ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ နာမည်ကြီး ၆၆(ဃ)

မောင်ဆောင်းခ
ရန်ကုန် မြို့တော်ခန်းမရှေ့ ပုဒ်မ ၆၆ ဃ ပြင်ဆင်ရေး လှုပ်ရှားမှုတခု / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ဒီဆောင်းပါးမှာ တပ်က စွဲတဲ့ ၆၆ (ဃ) အမှုတွေကို လေ့လာမှာ မဟုတ်ပဲ NLD နဲ့ ပတ်သတ်တဲ့အမှုတွေပဲ သုံးသပ်ရေးသားမှာ ဖြစ်ကြောင်း ဦးစွာ အသိပေးပါရစေ။ ဒီနေရာမှာ NLD က ၆၆(ဃ) သုံးတော့ ပြောတယ်၊ စစ်တပ်က ၆၆(ဃ)သုံးတာ ကျတော့ ဘာလို့မပြောတာလဲလို့ မေးစရာရှိပါတယ်။

တပ်ကို မပြောတာက သူတို့အားလုံးဟာ ကျနော်တို့ပြည်သူတွေကနေပြီးတော့ ဒီမိုကရေစီနည်းကျကျနဲ့ ရွေးချယ်တင် မြှောက်ထားတာ မဟုတ်လို့ပါဘဲ။ ကျနော်တို့ ဒီလိုပြောနေတာကလည်း ကိုယ်ရွေးချယ်ထားတဲ့ ပါတီ/ လွှတ်တော်/ အစိုးရ ကို ရွေးကောက်ခံ ဒီမိုကရေစီအစိုးရဆိုတဲ့ စံနှုန်းတွေကနေ သွေဖည်သွားမှာ ကြောက်လို့ပါပဲ။

ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့ရဲ့စာရင်းတွေအရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပုတ်ခတ်စော်ကားလို့ဆိုပြီး အောက်ခြေပါတီဝင်တွေနဲ့ ကြားလူတွေက တရားစွဲဆိုထားတဲ့အမှုတွေကို မထည့်သွင်း မတွက်ချက်ရင် NLD ပါတီခေါင်းဆောင်တွေနဲ့ NLD လွှတ် တော်ကိုယ်စားလှယ်တွေက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ကို အသုံးပြုပြီး ပြည်သူတွေကို တရားစွဲတဲ့အမှု ၅ မှု ရှိ ပါတယ်။

ပါတီရဲ့သက်ဆိုင်ရာပုဂ္ဂိုလ်တွေက တရားစွဲဆိုထားတဲ့ အမှု ၅ မှုမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက Eleven သတင်းစာကို တရားစွဲထားသောအမှု၊ ပါတီထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်က မုံရွာမြို့နယ် NLD ပါတီဝင် ကို အောင်မြင့်ထွန်း(ခေါ်) ကိုဖိုးထောင်ကို တရားစွဲခဲ့သောအမှု၊ တောင်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များကို ဝေဖန် သဖြင့် ပါတီရပ်/ ကျေးဒုဥက္ကဌတဦးက ကိုဇော်ဇော်အောင်အား တရားစွဲဆိုခဲ့သောအမှု၊ မန္တလေးခရိုင် NLD ပါတီဒုက္ကဌ ဦး ကိုကိုလေးက အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ဒေါ်အမာနီအား တရားစွဲဆိုထားသောအမှုနှင့် ရန်ကင်းမြို့နယ် တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက ပရဟိတ ခွေးဂေဟာဖွင့်လှစ်တည်ထောင်ထားသူ ဒေါ်မြတ်သက်မွန်ကို တ ရားစွဲဆိုထားသောအမှုတို့ပါဝင်ပါတယ်။

အဲဒီ အမှု ၅ မှုမှာ စွပ်စွဲခံရသူတို့က ပြန်လည်တောင်းပန်ခဲ့တဲ့အမှု ၂ မှု ရှိခဲ့ပေမယ့် အဲဒီအမှုတွေကိုလည်း တရားလိုဘက် က ကျေအေးရုတ်သိမ်းပေးခဲ့တာမျိုး မတွေ့ရပါဘူး။

ယခုလက်ရှိ နောက်ဆုံး အွန်လိုင်းပေါ်မှာ နာမည်ကြီးလာတာကတော့ ရန်ကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်နှစ်ယောက်နဲ့ ပရဟိတ ခွေးဂေဟာဖွင့်လှစ်တည်ထောင်ထားသူ ဒေါ်မြတ်သက်မွန်တို့ရဲ့ ၆၆(ဃ) အမှုဖြစ်ပါတယ်။

ဒီအမှုဖြစ်စဉ်ကို ကျနော်လေ့လာထားသလောက် ပြောပြရမယ်ဆိုရင် ဒေါ်မြတ်သက်မွန်တို့အိမ်က အိမ်အကူ ကလေးမလေး ထွက်ပြေးလာတာက စတာပါပဲ။ ကလေးမလေးဟာ NLD အဖွဲ့ဝင်တွေကနေ တဆင့် နောက်ဆုံး လွှတ်တော်အမတ်တွေဆီ ရောက်သွားပြီး သူ့အိမ်ရှင်ဖြစ်တဲ့ ဒေါ်မြတ်သက်မွန်က သူ့ကို ရိုက်နှက်ညှဉ်းပန်းတဲ့အကြောင်းတွေ ပြောဆိုခဲ့ပါတယ်။

လွှတ်တော်အမတ်တွေကလည်း ဒီကိစ္စကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ ဒေါ်မြတ်သက်မွန်ကို စာထုတ်ပြီး ဆင့်ခေါ်ခဲ့ပါတယ်။ (ဒီနေရာမှာ လွှတ်တော်အမတ်ဟာ ပြည်သူတွေကို စာထုတ်ပြီး ဆင့်ခေါ်ဖို့ အခွင့်အာဏာရှိပါသလား ဆိုတာ မေးခွန်းထုတ် စရာဖြစ်လာပါတယ်။ ဥပဒေပြုရေးအာဏာက အုပ်ချုပ်ရေးအာဏာကို စွက်ဖက်သလိုလည်း ဖြစ်နေပါတယ်။)

ဒေါ်မြတ်သက်မွန်ကလည်း အိမ်အကူမလေး ထွက်ပြေးတာ သူရိုက်နှက်လို့မဟုတ်ဘဲ သူ့အိမ်က ငွေနဲ့ပစ္စည်းတွေ ခိုးပြီး ထွက်ပြေးခြင်းသာဖြစ်ကြောင်း ငြင်းဆိုပါတယ်။ ကလေးမလေးထွက်ပြေးကတည်းက ရဲစခန်းမှာလည်း လူပျောက်တိုင် ထားတာကိုတွေ့ရပါတယ်။ (ဘာဖြစ်လို့ ခိုးမှုနဲ့မတိုင်လဲဆိုတာကတော့ စဉ်းစားစရာပါ။)

လွှတ်တော်ကိုယ်စားလှယ်ရုံးခန်းထဲမှာ စကားအချေ အတင်ပြောနေကြရင်း ပါတီဝင်တဦးက ဒေါ်မြတ်သက်မွန်ကို ဓာတ် ပုံရိုက်လိုက်တာကစပြီး ပြဿနာတွေ ပိုရှုပ်ကုန်ပါတယ်။ အဲဒီမှာ ဒေါ်မြတ်သက်မွန်က ဆဲဆိုခဲ့တယ်လို့ ပြောပါတယ်။ (ဒေါ် မြတ်သက်မွန်ကတော့ သူ့ကို ဒုက္ခမျိုးစုံပေးတဲ့ အိမ်အကူ ကလေးမလေးကို ဆဲဆိုခဲ့တာဖြစ်ပြီး ပါတီနဲ့အမတ်တွေကို ဆဲဆို တာမဟုတ်ကြောင်းပြောပါတယ်)။

အဲဒီလို ဆဲဆိုခဲ့မှုကြောင့် ရန်ကင်းမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၂) ဦးသိန်းဇော်က အသရေဖျက်မှု ပုဒ်မ (၅ဝဝ)နဲ့ တရားရုံးကို ဦးတိုက်လျှောက်ထားပြီး တိုင်ကြားခဲ့ပါတယ်။ ဒေါ်မြတ်သက်မွန်ဘက်က ဒီမှာတင်မပြီးဘဲ အွန်လိုင်းပေါ်ထိတက်ပြီး ကိုယ်စားလှယ်နှစ်ဦးရဲ့ အကြောင်းတွေကို ဆက်လက်ဝေဖန်တိုက်ခိုက်နေတာကြောင့် ရန်ကင်းမြို့ နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၂) ဒေါ်သီတာမောင်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခဲ့ ခြင်းကြောင်း ရန်ကင်းမြို့နယ် NLD ပါတီဝင်တစ်ဦးက ပြောပါတယ်။

ဒီအမှုဆိုရင် အတော်လေး ရှုပ်ထွေးပြီး ဘယ်သူက မှားတယ်/မှန်တယ်ဆိုတာ ဘေးလူတွေ အတော်ဝေခွဲရခက်ပါတယ်။ ကျနော် ဒီနေရာမှာ ပြောချင်တာတခုက ဒီဖြစ်စဉ်ရဲ့ အမှန်/အမှားကို မဟုတ်ပါဘူး။ ၆၆(ဃ) ဆိုတဲ့ အာဏာရှင်လက်ကိုင် တုတ်ဥပဒေတခုကို NLD လွှတ်တော်ကိုယ်စားလှယ်တွေ ဘာဖြစ်လို့ မကြောက်မရွံ့ အသုံးပြုနေတာလဲဆိုတာကိုပဲ ကျနော် မေးခွန်းထုတ်ချင်တာဖြစ်ပါတယ်။

အွန်လိုင်းပေါ်မှာ ကိုယ့်အကြောင်း မဟုတ်ကဟုတ်ကတွေ ပြောနေတာတွေ ရပ်ပစ်နိုင်ဖို့ဆို အဲဒီလူကို ထောင်ထဲထည့်ပစ်ရ မယ်ဆိုတဲ့အတွေးမျိုးကို ကျနော်တို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အရင်စစ်အစိုးရဆီက မသိမသာသင်ယူမိခဲ့သလား။ ဒါမှမဟုတ် ပြည်သူတယောက်ကို တရားစွဲလို့ရအောင်အထိ အချိန်တွေ ပိုနေတာဆိုတော့ ကိုယ့်မဲဆန္ဒနယ်မြေမှာ ဒေသ ဖွံဖြိုးတိုးတက်ရေးတွေကိစ္စတွေ လုပ်စရာမရှိတော့လို့များလား၊ မစဉ်းစားတတ်တော့ပါ။

ကျနော်တို့ပြည်သူတွေရဲ့ ခါးသီးလှတဲ့ အမှန်တရားတစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ပြီး မဲပေးခဲ့ကြတဲ့ ပြည်သူတွေဟာ ကိုယ်ရွေးချယ်ခဲ့တဲ့ကိုယ်စားလှယ်ရဲ့တရားစွဲဆိုခြင်းကို ခံနေရတယ်ဆိုတာပါပဲ။ လွှတ်တော်ကိုယ်စားလှယ်တွေကို တခုခု ဝေဖန်လိုက်တိုင်း ထောင်ထဲ တန်းပို့လို့ရနေတဲ့ ဒီလိုနာမည်ဆိုး ဥပဒေကြီးနဲ့ တရားစွဲဆိုနေမယ်ဆိုရင် ကိုယ်စားလှယ်တွေကို ဘယ်သူမှ ဝေဖန်ရဲတော့မှာ မဟုတ်ပါဘူး။

အဲဒီလို ဝေဖန်မှုတွေ မရှိတော့ရင် အကျင့်ပျက်ခြစားမှုတွေနဲ့ အာဏာအလွဲသုံးစားမှုတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ လုပ်လာကြတော့မှာပါပဲ။ လူဆိုတဲ့သဘောဟာ ဖောက်ပြန်တတ်တဲ့သဘော သဘာဝရှိပါတယ်။ နေရာ၊ အာဏာတခုခုရ လာရင် ပိုလို့တောင် ဖောက်ပြန်ဖို့လွယ်ကူပါသေးတယ်။

အဲဒီလို ဖောက်ပြန်လာနိုင်တာတွေကို ပြည်သူတွေရဲ့ ဝေဖန်မှု၊ မီဒီယာရဲ့ထောက်ပြမှုတွေနဲ့ ထိန်းကြောင်းရမှာဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ်နဲ့ အကြောက်တရားကင်းကင်း ဝေဖန်ထိန်းကြောင်းနိုင်ဖို့ကလည်း လွတ်လပ်စွာ ပြောဆိုခွင့် ရေးသား ခွင့်ကို အာမခံပေးဖို့ လိုပြန်ပါသေးတယ်။

လက်ရှိအချိန်မှာ တပ်က ဆက်သွယ်ရေးဥပဒေကို အသုံးပြုပြီး တရားစွဲခဲ့တာ ၆ မှု တိတိရှိပါတယ်။ NLD က တရားစွဲခဲ့ တာ ၅ မှု ဆိုတော့ တပ်မတော်ကြီးကို အမီလိုက်နေသလားတောင် ထင်ရပါတယ်။

၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလမှာတုန်းက တပ်မတော်အစိုးရဟာ ပြည်သူတွေကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေနဲ့ ထောင်နှစ်ရှည်ချခဲ့ပါတယ်။ အမှန်တကယ်က လက်ရှိ ဆက်သွယ်ရေးဥပဒေဆိုတာ အရင်တုန်းက ဦးမင်းကိုနိုင်တို့ ဦးဇာဂနာတို့ ကိုနေဘုန်းလတ်တို့ကို ထောင်နှစ်ရှည်ချခဲ့တဲ့ အီလက်ထရော နစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေရဲ့ အစွယ်အပွားပါပဲ။

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေဟာ တပ်မတော်အစိုးရလက်ထက်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ တဲ့အတွက် ဦးသိန်းစိန်အစိုးရလက်ထက်မှာ အဲဒီ ဥပဒေကို ဆက်မသုံးတော့ဘဲ သူ့အစား ဆက်သွယ်ရေးဥပဒေထဲမှာ ၆၆ (ဃ) ဆိုတဲ့ ပုဒ်မလေးတခုကို ထည့်သွင်းပြဌာန်းခဲ့တာပါပဲ။ ပြီးတော့ ၂ဝ၁၅ ရွေးကောက်ပွဲလည်းနီးရော အွန်လိုင်းပေါ်က သူတို့အပေါ် ဝေဖန်တဲ့သူတွေကို အဲဒီ ၆၆(ဃ)နဲ့ ထောင်ထဲ တန်းစီပြီးထည့်ပစ်ခဲ့တာ မမေ့သေးရင် သိနိုင်ပါတယ်။

၆၆(ဃ)ဆိုတာ အရင်အစိုးရလက်ထက်တုန်းက ပြည်သူလူထုရဲ့လွတ်လပ်စွာပြောဆိုခွင့်ကို ဖိနှိပ်ကန့်သတ်ဖို့၊ အွန်လိုင်း ပေါ်ကနေ အစိုးရအပေါ် ဝေဖန်ထောက်ပြသူတွေ၊ ပြစ်တင်ရှုံ့ချသူတွေကို ထောင်ထဲထည့်ပစ်ဖို့ ရည်ရွယ်ချက်ရှိရှိ ထည့် သွင်း ရေးဆွဲထားတဲ့ပုဒ်မတခုဖြစ်ပါတယ်။

ဒီပုဒ်မကြီးကို လက်ရှိအာဏာရပါတီ လွှတ်တော်ကိုယ်စားလှယ်တွေက ဖျက်ပစ်ဖို့မကြိုးစားဘဲ ကိုယ့်ကို လာထိတဲ့သူကို ထောင်ထဲထည့်နိုင်ဖို့အတွက် လက်နက်တခုလို ဆက်လက်အသုံးပြုခဲ့ပါတယ်။

ကျနော့်အသိ စာရေးဆရာတယောက်ပြောသလို ပြန်ပြောရရင် ဒီဥပဒေကိုသုံးပြီး လက်နက်အာဏာမရှိတဲ့ အရပ်သား ပြည် သူတဦးဦးကို ဖမ်းဆီးထောင်ချဖို့ လုပ်တဲ့ အစိုးရအဖွဲ့ဝင်၊ လွှတ်တော်ကိုယ်စားလှယ်၊ ပါတီတာဝန်ရှိသူတွေဟာ အများ ပြည် သူဆိုင်ရာ ဘုံရာထူး တခုခုမှာ တာဝန်ထမ်းဆောင်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ စိတ်ထားပြည့်ဝကောင်းမွန်မှု၊ ချင့်ချိန်မျှတစွာ ဆုံးဖြတ်တတ်မှု၊ သည်းခံရင့်ကျက်မှုဆိုတဲ့ အရည်အချင်းတွေ ပြည့်မီခြင်း မရှိဘူးဆိုတာ သိနိုင်ပါတယ်။

လွတ်လပ်စွာပြောဆိုခွင့်ဆိုတာ ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ်ပါပဲ။ အခြေခံအုတ်မြစ်မရှိဘဲ ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုဆိုတဲ့ အိမ်ကြီးဆောက်မယ်ဆိုရင်တော့ လေထဲဆောက်တဲ့အိမ်ပဲ ဖြစ်နေပါလိမ့်မယ်။

(မောင်ဆောင်းခသည် သမ္မတ ဦးသိန်းစိန်လက်ထက် ပုဒ်မ ၆၆ (ဃ)ဖြင့် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသူ ကဗျာဆရာ ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading