ပုဂ္ဂိုလ်ရေးအရဆိုလျှင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် ကျောက်မီးသွေးကို စွမ်းအင်အရင်းအမြစ် အဖြစ် အသုံးပြုခြင်းကို ကျနော် သဘောမကျပါ။ သို့သော်လည်း ကျောက်မီးသွေးလောင်စာသုံး စီမံကိန်းများကို ကျနော်တို့ တိုင်းပြည်အတွက် လုံးဝလက်မခံသင့်သော စွမ်းအင်ဖြစ်သည်ဟုလည်း မငြင်းပယ်လိုပါ။
အဘယ်ကြောင့်ဆိုသော် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကို ဖြေရှင်းရေးက ကျနော်တို့တိုင်းပြည်အတွက် သေရေးရှင် ရေးတ မျှ အရေးကြီးလာသောကြောင့် ဖြစ်သည်။ အိမ်ထောင်စုများ၊ စက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများအတွက် လုံ လောက်သော လျှပ်စစ်ဓာတ်အား မရှိဘဲနှင့် ရေရှည် လူမှုရည်မှန်းချက်များ ရရှိနိုင်မည် မဟုတ်ပါ။
နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်အတွက် အစိုးရအနေဖြင့် သူတို့(ရင်းနှီးမြှုပ်နှံသူများ)၏ စက်ရုံများ၊ အထူးစီးပွားရေးဇုန်များမှ စီးပွားရေးလုပ်ငန်းများနှင့် စက်မှုဇုန်များအတွက် လုံလောက်သည့် လျှပ်စစ်ဓာတ်အား ရရှိရေးကို သေချာအောင် ပထမဆုံးပြုလုပ်ရမည် ဖြစ်သည်။
ယခုအချိန်အထိ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးတွင် ကျောက်မီးသွေးက ၂ ရာခိုင်နှုန်းသာ ပါဝင်နေပြီး ရေ အားလျှပ်စစ်က အဓိက စွမ်းအင်အရင်းအမြစ်ဖြစ်နေသည်။ ၎င်း၏ နောက်တွင် သဘာဝဓာတ်ငွေ့ရှိနေသည်။ လျှပ်စစ်ဓာတ် အားထုတ်လုပ်ရေးတွင် ကျောက်မီးသွေးပါဝင်မှုကို ၂ ရာခိုင်နှုန်းမှ ၃၃ ရာခိုင်နှုန်း အထိတိုးမြှင့်ရန် အစိုးရက စဉ်းစားနေ ကြောင်း မီဒီယာသတင်းများ၏အဆိုအရ သိရသည်။
လွတ်လပ်သောလျှပ်စစ်ထုတ်လုပ်သူများ (IPP) က အဆိုပြုလာသည့် တည်ဆောက်ချိန်တိုပြီး ကုန်ကျစရိတ်သက်သာ သော ကျောက်မီးသွေးလောင်စာသုံး စီမံကိန်းများကို လက်ခံရုံက လွဲ၍ အစိုးရတွင် ရွေးချယ်စရာ မရှိတော့ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ်က မကြာသေးမီက အရိပ်အမြွတ်ပြော ကြားခဲ့သည်။
ဂျပန်ကုမ္ပဏီများကလည်း သူတို့၏ ကျောက်မီးသွေးစီမံကိန်းများကို လက်ခံရန် အားသွန်ခွန်စိုက် စည်းရုံးနေကြသည်။ သို့ သော်လည်း အဆိုပါ စီမံကိန်းများကို အကောင်အထည်ဖော်လာခဲ့လျှင် ဆန့်ကျင်ဆန္ဒပြကန့်ကွက်သွားမည် ဖြစ်ကြောင်း သ ဘာဝပတ်ဝန်းကျင် ကာကွယ်ရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများက အစိုးရနှင့် ရင်းနှီးမြှုပ်နှံသူများကို အခိုင်အမာ ပြောကြားခဲ့ကြပြီး ဖြစ်သည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ၏ကွန်ရက်တခုက မေလ ၄ရက်နေ့က ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ တခု ပြုလုပ်ခဲ့ပြီး ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေးစက်ရုံများနှင့် ပတ်သက်သည့် အစီရင်ခံစာတစောင်ကို ထုတ် ပြန်ခဲ့သည်။
ယခင်ကလည်း ကချင်ပြည်နယ်မှ မြစ်ဆုံစီမံကိန်းကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များက ပြင်းထန်စွာ ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည့်အတွက် ၂၀၁၂ ခုနှစ်တွင် တည်ဆောက်ရေးစီမံကိန်းကို ဆိုင်းငံ့ခဲ့ရသည်။
တခြားတဖက်တွင်မူ ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေးစက်ရုံများကို ထောက်ခံသူများက တိုင်းပြည်၏လူမှုစီး ပွားအခြေအနေကို ထောက်ပြကြသည်။ သင့်တင့်လျှောက်ပတ်သော နည်းပညာကို သုံးစွဲမည်ဆိုလျှင် ကျောက်မီးသွေး စက်ရုံများ၏ သဘာဝပတ်ဝန်းကျင်နှင့်လူသားတို့အပေါ် ဆိုးကျိုးသက်ရောက်နိုင်မှုကို လျှော့ချနိုင်မည် ဖြစ်ကြောင်းသူတို့ ကပြောသည်။
ကျောက်မီးသွေး လောင်စာသုံးစီမံကိန်းများကို လက်ခံခြင်းမပြုမီ စီမံကိန်းတည်နေရာနှင့် ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေးစက်ရုံ၏ အရွယ်အစားတို့က အဓိက ထည့်သွင်းစဉ်းစားရမည့်အချက်များ ဖြစ်သည်ဟု သူက ပြောသည်။ ရန်ကုန်ကဲ့သို့သော လူနေထူထပ်သည့် နေရာမျိုးတွင် တည်ဆောက်ခြင်း မပြုသင့်ပါ။
တချိန်တည်းမှာပင် အစိုးရအနေဖြင့် အနာဂတ်တွင် အမှတ်တကယ် လိုအပ်မည့် လျှပ်စစ်ဓာတ်အားကို သေချာအောင် ဂရု တစိုက်တွက်ချက်ထားရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လွတ်လပ်သောလျှပ်စစ်ထုတ်လုပ်သူများ (IPP) ထံမှ လျှပ်စစ်ဓာတ်အားကို ကာလရှည် လုပ်ပိုင်ခွင့်ပေးသည့် ကန်ထရိုက်စာချုပ်များဖြင့် ဝယ်ယူရတော့မည် ဖြစ်သောကြောင့် ဖြစ်ပါသည်။
အမှန်တကယ်အားဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးတွင် ကျောက်မီးသွေးပါဝင်မှုကို တိုးမြှင့်ရေးအတွက် အစိုးရက စဉ်း စားရခြင်းတွင် အကြောင်းရင်းများစွာ ရှိပါသည်။ ရေအားလျှပ်စစ်က သန့်စင်၍ ဈေးနှုန်းချိုသာသော်လည်း ရေကာတာ များတည်ဆောက်ရေးအတွက် အချိန်များစွာလိုအပ်သည်။
ထို့ပြင် စီမံကိန်းများ ပြုလုပ်နိုင်သည့် နေရာများမှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တစိတ်တပိုင်း ထိန်း ချုပ်ထားသည့် ဝေးလံသော နယ်စပ်ဒေသများတွင် ရှိနေသည်။
မြေသိမ်းယူခြင်းနှင့်သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးဖွယ်ရာများ ရှိနေခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်သူများ၏ ပြင်းထန်သော ဆန့်ကျင်ကန့်ကွက်မှုနှင့် ရင်ဆိုင်ရနိုင်သည်။
သဘာဝဓာတ်ငွေ့၏ ပြဿနာမှာ ဓာတ်ငွေ့ထွက်သည့် မြန်မာနိုင်ငံတောင်ပိုင်းမှနေ၍ ဓာတ်အားပေးစက်ရုံရှိသည့် ရန်ကုန် သို့မဟုတ် အခြားနေရာများသို့ ပိုက်လိုင်းမှတဆင့် ပေးပို့ရခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ကဏ္ဍကို လေ့လာခဲ့သည့် Harvard တက္ကသိုလ်မှ ပညာရှင်တဦးဖြစ်သော David Dapice ၏ အဆိုအရ ရတနာကမ်းလွန်သဘာဝ ဓာတ်ငွေ့တွင်းမှ ရန်ကုန်ရှိ ဓာတ်အားပေးစက်ရုံသို့ သွယ်တန်းထားသော အရှေ့ တောင် ဓာတ်ငွေ့ပိုက်လိုင်းသည် ယခုအချိန်တွင် စွမ်းဆောင်နိုင်စွမ်း၏ သုံးပုံတပုံသာ အလုပ်လုပ်ကြောင်း သိရသည်။
ပိုက်သွယ်တန်းမှုတွင် အတွေ့အကြုံမရှိသည့် ယခင် တပ်မတော်အစိုးရနှင့် နီးစပ်သည့်ကုမ္ပဏီကို တင်ဒါအောင်ပေးခဲ့သော ကြောင့်ဖြစ်သည်။
ပိုက်လိုင်းအသစ် သွယ်တန်းပါကလည်း အမေရိကန်ဒေါ်လာ သန်း ၆၀၀ မျှ ကုန်ကျနိုင်သည်ဟု သူက ရေးသားခဲ့သည်။ အ ကျင့်ပျက်ခြစားမှုနှင့် ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့်ဖြစ်သည်။
လက်ရှိ သဘာဝဓာတ်ငွေ့တွင်းများမှ ထုတ်လုပ်မှုကလည်း ကျဆင်းနေပြီး ထွက်ရှိသည့် ဓာတ်ငွေ့အများစုက ထိုင်းနှင့် တ ရုတ်နိုင်ငံများသို့ ရောင်းချထားပြီး ဖြစ်သည်။
ထို့ကြောင့် အကယ်၍ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများကိုသာ အကောင်အထည်ဖော်ခဲ့လျှင် မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အနေဖြင့် လိုအပ်သော သဘာဝဓာတ်ငွေ့ ထောက်ပံ့ပေးနိုင်ရန်နှင့် ဓာတ်ငွေ့ ထောက်ပံ့မှု သဘောတူညီချက် လက်မှတ်ထိုးနိုင်ရန် မသေချာတော့ပါ။ ထို့ပြင် သဘာဝဓာတ်ငွေ့မှာ ရေအားနှင့် ကျောက်မီးသွေးထက် ဈေးကြီးသည်။ အကယ်၍ ဓာတ်အားခများကို တိုးမြှင့်လိုက်လျှင် လူအများအပြားက ကန့်ကွက်ဆန္ဒပြကြမည် ဖြစ်သည်။
ထို့အပြင် စွန့်စားရမှုများသည့် လျှပ်စစ်စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိသည့် ရင်းနှီးမြှုပ်နှံသူကလည်း အနည်း ငယ်သာ ရှိသည်။ တရုတ်နိုင်ငံက ရေအားလျှပ်စစ် စီမံကိန်းများနှင့် ဂျပန်နိုင်ငံက ကျောက်မီးသွေးလောင်စာသုံးစက်ရုံ များကို စိတ်ဝင်စားခြင်းသာရှိသည်။
မြန်မာနိုင်ငံတွင် အစိုးရက ရင်းနှီးမြှုပ်နှံနိုင်မှု မရှိသည့်အခြေအနေနှင့် စွန့်စားရမှု များပြားခြင်းများကြောင့် တရုတ်နှင့်ဂျပန် နိုင်ငံတို့ကသာ လျှပ်စစ်စွမ်းအင်စီမံကိန်းများအတွက် လုံလောက်သော ဘဏ္ဍာငွေ အရင်းအမြစ်ကို ထည့်ဝင်ရဖွယ်ရှိနေသည်။
မြန်မာနိုင်ငံသား အများအပြားက တရုတ်ဆန့်ကျင်ရေးသဘောထားများ ရှိနေခြင်းနှင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ၏အငြင်း ပွားဖွယ်ရာ စီမံကိန်းများကြောင့် ဂျပန်နိုင်ငံ၏ကျောက်မီးသွေး စက်ရုံစီမံကိန်းများက ပိုမိုဆွဲဆောင်နိုင်သည့် အသွင်ရှိနေ သည်။ သူတို့က နည်းပညာရော ဘဏ္ဍာရေး အရင်းအမြစ်များပါ ယူဆောင်လာကြမည် ဖြစ်သည်။
အထက်ပါအကြောင်းများကြောင့် အစိုးရတွင် ရွေးချယ်စရာမရှိသည့် အသွင်ဖြစ်နေပါသည်။ နွေရာသီတွင် ဓာတ်အားပြတ် တောက်မှု ဆိုးရွားစွာ ဖြစ်နေခြင်းနှင့် ကာလရှည်ကြာခဲ့ပြီ ဖြစ်သော လူမှုစီးပွားရေး ပြဿနာများဖြစ်သည့် အလုပ်အကိုင် အခွင့်အလမ်းဖန်တီးရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရေး၊ ပညာရေး အရည်အသွေးတိုးတက်ရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေး စသည်တို့ကို ဖြေရှင်းရန်အတွက် ဂျပန်ရင်းနှီးမြှုပ်နှံသူများက အဆိုပြုထားသော ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများကို လက်ခံရန် သင့်မသင့်ကို အစိုးရအနေဖြင့် ဒွိဟ ဖြစ်နေရသည်။
သို့သော်လည်း မူဝါဒ ချမှတ်သူများအနေဖြင့် အဆိုပါ စီမံကိန်းများကို လက်ခံခြင်းမပြုမီ ဂရုတစိုက် ဆင်ခြင်စဉ်းစားရန် လို အပ်ပါသည်။
သူတို့ထဲမှ အချို့တွင်လည်း ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေးစက်ရုံများနှင့် ပတ်သက်၍ အယူအဆလွဲမှားမှု များ ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ကျောက်မီးသွေး လောင်စာသုံးစက်ရုံများကို တနှစ် သို့မဟုတ် ၂ နှစ် အတွင်း တည်ဆောက်နိုင်သည်ဟု ထင်ကြသည်။
အမှန်တကယ်တွင်မူ high efficiency low emission (HELE)၊ super critical (SC) သို့မဟုတ် Ultra Super Critical (USC) စသည့် သန့်စင်သော ကျောက်မီးသွေး နည်းပညာများသည် ခေတ်အမီဆုံးပုံစံများ ဖြစ်ပြီး တည်ဆောက်ချိန် အနည်း ဆုံး ၃-၄ နှစ် ကြာမြင့်မည် ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ လျှပ်စစ်ဓာတ်အားပြဿနာကို ဖြေရှင်းရန် ရေတို အဖြေတခု မဟုတ်ပါ။
နောက်ထပ်ထည့်သွင်းစဉ်းစားရမည့် အကြောင်းတခုမှာ စွမ်းဆောင်ရည်မြင့်မားသော ကျောက်မီးသွေးလောင်စာသုံး ဓာတ် အားပေးစက်များ (၆၀၀ မှ ၁၀၀၀ မီဂါဝပ် အထိထုတ်လုပ်နိုင်သော) သည် ပုံမှန်အားဖြင့် အရွယ်အစားကြီးမားပြီး သေးငယ် သော ကွန်ရက်ငယ်များနှင့် သင့်တော်ခြင်း မရှိပေ။
ထို့ပြင် အနာဂတ်လျှပ်စစ်ဓာတ်အား လိုအပ်ချက်နှင့်ရင်းနှီးမြှုပ်နှံမှုက ဟန်ချက် ညီမျှမှုရှိရမည် သို့မဟုတ်ခဲ့လျှင် အစိုးရအ နေ ဖြင့် ကျောက်မီးသွေးစက်ရုံများ အပါအဝင် ရင်းနှီးမြှုပ်နှံမှုအသစ်များမှ ပိုနေသော လျှပ်စစ်ဓာတ်အားအတွက် ငွေပေးချေ ရတော့မည်ဖြစ်ပြီး အစိုးရ၏ဘတ်ဂျက်မှ ကြီးမားသော ယိုစီးမှု ဖြစ်လာနိုင်သည်။
ထို့အပြင် လျှပ်စစ်ကဏ္ဍတွင် ထုတ်လုပ်ရေးသည် အစိတ်အပိုင်းတခုသာ ဖြစ်ပြီး၊ သွယ်တန်းရေးနှင့် ဖြန့်ဖြူးရေးအပိုင်းတို့ကို လည်း လစ်လျူရှု၍ မရချေ။ ထုတ်လုပ်ရေးပိုင်းမှ မည်မျှပင် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ထုတ်လုပ်နိုင်စေကာမူ သွယ် တန်းပို့လွှတ်ရေး (transmission) နှင့် ဖြန့်ဖြူးရေး (distribution) ပိုင်းတွင် ဓာတ်အားခွဲရုံများ မလုံလောက်ခြင်း၊ လျှပ်စစ် ဓာတ်ကြိုးများ မကောင်းခြင်း၊ ထရန်စဖော်မာများ မလုံလောက်ခြင်းများရှိပါက လေ့လွင့်မှုများ၊ ဓာတ်အားပြတ်တောက်မှု များ ဆက်လက်ဖြစ်နေနိုင်သည်။
ထို့အပြင် ကျောက်မီးသွေးက ဓာတ်ငွေ့ထက် ဈေးချိုသည်ဆိုသည့် အယူအဆကိုလည်း စနစ်ကျ ပြန်လည်တွက်ချက်သင့် ပါ သည်။ အဘယ်ကြောင့်ဆိုသော် (ဒေသအတွင်းတွင် အဓိက ကျောက်မီးသွေးတင်ပို့သူ ဖြစ်သည့်) အင်ဒိုနီးရှားနိုင်ငံမှ တင် သွင်းသည့် ကျောက်မီးသွေးများက အရည်အသွေးနိမ့်ကျပြီး အကယ်၍ သြစတြေးလျ သို့မဟုတ် အခြားနေရာများမှ သန့်စင် သော ကျောက်မီးသွေးတင်သွင်းလျှင်လည်း ကုန်ကျစရိတ်က သဘာဝဓာတ်ငွေ့နှင့် ထပ်တူနီးပါးမျှ ဖြစ်သွားနိုင်သည်။
လွတ်လပ်သော လျှပ်စစ်ဓာတ်အား ထုတ်လုပ်သူ (IPP) များထံမှ ဝယ်ယူရမည့် လျှပ်စစ်ဓာတ်အားဈေးနှုန်းမှာလည်း သူတို့ ၏စီမံကိန်း ရင်းနှီးမြှုပ်နှံမှုပမာဏပေါ်တွင် မူတည်နေပါသည်။
ရင်းနှီးမြှုပ်နှံမှုပမာဏ မြင့်မားသည်နှင့်အမျှ သူတို့က အစိုးရကို ရောင်းချမည့် ဓာတ်အားခဈေးနှုန်းက မြင့်မားလိမ့်မည်ဖြစ် သည်။ ထို့အပြင် အစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများ ရင်ဆိုင်ရနိုင်သည့် ဆုံးရှုံးနိုင်မှု အန္တရာယ်များကို ရှောင်လွှဲနိုင်မည့်နည်းလမ်းများကိုလည်း စဉ်းစားထားရမည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံချက်များမှာ ဆုံးရှုံးနိုင်မှုများသည့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်သည့် အတွက် ရင်းနှီးမြှုပ်နှံသူများအနေဖြင့်လည်း သူတို့၏ ကာလရှည်ချေးငွေများအပေါ် သာမန်အတိုးနှုန်းထက် မြင့်မားသည့် အတိုးနှုန်းပေးရမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့်စီးပွားရေးဆိုင်ရာ ဆုံးရှုံးနိုင်မှု အန္တရာယ်များကလည်း မြင့်မားနေဆဲဖြစ်သည်။ ထို့အတွက် ကြောင့် နိုင်ငံရေးအရ ဆုံးရှုံးနိုင်မှုမှ ကာကွယ်ရန် Political Risk Insurance (PRI) အာမခံထားရှိရန်လည်း လိုအပ်သည်။
အထက်တွင် ဖော်ပြခဲ့သလို ယခုအချိန်အထိ မြန်မာနိုင်ငံသည် investment grade rating ဟု ခေါ်သည့် ချေးငွေများကို ပြန်လည်ပေးဆပ်ရန် စိတ်ချရသည့် အဆင့်သတ်မှတ်ခြင်းလည်း မခံရသေးသည့်အတွက် ရင်းနှီးမြှုပ်နှံသူသည် ချေးငွေများ အပေါ် မြင့်မားသည့် အတိုးနှုန်းပေးရခြင်းဖြစ်သည်။ ထိုအကြောင်းများကြောင့် ရင်းနှီးမြှုပ်နှံမှုပမာဏ မြင့်မားနေရခြင်းဖြစ် သည်။
အိမ်နီးချင်း အာဆီယံဒေသတွင်း နိုင်ငံများသည်လည်း ကျောက်မီးသွေးမှ လျှပ်စစ်ထုတ်လုပ်မှုများ အများအပြား ရှိနေသ ဖြင့် မိမိတို့နိုင်ငံသည်လည်း သူတို့ထက် နောက်မကျဘဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကျောက်မီးသွေးလောင်စာမှ အမြန်ဆုံး လျှပ်စစ်ထုတ်လုပ်သင့်သည်ဆိုသည့် အယူအဆကိုလည်း ပြန်လည်သုံးသပ်သင့်သည်။
၂၁ ရာစု၌ အစိမ်းရောင်စီးပွားရေး (Green Economy)၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု (Green Growth) ကို ရှေ့တန်းတင် နေသလို၊ ပါရီဥတုရာသီ ပြောင်းလဲမှု သဘောတူစာချုပ် (Paris Climate Change Agreement) အရလည်း အာဆီယံ ကိုယ်၌က လောင်စာစွမ်းအင်မူဝါဒကို ပြန်လည်သုံးသပ်နေပြီး တတ်နိုင်သမျှ ကျောက်မီးသွေးအချိုးအစားကို လျှော့ချရန် သော်လည်းကောင်း သို့မဟုတ် လက်ရှိ မသန့်ရှင်းသည့် ကျောက်မီးသွေးဓာတ်အားစက်ရုံများကို သန့်ရှင်းသည့် ကျောက် မီးသွေးနည်းပညာကို အသုံးချ ဓာတ်အားစက်ရုံများဖြင့် အစားထိုးရန် ကြိုးပမ်းနေပြီဖြစ်သည်။
မြန်မာနိုင်ငံ၏လျှပ်စစ်ကဏ္ဍ၌ ကျောက်မီးသွေးပါဝင်မှုသည် မပြောပလောက်သည့် အခြေအနေမှ သိသာသည့်အဆင့်သို့ သူများတကာ လျှော့ချနေသည့်အချိန် တိုးမြှင့်မလားဆိုသည်မှာ အစိုးရအနေဖြင့် သေချာသုံးသပ်သင့်သည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွင်လည်း ထုတ်လုပ်ရေးအပိုင်းတခုတည်းကို အာရုံစိုက်၍မရ။ သွယ်တန်း ပို့လွှတ်ရေး၊ ဖြန့်ဖြူးရေးအပိုင်းများလည်း ဟန်ချက်ညီ ပြောင်းလဲမှသာ လျှပ်စစ် ဖူလုံသည့် အနေအထားရောက်ရှိမည်ဖြစ် သည်။
နိဂုံးချုပ်ဆိုရလျှင် အထက်ပါ အကြောင်းများကြောင့် အစိုးရအနေဖြင့် ကျောက်မီးသွေးစီမံကိန်းများကို အဆောတလျင် အကောင်အထည်မဖော်သင့်ပါ။
ထိုသို့ပြုလုပ်မည့်အစား အစိုးရအနေဖြင့် ဘက်စုံသုံးသပ်ထားသည့် စွမ်းအင်မူဝါဒအစီအစဉ် (master plan) တခုရေးဆွဲ ချ မှတ်သင့်သည်။ လျှပ်စစ်ကဏ္ဍလေ့လာသုံးသပ်သူများက ရေအားလျှပ်စစ်တာဘိုင်များကို ပြန်လည်ပြင်ဆင်ရေးနှင့် စွမ်း ဆောင်ရည် မကောင်းတော့သော ဓာတ်ငွေ့တာဘိုင်များကို အစားထိုးရန် စဉ်းစားသင့်ကြောင်းလည်း ပါဝင်ပါသည်။
လက်ရှိ ရန်ကုန်မြို့ရှိ ဓာတ်ငွေ့လောင်စာသုံး တာဘိုင်များ၏စွမ်းဆောင်ရည်သည် ခေတ်မီ combined cycle turbine တခု စွမ်းဆောင်ရည်၏ သုံးပုံတပုံသာရှိသဖြင့် ယင်းတို့အား အစားထိုးနိုင်ပါက ထုတ်လုပ်စရိတ်လည်း အများကြီးသက်သာ သွား မည်ဖြစ်သလို လက်ရှိ ရန်ကုန်မြို့သို့ ပို့လွှတ်နိုင်သည့် သဘာဝဓာတ်ငွေ့ပမာဏဖြင့်ပင် လျှပ်စစ်ဓာတ်အား သုံးဆခန့် ပိုမိုထုတ် လုပ်နိုင်မည်ဟု ဟားဗတ်တက္ကသိုလ်မှ ပညာရှင် David Dapice က သူ၏ ၂၀၁၂ ခုနှစ်က ထုတ်ပြန်ခဲ့သည့် “Electricity Demand and Supply in Myanmar” စာတမ်းတွင် အကြံပြု ရေးသားထားသည်။
ထို့အပြင် အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံသူများ၏ စီမံကိန်းအဆိုပြုချက်များ ရရှိရန်နှင့် ယှဉ်ပြိုင်မှုရှိသော ဈေးပြိုင်စနစ်ဖြစ် ရေးကို တောင်းဆိုရန် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်း(PPP) ဗဟိုဋ္ဌာနတခုကို တည်ထောင်ရမည် ဖြစ်သည်။
လေ့လာ ဆန်းစစ်မှုပြုလုပ်ပြီး အကောင်အထည်ဖော်နေသည့် အဖွဲ့အစည်းများသို့ နည်းပညာအကြံဉာဏ်များပေးရန်အတွက် အစိုးရက PPP အဖွဲ့အစည်းတခု ထူထောင်သင့်ကြောင်း ADB က ထောက်ပြခဲ့သည်။
ထိုအချက်ကို သူတို့ အလေးအနက်ပြုရခြင်းမှာ မြန်မာအစိုးရတွင် PPP ကျွမ်းကျင်မှုများ မရှိဟု သူတို့ ယူဆသောကြောင့် ဖြစ် သည်။ PPP စင်တာက ရင်းနှီးမြှုပ်နှံသူများအတွက် စွန့်စားရမှုများကို ရှောင်ရှားနိုင်ရန်နှင့် လျှပ်စစ်စွမ်းအင်ကဏ္ဍတွင် ရင်း နှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရာတွင်လည်း လိုအပ်ပါသည်။
၂၀၁၄ခုနှစ်က ထုတ်ပြန်ခဲ့သည့် လျှပ်စစ်ဥပဒေ၌လည်း လျှပ်စစ်ကဏ္ဍ စည်းမျဉ်းစည်းကမ်းသတ်မှတ်ရေး အာဏာပိုင်အဖွဲ့ (Electricity Regulatory Authority-ERA) ထူထောင်ရန် ပြဋ္ဌာန်းထားသည်။
ထိုသို့သော အာဏာပိုင်အဖွဲ့မှ ပုဂ္ဂလိကနှင့် ပြည်သူ နှစ်ဦးနှစ်ဖက် မနစ်နာသည့် လျှပ်စစ်မီတာနှုန်းထားများ သတ်မှတ်ခြင်း၊ PPP အဆိုပြုလွှာများ ခေါ်ဆိုခြင်း၊ စိစစ်လေ့လာခြင်းနှင့် သက်ဆိုင်ရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဋ္ဌာနကို အကြံပေးခြင်းမျိုး ပြုလုပ်ရမည်။
လျှပ်စစ်စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် သတ်မှတ်ဓာတ်အားခများ မျှတရေးအတွက် စည်းကမ်းဥပဒေများလည်း လိုအပ် ပါသည်။ နောက်ဆုံးအနေဖြင့် ကျောက်မီးသွေးလောင်စာသုံး စွမ်းအင်စီမံကိန်းများ ဖြစ်စေ သဘာဝဓာတ်ငွေ့စက်ရုံများ ဖြစ် စေ ရေအားလျှပ်စစ် ဖြစ်စေ အကောင်အထည်ဖော်မည်ဆိုလျှင် အစိုးရက ၎င်း၏ စွမ်းအင်နှင့်လျှပ်စစ်စီမံကိန်းများကို ပြည် သူများသို့ ရှင်းပြရန် လိုအပ်ပါသည်။
လျှပ်စစ်စွမ်းအားကဏ္ဍက နိုင်ငံရေးနှင့် အလွန်သက်ဆိုင်ပါသည်။ ထို့ကြောင့် စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများနှင့် ဓာတ်အားခပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်ခြင်းများ အောင်မြင်စေရန် အကောင်အထည်ဖော်ခြင်းမပြုမီ ဒေသ ခံ အသိုင်းအဝိုင်းများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရေးက အလွန်အရေးကြီးပါသည်။
ကျနော်က ကျောက်မီးသွေးကို ထောက်ခံခြင်း သို့မဟုတ် ကန့်ကွက်ခြင်း မဟုတ်ပါ။ နိုင်ငံ၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး အောင်မြင်သည်ကို မြင်တွေ့လိုခြင်း သက်သက်ဖြင့်သာ ဤဆောင်းပါးကို ရေးသားလိုက်ရခြင်းဖြစ်သည်။
(ခိုင်ဝင်းသည် ရန်ကုန်အခြေစိုက် Sandhi Governance Institute ၏ ဒါရိုက်တာဖြစ်သည်)