မြန်မာတွေ စနစ်တကျ မှတ်တမ်းတင်တတ်ဖို့ လိုပြီ

သန်းနိုင်ဦး
မှတ်တမ်းတင်တဲ့ အလုပ်ကို သမိုင်းသုတေသီတွေ တင်မက ပတ်သက်ဆက်နွယ်သူတွေကပါ စနစ်တကျ မှတ်တမ်း တင်သင့်ပါတယ်
Want create site? Find Free WordPress Themes and plugins.

ဖြစ်ရပ်တခု အပေါ် မှတ်တမ်းတင်တာ၊ အရေးကြီးငယ် ကိစ္စရပ်တွေမှာ မှတ်တမ်းမှတ်ရာ ပြုစုတာ၊ စနစ်တကျ သိမ်းဆည်း ထိမ်းသိမ်းတာ စတဲ့ မှတ်တမ်းတင်ခြင်း ကိစ္စတွေမှာ မြန်မာတွေ စနစ်တကျ လုပ်တတ်ကြရဲ့လား။ ဒီမေးခွန်း အတွက် အမြင် သဘောထားတွေ အမျိုးမျိုး ရှိနိုင်ပါတယ်။ ခြုံငုံသုံးသပ်ရရင် မြန်မာအများစု စနစ်တကျ မှတ်တမ်းမှတ်ရာ ထားတဲ့ အလေ့အကျင့် နည်းပါတယ်။

မှတ်တမ်းတင်တယ် ဆိုရာမှာ စာနဲ့ ရေးသား မှတ်တမ်းတင်တာ၊ ဓာတ်ပုံရိုက်ယူပြီး မှတ်တမ်းတင်တာ၊ ဗီဒီယို ရိုက်ကူးပြီး မှတ်တမ်းတင်တာတွေ ပါဝင် ပါတယ်။ မှတ်တမ်းမှတ်ရာ အားနည်းလို့ ပျောက်ပျက်ကုန်တာတွေ မနည်း တော့ဘူး။ မှတ်တမ်းတင်တဲ့ အလုပ်ကို သမိုင်းသုတေသီတွေ တင်မက ပတ်သက်ဆက်နွယ်သူတွေကပါ စနစ်တကျ မှတ်တမ်း တင်သင့်ပါတယ်။ လိုအပ်ရင် ပစ္စည်း အသုံးအဆောင်တွေကိုပါ စနစ်တကျ သိမ်းဆည်း ထိမ်းသိမ်းရမှာ ဖြစ်ပါတယ်။

အငြိမ့်လူရွှင်တော်တွေ ပြက်လေ့ ပြက်ထရှိတဲ့ ပြက်လုံးခွင် တခု ရှိတယ်။

“မင်းကို ဘယ်တုန်းက မွေးတာလဲ”

“ငါတို့ရွာ ရေကြီးတဲ့ နှစ်က ပေါ့”

“ဘယ်အချိန်တုန်းက ရေကြီးတာလဲ”

“ရွှေဘုံသာဘုရား ထီးတော်တင်တုန်းက ပေါ့ဟ”

“ရွှေဘုံသာ ဘုရား ဘယ်နှခုနှစ်မှာ ထီးတော်တင်တာလဲ”

“ခုနှစ် အတိအကျတော့ ဘယ်မှတ်မိမလဲ၊ ရွာဦးကျောင်းဆရာတော် ပျံလွန်တဲ့ နှစ်လို့ အဘက ပြောတာပဲ”

ပရိတ်သတ်တွေ ရယ်ရမောရအောင် အငြိမ့်စင်ပေါ်ကနေ ပြောလိုက်တာ ဆိုပေမယ့် ကျနော်တို့ လူ့အဖွဲ့အစည်းက အငြိမ့်လူရွှင်တော်တွေ ပြက်လုံး ထုတ်ရလောက်အောင် မှတ်တမ်းမှတ်ရာမှာ အားနည်း ကြတယ်။ ဘာမှ ရေရေရာရာ မရှိ၊ ဝေေ၀ဝါးဝါး တွေသာ များတယ်။ နှုတ်တရာ စာတလုံးလို့ ပြောနေပေမယ့် လက်တွေ့ဘဝမှာ စာနဲ့ ပေနဲ့ မှတ်မှတ် သားသား ထားသူက ရှားတယ်။ အဲဒါကြောင့်လည်း ပုဂံရာဇဝင်ကို တုတ်ထမ်းပြောတယ် ဆိုတဲ့ စကားလည်း ပေါ်လာတာ ဖြစ်တယ်။ မှတ်တမ်းမှတ်ရာ အားနည်းခြင်း ရဲ့ အကျိုးဆက်ကတော့ နောင်တချိန်မှာ ငြင်းရခုံရ အငြင်းပွားရ တောတွေ ဖြစ်လာပြီး လူခင်ချင်း မခေါ်နိုင် မပြောနိုင်အထိ အမုန်းစာရင်း သွင်းရတော့တယ်။

ဂီတလောကမှာလည်း သီချင်း နာမည်ကျော်ပြီ ဆိုရင် စာသားက ငါထည့်တာ သံစဉ်က သူရှာတာ ဆိုပြီး အငြင်းအခုံ ဖြစ်ခဲ့တဲ့ သာဓကတွေ ရှိတယ်။ စာပေနယ်မှာလည်း အဲဒီလို မှတ်တမ်းမှတ်ရာ အားနည်းတဲ့ ပြသနာတွေ ရှိတယ်။ နိုင်ငံနဲ့ ချီတဲ့ ကိစ္စရပ် အချို့မှာပင် မှတ်တမ်းမှတ်ရာနဲ့ စနစ်တကျ သိမ်းဆည်းရမှန်း မသိကြဘူး။ အမျိုးသား စာကြည့်တိုက်လို နိုင်ငံတော်အဆင့် အဆောက်အဦသည်ပင် နေရာ ၆ နေရာထက် မနည်း ပြောင်းခဲ့ရွှေ့ခဲ့ကြရ ပြီးပြီ။ အဲဒီလို ရွှေ့ကြပြောင်းကြရင်းနဲ့ အဖိုးတန်စာပေအချို့ မသမာသူတွေ လက်ထဲကတဆင့် လမ်းဘေးက စာအုပ် ရောင်းချတဲ့ အဟောင်းဆိုင်တွေပေါ် ရောက်ကုန် ရတော့တာပါပဲ။ တချို့စာအုပ်တွေဆို စာကြည့်တိုက် စာအုပ် အမှတ်စဉ်တွေတောင် ပါသေးတယ်။

ကျေးလက်ဒေသတွေက အိမ်ခါးပန်းတွေ၊ ယက်မတွေမှာ မြေဖြူနဲ့ ရေးထိုး မှတ်တမ်းတင်ထားတဲ့စာတွေ အလွယ်တကူ တွေ့နိုင်ပါတယ်။ ဝါခေါင်လဆန်း ၂ ရက် ရေနံချေးသုတ်၊ တော်သလင်းလဆုတ် ၈ ရက် လှည်းဦးဒေါက်အသစ် တပ်ဆင်၊ ကြက်သွန်ခင်းရေမြုပ်၊ ပေါင်းထိုးခ ၃၂၀၀ ရှင်းလိုက်ရ စတဲ့ တောင်သူလုပ်ငန်းနဲ့ ဆိုင်တာတွေ ရေးထိုး မှတ်တမ်းတင်ထားကြတယ်။

သာသနိက အဆောက်အဦတွေ၊ ရှေးဟောင်းနယ်မြေတွေ၊ ယဉ်ကျေးမှု ပစ္စည်းတွေမှာ မင်ဖျက်ဆေးတွေနဲ့ ရေးထိုး မှတ်တမ်း တင်ကြသူတွေရှိသလို စူးချွန်တွေနဲ့ ရေးခြစ် မှတ်တမ်း တင်ကြသူတွေ ရှိတယ်။ ခရီးသွားအချို့က ရောက်တဲ့ နေရာကို အမှတ်တရ အဖြစ် ရေးထိုးကြတာပါ။ ဒါပေမယ့် မင်ဖျက်ဆေးမှာ ပါတဲ့ ဓာတုဆေးတွေကြောင့် ရှေးဟောင်း တန်ဖိုး ယုတ်လျော့ သွားရတာတွေ ရှိတယ်။ စူးချွန်နဲ့ လက်စွမ်းပြကြသူတွေ ကြောင့်လည်း ယဉ်ကျေးမှု အနုလက်ရာတွေ ဆုံးရှုံးရတယ်။ ပုဂံ ဘုရားတွေမှာ၊ ဦးပိန်တံတား တိုင်တွေမှာ၊ မင်းကွန်းခေါင်းလောင်းကြီးမှာ၊ ရွှေကျောင်းကြီးမှာ၊ မြနန်းစံကျော် ရွှေနန်းတော်ကြီးရဲ့ အဆောင်တွေမှာ မင်ဖျက်ဆေးနဲ့ ရေးထားတာတွေက မြင်လို့ မကောင်းဘူး။ ကိုယ့်ယဉ်ကျေးမှုကို တန်ဖိုးထားသူ ဆိုရင် မင်ဖျက်ဆေးတွေကို သတိကြီးကြီးထားပြီး သုံးစွဲကြရ ပါမယ်။

မြန်မာတွေ မှတ်တမ်းမှတ်ရာ အပိုင်းမှာ အားနည်းတာ ဘာကြောင့်လဲ။ မှတ်တမ်းမှတ်ရာဟာ အရေးမကြီးလှပါဘူး လို့ ယူဆ တာကြောင့်လည်း ပါတယ်။ အလေ့အထ နည်းတာလည်း အကြောင်းအရင်း တခု ဖြစ်နိုင်ပါတယ်။ မှတ်တမ်း မှတ်ရာ ထားရခြင်းရဲ့ တန်ဖိုးကို မသိတော့ မှတ်တမ်း ထားရကောင်းမှန်း မသိတော့ဘူး။ မြန်မာ စာပေလောကမှာ မြန်မာဝတ္တုတိုကို ပထမဆုံး ရေးဖွဲ့ခဲ့တဲ့ ဆရာကြီး ရွှေဥဒေါင်းဆိုရင် ဆေးတံနဲ့ တွဲမြင်ကြတယ်။

ဒါပေမယ့် အခုချိန်မှာ ဆရာကြီးသက်ရှိထင်ရှားရှိစဉ်က အသုံးပြုခဲ့တဲ့ ဆေးတံ ဘယ်မှာ ရှာရမလဲ။ ဆရာကြီးရွှေဥဒေါင်း နေခဲ့တဲ့ မန္တလေးက နေရာမှာ အရင်အဆောက်အဦ မဟုတ်တော့ဘူး။ ပိုင်ရှင် အသစ်တွေက ဖြိုဖျက်ပြီး အသစ်ဆောက်လိုက် ကြပြီ။ နဂိုမူလ ဆရာကြီးရဲ့ အိမ်လေးကို စနစ်တကျ မှတ်တမ်းတင်ထားနိုင်ခဲ့ရင် နှောင်းလူတွေ သိရှိရတာပေါ့။

ငြိမ်းချမ်းရေး ဗိသူကာကြီး သခင်ကိုယ်တော်မှိုင်းဆိုရင် ကွမ်းယာနဲ့ တွဲမြင်ကြတယ်။ ပြည်ပခရီးစဉ်တွေ သွားရာမှာလည်း ကွမ်းယာယူသွားသူ အဖြစ် ဆရာကြီးနဲ့ အတူပါသွားခဲ့တဲ့ တပည့် သားမြေးတွေရဲ့ ခရီးသွား စာပေတွေမှာ ဖတ်ရတယ်။ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်စဉ်ကာလက တောထဲက တပည့်တွေ မြို့ပေါ် တက်လာတော့ ဆရာကြီး အတွက် ဒေါင်းတကောင်နဲ့ ပျားရည်တပုလင်း ပါလာတယ်။

အဲဒီဓာတ်ပုံက သမိုင်းဝင် ဓာတ်ပုံပါပဲ။ ဆရာကြီးက ကွမ်းကြိုက်သူမို့ ဓာတ်ပုံထဲမှာ ကွမ်းအစ်လေးလည်း ပါတယ်။ အဲဒီ ကွမ်းအစ် စနစ်တကျ ထိမ်းသိမ်းသူ လက်ထဲ ရှိနေရင် သမိုင်းဝင် ပစ္စည်းပါပဲ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းနေခဲ့တဲ့ အိမ်လေးလည်း ကန်ထရိုက်တိုက်ခန်း ဖြစ်သွားပြီ။ မူရင်းအိမ်လေးကို ဓာတ်ပုံ မှတ်တမ်းလေး ဖြစ်ဖြစ် ရိုက်ယူ ထားနိုင်ခဲ့ရင် သမိုင်းကွက်လပ် ဖြည့်နိုင်တာပေါ့။

အနောက်တိုင်း ယဉ်ကျေးမှုမှာ ဆွေစဉ်မျိုးဆက် ဇယားဆိုတဲ့ family tree က ခေတ်စားတယ်။ ကျနော်တို့ဆီမှာတော့ family tree ယဉ်ကျေးမှုက အခုမှ စဖို့ ပြင်ဆဲပဲ ရှိသေးတယ်။ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်လို့ အလွယ် ပြောနေ ပေမယ့် အဘိုးရဲ့ အထက်မျိုးဆက်တွေ ဆိုရင် ဝိုးတိုးဝါးတား ဖြစ်ကုန်ကြပြီ။ ဒါဟာ မှတ်တမ်းမှတ်ရာ အားနည်းတဲ့ အလေ့အထကို ဖော်ပြနေတာဖြစ်တယ်။

ကျနော်တို့က မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေတာ များတယ်။ အပ္ပမာဒေန သမ္မာဒေထ (မမေ့မလျော့ မပေါ့ဆကြလင့်၊ သတိရှိကြကုန်လော့)ဆိုတဲ့ ပါဠိစကား နှုတ်တက်ရွရွ ရွတ်နေတယ် ဆိုသော်ငြား မကြာခဏ မေ့လျော့ပေါဆ ကြသူတွေ ဖြစ်တယ်။ နိုင်ငံနဲ့ ချီတဲ့ သမိုင်းဆိုင်ရာ ကိစ္စရပ်တွေမှာလည်း စနစ်တကျ ရေးထိုး မှတ်တမ်းတင်တာ အားနည်းတော့ အချိန်ကြာလာတဲ့ အခါ အငြင်းပွားဖွယ်တွေ ဖြစ်လာရတယ်။

သမိုင်းမှတ်တမ်း ရေးထိုး မှတ်တမ်းတင်ကြသူ အချို့ကလည်း ဓမ္မဓိဋ္ဌာန်ကျကျ မရေးဘဲ အတ္တနောမတိတွေနဲ့ ရေးသားဆုံးဖြတ်ပြီး ကိုယ်ကျိုးစီးပွားရှေ့တန်းတင်လွန်းကြတော့ ဖြစ်ရပ် တခုတည်းမှာပဲ နှစ်ယောက်ရေးရင် နှစ်မျိုး ကွဲတယ် ဆိုတာ ဖြစ်လာရတယ်။

မိတ်ဆွေ အချိန်မီ ကိုယ့်သမိုင်းကို မှန်မှန်ကန်ကန် ရေးဖို့၊ ကိုယ့်မှတ်တမ်းကို တိတိကျကျ မှတ်သားဖို့ တိုက်တွန်းလိုက်ပါရစေ။

(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading