ဗမာပြည် ကွန်မြူနစ်ပါတီ၏ခေါင်းဆောင်တဦးဖြစ်သော ရဲဘော်ထွန်းလင်းသည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ၂၀၁၇ ခု မေလ ၂၉ နံနက်တွင် ကွယ်လွန်သွားခဲ့သည်။ ဗိုက်တွင် နာကျင်သောကြောင့် သူ့ကို မဲဆောက်ဆေးရုံသို့ အမြန် ပို့ခဲ့ရာ ဆေးရုံတွင် ဆုံးပါးသွားခြင်းဖြစ်သည်။ သူသည် အသက် ၇၀ ကျာ် ရှိပြီဖြစ်သည်။
သူ၏ဈာပနအခမ်းအနားကို လူအနည်းငယ်သာ တက်ရောက်ခဲ့သည်။ သူ့ရဲဘော်တချို့မှာ အသက်အရွယ်ကြီးရင့်ကြကာ မဲဆောက်သို့ သွားလာရန် ခရီးသွားစာရွက်စာတမ်းများမရှိကြပေ။
သူ၏ယုံကြည်ချက်အတွက် ဘဝတခုလုံး အနစ်နာခံ ပုံအပ်ထားသည့် တော်လှန်ရေးခေါင်းဆောင်တယောက် ရုတ်တရက် ဆုံးပါးသွားပြီး မေ့မေ့ပျောက်ပျောက် ဖြစ်ရခြင်းအတွက် နက်နက်ရှိုင်းရှိုင်း ကျမ ဝမ်းနည်းမိပါသည်။
ရဲဘော်ထွန်းလင်းကို သိရသည်မှာ လအနည်းငယ်သာရှိခဲ့ပါသည်။ ချင်းမိုင်သို့ လာ၍ ဆေးကုသခံယူစဉ် အိမ်တွင် လာ တည်းသောကြောင့် သိခဲ့ရသည်။ သူသည် အိုမင်း၍ ခါးနာဝေဒနာခံစားရသည့်တိုင် ဖော်ရွေ၍ ခင်မင်စရာကောင်းသည့် ဧည့်သည်ဖြစ်ပါသည်။
သူ၏ စိတ်ဝင်စားဖွယ်ရာဘဝအကြောင်းကို နားထောင်ခဲ့ရသည်။ ဗမာပြည်နိုင်ငံရေးအပေါ် သုံးသပ်မှုတွေလည်း ကြားခဲ့ရ သည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် တရားမဝင်နိုင်ငံရေး အသင်းအဖွဲ့ဖြစ်၍ သူသည် နယ်စပ်၌ အနှစ်၂၀ကျော် နေခဲ့သည်။ ပြည်တွင်းပြန်ဝင်ခြင်းဟာ လက်နက်ချခြင်းဖြစ်လို့ သူက မလိုလားပေ။
ရဲဘော်ထွန်းလင်းကို မန္တလေးတိုင်း ရမည်းသင်းခရိုင်၌ ဒုတိယကမ္ဘာစစ်ပြီးခါနီးတွင် မွေးဖွားခဲ့သည်။
“ကျနော့်ကို စစ်အတွင်မှာ မွေးခဲ့တယ်၊ ဘဝတလျှောက်လုံးလည်း စစ်ပွဲထဲမှာပဲ” လို့ ကြေကြေကွဲကွဲ ပြောပြတတ်သည်။ သူဆယ်တန်းရောက်ပြီးနောက် လေတပ်ထဲဝင်ခဲ့သည်။ စစ်တပ်၏အနိဌာရုံတို့ကို သိရှိလာကာ နှစ်အနည်းငယ်တွင် ဗမာ ပြည်ကွန်မြူနစ်ပါတီမြေအောက်အဖွဲ့ဝင်ဖြစ်လာသည်။
၁၉၆၅ တွင် အဖမ်းခံရပြီး မင်္ဂလာဒုံ စစ်ထောက်လှန်းရေးတို့၏ညှင်းပမ်းနှိပ်စက်မေးမြန်းမှုကို နှစ်ပတ်ကြာခံရပြီး အင်း စိန်ထောင်သို့ အပို့ခံရသည်။ အမျိုးမျိုးနှိပ်စက်မှုတွေကြောင့် တနှစ်ခန့်ကြာပြီးနောက် ဆိပ်ကမ်းမှ ကီလိုမီတာ ၂၀၀ ခန့် ဝေးသည့် ကိုကိုးကျွန်းသို့ အပို့ခံရသည်။
ထိုကျွန်းတွင် နိုင်ငံရေးအကျဉ်းသား ၂၃၀ ခန့် ရှိရာ အများစုမှာ ဗမာပြည်ကွန်မြူနစ်ပါတီမှ လူများဖြစ်သည်။ ထိုကျွန်းတွင် ၅ နှစ်မျှ နေခဲ့ရသည်။
ကိုကိုးကျွန်းအကျဉ်းစခန်း ဖျက်သိမ်းရေး၊ ပြည်မ ပြန်ပို့ရေးအတွက် အစာငတ်ခံဆန္ဒပြခဲ့ကြရာ အကျဉ်းသား ၈ ဦး ကျ ဆုံးပြီးနောက်တွင်မှ ကိုကိုးကျွန်းအကျဉ်းစခန်းကို အစိုးရက ဖျက်သိမ်းပေးလိုက်ရသည်။ အကျဉ်းသားများကို အင်းစိန် ထောင်သို့ ပြန်ပို့ကာ စောင်အုပ်ပြီး သံပိုက်နှင့် အပြင်းအထန် အရိုက်ခံရပြန်သည်။ ၁၉၇၂ တွင် ထောင်မှ လွတ်သည်။
ဝမ်းစာအတွက် ရန်ကုန်တွင် ကျဘမ်းအလုပ်များကို လုပ်ကိုင်ရင်း နှစ်အနည်းငယ်အကြာ၌ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပြန်ဆက်မိကာ တရုတ်နယ်စပ်ရှိ ဗမာပြည် ကွန်မြူနစ်ပါတီ ဌာနချုပ်ရှိရာ ပန်ဆမ်းသို့ ရောက်ခဲ့သည်။
တနှစ်ခန့်ကြာပြီးနောက် တောင်ပိုင်းရှမ်းပြည်နှင့်ကရင်နီဒေသသို့ ပြန်ဆင်းလာကာ အလယ်ပိုင်းဒီမိုကရေစီ တပ်ပေါင်းစု ( လပဒတ) တွင် စစ်ဆင်ရေးမှူးအဖြစ် တာဝန်ထမ်းခဲ့သည်။
လပဒတသည် ဗမာပြည်ကွန်မြူနစ်ပါတီ၊ ကယမ်းပြည်သစ်ပါတီ၊ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့၊ က ရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦးတို့ဖြင့် ဖွဲ့စည်းထားသည့် မဟာမိတ်အဖွဲ့ဖြစ်သည်။ ပြောက်ကျားဒေသတွင် ရန်သူ၏ထိုးစစ်ကြောင့် အမြဲတမ်း ရွှေ့ပြောင်းနေရပြီး ရေနှင့်ရိက္ခာ အခက်အခဲကို အမြဲလို ရင်ဆိုင်နေခဲ့ရသည်။
တောတွင်းမှာပင် စစ်ဒေသအမျိုးသမီးအဖွဲ့ ဥက္ကဌ ဖြစ်သူ မစောလှနှင့် အိမ်ထောင်ပြုသည်။ မစောလှသည် လက်ရှိ ကယန်းပြည်သစ်ပါတီ ဥက္ကဌ ဦးသန်းစိုးနိုင်၏ ညီမဝမ်းကွဲတော်သည်။ သူမသည် သမီးဦးလေးကို မွေးဖွားပြီနောက် သွေးအ ဆိပ်ဖြစ်ကာ ဆုံးပါးသွားသည်။ သူမက ရဲဘော်ထွန်းလင်းကို ကတိနှစ်ခုတောင်းသည်။ တော်လှန်ရေးကို ဆက်လုပ်ရန်နှင့် သမီးလေးကို ရှင်အောင်မွေးရန် ဖြစ်သည်။
သမီးလေးမှာ တောတွင်း အခက်အခဲများ၊ ရောဂါများကြောင့် ၃ လခန့်တွင် ဆုံးသွားပြန်သဖြင့် သူသည် များစွာ စိတ် ထိခိုက်ရသည်။ သူသည် နောက်ထပ်အိမ်ထောင်မပြုဘဲ သူ့ဇနီး၏ဓာတ်ပုံလေးကို ကိုယ်နှင့်မကွာ သက်ဆုံးတိုင် ဆောင် ထားလေ့ ရှိသည်။
၁၉၈၉ တရုတ်ဗမာနယ်စပ်တွင် ဗကပ ခေါင်းဆောင်များကို ပုန်ကန်မှုဖြစ်ပြီးနောက် ရဲဘော်ထွန်းလင်းသည် တောင်ပိုင်း ရှမ်းပြည်နှင့် ကရင်နီဒေသတွင် ဆက်လက်ရှိနေပြီး ၁၉၉၄ တွင် မဟာမိတ်အဖွဲ့ဝင်များက စစ်အစိုးရနှင့်အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ထိုးသဖြင့် ထိုင်းနယ်စပ်ဘက် ထွက်ပြီး စိုက်ပျိုးရေးလုပ်ရင်း ရပ်တည်နေခဲ့သည်။
သူ၏ပါတီသည် အားနည်းချိနဲ့နေရသည့်တိုင် ဗမာ့နိုင်ငံရေးသမိုင်းတွင် အထင်ကရ ပါတီဖြစ်ခဲ့ခြင်းအတွက် ရဲဘော် ထွန်းလင်းက အမြဲဂုဏ်ယူလေ့ရှိသည်။
ရဲဘော်ထွန်းလင်း ကိုကိုးကျွန်းတွင် ရှိနေစဉ် အသေခံ အစာငတ်ခံဆန္ဒပြကြသည့် ရဲဘော်များ၏ သူရဲကောင်းစိတ်ဓာတ်က သူ့ကို အထင်အရှား လွှမ်းမိုးနေပါသည်။ သေလုမျောပါး အစာငတ်ခံဆန္ဒပြနေရင်း သူ့ကိုယ်မှာ ပုရွက်ဆိတ်တို့ ကိုက်နေသည် ကိုပင် မမှုနိုင်ဘဲ စစ်အာဏာရှင်စနစ် ကျဆုံးပါစေ ကြွေးကြော်ပုံကို သူက ပြောပြသည်။
ရဲဘော်တယောက်မှာ သေအံမူးမူးအချိန်၌ နိုင်ငံတကာ ကွန်မြူနစ်သီချင်းကို နားထောင်လိုကြောင်း တောင်းဆိုပုံကိုလည်း သူပြောပြသည်။ “ သူတို့ သတ္တိကို တသက်မမေ့ဘူး” ဟု သူက ဆိုသည်။
ရဲဘော်ထွန်းလင်းကို အချိန်တိုမျှ သိရခင်ရသည့် အတွက် ကျမဂုဏ်ယူပါသည်။ ဗမာပြည်မှာ လက်ဝဲအင်အားစု လှုပ်ရှား မှုအသစ် ပေါ်လာမည်ကိုသူက ယုံကြည်သည်။ ထိုအတွက် သူ့ဘဝအကြောင်းကို ရေးနေဆဲကာလတွင် သူ ဆုံးပါးခဲ့ရာ သူ၏မိတ်ဆွေများက သူ၏အတ္ထုပ္ပတ္တိနှင့် သူရည်ရွယ်ချက်တို့ကို ပြည့်စုံအောင် ဖြည့်ကြမည်ဟု ကျမ အထူး မျှော်လင့်ပါ သည်။
(Pippa Curwen သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အခြေချ နေထိုင်နေသော ကျောင်းဆရာမတဦးဖြစ်သည်)