ရခိုင်ပြည်နယ် အကြမ်းဖက်မှုကို မူးယစ်ဆေးဝါး ရောင်းဝယ်မှုက ပိုမှောင်မိုက်စေသည်

David Scott Mathieson
ရန်ကုန်မြို့ပြင် မူးယစ်ဆေးဝါး မီးရှို့ ဖျက်ဆီးပွဲတပွဲတွင် တွေ့ရသော ရဲအရာရှိ တဦး / Reuters

မြန်မာနိုင်ငံ၏ မတည်ငြိမ်သော အနောက်ပိုင်း ရခိုင်ပြည်နယ်မှ ဘူးသီးတောင်နှင့် မောင်တော မြို့များကြား တောင်ပေါ် လမ်းသည် ရဲစစ်ဆေးရေးစခန်းများနှင့် ဆင်ရိုင်းအန္တရာယ်သတိပေး ဆိုင်းဘုတ်များကို မကြာခဏ တွေ့ရသော လမ်း ဖြစ်သည်။

လုံခြုံရေး အကြီးအကျယ် ချထားခြင်းမှာ ရှည်ကြာစွာ ရိုဟင်ဂျာ မွတ်စလင် လူနည်းစု အပေါ် အစိုးရက ချမှတ်ထားသော တင်းကျပ်သည့် ခရီးသွားလာမှု ကန့်သတ်ချက်များ ကြောင့်လည်း တစိတ်တပိုင်း ပါသည်။

နယ်ခြားစောင့် ရဲစခန်းများကို မွတ်စလင် စစ်သွေးကြွများဟု သံသယရှိသူများက လွန်ခဲ့သော အောက်တိုဘာလ ၉ ရက်နေ့က စီးနင်း တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော်သည် ရက်စက်ကြမ်းကြုတ်သော နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး တခု ပြုလုပ်ခဲ့သည်။

စစ်တပ်၏ နယ်မြေရှင်းလင်းရေးသည် စစ်သွေးကြွများကို ဖမ်းဆီးရန် ဟု ဆိုသော်လည်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ နေသော ဖမ်းဆီးမှု၊ ညှင်းပမ်းနှိပ်စက်မှု၊ ဥပဒေမဲ့ သတ်ဖြတ်ခြင်းနှင့် လိင်အကြမ်းဖက်မှု သတင်းများ အကြားတွင် အရပ်သားများကို စုပေါင်း အပြစ်ပေးခြင်းလည်း ဖြစ်နေသည်။

သို့သော် ရခိုင်ပြည်နယ်၏ လုံခြုံရေးနှင့် ပတ်သက်၍ လူသိနည်းသော အခြေအနေမှာ ယာဘ ဟုသိကြသော ကြီးထွားနေသည့် မက်သာအမ်ဖက်တမင်း ရောင်းဝယ်မှု ဖြစ်သည်။ ထိုမူးယစ်ဆေး ဖမ်းဆီးရရှိမှုများ မကြာသေးမီ နှစ်များက မြင့်တက်လာသည်။ ယခင်တနှစ်က နိုင်ငံတဝန်း သိမ်ဆည်းရရှိမှုမှာ ဆေးပြား သန်း ၅၀၀ ရှိရာမှ ၂၀၁၆ ခုနှစ်တွင် ၂ ဆနီးပါးတိုးပြီး သန်း ၉၈၀ ရှိလာသည် ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှတ်တမ်းများ အရ သိရသည်။

နောက်ကွယ်မှ လုပ်ဆောင်နေသူများနှင့် အမှန်တကယ် ရောင်းဝယ်မှု ပမာဏကို ဖော်ထုတ်ရန် ခက်ခဲနေသည်။ သို့သော် ရှင်းရှင်းလင်းလင်း သိနေရသည်မှာ မက်သာအမ်ဖက်တမင်း ရောင်းဝယ်မှုသည် ရခိုင်ပြည်နယ်တွင် ပိုမို ဖမ်းဆီးမိလာခြင်း၊ အရာရှိများ ပါဝင်ပတ်သက်လာခြင်း တို့မှာ ပိုမိုမြင်သာလာသော အချက်များ ဖြစ်သည်။

ဥပမာ ဆိုရပါက မေလ အစောပိုင်းတွင် မူးယစ်ဆေးပြား ၄ သိန်းကျော်ကို ဘူးသီးတောင် မောင်တောလမ်းမှ မြန်မာ စစ်တပ် တပ်ဖွဲ့ဝင်များ ထံမှ ဖမ်းမိသည်ဟု သတင်းများအရ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ကလည်း ဗုဒ္ဓဘာသာ ဘုန်းကြီးတပါးနှင့် မောင်တောရှိ ရွှေဗဟိုဘုန်းကြီးကျောင်းမှ ကြံရာပါများကို မူးယစ်ဆေးဝါး ၄ သန်းကျော်နှင့် အတူ ဖမ်းမိခဲ့သည်။

၂၀၁၆ စက်တင်ဘာလ ကလည်း တံငါသည် တယောက်သည် ရခိုင်ကမ်းလွန် ပင်လယ်ပြင်တွင် မျောနေသော အထုတ် ၉ ထုတ်မှ မူးယစ်ဆေးပြား ၂ သန်း တွေ့ခဲ့သည် ဟု သတင်းများက ဆိုသည်။ နောက်ဆက်တွဲ အနေဖြင့် ရွာသားများ၏ အိမ်များကို ဝင်ရောက်ရှာဖွေသော အခါ မူးယစ်ဆေးပြား သိန်းချီ တွေ့ရသည် ဟုလည်း ဆိုသည်။

ရက်အတန်ကြာ သောအခါ မောင်တောမြို့၏ လမ်းမတခုရှိ စက်ရုံတခု အနီးတွင် မြှုပ်နှံထားသော မူးယစ်ဆေးပြား ၇ သန်းကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိ ခဲ့သည်။ ရခိုင်ပြည်နယ်မှ စံချိန်တင် မူးယစ်းဆေးဝါး သိမ်းဆည်းရမိမှု နောက်ကွယ်မှ တရားခံများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ပေ။

မကြာသေးမီက မူးယစ်ဆေးဝါးများ အကြီးအကျယ် ဖမ်းဆီးရမိမှုကြောင့် ရခိုင်ပြဿနာ သုတေသီများ အကြားတွင် အောက်တိုဘာ ၉ ရက်တိုက်ခိုက်မှုများသည် အမည်မသိ မူးယစ်ဂိုဏ်းများက စက်တင်ဘာလ မူးယစ်ဆေး အကြီးအကျယ် ဖမ်းဆီးမှုများကို လက်စားချေမှု ဖြစ်နိုင်သည် ဟူသော ခန့်မှန်းချက်များကို ဖြစ်စေခဲ့သည်။

ယခုအခါတွင်မူ ယခု အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) ဟု အမည်ပြောင်းထားသည့် အဝေးရောက် ရိုဟင်ဂျာအုပ်စု Harakah al-Yaqi ခေါ် ဘာသာရေး ယုံကြည်မှု လှုပ်ရှားမှုအဖွဲ့နှင့် မဆိုင်သည့် ပုံပေါက်လာသည်။ ထိုအဖွဲ့သည် နယ်ခြားစောင့် ရဲကင်းများကို တိုက်ခိုက်မှုများနှင့် လုံခြုံရေး တပ်ဖွဲ့များ အပေါ် နောက်ဆက်တွဲ တိုက်ခိုက်မှုများသည် ၎င်းတို့ လက်ချက်ဖြစ်သည် ဟု လူသိရှင်ကြား ကြေညာခဲ့သည်။

၎င်းတို့၏ လူမျိုးစုညီအကိုတော်များ အပေါ် ဖိနှိပ်မှုကို တုံ့ပြန်သော အားဖြင့် ARSA ကို ဆော်ဒီအာရေးဗီယားနှင့် ပင်လယ်ကွေ့ နိုင်ငံများမှ ရိုဟင်ဂျာများက မြန်မာဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဖွဲ့စည်းခဲ့သည်။ ထိုစစ်သွေးကြွအုပ်စုသည် အရှေ့အလယ်ပိုင်းတွင် နေထိုင် အလုပ်လုပ်ကိုင်နေသော များပြားလှသည့် ရိုဟင်ဂျာများထံမှ ငွေကြေးထောက်ပံ့မှု ရနေသည်ဟု ယုံကြည်ရသည်။

ပို၍သေချာအောင် ပြောရလျှင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် ယာဘ မှောင်ခိုလုပ်ငန်းမှာ ထို စစ်သွေးကြွ အုပ်စုထက် ပိုမို သက်တမ်းရှည်ကြာ နေပြီ ဖြစ်သည်။ ၎င်းသည် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် မည်မျှ ပါဝင်ပတ်သက်နေသည် ကို ရှင်းရှင်းလင်းလင်း မသိရပေ။

မြန်မာအစိုးရက ARSA သည် အစိုးရသတင်းပေးဟု သံသယရှိသူများကို တရားဥပဒေမဲ့ သတ်ဖြတ်သည်ဟု စွပ်စွဲသည်။ ဒေသတွင်း အကြမ်းဖက်မှုများ၏ ပွင့်လင်းမြင်သာ မရှိမှု၊ ရှုပ်ထွေးမှုများကို ကြည့်လျှင် ထိုသတ်ဖြတ်မှုများသည် ကြီးထွားနေသော မူးယစ်ဆေးဝါး ရောင်ဝယ်မှုများနှင့်လည်း ပတ်သက်ကောင်း ပတ်သက်နိုင်သည်။

ထို မူးယစ်ဆေးပြားများသည် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ထုတ်လုပ်ရေး စက်ရုံများမှ လာကြောင်း မူးယစ်မှောင်ခို လုပ်ငန်း လေ့လာ သုံးသပ်သူများက ပြောသည်။ ဥပဒေကင်းမဲ့သော ထို ဒေသသည် အရှေ့တောင်အာရှ တိုက်ငယ် ဒေသ၏ ယာဘ ထုတ်လုပ်မှု အချက်အခြာ ဒေသ ဖြစ်နေသည်မှာ ကြာပြီ ဖြစ်သည်။ ထိုဒေသတွင် WY တံဆိပ်ပါ မက်သာအမ်ဖက်တမင်း ဆေးပြားများကို ထုတ်လုပ်သည်။

ထိုအခိုင်အမာ မူးယစ်ကုန်သွယ်မှုကို မြန်မာနှင့် ထိုင်း၊ တရုတ်နယ်စပ် တလျှောက်မှ လက်နက်ကိုင် အုပ်စုများက အဆင်ပြေ ချောမွေ့စေရန် ဆောင်ရွက်ပေးသည်။ ထိုမူးယစ်ဆေးများသည် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ရှမ်းပြည်မှ မြို့တော်ဟောင်း ရန်ကုန်၊ ထိုတဆင့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေသို့ ကုန်းလမ်းမှ ရောက်လာသည်ဟု လေ့လာသူများက သံသယ ဖြစ်ကြသည်။

ထိုနောက် ၎င်းတို့ကို ကုန်းလမ်း၊ ရေလမ်းတို့မှ တဆင့် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောနှင့် မေယု တောင်တန်းများကို ကျော်၍ ဖြစ်စေ၊ နတ်မြစ်မှ ဖြစ်စေ ဘင်္ဂလားဒေ့ရှ်သို့ ပို့သည်ဟု သတင်းများက ဆိုသည်။

မူးယစ်မှောင်ခိုမှု တိုးလာခြင်းကြောင့် အလုပ်သမားများနှင့် ဇိမ်ခံသုံးစွဲသူများ အကြား သုံးစွဲမှု တိုးလာခြင်းနှင့် အတူ ဘင်္ဂလားဒေ့ရှ် တွင်လည်း မကြာသေးမီ နှစ်များအတွင်း မက်သာအမ်ဖက်တမင်း ရောင်းဝယ်မှု အကြီးအကျယ် တိုးပွား လာသည်ဟု သတင်းများက ဆိုသည်။

မြန်မာအစိုးရပိုင် မီဒီယာများနှင့် လက်ရှိခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လူမှုကွန်ရက် စာမျက်နှာများတွင် နေ့စဉ်နီးပါး ယာဘ ဆေးပြားဖမ်းဆီးမှုများကို ဖော်ပြပြီးသူမ၏ အစိုးရအတွက် တရားဥပဒေ စိုးမိုးရေး လုပ်ဆောင်မှုများ အတွက် အသိအမှတ်ပြု ခံရရန် လုပ်ဆောင်ကြောင်း ထင်ရှားသည်။ ဥပမာဆိုရပါက မေလ ၈ ရက်နေ့တွင် နိုင်ငံပိုင် မီဒီယာများက မောင်တောရှိ ရွှေဇာမြောက်ကျေးရွာတွင် လူတဦးကို မူးယစ်ဆေးပြား ၁၂၀၀၀ နှင့် ဖမ်းမိကြောင်း ဖော်ပြခဲ့သည်။

သို့သော် မွတ်စလင်များကို မူးယစ်ဆေးဝါး မှောင်ခိုများ အဖြစ် တရားဝင် ဓားစာခံ ပြုလုပ်ခြင်းမှာ မကြာသေးမီက နယ်ခြားစောင့် ရဲများ၊ စစ်အရာရှိများ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် ရခိုင်စီးပွားရေး အသိုင်းအဝန်းထံမှ သံသယ ရှိသော မူးယစ်ဆေးဝါး အကြီးအကျယ် ဖမ်းမိခြင်းနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။

ရခိုင်ပြည်နယ် အတွက် အမှောင်ဖုံးနေသော ဇာတ်ဝင်ခန်းမှာ ထိုနေရာသည် လက်နက်ကိုင် ခုခံမှုနှင့် ရာဇဝတ် လှုပ်ရှားမှုများ ရောထွေးနေသော အခြေအနေသို့ ပြောင်းလဲနေပြီး ထိုင်းနိုင်ငံ တောင်ပိုင်းမှ အသေအပျောက်များသော ပဋိပက္ခကို သတိရစရာ ဖြစ်နေသည်။ ထိုင်းနိုင်ငံ တောင်ပိုင်းတွင် စစ်သွေးကြွ လှုပ်ရှားမှုများသည် မှောင်ခိုနှင့် အခြား တရားမဝင်စီးပွားရေး လုပ်ငန်းများနှင့် ဆက်စပ်နေသည်။

ပြည်တွင်း သတင်းများနှင့် မြန်မာရေတပ်၏ ဘင်္ဂလားဒေ့ရှ် နယ်စပ် နတ်မြစ်ဝတွင် ယာဘ ဆေးပြား ၁၈၀၀၀၀ ဖမ်းဆီးရမိမှု သတင်းများအရ မွတ်စလင်တို့သည် အောက်ခြေ မူးယစ်မှောင်ခိုများ ဖြစ်လေ့ရှိသည်။

အခြားသော နည်းပါးသည့် ဖြစ်နိုင်ခြေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် မြန်မာနိုင်ငံ မြောက်ပိုင်း၌ ၂၀၀၉ ခုနှစ်က ဖွဲ့စည်းခဲ့သော ရက္ခိုင့်တပ်မတော် ပါဝင်ပတ်သက်မှု ဖြစ်သည်။ ထိုတပ်ဖွဲ့ငယ်သည် အစိုးရကို တိုက်ခိုက်နေသော မြောက်ပိုင်း မဟာမိတ်အဖွဲ့ဟု ခေါ်သည့် အခြား လက်နက်ကိုင်များနှင့် မဟာမိတ်ဖွဲ့ထားသည်။

၂၀၀၉ ခုနှစ်တွင် ဖွဲ့စည်းပြီး ကချင်လွတ်လပ်ရေး တပ်မတော်က နိုင်ငံမြောက်ပိုင်းတွင် လေ့ကျင့်ပေးသော ရက္ခိုင့်တပ်မတော်သည် အခြား အစိုးရမဟုတ်သော လက်နက်ကိုင်များနှင့် အတူ မြန်မာစစ်တပ် အပေါ် ကချင်ပြည်နယ်နှင့် အနီးရှိရှမ်းပြည်နယ်တွင် တိုက်ခိုက်နေသည်။

၂၀၁၅ မှစတင်၍ ရက္ခိုင့်တပ်မတော်သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် နယ်စပ်ဒေသများတွင် မြန်မာတပ်ဖွဲ့များ အပေါ် ပုံမှန် မဟုတ်သော စစ်ဆင်မှု ပြုလုပ်သည် ဟု ဆိုသည်။ နိုင်ငံပိုင်မီဒီယာ၏ စွပ်စွဲချက် အရ ရန်ကုန်မှ ရက္ခိုင့်တပ်မတော်သို့ လက်နက်တင်ပို့မှုသည် မက်သာအမ်ဖက်တမင်း မူးယစ်းဆေးများ ဖမ်းဆီးမှုဖြစ်သွားသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် အတွက် အမှောင်ဖုံးနေသော ဇာတ်ဝင်ခန်းမှာ ထိုနေရာသည် မှောင်ခိုလုပ်ငန်းနှင့် စစ်သွေးကြွ လှုပ်ရှားမှုများ ရောထွေးနေသော ထိုင်းတောင်ပိုင်း ကဲ့သို့ လက်နက်ကိုင် ခုခံမှုနှင့် ရာဇဝတ်လှုပ်ရှားမှုများ ရောထွေး နေသော ဒေသ၊ လုံခြုံရေးတပ်ဖွဲ့များ အတွက် အကျင့်ပျက်ခြစားရေး ယှဉ်ပြိုင်ရန် နေရာအဖြစ် ပြောင်းလဲသွားသည်။

ရခိုင်ပြည်နယ် မောင်တောမှ နယ်စပ်ဖြတ်ကျော် ယာဘ မူးယစ်ကုန်သွယ်မှုသည် ထိုပဋိပက္ခ၏ နောက်ကွယ် အကြောင်းများကြောင့် ထင်ထင်ရှားရှား သိရမည် မဟုတ်ဘဲ အမျိုးသားလုံခြုံရေး အရသာမက မူးယစ်ဆေးဝါး နှိမ်နှင်းရေး အရပင် နယ်မြေခံ မွတ်စလင်များကို ပိုမို ဒုက္ခရောက်စေမည် ဖြစ်သည်။

(www.atimes.com တွင် ဖော်ပြထားသည့် David Scott Mathieson ၏ Drug trade obscures Myanmar’s Rakhine state violence ကို ဘာသာပြန်သည်။ David Scott Mathieson သည် ရန်ကုန်အခြေစိုက် သုတေသီတဦးဖြစ်သည်။)

Loading