မြန်မာနိုင်ငံတွင် အာမခံ လုပ်ငန်းများ ရှိနေခဲ့သည်မှာ နှစ်ပေါင်း ၁၅၀ ကျော်ခဲ့ပြီ ဖြစ်သော်လည်း သဘောတရားအသစ် တခုလို ဖြစ်နေဆဲပင်။ လွတ်လပ်ရေး ရခဲ့သည့် ၁၉၄၈ ခုနှစ် မတိုင်မီက မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော အာမခံလုပ်ငန်း ၈၀ မှ ၁၀၀ အတွင်း ရှိခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဒီမိုကရေစီကာလက တိုတောင်းခဲ့ပြီး စစ်အုပ်ချုပ်ရေးဖြင့် ရှိခဲ့သော ဆယ်စုနှစ်များစွာအတွင်း အာမခံဈေးကွက်က ပြည်သူပိုင်သိမ်းခြင်းလည်း ခံခဲ့ရလို လက်ဝါးကြီးအုပ်လည်း ခံခဲ့ရသည်။ ၁၉၉၀ နှောင်းပိုင်းနှစ်များ အတွင်း ဖြေလျှော့ပေးမှုများ ပေါ်ပေါက်လာခဲ့သည်ဟု ဆိုနိုင်သော်လည်း ထိုင်း ဘတ်ငွေ အကျပ်အတည်း ပြဿနာကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။ ပိုမိုပွင့်လင်းမှုရှိလာသည့် လက်ရှိအချိန်တွင် အစိုးရပိုင် မြန်မာ့အာမခံလုပ်ငန်းနှင့် ပြည်တွင်း အာမခံဈေးကွက်ကို ဦးဆောင်နေသော IKBZ တို့ အပါအဝင် ပြည်တွင်း အာမခံ ကုမ္ပဏီ ၁၂ ခုနှင့် အတူ နိုင်ငံခြား ကုမ္ပဏီ ၂၄ ခု ရှိနေပြီ ဖြစ်သည်။ လက်ရှိ အာမခံ ဥပဒေက ပြည်တွင်း အာမခံ ကုမ္ပဏီများကိုသာ စီမံခန့်ခွဲသည်။ ယှဉ်ပြိုင်မှုများ ရပ်တန့်နေပြီး အာမခံ အမျိုးအစားနှင့် ဝန်ဆောင်မှုများကလည်း စုံလင်ခြင်း မရှိပေ။
အာမခံလုပ်ငန်းနှင့် ပတ်သက်၍ ရှည်လျားသော သမိုင်းကြောင်းရှိခဲ့ပြီး ယခုအခါတွင် စီးပွားရေးကလည်း အလျှင်အမြန် တိုးတက်လာနေသော်လည်း မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ တခု ဖြစ်နေဆဲ ဖြစ်ခြင်းက အာမခံလုပ်ငန်း ကဏ္ဍကို မရေမရာ ဖြစ်စေခဲ့သည်။ ရန်ကုန်မှ Consult-Myanmar Co Ltd တွင် ကျနော် အလုပ်လုပ်စဉ် အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြုလုပ်ခဲ့သော သုတေသနတွင် ပြည်တွင်းဘဏ်တခု၊ နိုင်ငံခြားဘဏ်တခု၊ ပြည်တွင်း အာမခံကုမ္ပဏီ ၂ ခုနှင့် ပြည်ပ အာမခံကုမ္ပဏီ ၂ ခု စသည့် ကွဲပြားသော အဖွဲ့အစည်း ၆ ခုကို မေးမြန်းခဲ့သော အင်တာဗျူးများ ပါဝင်ပါသည်။ အစိုးရက အာမခံ လုပ်ငန်းကဏ္ဍကို နောက်ထပ် ပိုမို၍ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးရန် လိုအပ်ကြောင်း ကျနော် အင်တာဗျူးခဲ့သူ အားလုံးက သဘောတူကြသည်။ ကုမ္ပဏီများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ လုပ်ပိုင်ခွင့်ရှိရန်၊ သူတို့၏ ကိုယ်ပိုင် ထုတ်ကုန် (အာမခံ အမျိုးအစား) နှင့် ဝန်ဆောင်မှုများ ဖန်တီးရန် နှင့် ဈေးကွက်ပြိုင်ဆိုင်မှုကို မြှင့်တင်ရန် ခွင့်ပြုပေးရမည် ဖြစ်သည်။ လက်ရှိ အချိန်တွင် ပြည်တွင်း အာမခံ လုပ်ငန်းများမှာ ပြည်တွင်းကုမ္ပဏီများနှင့်သာ အလုပ်လုပ်နိုင်ပြီး (အထူးစီးပွားရေး ဇုန်များတွင် မြန်မာစီးပွားရေးလုပ်ငန်းများ နှင့် လုပ်ကိုင်ရန် ချွင်းချက်ဖြင့် ခွင့်ပြုထားသော နိုင်ငံခြား အာမခံလုပ်ငန်း အနည်းငယ်မှ အပ) နိုင်ငံခြား အာမခံ လုပ်ငန်းများမှာလည်း နိုင်ငံခြား ကုမ္ပဏီများ နှင့်သာ အလုပ်လုပ်ခွင့်ရှိသည်။ ထို့ကြောင့် နိုင်ငံခြား အာမခံ ကုမ္ပဏီများကိုလည်း ကြီးကြပ်နိုင်ရန် အာမခံ ဥပဒေကို ပြင်ဆင်သင့်ကြောင်း ကျွမ်းကျင်သူ အချို့က ပြောကြသည်။
အာမခံကုမ္ပဏီများက ပြည်တွင်းမှ ဖြစ်စေ ပြည်ပမှ ဖြစ်စေ၊ ပုဂ္ဂလိကပိုင်ဖြစ်စေ အများပိုင်ဖြစ်စေ အာမခံလုပ်ငန်းက စိန် ခေါ်မှုများသည်ဟု အားလုံးက တညီတညွတ်တည်း လက်ခံထားကြသည်။ ဘဏ္ဍာရေးလုပ်ငန်း ကဏ္ဍကဲ့သို့ပင် ပေါ်ထွန်း လာခါစသာ ဖြစ်ပြီး ဖွံ့ဖြိုးခြင်း မရှိသေးပါ။ ဝင်ငွေနည်းပါးနေသော်လည်း ငွေကြေးဖောင်းပွမှုက မြင့်မားနေသည်။ အခြေခံ အဆောက်အဦးကလည်း အားနည်းနေဆဲ ဖြစ်သည်။ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး အဖြစ် ၂၀၁၄ ခုနှစ်တွင် သန်း ခေါင်စာရင်း စနစ်တကျ ကောက်ယူခဲ့ပြီး မြန်မာနိုင်ငံ၏ လူဦးရေသည် သန်း ၆၀ မဟုတ်ဘဲ ၅၁ သန်း ဝန်းကျင်သာ ရှိ ကြောင်း ဖော်ထုတ်ခဲ့သည်။ ဘဏ်ငွေစာရင်းရှိသူ ရာခိုင်နှုန်းကလည်း ၁၀ ရာခိုင်နှုန်းအောက်တွင် ရှိနေဆဲ သို့မဟုတ် ၂၀ ရာခိုင်နှုန်း အောက်တွင် ရှိနေဆဲဟု မေးမြန်းခံရသူပေါ် မူတည်၍ ကွဲပြားနေသည်။ ကိန်းဂဏန်းနှင့် အချက်အလက်များ ရရှိနိုင်မှု အားနည်းသည့် အတွက် အခြေအနေကို သုံးသပ် ရုပ်လုံးဖော်ကြည်ရန် အလွန်ခက်ခဲနေသည်။ ထို့ကြောင့် အာမခံ လုပ်ငန်းမှ သချၤာပညာရှင်များအနေဖြင့် သူတို့ မဖြစ်မနေ လုပ်ရမည့် အလုပ်အတွက် အခက်အခဲဖြစ်နေသည်။
ဘဏ်ချေးငွေများကလည်း အပေါင်ပစ္စည်း အပေါ်တွင်သာ အခြေခံသည်။ ကားတစီး ပိုင်ဆိုင်ရန်အတွက် ကားအာမခံ ရှိရန် မလိုပါ။ ထို့ကြောင့် အာမခံလုပ်ငန်းတွင် ရှိနေသူများက ဖောက်သည်များ ဘဏ်ချေးငွေ ရရှိနိုင်ရန် အာမခံရှိရေးကို မဖြစ်မနေ လုပ်ရမည့် အလုပ်အဖြစ် အစိုးရက သတ်မှတ်ပေးရန် ဆက်လက်တိုက်တွန်းနေကြသည်။ ဥပမာအားဖြင့် အိမ် သို့မဟုတ် ကားဝယ်ယူရန် ငွေချေးမည့်သူက အာမခံရှိရမည် ဖြစ်သည်။ အာမခံလုပ်ငန်းကဏ္ဍမှ ပညာရှင်တဦးက မြန်မာနိုင်ငံ နှင့် လူမှုစီးပွားရေး အခြေအနေ အနီးစပ်ဆုံးတူ ညီသည့် ကမ္ဘောဒီးယားနိုင်ငံကို ကိုးကားပြခဲ့သည်။ သမိုင်းကြောင်းတွင် တူညီမှု အများအပြားအရ မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘောဒီးယားနိုင်ငံကို အတုယူ၍ နိုင်ငံခြား အာမခံကုမ္ပဏီများက ပြည်တွင်းဘဏ်များကို ထောက်ပံ့ပေးနိုင်ရန် နှင့် ထူးခြားပြောင်မြောက်သော အာမခံ အမျိုးအစား ပုံစံထုတ်နိုင်ရန် အားပေးခြင်းကို ကျင့်သုံးနိုင်ပါသည်။ ဘဏ်များက နိုင်ငံခြား အာမခံလုပ်ငန်းများ၏ အာမခံများနှင့် ချိတ်ဆက်နိုင်သည့် အခါ သူတို့ ပေးနိုင်သည့် တန်ဖိုးလည်း တက်လာမည် ဖြစ်သည်။
ကျနော် တွေ့ဆုံ မေးမြန်းခဲ့သည့် ကျွမ်းကျင်သူ အားလုံးက ပိုမို ပူးပေါင်း ဆောင်ရွက်ရန် နှင့် ပြည်ပမှ အာမခံကုမ္ပဏီများ နှင့် ပြည်တွင်း ကုမ္ပဏီများ ဖက်စပ်လုပ်ကိုင်ကြရန် ပြောကြသည်။ တဦးကဆိုလျှင် ပိုမိုအားကောင်းသော ကုမ္ပဏီတခု ဖြစ်လာရန် အတွက် ပြည်တွင်း အာမခံ လုပ်ငန်း ၁၂ ကို ပေါင်းစည်းရန် နှင့် သို့မှသာလျှင် နိုင်ငံခြားပြိုင်ဘက်များကို ယှဉ်ပြိုင်နိုင်မည်ဟုပင် ပြောသည်။ အတိုချုပ်ပြောရလျှင် မြန်မာနိုင်ငံသည် အာမခံပုံစံဖြင့် ရင်းနှီးမြှုပ်နှံမှု လိုအပ်ပါသည်။ ထိုသို့ မလုပ်ခဲ့လျှင် ငွေကြေးလုံလောက်မှု မရှိသည့် အစိုးရအတွက် အခက်အခဲ ဖြစ်လာပါလိမ့်မည်။ အကျပ်အတည်း ကျရောက်လာသည့် အချိန်တွင် (ဥပမာ သဘာဝဘေးအန္တရာယ် တခုကြောင့် အာမခံ ကုမ္ပဏီက အများအပြား ပေးလျော်စရာ ရှိလာလျှင်) အာမခံများကို ဖြန့်ထားပြီး ဖြစ်နေရန် (နေရာ အနှံ့အပြားတွင် အာမခံ ပုံစံ အမျိုးမျိုး ရောင်းချထားနိုင်ရန်) လည်း လိုအပ်ပါသည်။ တခုချင်းအရဆိုလျှင် ပြည်တွင်း ကုမ္ပဏီတိုင်းက နိုင်ငံခြား အာမခံကုမ္ပဏီ များနှင့် ယှဉ်ပြိုင်ရန် သေးငယ်လွန်းနေသည်။ နိုင်ငံခြား ကုမ္ပဏီကြီးများမှာ သူတို့၏ အာမခံ အမျိုးမျိုးကို တိုင်းပြည် အသီးသီးတွင် ခွဲဝေ ဖြန့်ကျက် ချထားကြပြီး ဖြစ်သည်။
လူမှုရေးအရဆိုလျှင် အာမခံဆိုသည်မှာ ခက်ခဲသော တိုက်ပွဲတခု ဖြစ်သည်။ ဖိနှိပ် ချုပ်ချယ်မှုအောက်တွင် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ကြပြီးနောက် မြန်မာနိုင်ငံသား အများစုက အဖွဲ့အစည်းများကို ယုံကြည်မှု နည်းပါးသွားကြသည်။ ထို့ပြင် အာမခံ ၏ အခြေခံသဘောတရား နှင့် လိုအပ်ခြင်းများက မြန်မာနိုင်ငံသား အများစုနှင့် အလှမ်းကွာနေသည်။ ပြည်သူများက အာမ ခံအကြောင်းကို နားမလည်ကြပါ။ ထိုကိစ္စနှင့် ပတ်သက်လျှင် အချို့က အယူသီးကြသည်ဟု ကျနော်တွေ့ဆုံ မေးမြန်းခဲ့သူ တဦးက ပြောသည်။ နောက်ထပ်ကျွမ်းကျင်သူ တဦးကမူ ပြည်တွင်း အာမခံလုပ်ငန်းများက ပြည်ပ ယှဉ်ပြိုင်မှုအပေါ် ယုံကြည်မှု မရှိမည်ကို စိုးရမ်ကြောင်း ပြောသည်။ ကျနော်တွေ့ဆုံ မေးမြန်းခဲ့သူ အားလုံးက အာမခံစနစ် နှင့် ပတ်သက်၍ ပြည်သူများ လွယ်ကူရှင်းလင်းစွာ နားလည်လာအောင် အစိုးရက ပြုလုပ်ပေးသင့်သည်ဟု တညီတညွတ်တည်း အခိုင်အမာ သဘောတူညီခဲ့ကြသည်။
ပြည်တွင်းနှင့် ပြည်ပ အာမခံကုမ္ပဏီများက မြန်မာနိုင်ငံသားများကို လေ့ကျင့်သင်တန်းပေးသည့် အခါ အာမခံလုပ်ငန်းနှင့် ပတ်သက်၍ တက္ကသိုလ်အဆင့်တွင် သင်ကြားပေးသည့် အစီအစဉ်များ မရှိသည်ကို တွေ့ရသည်။ လူအနည်းငယ်မျှကသာ နိုင်ငံပြင်ပတွင် တည်ထောင် ထားသော အဖွဲ့အစည်းများမှ အာမခံလုပ်ငန်းနှင့် ပတ်သက်သည့် လက်မှတ်ရရှိထား ကြသည်။ ထို့ကြောင့် ကျွမ်းကျင်သော ဝန်ထမ်းရရှိရေးက ပြဿနာတခု ဖြစ်လာသည်။
အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသား အနည်းငယ်မျှသာ အာမခံလုပ်ငန်း နှင့် ပတ်သက်သည့် ဒီပလိုမာ လက်မှတ် ရှိ ကြသည့် အတွင် အဆိုပါနယ်ပယ်အတွက် လူလိုသည့် အခါ ကုမ္ပဏီများအနေဖြင့် နိုင်ငံခြားသားများကို ငှားရမ်းရတော့ သည်။ ထိုသို့ ငှားရမ်းရသည့်အတွက် ငွေကြေးကုန်ကျမှုများသလို ဒေသခံများအတွက် အလုပ်တခု ဆုံးရှုံးခြင်း ဖြစ်သည်။ လုပ်ငန်းထိရောက်မှု ရှိရန်အတွက် အာမခံကုမ္ပဏီများက ဒေသခံများကို စေတနာ့ဝန်ထမ်းလုပ်၍ သင်ကြား ပညာပေးနေ ကြသည်။
သို့သော်လည်း ကျနော် တွေ့ဆုံ မေးမြန်းခဲ့သူ အားလုံးက တညီတညွတ်တည်း သဘောတူကြသည့် လိုအပ်ချက် တခုမှာ မြန်မာနိုင်ငံတွင် အာမခံ အသင်းတခု ပေါ်ပေါက်လာရေး ဖြစ်သည်။ ယခုအခါတွင် ကမ္ဘာ့ဘဏ်၏ အကြံပေးကူညီမှု ဖြင့် အဆိုပါအဖွဲ့အစည်း ဖွဲ့စည်းတည်ထောင်ရေး အစိုးရသို့ တင်ပြထားပြီး အစိုးရက သုံးသပ်လျှက်ရှိသည်။ အတည်ပြုချက် မရရှိသေးပါက ပြည်တွင်းနှင့် ပြည်ပ အာမခံ ကုမ္ပဏီများ အာမခံလုပ်ငန်းကဏ္ဍကို မြှင့်တင်ရန်၊ အယူအဆများနှင့် နောင်လာမည့် ၁၀ နှစ် အတွင်း မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းကဏ္ဍအတွက် ဖြစ်လာစေချင်သည့် အမြင်များကို ဖလှယ်ရန် ထိရောက်သော အဖွဲ့ အစည်းတခု ရှိလာဦးမည် မဟုတ်ပါ။
အဓိက အားထားရမည့် အာမခံမှာ ကျန်းမာရေးနှင့် ဆိုင်သည့် အာမခံ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ မြန်မာနိုင်ငံသား အများစုက ကျန်းမာရေး အာမခံ မထားနိုင်ကြပါ။ ၂၀၁၂ ခုနှစ် အထိ အစိုးရက အခမဲ့ ကုသပေးသည်။ သို့သော်လည်း ဘတ်ဂျက် အခြေအနေကို လိုက်၍ ဖြစ်သည်။ တနည်းပြောရလျှင် ဆေးရုံသို့ သို့မဟုတ် ဆေးခန်းသို့ သွားသူတဦးသည် အခမဲ့ ကုသ ရမည် မရမည်ကို မသိနိုင်ပါ။ ဆေးခွဲတမ်းက ကုန်နှင့်ပြီးသား ဖြစ်ချင် ဖြစ်နေနိုင်ပါသည်။
မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်း၏ အနေအထားက ပြောင်းလဲလာစ အခြေအနေတွင်သာ ရှိသေးသည်။ သို့သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများအပြားဝင်ရောက်လာခြင်းနှင့်အတူ ကူးသန်းရောင်းဝယ်ရေး နှင့် စက်မှုလုပ်ငန်း ကဏ္ဍများ တွင် ကြီးမားသော အလားအလာများ ရှိနေသည်။ အာဆီယံ အသိုင်းအဝိုင်း၏ တစိတ်တပိုင်း အနေဖြင့် မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်ရောက်သည့် အခါ မြန်မာနိုင်ငံ၏ ဥပဒေနှင့် အညီနိုင်ငံခြား အာမခံလုပ်ငန်းများ လုပ်ကိုင်နေခြင်းရှိသင့်ပါ သည်။
ကျနော် တွေ့ဆုံမေးမြန်းခဲ့သည့် ကျွမ်းကျင်သူ အားလုံးက လည်း အကောင်းဘက်က မြင်ထားကြောင်း ပြောခဲ့ကြ သည်။ သူတို့ အများစုက မြန်မာနိုင်ငံတွင် အလုပ်ဖြစ်သော အာမခံလုပ်ငန်းကဏ္ဍတခု ၁၀ နှစ် အတွင်း ရှိလာလိမ့် မည် ဟု ယုံကြည်ကြသည်။ သို့သော်လည်း ယနေ့မှ စ၍ ကြိုးစားလုပ်ကြမှသာ ဖြစ်ပါမည်။ မနက်ဖြန်မှ စ၍ မရပါ။ ၂၀၁၇ ခုနှစ် ကလည်း အရေးပါသော နှစ် တနှစ် ဖြစ်လာပါလိမ့်မည်။
(Stephen Weedon သည် တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ Tsinghua တက္ကသိုလ်မှ ပြည်သူရေးရာ စီမံခန့်ခွဲရေး ပညာ ဘွဲ့လွန်ကျောင်းသားတဦး ဖြစ်ပါသည်။ ရန်ကုန်မြို့ရှိ Consult-Myanmar Co Ltd တွင် အလုပ်လုပ်ရင်း ရန်ကုန်မြို့ ဘဏ္ဍာရေးဈေး ကွက် ၏ ဆင့်ကဲ့ဖြစ်စဉ် ကို လေ့လာသည့် သုတေသန စီမံကိန်း၏ တစိတ်တပိုင်း အဖြစ် ရေးသားခဲ့ပြီး Oxford တက္ကသိုလ်မှ မြန်မာ့ရေးရာ ဖိုရမ် တခု ဖြစ်သည့် Tea Circle တွင် ဖော်ပြခဲ့သော “Insurance in Myanmar: Spreading the Risk” ကို ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။)