နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေလ ၁၃ ရက်နေ့မှာ UMFCCI နဲ့ UN Global Compact Network for Myanmar နဲ့ ငြိမ်းချမ်းရေးအတွက် စီးပွားရေး လုပ်ငန်းများ (B4P) ကိစ္စအပေါ် နားလည်မှုသဘောတူ စာချွန်လွှာ ရေးထိုးနိုင်ခဲ့တဲ့အပေါ် ကျေးဇူးတင်ကြောင်း စာထုတ် ပြန်ခဲ့တာ ဖတ်ရပါတယ်။
အခုတလော သတင်းစာတွေမှာလည်း ငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းများ (Business for Peace) ကိစ္စကို မြန်မာနိုင်ငံမှာ မြှင့်တင်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ အထူးသဖြင့်တော့ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နဲ့ ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် (UN Global Pact) တို့က ဦးဆောင်ကြတာပါ။ မြန်မာနိုင်ငံလှုပ်ရှားမှုမှာတော့ ဆရာဒေါက်တာ အောင်ထွန်းသက်က တက်တက်ကြွကြွ စည်းရုံး ဟောပြောနေတာ တွေ့ရပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တွေက ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ပိုကောင်းတာပေါ့။ ကျနော်တို့က ဒီလိုဖြစ်လာတာကို ကြိုဆိုကြရပါမယ်။ သို့သော် ဘယ်လိုပူးပေါင်းဆောင်ရွက်မှာပါလဲ၊ အစိုးရဖက်ကရော ဘယ်လိုတာဝန်ယူ တာဝန်ခံမှုတွေနဲ့ ဆောင်ရွက်မှာပါလဲ။ ဒီကိစ္စတွေရဲ့ နောက်ကွယ်က စဉ်းစားမှု (concept) က ဘာပါလဲ။ ကျနော် စိတ်ဝင်စားစရာတွေ ဖြစ်လာလို့၊ မရှင်းလင်းလို့ မေးကြည့်ရတာပါ။
ဒါဟာ အစိုးရက ကမကထပြု ဦးဆောင်တဲ့ လှုပ်ရှားမှုတရပ်လား၊ အစိုးရရဲ့ ဝက်ဘ်ဆိုဒ်တွေ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝက်ဘ်ဆိုဒ်တွေမှာ ဝင်ရှာကြည့်တော့လည်း မတွေ့ရသေးပါဘူး။ ဒါပေမယ့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးစကားဝိုင်းတွေမှာ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ရာမှာ စီးပွားရေးလုပ်ငန်းရှင်တွေလည်း တာဝန်ရှိကြောင်း၊ ပြည်သူတွေလည်း တာဝန်ရှိကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့ဖူးပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အတွက် ရန်ပုံငွေထူထောင်ပြီး ပြည်သူတွေ၊ လုပ်ငန်းရှင်တွေထံကလည်း အလှူခံခဲ့ပါတယ်။ ၂၀၁၇ ဧပြီ ၃ စာရင်းအရ ၁၃. ၉၄၈ ဘီလီယံကျပ် ရရှိပြီလို့ သိရပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးအတွက် ငွေလှူဒါန်းရုံနဲ့ လုံလောက်ပြီလို့ ခံယူလို့မရပါဘူး။
အခု ငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းများ (B4P) အစီအစဉ်ဟာလည်း အစိုးရက ကမကထလုပ်တဲ့ အစီအစဉ်တခု ဖြစ်နိုင်ပါတယ်။ UMFCCI က ကျင်းပတဲ့ပွဲတွေမှာ အစိုးရငြိမ်းချမ်းရေးကော်မရှင်ခေါင်းဆောင် ဒေါက်တာတင်မျိုးဝင်းကိုယ်တိုင် တက်ရောက် အဖွင့်စကားပြောတာတွေ တွေ့ရသလို ဒါကို ဦးဆောင်စည်းရုံးနေသူ ဒေါက်တာအောင်ထွန်းသက်ဟာလည်း ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်ဖြစ်ပါတယ်။ ဒီလိုပွဲတွေကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်က စီးပွားရေးလုပ်ငန်းရှင်၊ ကုန်သည်ကြီးများ အသင်းတွေနဲ့ ကျင်းပခဲ့တာ တွေ့ရပါတယ်။
ယေဘုယျ ကျနော်လေ့လာကြည့်မိရသလောက်ကတော့ စီးပွားရေးလုပ်ငန်းရှင်တွေက ကျင့်ဝတ်နဲ့လျော်ညီတဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့၊ ငြိမ်းချမ်းရေးကို အားပေးကြဖို့ တိုက်တွန်းပါတယ်။ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးဇော်ဝင်းမင်းကတော့ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေက ဝေးလံတဲ့ ဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေနဲ့ လူငယ်တွေရဲ့ လူမှုစီးပွားဘဝ တိုးတက်ရေး အားပေးကြဖို့၊ ကျွမ်းကျင်မှု၊ လုပ်ငန်းခွင် သင်တန်းတွေပေးကြဖို့၊ ဗဟုသုတမျှဝေပေးကြဖို့ တိုက်တွန်းပြောဆိုတာ ဖတ်ရပါတယ်။ အဲဒါအပြင် ဒေါက်တာ အောင်ထွန်းသက်က လုပ်ငန်းခွင်၊ ဈေးကွက်၊ ဒေသခံ ရပ်ရွာတွေမှာ ငြိမ်းချမ်းရေးအတွက် သင်ယူလေ့လာမှု၊ ဆွေးနွေး ညှိနှိုင်းမှု၊ စုပေါင်းဆောင်ရွက်မှု တွေအတွက်လည်း တိုက်တွန်းပြောဆိုခဲ့ကြတာကို ကြားရပါတယ်။ ပဋိပက္ခ၊ စစ်ပွဲတွေဖြစ် နေကြတဲ့ ဒေသတွေမှာ စီးပွားရေးလုပ်ငန်းတွေကို တာဝန်သိစွာ လုပ်ဆောင်ကြဖို့ တိုက်တွန်းပြောဆိုမှုတွေ ကြားသိခဲ့ရပါတယ်။
ခုန ပြောဆိုခဲ့တဲ့ လုပ်ငန်းတွေက ကောင်းပါတယ်။ ကျနော်က သာမာန်လူတယောက်လိုပဲ စဉ်းစားကြည့်ပါတယ်။ ပထမ အချက်က ငြိမ်းချမ်းရေးဆိုတာ ဘာပါလဲ၊ အပစ်ရပ်စဲရေးထက်တော့ မြင့်ပါတယ်။ ငြိမ်းချမ်းရေးမှာတောင် စိတ်ရဲ့ငြိမ်းချမ်း ရေးဆိုတာမျိုး ရှိတော့ အဆင့်ဆင့် ရှိနိုင်တယ်လည်း ထင်မြင်မိပါတယ်။ ငြိမ်းချမ်းရေးအတွက် စီးပွားရေးအယူအဆ ဆိုတာ ကတော့ ငြိမ်းချမ်းရေးပျက်စေနိုင်တဲ့၊ ပဋိပက္ခ စစ်ပွဲတွေ ဖြစ်စေနိုင်တဲ့၊ လူလူချင်း ရန်သတ်ဖက်ပြိုင် ဖြစ်စေနိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေဆိုရင် မလုပ်ဘူးပေါ့။ ငြိမ်းချမ်းဖို့၊ သင့်မြတ်ဖို့ တိုက်တွန်းမယ်ပေါ့။
စဉ်းစားမိပါတယ်။ (Blood diamond) “သွေးစွန်းတဲ့စိန်” ဆိုတာမျိုး ရုပ်ရှင်တွေထဲကလို၊ ပဋိပက္ခ စစ်ပွဲတွေဖြစ်စေတဲ့ ရွှေတူးတာ၊ ကျောက်မြက်တူးဖော်နေတာ၊ သယံဇာတတူးဖော်နေတာတွေက ပဋိပက္ခစီးပွားရေးလို့ ခေါ်နိုင်ပါတယ်။ ဘိန်း၊ မူးယစ်ဆေးဝါး၊ လက်နက်မှောင်ခို လုပ်ငန်း တွေလည်း ပါဝင်နိုင်ပါတယ်။ ဒီလိုစီးပွားတွေနဲ့ ဆက်နွှယ်လို့ ငွေမဲငွေဖြူလုပ်တာ၊ မှောင်ခို လူ ပစ္စည်းကုန်ကူးတာ စသည်တို့ ပါဝင်နိုင်ပါတယ်။ သစ်ထုတ်တဲ့ကုမ္ပဏီတွေ၊ သယံဇာတထုတ်တဲ့ ကုမ္ပဏီတွေက ဒီလိုကိစ္စမျိုးတွေ ပါဝင် ပတ် သက်ဖို့ အကြောင်းများပါတယ်။
ဒါဆိုရင် အစိုးရအနေနဲ့ သယံဇာတထုတ်လုပ်ငန်းတွေ၊ သံသယမကင်းဖွယ် ပုံမှန်မဟုတ် တဲ့ စီးပွားရေးလုပ်ငန်းတွေ (informal sector) တွေ အပေါ်မှာ ဘယ်လို ဆောင်ရွက်မှာပါလဲ။ ဒီလူတွေကမှ ငြိမ်းချမ်းရေးကို ဖျက်ဆီးနေတဲ့ စီးပွားရေးလုပ်ငန်းတွေလို့ ဆိုနိုင်ပါတယ်။ တဖက်မှာလည်း ကုန်သည်ကြီးများအသင်းက ယခုဆောင် ရွက်နေတဲ့ ကျင့်ဝတ်စောင့်သိမှုအပေါ် ကတိကဝတ်ပြုတဲ့ လုပ်ငန်းတွေက လူကြီးလူကောင်း သဘောတူညီမှု (Gentlemen agreement) ပါ။ မလိုက်နာ မဆောင်ရွက်ရင် အရေးယူနိုင်တဲ့ (binding power) မရှိပါဘူး။ နာမည်ပျက်ရုံ၊ သိက္ခာကျရုံ သဘောပဲ ရှိနိုင်ပါတယ်။ ဒီကိစ္စအပေါ် အစိုးရဖက်က ကတိကဝတ်ပြုမှု (political will) နဲ့ ဆုပေးဒဏ်ပေးကိစ္စများ (rewarding systems) များ လိုအပ်မယ်လို့ ယူဆမိပါတယ်။
ထိုင်းနိုင်ငံမှာတော့ ဝန်ကြီးချုပ်ဟောင်း အဖိချစ် ဝိချာဇီဝ (Abhisit Vejjajiva) လက်ထက်မှာ အစိုးရက ဂုဏ်သိက္ခာ တည်ကြည်မှုဆိုင်ရာ သဘောတူညီချက် (Integrity Pact) ကို စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စာချုပ်ချုပ်ဆို ဆောင်ရွက်ဖူးပါတယ်။ အစိုးရဖက်က လာဘ်မယူကြေး ကတိပေးပြီး၊ ကုမ္ပဏီများဖက်ကလည်း လာဘ်မပေးကြေး နှစ်ဖက်သဘောတူ စာချုပ် ချုပ်ဆိုကြတာပါ။ အဲဒီမှာ အစိုးရဖက်က ဝန်ကြီးဌာနတခုချင်းစီက လာဘ်စားမှုအန္တရာယ် အများဆုံးရှိနိုင်တဲ့ ဌာနတစ်ခု (risky department) ကို ရွေးချယ်ပြီး ပါဝင်လက်မှတ်ထိုးစေမယ်၊ ကုမ္ပဏီများဖက်ကလည်း လက်မှတ်ထိုးကြဖို့ တိုက်တွန်းပါတယ်။ လက်မှတ်ထိုးပြီး လိုက်နာမှုကောင်းတဲ့ ကုမ္ပဏီတွေကို အစိုးရဖက်က “လာဘ်ပေးမှုကင်းရှင်းကြောင်း လက်မှတ်” (corruption free certificate) ကို ပြန်ထုတ်ပေးမယ်လို့ ဆိုခဲ့ပါတယ်။
ယခု NLD အစိုးရအနေနဲ့လည်း သတ္တိရှိ ရင် ဒီလို လာဘ်မပေးကြေး၊ လာဘ်မယူကြေး သဘောတူညီချက် ဖြစ်လာသည် အထိ ဆောင်ရွက်နိုင်ပါတယ်။ ဒါဆိုရင် စည်းကြပ်မှုမရှိနိုင်တဲ့ သဘောတူညီချက်တွေကနေပြီး၊ ဆုပေးဒဏ်ပေးသဘော ပိုမိုလိုက်နာအောင် ဆွဲဆောင်နိုင်မှာ ဖြစ် ပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဒီလိုဆိုလို့ လာဘ်စားမှု ပပျောက်ကင်းရှင်ပြီ ဆိုတာတော့ မဟုတ်ပါဘူး။ ဆက်လက် လုပ်ဆောင် နေကြရတုန်းပါပဲ။ သူတို့ဆီမှာက ၁၉၉၇ ငွေကြေးအကျပ်အတည်းပြီး နောက်ပိုင်းကတည်းက အစိုးရပွင့်လင်းမြင်သာရေး၊ လာဘ်စားမှုကင်းရှင်းရေး၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good governance) ကိစ္စတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေ မှာ ထည့်သွင်းရေးဆွဲခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် ပြင်ဆင်တဲ့အခါမှာလည်း ဒီလို Good governance လိုကိစ္စတွေ ထည့်သွင်း ကတိကဝတ်ပြုဖို့ အိပ်မက်မိပါသေးတယ်။
ထိုင်းဝန်ကြီးချုပ် အဖိချစ် မတိုင်မီကာလ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ဆူလာယွတ် ချူလာနွတ် (၂၀၀၆-၂၀၀၈) ကာလကတည်းက ဒီလိုကိစ္စတွေကို စဉ်းစားလုပ် ဆောင်နေခဲ့တာ ရှိပါတယ်။ ဥပမာအားဖြင့်- အစိုးရက ကျင့်ဝတ်မြှင့်တင်ရေးနဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အမျိုးသား အာဂျင်ဒါ (National Agenda on Ethics promotion and Anti-Corruption) ချမှတ် လုပ်ဆောင်ခဲ့တာ ရှိပါတယ်။ အဲဒီမှာ လိုက်နာမှုအခြေခံ ချည်းကပ်မှု (Compliance-based approach) နဲ့ တည်ကြည်မှုသိက္ခာ အခြေခံ ချည်းကပ်မှု (Integrity-based approach) တွေနဲ့ ချည်းကပ် လုပ်ဆောင်ခဲ့ကြပါတယ်။ အစိုးရပစ္စည်းဝယ်ယူမှု (procurement) ကိစ္စတွေကို အလေးပေး ကြပ်မတ်ခဲ့ကြပါတယ်။ ဝန်ကြီးချုပ် အဖိချစ်ကာလ ၂၀၀၀ ခုနှစ်မှာတော့ အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေး၊ အမျိုးသားတည်ကြည်မှု ဂုဏ်သိက္ခာ အစီအစဉ် (National Integrity Plan for Combating Corruption) ချမှတ်ပြီး လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီလိုမျိုး အစိုးရဖက်က အစီအစဉ်များနဲ့ ကတိကဝတ် ပြုမှု တွေလည်း လိုအပ်ပါလိမ့်မယ်။
ဒါ့အပြင် ကျနော့်ကိုယ်တွေ့ ပြဿနာလေးတွေလည်း ကြားခဲ့ရဖူးပါတယ်။ မော်လမြိုင်က ကုန်သည်ကြီးများအသင်းနဲ့ တွေ့ စဉ်မှာ သူတို့ကပြောတာ၊ “ကျနော်တို့က အခွန်ပေး၊ တရားဝင် ပစ္စည်းတင်သွင်း လုပ်ဆောင်တာမျိုး လုပ်ချင်ကြပါတယ်။ ကျနော်တို့အတွက်လည်း ပြဿနာနည်း၊ ခေါင်းရှင်းပါတယ်။ အစိုးရအတွက်လည်း အခွန်ရရှိစေမှာပါ။ ဒါပေမယ့် ဒီလိုဆိုရင် ကျနော်တို့ပစ္စည်းတွေက အခြားနည်းအားဖြင့် သွင်းလာတဲ့ (ခိုးလမ်းကနေ၊ အခြားမှောင်ခိုနည်းဖြစ်စေ) ပစ္စည်းတွေနဲ့ ဈေးချင်း မယှဉ်သာပါဘူး” လို့ ညည်းညူတာ ကြားခဲ့ရဖူးပါတယ်။ဒါဆိုရင် အခုလို ကျင့်ဝတ်လိုက်နာရေး ကတိပြုထားတဲ့ ကုမ္ပဏီများအပေါ် ‘မှောင်ခိုအားပေး၊ တရားမဝင်လုပ်ငန်း’ များဆီမှ ဘယ်လို ကာကွယ်ပေးမှာလဲ ဆိုတာ မေးခွန်းဖြစ်လာပါ တယ်။ အခြားပြဿနာ များစွာ ရှိနေနိုင်ပါတယ်။ ကျနော်တို့နိုင်ငံမှာက တရားမဝင်ကဏ္ဍ (informal sector) ကြီးထွားနေ ဆဲပါ။
အခု အချိန်မှာတော့ UN Global Compact Network Myanmar နဲ့ တာဝန်သိသော ကုမ္ပဏီများအဖြစ် ဆောင်ရွက်ကြမယ် ဆိုတာ လုပ်ငန်းပေါင်း ၃၀၀ လောက်က မြန်မာနိုင်ငံမှာ လက်မှတ်ရေးထိုးထားပြီ ဆိုပါတယ်။ ဆရာ ဦးအောင်ထွန်းသက် ကတော့ ယခုနှစ်ကုန်မှာ ကုမ္ပဏီ ၁၀၀၀ လောက်အထိ လက်မှတ်ထိုးလာမယ်၊ လာမယ့် ၃-နှစ်မှာ ကုမ္ပဏီ ၅၀၀၀ လောက် အထိ လက်မှတ်ရေးထိုးလာမယ်လို့ မျှော်လင့်ထားပါတယ်။
ကျနော့် သိချင်စိတ်ကတော့ အခု ငြိမ်းချမ်းရေးအတွက် ဘိဇနက် (B4P) အယူအဆကို ဒီထက်ရှင်းလင်းအောင် ဖွင့်ဆို ရှင်းပြချက် လုပ်ငန်းစဉ်တွေ လိုအပ်ပါလိမ့်မယ်။ ဒါ့အပြင် အစိုးရဖက်က ကတိကဝတ်ပြုမှု (Political will) နဲ့ တိကျတဲ့ ခြေလှမ်း လုပ်ငန်းစဉ်များလည်း လိုအပ်မယ် ယူဆမိပါတယ်။
(အောင်သူငြိမ်းသည် ရန်ကုန်အခြေစိုက် Institute for Strategy and Policy-ISP ၏ သင်တန်းဆိုင်ရာ ဒါရိုက်တာဖြစ်သည်)