ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) သည် မြန်မာ့နိုင်ငံရေး အလွှာအသီးသီးတွင် အရေးပါသော အခန်းမှ ပါဝင် နေကြောင်းကို ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ၌ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးခြင်း မပြုရန်၊ ထိုအုပ်စုအပေါ် ဖိအားနှင့် ၎င်းတို့ ထိန်းချုပ်ဒေသ ပန်ဆန်းတွင် မကြာသေးမီက လူမျိုးစု ညီလာခံ အများအပြား ကျင်းပခြင်းတို့က မီးမောင်းထိုးပြနေသည်။ ထိုအုပ်စုနှင့် ၎င်း၏ မဟာမိတ်များကို ဒုတိယအကြိမ် ပင်လုံ ငြိမ်းချမ်းရေးညီလာခံ ဖွင့်ပွဲတက်ရောက်ရန် ဖိတ်ကြားခံခဲ့ရပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ထိုညီလာခံတွင် အားလုံးပါဝင်သည့် ပုံစံမျိုး ဖော်ဆောင်လိုကြောင်းလည်း ပြသနေသည်။
လက်တွေ့တွင် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ UWSA ပါဝင် ပတ်သက်ခြင်းကို ကြိုတင် အကွက်ချ ဆုံးဖြတ်ခြင်း အဖြစ် သံသယနှင့် နားလည် နိုင်သည်။ အစိုးရနှင့် စစ်တပ်သည် အကျိုးရှိသည့် စေ့စပ်ညှိုနှိုင်းရေးကို အချိန်မီ လမ်းဖွင့် မပေးနိုင်လျှင် UWSA သည် နောက်ဆက်တွဲ လုပ်ရပ်များကို အပြင်းအထန် လုပ်ဆောင်ခြင်းဖြင့် နိုင်ငံတွင် မကြုံဘူးသော နိုင်ငံရေး အန္တရာယ်ကို လှုံ့ဆော်ပေးကောင်း ပေးနိုင်သည်။
ပြည်နယ်တောင်းဆိုခြင်း
UWSA သည် ယခင်သမ္မတ ဦးသိန်းစိန် လက်ထက်ကပင် ၎င်းတို့ ပိုင်နက်ကို ပြည်နယ် အဖြစ် တရားဝင် အသိအမှတ် ပြုရေး တောင်းဆိုခဲ့သည်။ ၎င်းတို့သည် ရှမ်းအထူးဒေသ ၂ ဟု အစိုးရက ရည်ညွှန်း ခေါ်ဝေါ်သော နယ်မြေကို ထိန်းချုပ် ထား သော်လည်း ထိုပိုင်နက်ကို UWSA က ဝပြည်နယ် ဟု ခေါ်သည်။ ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် UWSA သည် ၎င်း၏ ပိုင်နက်ကို ဝပြည်နယ် အစိုးရ ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ အဖြစ် ကြေညာသည်။ သို့သော် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကမူ ထိုနယ်မြေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဟုသာ အသိအမှတ် ပြုသည်။
UWSA ၏ နိုင်ငံရေး အဖွဲ့အစည်း ဖြစ်သော ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်၏ ပြောခွင့်ရသူ စန်ခွန်က အစိုးရက ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကိုသာ အသိအမှတ် ပြုသော်လည်း ၎င်းတို့ အဖွဲ့သည် ပြည်နယ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် တောင်းဆိုနေကြောင်း ၂၀၁၃ ခုနှစ်က ဧရာဝတီသတင်းဌာနသို့ အလေးအနက် ပြောသည်။ ၂၀၁၆ ခုနှစ်က ကျင်းပခဲ့သော ပထမ အကြိမ် ပင်လုံ ငြိမ်းချမ်းရေး ညီလာခံတွင် ထိုပြဿနာကို ကိုင်တွယ်ပေးရန် အဆိုပြုချက်ကို ယူဆောင်လာခဲ့သည် ဟု အများက ပြောကြသည်။သို့သော် ထိုပြဿနာကို မကိုင်တွယ်မီ ၎င်းတို့သည် အစိုးရ၏ စီမံမှု အမှားများကို ထောက်ပြကာ ညီလာခံမှ ထွက်ခွာခဲ့သည်။
UWSA ၏ တောင်းဆိုမှုသည် အစိုးရ၊ စစ်တပ်နှင့် ၎င်းတို့နှင့် လတ်တလော မဟာမိတ် မဟုတ်သော အခြား လူမျိုးစု လက်နက်ကိုင်များ အတွက် နစ်နာစရာတွေ ဖြစ်လာနိုင်ပေသည်။
NCA ကို ပယ်ချခြင်း
အစိုးရ၊ စစ်တပ်နှင့် အခြားလူမျိုးစု လက်နက်ကိုင်အဖွဲ့များ လုပ်ဆောင်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ရှည်ကြာ လွန်းလှပြီး ရပ်ဆိုင်းသွားမည် ဟု UWSA က ယုံကြည်နေသည်။ ၎င်းတို့သည် နိုင်ငံရေး ဆွေးနွေးပွဲများမှလည်း ဖယ်ထုတ် ခံရကာ အထူးသဖြင့် NCA ကို စတင် ဆွေးနွေးစဉ်ကလည်း မပါဝင်ပေ။
ဖေဖော်ဝါရီလက UWSA သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆွေးနွေးရန် ၎င်း၏ ဌာနချုပ် ပန်ဆန်းတွင် လူမျိုးစု လက်နက်ကိုင် အဖွဲ့ ၆ ခုမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံသည်။ ထို အစည်းအဝေးက NCA ကို ပယ်ချပြီး တရုတ်နိုင်ငံက ခုံသမာဓိ အဖြစ် ဆောင်ရွက်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သစ်ကို တောင်းဆိုသည်။ UWSA ဦးဆောင်သည့် တောင်းဆိုမှုများသည် အချို့သော ပြဿနာများကို ရှုပ်ထွေးသွားစေနိုင်သော်လည်း NCA ကို လမ်းကြောင်းလွဲ မသွားစေနိုင် ဟု အစိုးရပြောခွင့်ရသူ ဦးဇော်ဌေး က ပြောသည်။
UWSA သည် ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ကြေညာချက်တစောင် ထုတ်ပြန်ပြီး ပထမအကြိမ် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံအတွင်း စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနှင့် လူမျိုးစုများကို ခွဲခြားဆက်ဆံခြင်းတို့ အတွက် အစိုးရနှင့် စစ်တပ်ကို ဝေဖန်သည်။ NCA ကို UWSA က ပယ်ချခြင်းသည် အစိုးရနှင့် စစ်တပ် အတွက် စိန်ခေါ်မှု အဖြစ် ဆက်လက်ရှိ နေသည်။
အခြားလူမျိုးစု လက်နက်ကိုင်များနှင့် မဟာမိတ်ဖွဲ့ခြင်း
UWSA ၏ အခြားလူမျိုးစု လက်နက်ကိုင်များနှင့် မဟာမိတ်ဖွဲ့ခြင်းသည် အစိုးရနှင့် စစ်တပ်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အပေါ်စီးယူထားခြင်းကို စိန်ခေါ်နေသည်။ လက်ရှိ မဟာမိတ်များမှာ ပန်ဆန်းတွင် ၃ ရက်ကြာ ကျင်းပသည့် လူမျိုးစု လက်နက်ကိုင် အဖွဲ့များ အစည်းအဝေး၏ ရလဒ် ဖြစ်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ပေါင်းစု (NDAA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (SSPP/SSA-N) ၊ တအာန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ကိုးကန့်လူမျိုးစု မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်မတာ် (AA) တို့ပါဝင်သည်။ ၎င်းတို့၏ ဘုံ သဘောတူညီချက်မှာ အဖွဲ့ဝင် တဖွဲ့ဖွဲ့ တိုက်ခိုက်ခံရလျှင် တဦးနှင့် တဦးကူညီကြရန် ဖြစ်သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ခေါင်းဆောင်အဖြစ် ၎င်း၏ အနေအထားကို ခိုင်မာစေရန် အတွက် UWSA သည် နောက်ထပ် လူမျိုးစု ညီလာခံတခုကို ဧပြီလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ လက်ခံကျင်းပပြီး လူမျိုးစု တိုင်းရင်းသားများ အဖွဲ့ချုပ် (Federation of Ethnic Nationalities) ကိုပင် ထူထောင်လိုက်သည်။
အစိုးရနှင့် စစ်တပ်တို့က ထိုမဟာမိတ် အဖွဲ့ကို ၎င်းတို့၏ NCA လက်မှတ်ထိုးရေး ဗဟိုပြု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အခက်အခဲ အဖြစ် မြင်ကြသည်။ ထို စိန်ခေါ်မှုကို မည်သို့ ရင်ဆိုင်မည်နည်း။ UWSA ဦးဆောင်သော တပ်ပေါင်းစု၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လက်ခံမည်လား၊ သို့မဟုတ် ထိုတပ်ပေါင်းစု NCA လက်မှတ် ရေးထိုးလာအောင် စစ်ရေး အရ ဖိအားပေးမည်လား ဟူသော မေးခွန်းများ ထွက်ပေါ်လာသည်။
မြန်မာစစ်တပ်သည် ၎င်း၏ ရည်မှန်းချက်ဖြစ်သော နိုင်ငံ၏ တခုတည်းသော စစ်တပ် ဖြစ်လာရေး အတွက် နိုင်ငံ၏ လူမျိုးစု လက်နက်ကိုင် အုပ်စုများကို အင်အားချည့်နဲ့ လက်နက်မဲ့ စေရန် လုပ်ဆောင်နေသည့် မြန်မာစစ်တပ်အတွက် UWSA စစ်အင်အား တောင့်တင်းလာခြင်းသည် ဝန်ထုတ်ဝန်ပိုး ဖြစ်စေသည်။
UWSA သည် တရုတ်နိုင်ငံ၏ အကူအညီဖြင့် ၎င်းတို့၏ စစ်အင်အားကို တည်ဆောက်နေသည်မှာ ဆယ်စုနှစ်နှင့်ချီ ကြာမြင့်နေပြီ ဖြစ်သည်။ ထိုအဖွဲ့တွင် လှုပ်ရှားနိုင်သော တပ်ဖွဲ့ဝင် ၃၀၀၀၀ ခန့် ရှိသည်ဟု ခန့်မှန်း ရပြီး ထိုစစ်သားများမှာ အထူး လေ့ကျင့်ထားသူများ ဖြစ်သည် ဟု ယုံကြည်ရသည်။ UWSA သည် လက်နက်ခဲယမ်းများ ကိုလည်း ထုတ်လုပ်ပြီး တရုတ်နိုင်ငံလုပ် တင့်ကားများ၊ စနိုက်ပါများ၊ တင့်ကားဖျက် အမြောက်များ၊ ရဟတ်ယာဉ်များ စသည့် အဆင့်မြင့် စစ်လက်နက် ပစ္စည်းများကိုလည်း ပိုင်ဆိုင်သည်။ ၀ စစ်တပ်နှင့် နီးစပ်သော သတင်းရင်းမြစ်များနှင့် ပေါက်ကြားထွက်ပေါ် လာသော သတင်းများအရ ၎င်းတို့သည် TY-90 ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည် များကိုပင် ပိုင်ဆိုင်ကြသည် ဟု သတင်းများက ဆိုသည်။
UWSA သည် MNDAA, KIA, AA, နှင့် TNLA အပါအဝင် အခြားသော လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများသို့ လက်နက် ရောင်းချသူ ဖြစ်သည်ဟုလည်း ယူဆရသည်။ မြန်မာစစ်တပ်သည် ထိပ်တိုက်တွေ့မှုမှ တဆင့် ကျယ်ပြန့်သော ပဋိပက္ခသို့ ဦးတည်သွားခြင်း မရှိဘဲ UWSA ၏ စစ်ရေးထိုးနှက်ချက်ကို မည်သို့ကိုင်တွယ် ဖြေရှင်းမည်နှင့် ပတ်သက်ပြီး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။
ငြိမ်းချမ်းရေး၏ ဇာတ်ဝင်ခန်းတခု
မရေရာမှုများကို ဖော်ပြရမည် ဆိုပါက ဝပြည်နယ် တောင်းဆိုခြင်း၊ NCA၊ မဟာမိတ်သစ်များနှင့် တောင့်တင်းကြံ့ခိုင်သော ၀ တပ်ဖွဲ့ စသည်တို့ကို စေ့စပ်ညှိုနှိုင်း ဖြေရှင်းရမည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် UWSA ကို ဖယ်ထုတ်ထား၍ မရပေ။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အတွက် အရေးပါသော ဝအဖွဲ့ မပါလျှင် အင်အားအကြီးဆုံး လူမျိုးစု လက်နက်ကိုင်အဖွဲ့၏ ထောက်ခံမှုကို မရသောကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အဓိပ္ပာယ် ကင်းမဲ့နေမည် ဖြစ်သည်။
အသစ် ဖွဲ့စည်းလိုက်သော လူမျိုးစု တိုင်းရင်းသားများ အဖွဲ့ချုပ်သည် မကြာသေးမီက နေပြည်တော်တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်ခဲ့သော်လည်း ထို မဟာမိတ်အဖွဲ့၏ ကိုယ်စားလှယ် များမှာ ညီလာခံတွင် ပါဝင်ခွင့် မရပေ။ ၎င်းတို့ ကျေနပ်စေရန် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် သီးခြားစီ တွေ့ဆုံစေခဲ့ပြီး မည်သည့် ခိုင်မာသော တိုးတက်မှုမျှ မရဘဲ နေပြည်တော်မှ ပြန်ကြရသည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် သူမ၏ အစိုးရ အဖွဲ့သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် UWSA ကို ပစ်ပယ်ထားပါက ကြီးမားသော အမှားသာ ဖြစ်လိမ့်မည်။ ပြေလည်မှု ရရှိရေးသည် အချိန် အကန့်အသတ် မရှိ ဝေးကွာနေမည်ကို စိုးရိမ်လျှင် အစိုးရနှင့် စစ်တပ်သည် UWSA နှင့် စေ့စပ်ညှိုနှိုင်းရေး အတွက် လမ်းခင်းပေးရမည်။ ထိုသို့ လုပ်ဆောင်ခြင်း မရှိပါက အားလုံး ပါဝင်မှု မရှိခြင်း၏ အန္တရာယ်မှာ ပိုမိုဆိုးရွားသော မလုံခြုံမှုနှင့် မတည်ငြိမ်မှု ဝန်းကျင်တခုသာ ဖြစ်လာပေ လိမ့်မည်။
(Joe Kunbum သည် ကချင်ပြည်နယ်အခြေစိုက် လေ့လာသုံးသပ်သူတဦး၏ ကလောင်အမည်ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော ၎င်း၏ The UWSA and the Risks Within Burma’s Political Landscape ကို ဘာသာပြန်သည်။)