ဆွေးနွေးပွဲ မတိုင်မီက မျှော်လင့်ချက် အနည်းငယ်သာ ရှိသော်လည်း မည်သည့် စံနှုန်းဖြင့် တိုင်းတာသည် ဖြစ်စေ မြန်မာနိုင်ငံတွင် မေလ ၂၄ ရက်နေ့မှ ၂၉ ရက်နေ့ အထိ ကျင်းပခဲ့သော နောက်ဆုံးအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် တိုးတက်မှုကောင်းများ ရှိခဲ့သည်။
ညီလာခံ မတိုင်မီ တရုတ်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေးသော အစီအစဉ်အရ မျှော်လင့်ထားသည်ထက် ပိုမိုများပြားသော လက်နက်ကိုင်အဖွဲ့များ နေပြည်တော်သို့ရောက်လာခဲ့သည်။ ထို့အပြင် ညီလာခံနောက်ဆုံးနေ့တွင် နိုင်ငံတော်သည် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံဖြစ်ရမည် ဟူသော အချက်အပါအဝင် အနာဂတ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၏ အစိတ်အပိုင်း ဖြစ်လာမည့် မူ ၃၇ ချက်ကို သဘောတူနိုင်ခဲ့ကြသည်။
ထိုအချက်များသည် ကြိုဆိုရမည့် ဖြစ်ပေါ်တိုးတက်မှုများ ဖြစ်ပြီး ရှေ့တလှမ်းတိုးလာခြင်းပင် ဖြစ်သည်။ သို့သော် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် မည်သည့် ဦးတည်ဘက်သို့ သွားနေသည်၊ လူမျိုးစု လက်နက်ကိုင် အုပ်စုမည်မျှသည် ပါဝင်ဆေင်ရွက်ရန် အသင့် ဖြစ်နေသည် စသည့် အခြေခံကျသော မေးခွန်းများမှာ ကျန်ရှိနေဆဲဖြစ်သည်။ အရှိန်အဟုန်သစ်နှင့် ပိုမိုကျယ်ပြန့်သော ပါဝင်ဆောင်ရွက်ခြင်း မရှိပါက ပဋိပက္ခကို ညှိနှိုင်းဖြေရှင်းရေးမှာ လမ်းပျောက် နေဦးမည် ဖြစ်သည်။
ညီလာခံ မတိုင်မီ ညနေအထိ အခြေအနေမှာ မျှော်လင့်ချက် ကင်းမဲ့နေသည်။ နောက်ထပ် လက်နက်ကိုင်အုပ်စုများ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးအောင် လုပ်ဆောင်ရေး ညှိနှိုင်းမှုများမှာ တိုးတက်မှု မရှိဘဲ စီစဉ်ထားသည့် ဒေသအလိုက် နိုင်ငံရေး ဆွေးနွေးပွဲ များကိုလည်း အနည်းငယ်သာ ကျင်းပရသေးသဖြင့် ညီလာခံသည် ၃ လခန့် နှောင့်နှေးခဲ့ရသည်။ ရှမ်းနှင့် ရခိုင်လက်နက်ကိုင်အုပ်စုများ ပါဝင်သည့် အခြားဆွေးနွေးပွဲများကို လည်း အာဏာပိုင်များက ပိတ်ပင်ထားသဖြင့် ပိုမိုစိတ်ရှုပ်ထွေးစရာ ဖြစ်နေသည်။
အစိုးရအတွက် အခြားသော ဆိုးရွားသည့်အချက်မှာ အင်အားကြီးမားလှသော ၀ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် သည် နိုင်ငံအရှေ့မြောက်ပိုင်းမှ လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နှင့် ဧပြီလတွင် တွေ့ဆုံ တွေးနွေးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ အခြေခံဖြစ်သည် ဟူသော အချက်ကို ပယ်ချသော ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး နည်းလမ်းသစ် တခုကို တောင်းဆိုခဲ့သည်။
ထို လက်နက်ကိုင် အုပ်စုများကို ကိုယ်စားပြုသော မဟာမိတ်အဖွဲ့သစ် ဖွဲ့စည်းကြောင်း ကြေညာပြီး ထိုမဟာမိတ်အဖွဲ့ အနေဖြင့်သာ ဆွေးနွေးဆောင်ရွက်မည် ဟု ကြေညာသည်။ အစိုးရနှင့် မြန်မာ့တပ်မတော်တို့က လက်နက်ကိုင်အုပ်စုများအနေဖြင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးခြင်းဖြင့်သာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင် ဆောင်ရွက်နိုင်မည်ဟု ဆက်လက်ပြောကြားခဲ့သဖြင့် အကျပ်အတည်းကို ရှောင်လွှဲမရ ဖြစ်နေသည်။
မြန်မာနိုင်ငံ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ဦးစားပေး အစီအစဉ်တွင် အကြီးအကျယ် ကျဆုံးမှုကို တားဆီးပေး နိုင်ခဲ့သည်မှာ ညီလာခံ မကျင်းပမီ နောက်ဆုံးအချိန်တွင် လုပ်ဆောင်ခဲ့သော တရုတ်၏ လွန်းပျံ သံတမန်ရေး ဆောင်ရွက် ချက် ဖြစ်သည်။ ဘေကျင်းတွင် မေလ ၁၆ ရက်နေ့က ကျင်းပသော the Belt and Road ဖိုရမ် အပြီးတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံစဉ်သမ္မတ ရှီကျင့်ဖျင်က မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထောက်ခံကြောင်း ကတိ ပေးခဲ့သည်။
ထို့ကြောင့် ဘေကျင်းမှ အထူးသံတမန် တဦးသည် လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့တို့ကို တရုတ်နိုင်ငံ ကူမင်းတွင် စုရုံးစေကာ မြန်မာအစိုးရ ထံမှ ခွင့်ပြုချက်ရသောအခါ ညီလာခံ မတိုင်မီညနေတွင် တရုတ်အစိုးရ လေယာဉ်ဖြင့် နေပြည်တော်သို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် လက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့ အနက် ၁၅ ဖွဲ့၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးထားသော ၈ ဖွဲ့နှင့် ၀ မဟာမိတ် ၇ ဖွဲ့ တို့သည် ညီလာခံဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြပြီး အစိုးရအတွက် အရေးပါသော အောင်မြင်မှု သင်္ကေတ ဖြစ်ခဲ့သည်။ ထိုအောင်မြင်မှုသည် သင်္ကေတအရ အရေးပါသည့်အပြင် စစ်တပ်နှင့် လက်တွေ့ ပဋိပက္ခ ဖြစ်ပွားနေသော လက်နက်ကိုင်အုပ်စု ၃ ခု၊ ကိုးကန့်၊ ပလောင်နှင့် ရက္ခိုင့်တပ်မတော်တို့ကို စေ့စပ်ညှိနှိုင်းမှုတွင် ပါဝင်စေခြင်းဖြင့် အရေးပါသော အစဉ်အလာတခုကိုလည်း ဖြစ်ပေါ်စေခဲ့သေည်။ ယခင်ကမူ လက်နက်ကို စွန့်လွှတ်မှသာ ထိုအုပ်စုများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ရမည် ဟု ပြောဆိုခဲ့သည်။
ထို့အပြင် ထိုအုပ်စု ၇ စု အနေဖြင့် အစိုးရ ငြိမ်းချမ်းရေးညှိနှိုင်းသူများနှင့် သာမက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်နှင့်ပင် အဖွဲ့ခွဲ၍ တွေ့ဆုံခွင့်ရခဲ့သဖြင့် ဆက်သွယ်ရေး လမ်းကြောင်းသစ် တခုကိုလည်း ဖွင့်ပေးနိုင်ခဲ့သည်။ မဟာမိတ်အုပ်စုသစ်ကို တရားဝင် အသိအမှတ် မပြုလိုသောကြောင့် တဖွဲ့ချင်းတွေ့ဆုံခြင်း ဖြစ်သည်။
သို့တော် တိုးတက်မှု အတိုင်းအတာကို ပိုမတွက်သင့်ပေ။ ၀ ဦးဆောင်သော မဟာမိတ်များသည် ညီလာခံဖွင့်ပွဲနှင့် ထိုညနေ ညစာ စားပွဲကိုသာ တက်ရောက်ခဲ့ပြီး မည်သည့် အရေးပါသည့် ဆွေးနွေးပွဲကိုမျှ မတက်ဘဲ ညီလာခံ မပြီးဆုံးမီ ၂ ရက် အလို မေလ ၂၇ ရက်နေ့တွင် ကူမင်းသို့ ပြန်ကြသည်။ ၎င်းတို့သည် ညီလာခံကိုယ်စားလှယ်များကို စကားပြောကြားခြင်း မရှိသလို ရလဒ်များကိုလည်း သဘောတူညီခဲ့ခြင်း မရှိပေ။
၎င်းတို့သည် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်သစ်ကို အစိုးရထံ တင်သွင်းခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံသောအခါ လက်ရှိ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် မှလွဲ၍ အခြားရွေးစရာ မရှိကြောင်း သူတို့ကို ပြောခဲ့သည် ဟု ဆိုကြသည်။ ၎င်းတို့သည် စစ်တပ်နှင့် တွေ့ဆုံခဲ့ခြင်း မရှိပေ။ ၎င်းတို့ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်စေရန် အတွက် ထူးခြားသော လိုက်လျှောမှုနှင့် ပတ်သက်၍ ဘက်အသီးသီးတို့က မည်သို့ သဘောထားကြသည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရပေ။
စောင့်ကြိုနေသော အကျပ်အတည်း
အထူးသဖြင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့များ အပါအဝင် အများအပြားတို့ အကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် လေးနက်သော မကျေနပ်မှုများ ရှိနေသည်။ အစိုးရနှင့် မြန်မာ့တပ်မတော်အကြား သဘောထားများ စိုးရိမ်စရာ ကောင်းလောက်အောင် တူညီလာခြင်းနှင့် ၎င်းတို့ လက်မှတ်ရေးထိုးထားသည့် ပူးပေါင်း လုပ်ငန်းစဉ်ထက် ပိုမို၍ တဖက်သတ် ဆန်သော လုပ်ငန်းစဉ်ကို ၎င်းတို့ တွေ့လာရသည်။
သို့သော် အထူးခြားဆုံး ဥပမာမှာ အဆိုပြုထားသော မူများကို ချမှတ် သဘောတူသော နည်းလမ်း ဖြစ်သည်။ သဘောတရား အရ ထိုမူများသည် ဒေသအလိုက် ဆွေးနွေးပွဲများမှ ရရှိသော အချက်များကို ပြန်လည် ရွေးချယ်ပြီး ကဏ္ဍအလိုက် ကော်မတီများက သဘောတူကာ အစိုးရ၊ လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများ ပါသည့် သုံးပွင့်ဆိုင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပူးတွဲကော်မတီက အတည်ပြုထားသည် ဟု ဆိုသည်။
လက်တွေ့တွင်မူ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီသော သို့မဟုတ် အများ သဘောမတူသော အဆိုပြုချက်များကို တစုံတဦးက ကန့်ကွက်လျှင် ဘေးဖယ်ထားလိုက်ကြပြီး အဓိက အဆိုပြု သဘောတူညီချက်များမှာ အစိုးရက တင်သွင်းသော အချက်များ ဖြစ်နေသည်။
အထူးခြားဆုံးသော အချက်မှာ အနာဂတ် ဖက်ဒရယ်စနစ်တွင် ပြည်နယ်များ အတွက် သီးခြား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းခွင့် နှင့် ရှင်းလင်းတိကျသော လူမျိုးစုများ ကိုယ်ပိုင်ပြဌာန်းခွင့် ဖြစ်သည်။
သို့သော် ခွဲထွက်ခွင့်ကို အတိအလင်း ရှောင်ရှားရမည် ဟူသော အပေးအယူ စည်းကမ်းချက်ကို လက်မခံနိုင်သော လူမျိုးစု လက်နက်ကိုင်အဖွဲ့များက ထိုအချက်များကို ကန့်ကွက်ခဲ့ကြသည်။ ထိုသို့ အတန်အသင့် လက်ခံနိုင်ဖွယ်ရှိသော အပေးအယူကို အောင်မြင်အောင် မလုပ်နိုင်ခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ ချို့ယွင်းချက်များကို ပိုမိုထင်ရှားသွားစေသည်။ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေများကို လူမျိုးစုများက တောင်းဆိုနေခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်ပြီး မည်သည့် အုပ်စုမျှ ခွဲထွက်လိုခြင်း မရှိကြပေ။
အခြားသော အားနည်းချက်များတွင် လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ၁၉၄၇ ခုနှစ် ပင်လုံညီလာခံအမည်ကို ပြန်လည် အသုံးပြုခြင်းကြောင့် ဝန်ထုတ်ဝန်ပိုးများ ပူးတွဲပါလာသည်ကို အစိုးရဘက်က နားမလည်ခြင်း ဖြစ်သည်။
အထူးသဖြင့် မူလပင်လုံ ညီလာခံတွင် လူမျိုးစုများ၏ အဓိက အခွင့်အရေး ဖြစ်ခဲ့သော ခွဲထွက်ခွင့်ကို ယခုအခါ အတိအလင်း ငြင်းပယ်သဖြင့် လူမျိုးစုများ အနေဖြင့် လက်ခံရန် ခက်ခဲစေသည်။ ထို့အပြင် ညီလာခံမတိုင်မီ အလွတ်သဘော ဆွေးနွေးပွဲများ မရှိခြင်းကြောင့် အစိုးရသည် ထိုသို့သော ပြဿနာများ အတွက် အစိုးရကို ကြိုတင်ပြင်ဆင်မှု ကင်းမဲ့စေသည်။
ထို့အပြင် သဘောတူထားသော မူ ၃၇ ချက်အနက် အများစုသည် လက်ရှိ ဖွဲ့စည်းပုံ၏ ပြဌာန်းချက်များကို ထပ်မံ အတည်ပြုထားပြီး စစ်မှန်သော ကန့်ကွက်ရန် အခြေအနေမပေးဘဲ စုံညီ အစည်းအဝေးများဖြင့် ချမှတ်ခဲ့ကြသည်။ သဘာပတိ အဖြစ် ဆောင်ရွက်သူက ထိုမူများ အားလုံးကို ကော်မတီများတွင် သဘောတူထားပြီး ဖြစ်သောကြောင့် အတည်ပြုပြီး ဖြစ်သည် ဟု သတ်မှတ်ကြောင်း ကြေညာသည်။
မည်သည့် ဆွေးနွေးမှုကိုမျှ ခွင့်မပြုခဲ့ပေ။ ရေတိုရလဒ်များ ရရှိခြင်းကြောင့် ရေရှည်ထိခိုက်မှု မည်မျှ ဖြစ်စေမည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။
၀ သည် ယခုအခါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အရေးပါသော နေရာကို ရရှိထားသည်။ ၎င်းတို့ အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခြင်းကြောင့် အရှုံးထက် အမြတ်သာ ရဖို့ရှိနေသည်။ သို့သော် လွယ်ကူမည်တော့ မဟုတ်ပေ။ ၀ ဒေသ၏ တရား မဝင်သေးသော ကိုယ်ပိုင်ပြဌာန်းခွင့် အတိအလင်း အသိအမှတ်ပြုရန်နှင့် ၎င်း၏ အနာဂတ်အခန်း ကဏ္ဍကို အာမခံရန် လိုအပ်လိမ့်မည် ဖြစ်သည်။ အထူးသဖြင့် ၀ တို့သည် ရှမ်းပြည်နယ် အစိုးရ၏ လက်အောက်ခံ အဖြစ်ထက် ၈ ခု မြောက် ပြည်နယ်အဖြစ် ဗဟိုအစိုးရ၏ အောက်သို့ ဝင်လိုကြသည်။ ရှမ်း နိုင်ငံရေးသမားများနှင့် လက်နက်ကိုင်များက ဆန့်ကျင်ကြသည်။
လုံးဝသေချာသော အချက်မှာ တရုတ်နိုင်ငံနှင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တရုတ်နိုင်ငံ၏ ထောက်ခံမှု အပေါ် များစွာ မူတည်နေခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ၏ အားထုတ်မှုများသည် အရေးကြီးသော အချိန်များတွင် သင်္ကေတ ဆန်သော အောင်မြင်မှုကိုသာ အာရုံစူးစိုက်နေပါက အပြောင်အလဲ အနည်းငယ်သာ ဖြစ်နိုင်သည်။ ၎င်း၏ နယ်စပ်ဒေသတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိလိုပါက လက်နက်ကိုင် အုပ်စုများ၊ စစ်တပ်နှင့် အစိုးရစသည့် ဘက်အသီးသီးကို အပေးအယူ လုပ်ရန် ကြီးမားသော သြဇာ၊ အဆင့်မြင့်သော သံတမန်နည်းနှင့် ကြားဝင် ဆောင်ရွက်မှု တို့ဖြင့် တွန်းအားပေးရန် လိုသည်။
လက်ရှိအချိန်အထိ တရုတ်နိုင်ငံသည် ထိုသို့ အရေးပါသော ကြားဝင်ဆောင်ရွက်မှု မရှိသေးပေ။ မြန်မာအစိုးရနှင့် လက်နက်ကိုင် အုပ်စုများအနေဖြင့် အထူး သတိထားရန် လိုအပ်နေသည်။ သြဇာကြီးမားသော အိမ်နီးချင်း နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် ဆုံးရှုံးမည့် အကျိုးစီးပွားများ ရှိနေသည်။ ထို အကျိုးစီးပွားများသည် မြန်မာအစိုးရ၊ စစ်တပ် နှင့် လက်နက်ကိုင် အုပ်စုုများ၏ အကျိုးစီးပွားနှင့် မကိုက်ညီဘဲ ဆန့်ကျင်ဘက်ပင် ဖြစ်နိုင်သည်။
(Richard Horsey သည် ရန်ကုန်အခြေစိုက် နိုင်ငံရေး သုံးသပ်လေ့နေသူ ဖြစ်ပြီး International Crisis Group အဖွဲ့၏ မြန်မာနိုင်ငံ ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဖြစ်သည်။ ၎င်း၏Nikkei Asian Review ပါ Myanmar’s peace conference leaves talks on uncertain path ကို ဘာသာပြန်ဆိုသည်။)