နှစ်ပေါင်း ၇၀ နီးပါးကြာ တိုင်းရင်းသားတွေ လိုလားတဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်စတဲ့ အ ချက်တွေအပေါ် အခြေခံ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်နဲ့ နိုင်ငံရေးအကျပ်အတည်းကို အဖြေရှာဖို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရလက်ထက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ၂၁ ရာစုပင်လုံဒုတိယအကြိမ်အစည်းအဝေး ကို မေလ ၂၄ ရက်ကနေ ၂၉ ရက်နေ့ထိ ခြောက်ရက်ကြာ ကျင်းပခဲ့ပါတယ်။
ကျင်းပခဲ့ပြီးတဲ့ ၂၁ ရာစု ပင်လုံဒုတိယအကြိမ်အစည်းအဝေးမှာ ကဏ္ဍကြီး ၅ ခုက နိုင်ငံရေးဆိုင်ရာမူဝါဒ ၁၂ ချက်၊ စီး ပွားရေးဆိုင်ရာမူဝါဒ ၁၁ ချက်၊ လူမှုရေးဆိုင်ရာမူဝါဒ ၄ ချက်၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ ၁၀ ချက် စုစုပေါင်း ၃၇ ချက်ကို ပြည်ထောင်စုပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) အရ နိုင်ငံရေးဆွေးနွေးပွဲရလဒ်အဖြစ် ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း ၁ အဖြစ် တက်ရောက်လာကြတဲ့ အစုအဖွဲ့အသီးသီးရဲ့ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သောအစိုးရနဲ့ တပ်မတော်ကတော့ မြန်မာနိုင်ငံငြိမ်းချမ်း ရေးဖြစ်စဉ်ကို တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများအပါအဝင် အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးပွဲမှတဆင့် ဖယ်ဒရယ်ပြည် ထောင်စုတည်ဆောက်ဖို့ NCA မူအတိုင်းသာ လုပ်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။
ယခု ဒုတိယအကြိမ် ကျင်းပခဲ့ပြီးတဲ့ ၂၁ ရာစုပင်လုံဟာ ယခင် ငြိမ်းချမ်ရေးညီလာခံနဲ့မတူဘဲ ရခိုင်နိုင်ငံရေးမှာ ထူးခြားချက် တွေ ရှိလာခဲ့တာကို တွေ့ရပါတယ်။ အဲဒီထူးခြားချက်တွေက ဘာတွေလဲ၊ ၂၁ ရာစုပင်လုံနဲ့ ပတ်သက်ပြီး ရခိုင်နိုင်ငံရေးအင် အားစုတွေ ဘယ်လောက်ထိ ခရီးရောက်ခဲ့သလဲဆိုတာကို ဆွေးနွေးတင်ပြသွားပါမယ်။
ထူးခြားချက်ကတော့ နေပြည်တော်မှာ ကျင်းပခဲ့ပြီးတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို ရခိုင်တပ်မတော်( AA) ဟာ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် ( UWSA) ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့အတူ တရုတ်အစိုး ရကနေ တိုက်တိုက်တွန်းတွန်းစေ့စပ်ညှိနှိုင်းဆောင်ရွက်မှုကြောင့် အထူးဖိတ်ကြားခံရသူအဖြစ် ပထမအကြိမ် တက်ရောက် လာခဲ့ပါတယ်။
တကယ်တော့ AA အပါအဝင် ကိုးကန့်၊ တအာင်းတို့ဟာ မြန်မာ့တပ်မတော်နဲ့ မကြာခဏဆိုသလို တိုက် ပွဲတွေ ဖြစ်ပွားနေကြပြီး မြန်မာ့တပ်မတော်ဘက်ကတော့ လက်နက်ကိုင်လမ်းစဉ် စွန့်လွတ်ခိုင်းထားတဲ့အဖွဲ့တွေလည်း ဖြစ်ပါတယ်။
ယခုတကြိမ် ဒုတိယ ပင်လုံအစည်းအဝေးကို AA ဟာ အထူးဖိတ်ကြားခံရသူအဖြစ် တက်ရောက်ခွင့်ရရှိသော် လည်း NCA ကို လက်မှတ်မထိုးရသေးတာတွေ၊ NCA လက်မှတ် မထိုးသော်လည်း ကတိပြုချက် ( DoC) မရေးထိုးထား သေးတာကြောင့် အစည်းအဝေးတွင် ပါဝင်ဆွေးနွေးခွင့်မရရှိခဲ့ပါဘူး။
UWSA ဦးဆောင်တဲ့မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့သဘောထားကတော့ NCA ကို လက်မခံဘဲ အခြားသောလမ်းကြောင်းဖြင့် နိုင်ငံရေးဆွေးနွေး ညှိနှိုင်းသွားမယ်လို့ ဆိုထားပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံညီလာခံကိုတက်ရောက်လာကြတဲ့ မြောက်ပိုင်းမဟာမိတ်ခေါင်းဆောင် များနဲ့အတူ AA ခေါင်းဆောင် ဒေါက်တာညိုထွန်းအောင်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နဲ့ အလွတ်သဘောတွေ့ဆုံခွင့် ရရှိခဲ့သလို၊ ရခိုင်တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့(လက်ရှိပြည်ထောင် စုလွှတ်တော် ဒုတိယနာယက ဦးအေးသာအောင်)နဲ့လည်း တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။
တကယ်တော့ အခုလို AA ဟာ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခွင့်ရခြင်းဟာ ပြည် ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့အတူ ပါဝင်ဆွေးနွေးခွင့် ရရှိလာဖို့ အပြုသဘောဆောင်တဲ့ လက္ခဏာတခုလည်း ဖြစ်ပါတယ်။
တဖက်မှာလည်း AA က ညီလာခံတက်ရောက်လာတဲ့ ရခိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ အနေနဲ့ ရခိုင်လူထုရဲ့ဘုံသဘောထားရပ်တည်ချက်ကို ဆွေးနွေးရယူခြင်းမပါဘဲ ရခိုင်လူထုတရပ်လုံးအနေနဲ့ ကတိကဝတ်တွေကို လက်မှတ်မထိုးဖို့ သဘောထားထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၁ ရာစုပင်လုံ ပထမအစည်းအဝေးကို UNFC ရဲ့အဖွဲ့ဝင်တခုဖြစ်တဲ့ ရခိုင်အမျိုးသားကောင်စီ( ANC) က တက် ရောက်ခဲ့ပေမယ့် ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးတက်ရောက်လာတာကို မတွေ့ရပါဘူး။
UNFC ရဲ့အဖွဲ့ဝင်တွေကို အစိုးရဘက်မှ ဖိတ်ကြားခဲ့သော်လည်း တန်းတူရည်တူတက်ရောက် ဆွေးနွေးခွင့် မရှိဘဲ အထူး ဖိတ်ကြားထားသူအဖြစ်သာ ဖိတ်ကြားခဲ့တဲ့အတွက်ကြောင့် မတက်ရောက်တာလို့ ဆိုပါတယ်။
တကယ်တော့ ANC က NCA လမ်းကြောင်းအတိုင်းသွားမယ့် သဘောထားရှိတာကြောင့် NCA လက်မှတ်ရေးထိုးနိုင်ဖို့အတွက် အဆိုပြုချက် ၉ ချက်ကို အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ( ALP)နဲ့ ရခိုင်အမျိုးသားပါတီ( ANP) တို့ဟာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာ စုပင်လုံ ဒုတိယအစည်းအဝေး မကျင်းပမီက ရခိုင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ဖို့ ကြိုး ပမ်းခဲ့ကြပါတယ်။ ဒါပေမယ့် အစိုးရဘက်က ရခိုင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပခွင့် မပြုခဲ့ပါဘူး။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်ဟာ ထိလွယ်ရှလွယ် ဒေသ (Sensitive Area) ဖြစ်နေသေးတာကြောင့် ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပခွင့် မပြုသေးတာလို့ ဆိုပါတယ်။
ရခိုင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပခွင့် မရခဲ့တာကြောင့် ANP မှာ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး တက်ရောက်ဖို့၊ မတက်ရောက်ဖို့ ပါတီတွင်းသဘောထား ကွဲလွဲမှု ရှိခဲ့ပါတယ်။
ဥပမာအားဖြင့် ရခိုင်အမျိုးသားပါတီ ဥက္ကဌဒေါက်တာအေးမောင်က “ခုလို လူမျိုးကို အခြေခံပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့် အစိုးရက မပေးဘူးဆိုရင် ပြတ်ပြတ်သားသား ဆုံးဖြတ်မှုတခု ပေးမယ်။ ဥပမာ မေလ၂၄ ရက်နေ့ကို ကျနော်တို့ ညီလာခံ တက်ချင်မှ တက်မယ်”လို့ ဆိုခဲ့ပါတယ်။
ဒါပေမယ့် နောက်ဆုံးတော့ ANP နဲ့NCA လက်မှတ်ရေးထိုးထားတဲ့ ALP တို့ နှစ်ပါတီစလုံးက တက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး ၂၁ ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးတွင် ပါဝင်ဆွေးနွေး ခဲ့ကြပါတယ်။
NCA ကို လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နေတဲ့ ရခိုင်လက်နက်ကိုင် ALP က ၎င်းတို့ရဲ့နိုင်ငံရေးအခြေခံမူဝါဒတွေ၊ ဘယ်လို နိုင်ငံရေးမူဝါဒတွေကို အခြေခံပြီး ဆွေးနွေးအဖြေရှာနေသလဲဆိုတာ ရခိုင်ပြည်သူတွေကို ရှင်းရှင်းလင်း ချပြတာ မတွေ့ရသေးပါဘူး။
တဖက်မှာလည်း ANP က ၂၀၁၄ ခုနှစ် ကျောက်ဖြူညီလာခံမှ ချမှတ်ခဲ့တဲ့ မူဝါဒတွေကို အခြေခံပြီး ပါတီရဲ့မူဝါဒစာတမ်းကို တင်ပြဆွေးနွေးနေတယ်လို့ ဆိုပါတယ်။ အမှန်တကယ်တော့ အဲဒီကျောက်ဖြူ ညီလာခံမှာ ပါဝင်သင့်သူများ အားလုံး ပါဝင်ခဲ့ကြပေမယ့် ဆုံးဖြတ်ချက်တွေဟာ ရခိုင်နိုင်ငံရေးအင်အားစု အားလုံးအတွက် ဘုံသဘောတူညီချက်လို့ ပြောဖို့ကို ခက်ခဲ့ပါလိမ့်မယ်။
စိတ်ဝင်စားစရာတခုကတော့ ရခိုင်နိုင်ငံရေးခေါင်းဆောင် တဦးဖြစ်တဲ့ (လက်ရှိ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက) ဦးအေးသာအောင်ဟာ ၁၉၄၇ ပင်လုံစာချုပ်၊ ပင်လုံစိတ်ဓာတ်နဲ့ ပင်လုံကတိကဝတ်တွေကို အခြေခံထားပြီး ရခိုင်လူမျိုးအပါအဝင် တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေ ရရှိနိုင်ဖို့ နှစ်ပေါင်းမြောက်မြားစွာ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ယနေ့အချိန်အခါမှာတော့ သူ့ရဲ့ ၁၉၄၇ ပင်လုံစာချုပ်အပေါ် အခြေခံတဲ့ နိုင်ငံရေးမူဝါဒဟာ ရခိုင်ပါတီနိုင်ငံရေးနဲ့ ရခိုင်လက်နက်ကိုင်တွေကြား တဖြည်းဖြည်း မှေးမှိန်လာနေတယ်လို့ ရှုမြင်မိပါတယ်။
ပြီးခဲ့တဲ့ ၂၁ ရာစုပင်လုံဒုတိယအစည်းအဝေးကို ALP နဲ့ ANP တို့ဟာ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပြီး နိုင်ငံရေးဆွေးနွေးပွဲရလဒ်အဖြစ် အချက် ၃၇ ချက်ကို NCA မူအရ ပြည် ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၁ အဖြစ် ခေါင်းဆောင်အသီးသီးက လက်မှတ်ထိုးခဲ့ကြပါတယ်။
ဒါပေမယ့် ရခိုင်လူအမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်သေးတာရယ်၊ ရခိုင်လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်ဆွေးနွေးခွင့်မရရှိသေးတာကြောင့် ရခိုင်လူထုတရပ်လုံးရဲ့သဘောထားကို ကိုယ်စားမပြုနိုင်ဘူး၊ အဲဒါဟာ တရားဝင်မှု legitimacy မဖြစ်နိုင်ဘူးလို့ ဝေဖန်မှုတွေ ရှိပါတယ်။
ဒါ့အပြင် ALP နဲ့ ANP ကိုယ်စားလှယ်များဟာ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို တက်ရောက်ခဲ့ကြပေမယ့် ထိထိရောက်ရောက် ဆွေးနွေးတင်ပြချက်တွေ မတွေ့ရပါဘူး။
အခုလို ရခိုင်နိုင်ငံရေးအင်အားစုတွေကြား ဘုံသဘောတူလက်ခံတဲ့ ခိုင်မာသောအခြေခံနိုင်ငံရေးမူဝါဒ မရှိတာကြောင့် အစိုးရ၊ တပ်မတော်နဲ့ ရခိုင်လူမျိုးတို့ရဲ့အခွင့်အရေးကို ဆွေးနွေးညှိနှိုင်း အဖြေရှာရာမှာ ခရီးမရောက် ဖြစ်နေတာလို့ သုံးသပ်မိပါတယ်။
ရခိုင်အမျိုးသားများရဲ့ နိုင်ငံရေးမျှော်မှန်းချက်ကို ရရှိအောင်မြင်ဖို့ ရခိုင်နိုင်ငံရေးခေါင်းဆောင်တွေအပေါ် များစွာ မူတည်နေပါတယ်။ အဲဒီခေါင်းဆောင်တွေရဲ့မဟာဗျူဟာမြောက် ချဉ်းကပ်မှုတွေ၊ နည်းပရိယာယ်တွေ၊ လုပ်ငန်းစဉ်တွေ၊ ခိုင်မာပြီး ဘုံတူညီသောရပ်တည်ချက်တွေ၊ မူဝါဒတွေရှိထားဖို့လည်း အရေးကြီးပါတယ်။ အဲဒီလိုမှမဟုတ်ရင်တော့ ရခိုင်ပြည်သူတွေ လိုလားတဲ့ နိုင်ငံရေးမျှော်မှန်းချက်နဲ့ ဝေးနေဦးမှာ ဖြစ်ပါတယ်။
အားလုံးကို ခြုံငုံပြီး သုံးသပ်ရမယ်ဆိုရင် ရခိုင်နိုင်ငံရေးအင်အားစုတွေဟာ တဖွဲ့ချင်းစီရဲ့ သမိုင်းနောက်ခံ၊ မဟာမိတ်ဖွဲ့မှု အနေအထားတွေကြောင့် ရပ်တည်ချက်၊ မူဝါဒတွေ ကွဲပြားမှုတွေ ရှိကြပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရဆောင်ရွက်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ ရခိုင်လူမျိုးတို့ရဲ့ အခွင့်အရေးရရှိဖို့ ကြိုးပမ်းနေကြတာလို့ မြင်ပါတယ်။
ဒါကြောင့် အမှန်တကယ် ရခိုင်လူမျိုးတွေလိုလားတဲ့ နိုင်ငံရေးမျှော်မှန်းချက်ဖြစ်တဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် စတဲ့ အခွင့်အရေးတွေရရှိဖို့ ရခိုင်နိုင်ငံရေးခေါင်းဆောင်တွေဟာ ရခိုင်အမျိုးသားအင်အားစုတွေအားလုံး ပါဝင်နိုင်တဲ့ နည်းလမ်းသစ်တခုကို ရှာဖွေပြီး နားလည်မှု၊ ဘုံသဘောတူညီတဲ့ အခြေခံမူတွေချမှတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ဖို့ လို အပ်ကြောင်း တင်ပြလိုက်ရပါတယ်။
(ထွန်းထွန်းနိုင်သည် ရခိုင်နိုင်ငံရေးနှင့် မူဝါဒရေးရာ သုံးသပ်ချက်ဆောင်းပါးများကို ရေးသားနေသူတဦးဖြစ်ပြီး၊ ၂၀၁၃- ခုနှစ်တွင် ဖိလစ်ပိုင်တက္ကသိုလ်မှ မဟာဗျူဟာစီမံကိန်းရေးဆွဲရေးနှင့် ပြည်သူ့ရေးရာမူဝါဒ မဟာဘွဲ့ကို ရရှိ ခဲ့သည်။)