လေးစားအပ်ပါသော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခင်ဗျား။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကနေဒါနှင့် ဆွီဒင် ခရီးစဉ်များ အဆင်ပြေမည်ဟု ကျနော် မျှော်လင့်ပါသည်။ အဆိုပါနိုင်ငံ များက ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ သူတို့၏ ဖက်ဒရယ်ဒီမိုကရေစီသို့ အသွင်ကူးပြောင်းမှုများအကြောင်းနှင့် ကျနော်တို့ နိုင်ငံ၏ အသွင်ကူးပြောင်းမှုအတွက် သူတို့ မည်ကဲ့သို့ သတင်းစကား ပေးလိုသည်များကို ရှင်းလင်းဆွေးနွေးရန် အရေးကြီး သော အစည်းအဝေးများ ရှိနေမည်ကို သိသောကြောင့် ကျနော့်အနေဖြင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို စိတ်အနှောင့် အယှက်ဖြစ်စေရန် ရည်ရွယ်ချက် လုံးဝမရှိပါ။
အခြားသော ပြည်သူအများအပြားကဲ့သို့ပင် ယင်းသည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ အစိုးရအဖွဲ့ နှင့် ကျနော်တို့ တနိုင်ငံလုံးအတွက် အရေးအကြီးဆုံး ကိစ္စဆိုသည်ကို နားလည်ပါသည်။
သို့သော်လည်း ကံမကောင်းစွာဖြင့် အရေးတကြီး ဆောင်ရွက်သင့်သော ကိစ္စတရပ်ကို တင်ပြချင်ပါသည်။ အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည့် ဆက်ခံခဲ့ရသော အမွေဆိုးတခု အကြောင်း ဖြစ်ပါသည်။
ယခုကိစ္စက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် မြန်မာနိုင်ငံ၏ ခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့သည့် အချိန်မှစ၍ ဦးစားပေးများ ဖြစ်ခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်ဖော်ဆောင်ရေး သို့မဟုတ် ဖက်ဒရယ်နိုင်ငံတခု တည်ဆောက်ရေးတို့ကဲ့သို့ အရေးကြီးသောကိစ္စ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်။ သို့သော်လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ အစိုးရအဖွဲ့ နှင့် လွှတ်တော် တို့က အချိန်မဆိုင်းဘဲ အလေးအနက်ထား၍ စဉ်းစားသုံးသပ်သင့်သည့် ကိစ္စတခု ဖြစ်ပါသည်။
အခြားသော ပြည်သူများကဲ့သို့ပင် မဖြစ်သင့်သော ကိစ္စတခုဟု ကျနော် ယုံကြည်သော အကျည်းတန်သည့် အဖြစ်တချို့ ရှိနေပါသည်။ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) နှင့် သက်ဆိုင်သောကိစ္စ ဖြစ်ပါသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ အစိုးရအဖွဲ့ အုပ်ချုပ်ခဲ့သည့် ပြီးခဲ့သည့် ၁၄ လတာ ကာလအတွင်း ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့သော အသရေဖျက်မှု ၆၁ မှုရှိခဲ့သည်ကို သတိထားမိပါလိမ့်မည်။ အဆိုပါ ၆၁ မှုထဲတွင် တဒါဇင်ခန့် ရှိသော စာနယ်ဇင်းသမားများ တရားစွဲခံခဲ့ရပြီး သူတို့ထဲမှ အများစုမှာ တရားရင်ဆိုင်နေကြရဆဲ ဖြစ်ပါသည်။
ပုဒ်မ ၆၆(ဃ)နှင့် နောက်ဆုံး ပစ်မှတ်ထားခံခဲ့ရသူများမှာ The Voice Daily သတင်းစာ၏ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ နှင့် ကလောင်အမည် ဗြိတိသျှ ကိုကိုမောင် ဟုသိကြသော အဆိုပါ သတင်းစာ၏ ပင်တိုင်ဆောင်းပါးရှင် ကိုကျော်စွာနိုင်တို့ ဖြစ်ကြပါသည်။ သူတို့ကို ဇွန်လ ၂ ရက်နေ့က ဖမ်းဆီးခဲ့ပါသည်။ မြန်မာနိုင်ငံ၏ လက်နက်ကိုင် ပဋိပက္ခနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် မေးခွန်းထုတ်ခဲ့သည့် သရော်စာဆောင်းပါးတပုဒ်ကို အကြောင်းပြု၍ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးလင်းထွန်းက တရားလိုပြုလုပ်၍ အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်ပါသည်။
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ အစိုးရအဖွဲ့က ဖန်တီးခဲ့ခြင်း မဟုတ်ကြောင်း ကျနော် သိပါသည်။ အဆိုပါ ဥပဒေကို ၂၀၁၃ ခုနှစ်တွင် ယခင်သမ္မတ ဦးသိန်းစိန်၏ အရပ်သား အမည်ခံ အစိုးရက ပြဌာန်းခဲ့ခြင်း ဖြစ်ပါသည်။ ပုဒ်မ ၆၆ တွင် ဆက်သွယ်ရေး ကွန်ရက်တခုခုုကို အသုံးပြု၍ “ပုဂ္ဂိုလ်တဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း” တို့ မပြုလုပ်ရန် တားမြစ်ထားပါသည်။
ဗိုလ်ချုပ်ကြီးဟောင်းများက ဦးဆောင်သော ယခင်အစိုးရက သူတို့၏ အုပ်ချုပ်ရေးကို ဆန့်ကျင်သူများကို တရားစွဲဆိုနိုင်ရန် အတွက် ထိုကဲ့သို့သော ဥပဒေ တခုကို ဖန်တီးခဲ့ခြင်း ဖြစ်သည်ဟု ပြည်သူ အများစုက ယုံကြည်ထားပါသည်။ ယခင်အစိုးရ အဖွဲ့ လက်ထက်တွင် ပုဒ်မ ၆၆ (ဃ) အရ အမှုဖွင့် တရားစွဲဆိုသော အမှု ၇ မှု ရှိခဲ့ပြီး ၅ မှုကို ထောင်ဒဏ်ချမှတ်ခဲ့ပါသည်။ ၃ မှုမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို အသရေ ဖျက်မှုဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ပြီး ထိုစဉ်က သမ္မတ ဦးသိန်းစိန်ကို အသရေဖျက်မှု ဖြင့် တရားစွဲဆိုခံရသည့် အမှု ၁ ခုရှိပါသည်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် (ထိုစဉ်က လွှတ်တော်ကိုယ်စားလှယ်) အပေါ် အသရေပျက်စေမှုဖြင့် တရားစွဲခဲ့သည်က ၁ မှု သာရှိပါသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ ယခု အစိုးရ အဖွဲ့ နှင့် လွှတ်တော်က ယခင်အစိုးရ၏ ရည်ရွယ်ချက်များကို အတော်လေး သတိထားမိကြမည်မှာ သေချာပါသည်။
သို့ပါသော်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရလက်ထက်တွင် ယနေ့ အထိ ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုသည့် အမှုပေါင်းက ၆၁ မှု ရှိခဲ့ပြီ ဖြစ်ပါသည်။ အံ့သြစရာတခု ဖြစ်သလို NLD အစိုးရလက်ထက်တွင် တစုံတရာ မှားယွင်းမှု ရှိနေပြီ ဖြစ်ကြောင်းကို ပြသနေပါသည်။ အမှုအားလုံးအတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ၏ အစိုးရ အဖွဲ့တွင်သာ တာဝန် ရှိသည်ဟု ကျနော် ဆိုလိုခြင်း မဟုတ်ပါ။
၂၀၁၆ ခုနှစ် အတွင်းက ပုဒ်မ ၆၆(ဃ)ဖြင့် အရေးယူထောင်ချခြင်းခံခဲ့ရသော ကဗျာဆရာနှင့် တက်ကြွလှုပ်ရှားသူ တဦး ဖြစ်သည့် မောင်ဆောင်းခ ဦးဆောင်သော ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသန အဖွဲ့၏ အဆိုအရ ထိုအမှုများထဲတွင် တပ်မတော်က ပုဒ်မ ၆၆(ဃ)ကို အသုံးပြု၍ တရားစွဲဆိုသော အမှု ၇ မှု ရှိ၍ NLD ပါတီဝင်များက ပုဒ်မ ၆၆(ဃ) ကို အသုံးပြု၍ တရားစွဲ ဆိုသော အမှု ၆ ခုရှိကြောင်း သိရပါသည်။ ထိုအချိန်တွင် NLD ပါတီကို ထောက်ခံသူဟု သိကြသူများက အဆိုပါ ပုဒ်မ ကို အသုံးပြု၍ တရားစွဲသော အမှု ၈ ခုရှိပါသည်။ အခြားသူများက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို အသရေဖျက်သည်ဟု သူတို့က ယုံကြည်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် အမှု ၆၁ ခုတွင် ၂၁ မှုက နိုင်ငံရေးအရ စေ့ဆော်မှုကြောင့် ဖြစ်သည်ဟု ယူဆလို့ရပါသည်။
ယနေ့အချိန်တွင် NLD အစိုးရနှင့် လွှတ်တော်က မည်သည့်အတွက်ကြောင့် ၎င်းတို့၏ ပါတီဝင်များနှင့် ထောက်ခံသူများက ယခင်အစိုးရရေးဆွဲခဲ့သော အငြင်းပွားဖွယ်ရာ ဥပဒေကို အသုံးပြုခွင့် ပေးခဲ့သနည်း ဆိုသည်ကို ကျနော် အံ့အားသင့် ရပါသည်။ NLD အစိုးရအဖွဲ့မှ ထိပ်တန်းပုဂ္ဂိုလ်များနှင့် ပါတီကပင် ပြစ်မှုဆိုင်ရာ ဥပဒေ(ရာဇသတ်ကြီး)တွင် ပြဌာန်းထားပြီး ဖြစ်သော ပိုမို စည်းစနစ်ကျသည့် အသရေဖျက်မှုဆိုင်ရာ ပုဒ်မများအစား ဆက်သွယ်ရေး ဥပဒေ မှ ပုဒ်မ ၆၆(ဃ) ကို အသုံးပြုနေကြသည်။ အသရေဖျက်မှုနှင့် ပတ်သက်၍ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ် ၅၀၀ တွင် ပါရှိပြီး ဖြစ်ပါသည်။
ဆိုရှယ်မီဒီယာများကို အသုံးပြု၍ အင်တာနက်မှ တဆင့် အသေရေဖျက်ခြင်းက ပုံနိုပ်နှင့် ရေဒီယိုတို့ကဲ့သို့ သမားရိုးကျ မီဒီယာ သို့မဟုတ် အခြားနည်းလမ်များနှင့် ပြုလုပ်ခြင်းထက် ပိုမိုထိခိုက်နစ်နာစေသည်ဟု ယခင်အစိုးရနှင့် ထိုစဉ်က အာဏာရပါတီ ဖြစ်သည့် စစ်တပ်က ကျောထောက် နောက်ခံ ပေးထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ယခင်လွှတ် တော်ကိုယ်စားလှယ်များက ယူဆကောင်း ယူဆခဲ့နိုင်ပါသည်။
ထိုသို့ဆိုလျှင် NLD အစိုးရအဖွဲ့ဝင် အချို့နှင့် လက်ရှိ လွှတ်တော်မှ အရေးပါသော ကိုယ်စားလှယ်များက ၂၀၁၃ ခုနှစ်တွင် ပုဒ်မ ၆၆(ဃ) ကို ရေးဆွဲခဲ့သူများနှင့် အမြင်တူကြ၍ ဖြစ်မည်ဟုသာ ကျနော် အနေဖြင့် သုံးသပ်ရတော့မည် ဖြစ်သည်။ ထိုအချက်က အငြင်းပွားဖွယ်ရာ ဥပဒေကို ပြန်လည်သုံးသပ်ရန် အတွက် အချိန်ကြာမြင့်ခဲ့ရသည့် အကြောင်းရင်းတခု ဖြစ် ကောင်း ဖြစ်နေနိုင်ပါသည်။
သြဇာရှိသူများ သို့မဟုတ် အဖွဲ့အစည်းများက ဥပဒေကို အလွဲသုံးစား မလုပ်နိုင်ရန် တက်ကြွလှုပ်ရှားသူ အများအပြားက ထိုဥပဒေကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်ရန် လွှတ်တော်ကို တောင်းဆိုနေခဲ့ကြပါသည်။ သို့သော်လည်း လက်ရှိ ဒီမိုကရေစီ အစိုးရက ထို အငြင်းပွားဖွယ်ရာ ဥပဒေကို မည်သူကမဆို တလွဲအသုံးချရန် ခွင့်ပြုထားသလို ဖြစ်နေခြင်းကြောင့် တက်ကြွလှုပ်ရှားသူများ စိတ်ပျက်နေပါသည်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ခင်ဗျား။
ယခု အချိန်သည် သက်ဆိုင်ရာ လွှတ်တော်ကော်မတီများတွင် ပုဒ်မ ၆၆(ဃ) ကို ပြန်လည် သုံးသပ်ရန် အဖြစ်သင့်ဆုံး အချိန်ဖြစ်ပါသည်။ ဤ အငြင်းပွားဖွယ်ရာ ဥပဒေကို မဖြေရှင်းနိုင်သေးသရွေ့ စာနယ်ဇင်းသမားများ အပါအဝင် လူအများအပြား အသရေဖျက်မှုနှင့် ထောင်ချခံရသည်ကို ကျနော်တို့ ထပ်၍ မြင်တွေ့နေရဦးမည် ဖြစ်ပါသည်။ ကျနော်တို့ တိုင်းပြည်အတွက်ရော နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ အစိုးရ အတွက်ပါ အကျည်းတန်သော ကိစ္စတခု ဖြစ်ပါသည်။
(ကျော်စွာမိုးသည် ဧရာဝတီ English Edition မှ အယ်ဒီတာ ဖြစ်သည်။)