ပြီးခဲ့သော ရက်သတ္တပါတ်သည် ပြည်တွင်းသတင်းသမားများအတွက် ခံစားမှုမျိုးစုံ ရောထွေးနေသော ကာလတခုဖြစ်သည်။ လူ ၁၂၂ ဦးလိုက်ပါလာသော စစ်လေယာဉ် ပျက်ကျသောကြောင့် စိတ်မကောင်းဖြစ်ကြရပြီး အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ၏ ပြောဆိုမှုများအတွက် စော်ကားခံရသည်ဟု ခံစားရသလို ရယ်စရာလည်း ဖြစ်ကြရသည်။
ရယ်စရာကောင်းသည့် အချက်ဖြင့် စပါမည်။
ရန်ကုန်တိုင်းအစိုးရရုံးတွင် ၃ နာရီကြာ သတင်းစာရှင်းလင်းပွဲ၏ အမေးအဖြေကဏ္ဍတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် သူ၏ အစိုးရက မြို့တော်တွင် ဆောင်ရွက်ထားသော ပြုပြင်ပြောင်းလဲရေးများအတွက် မေးခွန်းများကို ဖြေရမည့်အစား သတင်းထောက်များကို ဒေါသရှေ့မထားသင့်ကြောင်း သြဝါဒပေးကာ ယနေ့ ခံစားနေရသော သတင်းလွတ်လပ်ခွင့်အတွက် သူ့ကိုယ်သူ ဂုဏ်ဖေါ်ပြောကြားသည်။
သတင်းထောက်များအတွက် ရယ်စရာဖြစ်စေသော သူ့စကားမှာ “မီဒီယာဆိုတာ ဒေါသ သိပ်သင့်နေလို့ မရပါဘူး။ သတင်းမီဒီယာလောကကြီး အခုလို ရပ်တည်နိုင်ဖို့အတွက် ကျနော်တို့ဟာ အရင်ဆုံး ထောင်ကျခံပြီး ဒီသတင်းမီဒီယာ လမ်းကြောင်းတွေအပေါ်မှာ ကျနော်တို့ဟာ အရင်ဦးဆုံး ရပ်ခဲ့တာပါ။ အဲ့ဒီအချိန် ကာလတုန်းက ဒီဂျာနယ်တွေ၊ စာစောင်တွေဆိုတာ နိုင်ငံရေးဆိုတဲ့ လမ်းကြောင်းပေါ်မှာ မရှိသေးပါဘူး။ ပေးဆပ်မှုကြီးကြီးတွေနဲ့ ထောင်နှုတ်ခမ်းတွေဖြတ်ပြီး ရခဲ့တဲ့ အခြေအနေတွေ ဖြစ်ပါတယ်” ဟု သူ နိုင်ငံရေးအကျဉ်းသားအဖြစ်နေခဲ့ရသော ၁၄ နှစ်ကို ရည်ညွှန်းကာ ပြောခဲ့ခြင်းဖြစ်သည်။
သိသလောက် ပြောရလျှင် ရန်ကုန်တိုင်းဝန်ကြီးချုပ်သည် နိုင်ငံတဝန်း နိုင်ငံရေးအကျဉ်းသားဟောင်း ရာပေါင်းများစွာအနက် သူတို့ ထောင်ကျခံပြီးလုပ်ခဲ့ခြင်းကြောင့် ယနေ့ အချိန်တွင် ပြောင်းလဲမှုများ ဖြစ်ရသည်ဟု လူသိရှင်ကြား ထုတ်ဖေါ်ပြောကြားသော ပထမဆုံးသူဖြစ်သည်။ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်တွင်းတွင် ၁၉ နှစ်နေခဲ့ရသော ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်သည်ပင် သူထောင်ကျခဲ့လို့ ယနေ့သတင်းလွတ်လပ်ခွင့်ရလာတာမျိုး တလုံးတပါဒမျှပြောခဲ့ဖူးခြင်း မရှိပေ။ ဦးဝင်းတင်သာ ယနေ့ သက်ရှိထင်ရှားရှိနေလျှင် ဝန်ကြီးချုပ်ပြောတာနှင့် ပတ်သက်ပြီး မည်သို့ပြောမည်ကို သိချင်မိပါသည်။
ယနေ့ မြန်မာနိုင်ငံတွင် မြင်တွေ့နေရသော အပြောင်းအလဲများသည် ၁၉၈၈ မှ စတင်သော လူထု စုပေါင်း လှုပ်ရှားမှု၏ ရလဒ်ဖြစ်သည်ကို မည်သူမျှ မငြင်းနိုင်ပေ။ သို့သော် ထိုစဉ်က လှုပ်ရှားမှုများတွင် ပါဝင်သူ မည်သူကမျှ “ဒါ ငါလုပ်ခဲ့တာ” ဟု လူရှေ့ထွက်ပြောခြင်းမရှိပေ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကပင်လျှင် သူသည် ကိုယ်လုပ်ချင်ရာကို ရွေးချယ်လုပ်ခဲ့ခြင်းသာဖြစ်ပြီး နိုင်ငံအတွက် စွန့်လွှတ် အနစ်နာခံခဲ့သည်ဟု ပြောရမည်ကို မျက်နှာပူသည်ဟု ပြောခဲ့ဖူးသည်ကိုလည်း မှတ်သားမိသည်။
သတင်းထောက်များအတွက် ပိုမို ပြုံးစရာဖြစ်ခဲ့သောအချက်မှာ ဦးဖြိုးမင်းသိန်း၏စကားသည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) က မြန်မာမီဒီယာလောကကို ခြိမ်းခြောက်နေချိန်နှင့်လည်း တိုက်ဆိုင်နေခြင်းဖြစ်သည်။ ဖြစ်ချင်တော့ တိုင်းဝန်ကြီးချုပ်က မီဒီယာလွတ်လပ်ခွင့်အတွက် ထောင်ကျခံလုပ်ခဲ့ကြောင်း သူ၏ဂုဏ်ကို သူချီးကျူးနေသည့် အချိန်တွင်မှာပင် The Voice နေ့စဉ်သတင်းစာ၏ အယ်ဒီတာနှင့် ဆောင်းပါးရှင်တဦးတို့မှာ စစ်တပ်မှ အသရေဖျက်မှု နှင့် စွပ်စွဲ တရားစွဲဆိုခံရပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားနေရသည့်အချိန်လည်း ဖြစ်သည်။
ထိုနေ့တွင်ပင် မြန်မာ မီဒီယာလောကကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရသူ ဦးဝင်းထိန်က ထိပါးစော်ကား ပြန်သည်။ လွန်ခဲ့သော အပတ်က လွှတ်တော်တွင် ပါတီလွှတ်တော်ကိုယ်စားလှယ် တယောက်က ပုဒ်မ ၆၆ (ဃ) နှင့်ပတ်သက်ပြီး အစိုးရကို မေးခွန်းမေးမည့် အစီအစဉ်အား ပါတီက မည်သည့်အတွက် ခွင့်မပြုနိုင်သည်နှင့်ပတ်သက်၍ ရှင်းပြပေးရန် သူ့ကိုမေးမြန်းသောအခါ ဦးဝင်းထိန်က “ဒါ တိုင်းပြည်ပျက်လောက်အောင် ကြီးမားတဲ့ပြဿနာ မဟုတ်ဘူး။ ကျီးကန်း mentality နဲ့ လာလုပ်မနေနဲ့” ဟုု ပြောသည်။
ထိုဥပဒေသည် သတင်းသမားများကို ထိခိုက်စေသောကြောင့် ထိုဥပဒေကို ဆန့်ကျင်လှုပ်ရှားမှုအတွက် လုပ်နေသော သတင်းမီဒီယာသမားများကို ဦးဝင်းထိန်က စ နောက်ချင်ပုံ ရသည်။
သို့သော် ထိုစကားမှာ ဟာသတခု မဟုတ်ပေ။ ယခုအကြိမ်နှင့်ဆိုလျှင် နှစ်နှစ် ဆက်တိုက်ကာလအတွင်း ဦးဝင်းထိန်က သတင်းသမားများကို နှုတ်အားဖြင့် ထိပါးပုတ်ခပ်သည်မှာ တတိယအကြိမ် ဖြစ်သည်။ ပထမနှင့် ဒုတိယအကြိမ်မှာ သတင်းသမားတဦးချင်းကို ထိပါးခြင်းဖြစ်ပြီး ယခုအကြိမ်တွင်မူ သတင်းမီဒီယာလောကတခုလုံးကို ထိပါးလိုက်ခြင်းဖြစ်သည်။
သတင်းများကိုဖတ်ပြီး မကြိုက်လျှင် မီဒီယာများကို ပုဒ်မ ၆၆ (ဃ) ဖြင့်တရားစွဲဆိုခြင်းအတွက် အစိုးရနှင့် စစ်တပ်ကို ရှုတ်ချရန် လှုပ်ရှားမှုတခုကို The Voice သတင်းစာ အယ်ဒီတာချုပ်နှင့် ဆောင်းပါးရှင်တို့ အဖမ်းခံရချိန်မှစတင်ပြီး နိုင်ငံတဝန်းမှ သတင်းသမားများ စတင်လုပ်ကိုင်နေကြသည်။ သတင်းသမားများသည် လွှတ်တော်တွင် မေးခွန်းထုတ်သည်ကို ပါတီက တားဆီးသည်နှင့် ပတ်သက်ပြီး မေးခွန်းများမေးရန် ဦးဝင်းထိန်ထံ တာဝန်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်သည်။
သို့သော် သတင်းသမားများ၏ စည်းလုံးမှုကို ဦးဝင်းထိန်က မျက်စိနောက်ပုံရသည်။ သူ၏အမြင်တွင် သတင်းသမားများသည် ၎င်းတို့၏လုပ်ဖေါ်ကိုင်ဖက်များ ဒုက္ခရောက်နေသောကြောင့် ပုဒ်မ ၆၆ (ဃ) ကို ဆန့်ကျင်လှုပ်ရှားနေသော (ဝိုင်းအာ နေကြသော) ကျီးကန်းများသဖွယ် ဖြစ်နေသည်။
သတင်းသမားများကို ကျီးကန်းများဟုခေါ်လိုက်ခြင်းမှာ စော်ကားလိုက်ခြင်းသာဖြစ်သည်။
၂၀၁၂ ခုနှစ် ကြားဖြစ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲကာလများက ထိုစဉ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်ပွဲတလျှောက်လုံး လိုက်ပါခဲ့သည်မှာ ပြည်တွင်းမီဒီယာများဖြစ်သည်။ ၎င်းတို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်အတူ ရပ်တည်လွန်းသောကြောင့် ထိုပါတီ အာဏာရလာလျှင် ဝေဖန်ရဲသော သတ္တိ မရှိမည်ကို လေ့လာသူများက စိုးရိမ်ခဲ့ကြသည်။
သတင်းသမားများ၏ ပါတီအပေါ် ကာလရှည်ကြာစွာ ထောက်ခံမှုကို ဦးဝင်းထိန် အသိအမှတ်မပြုလျှင်လည်း ဘာမှ မဖြစ်ပါ။ သို့သော် သူ့တွင် သတင်းသမားများကို တိရစ္ဆာန်နှင့် နှိုင်းပြီး ကျီးကန်းများဟု ခေါ်ပိုင်ခွင့်တော့ မရှိပေ။ ယခင်စစ်အစိုးရသည်ပင် သတင်းသမားများကို ယခုလို ပုံစံဖြင့် စော်ကားခဲ့ခြင်းမရှိပေ။ ပါတီ၏ပြောခွင့်ရသူက မီဒီယာကို လေးစားရန် ပျက်ကွက်နေပြီး ပါတီကရှေ့တန်းတင်နေသော ဒီမိုကရေစီစံနှုန်းတခုကို မလေးစားခြင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၎င်းအစိုးရအတွက် ရှက်တတ်လျှင် ရှက်ဖို့သင့်သည်။
တချိန်တည်းတွင် မြန်မာနိုင်ငံ၏ အာဏာရပါတီပြောခွင့်ရသူသည် လမ်းဘေးမှ လူတယောက်သဖွယ် ပြုမူပြောဆိုနေခြင်းမှာလည် စိတ်ပျက်ဖွယ်ကောင်းလှသည်။
လွန်ခဲ့သောလကလည်း သူက သမ္မတ ဦးထင်ကျော် နှုတ်ထွက်မည်ဟူသော ကောလာဟလများဖြန့်ချိနေသည့်အဖွဲ့အစည်းများတွင် စစ်တပ်အဖွဲ့အစည်း အချို့ပါနေနိုင်သည်ဟု အမှုမဲ့ အမှတ်မဲ့ပြောခဲ့သည်။ ထိုကိစ္စကို စစ်တပ်က ရှုတ်ချသောအခါ သူက လွှတ်ကနဲထွက်သွားသည့် စကားသာဖြစ်သည်ဟု သူက ပြန်ဖြေရှင်းသည်။ ပါတီ၏ ဂုဏ်သိက္ခာအတွက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူ့ကို ပျော့ပြောင်းလာအောင် လုပ်လျှင်လုပ်၊ မလုပ်လျှင် လူစားထိုးသင့်ပါသည်။ သို့မှသာလျှင် ပါတီနှင့် အစိုးရအတွက် ရှေ့လျှောက် မျက်နှာပျက်စရာများမှ ကာကွယ်နိုင်မည် ဖြစ်တော့သည်။
(ဧရာဝတီအင်္ဂလိပ်ပိုင်းပါ Kyaw Phyo Tha ၏ Calling Media ‘Crows’ is Insulting ကို ဘာသာပြန်ဆိုသည်)