်နှုန်းကို လိုက်လျောပေးမယ်ဆိုရင် တရုတ်အစိုးရက လိုသလို အသုံးချသွားနိုင်တယ်လို့ လေ့လာသူတွေ သုံးသပ်ကြပါတယ်။ ဒါအပြင် ရမ်းဗြဲကျွန်းနဲ့ မာန်အောင်ကျွန်းဒေသတခုလုံးကို စီးပွားရေးအရရော၊ နယ်မြေဒေသအရရော ကြီးစိုးမှုတွေဖြစ်လာပြီး ဆင်းရဲတဲ့ဒေသခံပြည် သူတွေ ဘဝရပ်တည်ဖို့ ခက်ခဲလာနိင်ပါတယ်။
တဖက်မှာလည်း တရုတ်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်ကိစ္စကို ကူညီဖြေရှင်းဖို စိတ်ဝင်စားကြောင်း ထုတ်ဖော်တာဟာ မြန်မာ အစိုးရနဲ့ ဒေသခံပြည်သူတွေကို မက်လုံးပေးသလို အခြားတဖက်မှာ ရခိုင်ပြည်နယ်ထဲက မငြိမ်သက်မှုတွေဟာ သူတို့ရဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ နောက်ထပ်ရင်းနှီးမြှုပ်နှံမှုတွေကို ထိခိုက်လာမှာ စိုးရိမ်နေပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၉-၃၀ရက်နေ့က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးသန်းမြင့်ဟာ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို အ ကောင်အထည်ဖော်နိုင်ရေး ရခိုင်လူထုတွေနဲ့တွေ့ဆုံစဉ် “ဒေသခံပြည်သူတွေ နစ်နာမှုမရှိအောင် ဆောင်ရွက်မယ်၊ အလုပ် အကိုင်အခွင့်အလမ်း ၅ သိန်း ဖန်တီးပေးနိုင်မယ်”လို့ ဆိုပါတယ်။
ဒါပေမယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန်မှ ဒေသခံပြည်သူတွေ အမှန်တကယ်လက်တွေ့မှာ အကျိုးခံစားရမှာလားဆိုတာ ကတော့ မသေချာမရေရာတဲ့အခြေအနေပါ။ ယခင် ဦးသိန်းစိန်အစိုးရလက်ထက် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံ ကိန်းတည်ဆောက်စဉ်က ဒေသခံပြည်သူတွေကို သင်တန်းပို့ချတာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒေသခံပြည်သူတွေဟာ အောက် ခြေအလုပ်သမားအဆင့်ကိုသာ လုပ်ကိုင်ခွင့်ရခဲ့ကြတဲ့သာဓက ရှိပါတယ်။
အခုတကြိမ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရလက်ထက် အကောက်အထည်ဖော်မယ့်စီမံကိန်းမှာ ရခိုင် ဒေသခံတွေ High /Medium skills အလုပ်တွေအတွက် လိုအပ်တဲ့ skills တွေရှိနေပြီလား ဒါမှမဟုတ် အစိုးရအနေနဲ့ ၎င်း အလုပ်တွေကို ရရှိဖို့ ထိထိရောက်ရောက် ဘယ်လိုပြင်ဆင်ပေးမလဲဆိုတာ ရေရေရာရာမရှိသေးပါဘူး။
တဖက်မှာလည်း ပြည်ထောင်စုဝန်ကြီးနဲ့ ရခိုင်ဒေသခံတို့တွေ့ဆုံမှုဟာ မကြာခင် ကျင်းပမယ့် တရုတ်နိုင်ငံရဲ့One belt and One Road Forum နိုင်ငံတကာညီလာခံကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖို့ရှိတဲ့အတွက် ပြင်ဆင်မှုတခုလားလို့ ထင်မြင်မိပါတယ်။
ကျောက်ဖြူဒေသဖွံ့ဖြိုးရေးအဖွဲ့ ဦးဆောင်သူ ဦးထွန်းကြည်ကတော့ “ဒေသခံတွေကို အကာအကွယ်ပေးနိုင်တဲ့ SEZ ဥပဒေ မရှိသရွေ့ကျောက်ဖြူအထူးစီးပွာရေးဇုန် ( SEZ) စီမံကိန်းဟာ ဒေသခံတွေကို အကျိုးဖြစ်မှာမဟုတ်ဘူး။ ဒါကြောင့် စီမံကိန်း အကောင်အထည်ဖော်မှုကို ရပ်ဆိုင်းထားဖို့” တောင်းဆိုထားပါတယ်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်မှ ပြည်ထောင်စုအစိုးရဘဏ္ဍာငွေထဲသို့ နှစ်စဉ်အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့် ရရှိမယ် လို့ ခန့်မှန်းထားကြပါတယ်။ ဒါပေမယ့် စီမံကိန်းနဲ့ပတ်သက်တဲ့ အကောက်အခွန်အခတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေကို ဒေသခံတွေ ပြည်သူတွေ တိုက်ရိုက်အကျိုးခံစားရမှာမဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို စီမံအုပ်ချုပ်ခွင့်အာဏာနှင့် တန်းတူညီမျှ ဘဏ္ဍာငွေခွဲဝေသုံးစွဲခွင့် ပြည်နယ်အစိုးရမှာ မရှိခြင်းကြောင့်ပါ။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရအနေနဲ့ ယခင် ဦးသိန်းစိန်အစိုးရလက်ထက် ပြဿနာကို လျစ်လျူ ရှုပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို အလျင်စလို လုပ်မယ်ဆိုရင် ဒေသခံတွေနဲ့ထိပ်တိုက်တွေ့ပြီး တရုတ်လူမျိုးမုန်းတီး ရေးဆန့်ကျင်ကန့်ကွက်မှုတွေ ဖြစ်လာနိုင်ပါတယ်။
ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးပြည်နယ်တခု ဖြစ်တာကြောင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်မှ အလုပ် အကိုင်အခွင့်အလမ်းတွေနဲ့ စီးပွားရေး ဖွံ့ဖြိုးလာမယ်လို့ ရခိုင်စီးပွားရေးအုပ်စုတွေက မျှော်လင့်နေကြပါတယ်။
တဖက်မှာလည်း ၎င်းစီမံကိန်းကြောင့် လယ်မြေ၊ ယာမြေသိမ်းဆည်းမှုတွေ၊ အသက်မွေးဝမ်းကြောင်းဆုံးရှုံးမှုတွေ၊ သဘာ၀ ပတ်ဝန်းကျင်ထိခိုက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုစတဲ့ ပြဿနာတွေဖြစ်လာမှာကို ဒေသခံပြည်သူတွေက စိုးရိမ်မှုတွေ ရှိပါတယ်။
အခုလို ဒေသခံပြည်သူတွေကြား စိုးရိမ်မှုတွေ ရှိနေကြပေမယ့် ရခိုင်အမျိုးသားပါတီ (ANP) ဘက်ကတော့ သဘောထား တစုံတရာ ထုတ်ဖော်ပြောကြားခြင်းမရှိတာဟာ ထူးခြားမှုတခုဖြစ်နေပါတယ်။
တရုတ်အစိုးရနဲ့ ရခိုင်အမျိုးသားပါတီ(ANP) တို့ကြား ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ပတ်သက်ပြီး အပေးအယူရှိနိုင် တယ်လို့ ဝေဖန်ထောက်ပြသူတွေလည်းရှိပါတယ်။
ဒါပေမယ့် ဒေါက်တာအေးမောင်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ကြား နိုင်ငံရေးအရ သဘောထားတင်းမာမှုတွေ ရှိကြပေမယ့် အခုကျောက်ဖြူအထူးစီးပွားရေးဇုန်ကိစ္စနဲ့ပတ်သက်ပြီး သဘောတူညီမှုတွေ ရရှိလာကြမလား။ ဒါမှမဟုတ် ဒေါက်တာအေးမောင်အတွက် နောက်ထပ် နိုင်ငံရေးကစားကွက်တခု ဖြစ်လာမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရအနေနဲ့ ခုလို အကျပ်အတည်းတွေကြားထဲမှာ မြန်မာပြည်သူတွေ၊ ဒေသခံပြည်သူတွေအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန်မှ ဘယ်လောက်အကျိုးရှိအောင် စွမ်းဆောင်နိုင်မလဲဆိုတာ စောင့် ကြည့်ရဦးမှာ ဖြစ်ပါတယ်။
တရုတ်အစိုးရရဲ့ နောက်ထပ်ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ ကျောက်ဖြူအထူးစီးပွား ရေးဇုန် (SEZ) စီမံကိန်းမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရအနေနဲ့ ယခင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ လုပ်ခဲ့တဲ့ စီမံကိန်းတွေလို ပြဿနာအမျိုးမျိုးနဲ့ မကြုံရအောင် ဒေသခံတွေရဲ့နစ်နာမှုတွေ၊ ဒေသခံတွေရဲ့အကျိုးစီးပွားကိုလည်း အကာအကွယ်ပေးဖို့လိုအပ်ပါတယ်။
ဒါအပြင် အစိုးရအနေနဲ့ စီမံကိန်းနဲ့ပတ်သက်တဲ့ မူဝါဒတွေ၊ အစီအစဉ်တွေကို ပွင့်ပွင့်လင်းလင်းချပြဖို့ လိုအပ်တယ်လို့ ဆွေးနွေးတင်ပြရင်း နိဂုံးချုပ်ပါတယ်။
(ထွန်းထွန်းနိုင်သည် ရခိုင်နိုင်ငံရေးနှင့် မူဝါဒရေးရာ သုံးသပ်ချက်ဆောင်းပါးများကို ရေးသားနေသူတဦးဖြစ်သည်။ သူသည် ၂၀၁၃ ခုနှစ်တွင် ဖိလစ်ပိုင်တက္ကသိုလ်မှ မဟာဗျူဟာစီမံကိန်း ရေးဆွဲရေးနှင့် ပြည်သူ့ရေးရာမူဝါဒ မဟာဘွဲ့ကို အောင်မြင်ခဲ့ သည်။)