မြန်မာနိုင်ငံကနေ ပြည်ပကို ထွက်ပြီး အလုပ်လုပ်နေရသူတွေ သန်းချီ ရှိနေပြီး မလေးရှား၊ ထိုင်းနဲ့ စင်ကာပူစတဲ့ နိုင်ငံတွေကို သွားရောက် အလုပ် လုပ်ကိုင်နေရတာ ပါ။ နိုင်ငံတွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှု၊ ထိုက်သင့်တဲ့ လုပ်ခ လစာ မရရှိမှုတို့က ပြည်ပထွက် အလုပ် လုပ်ရတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။ ပြည်ပရောက် ရွှေ့ပြောင်း လုပ်သားတွေဟာ အခုထိ ဥပဒေရဲ့ အကာအကွယ် မရသေးတာကို စိတ်မကောင်းစရာ တွေ့မြင် ကြားနေရပါတယ်။
ဇွန် ၁၂ ရက်နေ့က စင်ကာပူနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ၁၈ ထပ်အမြင့်ရှိ Interlace ကွန်ဒိုကနေ ခုန်ချ သတ်သေမှုဟာ လတ်တလော ကာလအတွင်း လူပြောများ လူသိများတဲ့ သတင်းတပုဒ် ဖြစ်သလို နိုင်ငံရပ်ခြား သွားရောက် အလုပ် လုပ်ကိုင်နေကြတဲ့ အိမ်အကူ မိန်းကလေးတွေ အတွက် အကာအကွယ်မဲ့မှုကလည်း မီးမောင်းထိုးပြနေတာပါ။
အဲဒီ ခုန်ချ သတ်သွေသွားတဲ့ မိန်းကလေး အမည်က မဇင်မာဦး ဖြစ်ပြီး သူမဟာ ငယ်ငယ်ရွယ်ရွယ် “မြို” တိုင်းရင်းသူ မြန်မာနိုင်ငံသား ဖြစ်တယ်လို့ သိရပါတယ်။သူမကို ကယ်တင်နိုင်ဖို့ ကြိုးစားခဲ့ကြ ပေမယ့် အရာမထင်ခဲ့ဘူး လို့ သိရပါတယ်။ ဒီလို သူတပါးနိုင်ငံမှာ မြန်မာနိုင်ငံသူ တယောက် အသက် ဆုံးရှုံးခဲ့ရတာဟာ စိတ်ထိခိုက်စရာ ကောင်းသလို ဘာကြောင့် ဒီလို လုပ်ရသလဲဆိုတဲ့ ဆက်စပ် တွေးတောစရာ မေးခွန်း တွေကိုပါ ထွက်ပေါ်လာ စေခဲ့ပါတယ်။
တကယ်တော့ သေဆုံးသူ မဇင်မာဦး အပါအဝင် စင်ကာပူမှာ အလုပ် လုပ်နေကြရတဲ့ အိမ်အကူ မိန်းကလေးတွေဟာ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်နေရတာပါ။ စင်ကာပူ အခြေစိုက် HOME အဖွဲ့ဝင် ဒေါ်ခင်လေးရဲ့ ပြောကြားချက် အရ စင်ကာပူကို မြန်မာနိုင်ငံကနေ အလုပ် လုပ်ဖို့ ထွက်ခွာ နေသူတွေဟာ တနေ့ကို အယောက် ၄၀ ကနေ ၆၀ အထိ ရှိတယ် လို့ သိရပါတယ်။ သေဆုံးသူ မိန်းကလေးဟာ ကွန်ဒိုမှာ ရှိတဲ့ အိန္ဒိယ မိသားစု တစုအတွက် အိမ်ကူ အဖြစ် ၈ လကြာ လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။
အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ဒေါ်မာမာဦးက စင်ကာပူနိုင်ငံဆီ အိမ်အကူ ပို့ဆောင်မှုကို ၂၀၁၄ ခုနှစ်ကတည်းက မြန်မာ အစိုးရဘက်က ပိတ်ပင်ခဲ့တာ ဖြစ်တယ် လို့ ရှင်းပြပါတယ်။ အဲဒီလို ပိတ်ပင်ထားတဲ့ အတွက် အိမ်အကူ မိန်းကလေး တွေဟာ တရားဝင် လမ်းကြောင်းကနေ သွားတာ မဟုတ်ဘဲ ကြားပွဲစား အဆက်အသွယ်နဲ့ သွားကြတာ ဖြစ်ပြီး၊ ကြားပွဲစား က ပွဲစားခ ယူကာ ဆက်သွယ်ပေးကာ စင်ကာပူမှာ ရှိတဲ့ အေးဂျင့်တွေနဲ့ ပြန်ချိတ်ဆက်ရ ပါတယ်။
သွားရောက်တဲ့သူ အများစုဟာ စင်ကာပူမှာ အခက်အခဲ တခုခုနဲ့ တွေ့ရရင်တောင် ဘယ်သူ့ကို အကူအညီတောင်းရမယ် မှန်းတောင် မသိကြပါဘူး။ စင်ကာပူမှာ အေးဂျင့် ၂၀၀ နီးပါးရှိပြီး ရလာတဲ့ အိမ်အကူ လစာထဲကနေ အေးဂျင့်ကို ပေးရတဲ့ ပမာဏက တော်တော်လေး များပါတယ်။ တချို့အေးဂျင့်တွေ ဆိုရင် အိမ်အကူ လစာရဲ့ ၇ လစာ၊ ၈ လစာ အထိ ယူကြပါတယ်။
မြန်မာနိုင်ငံက ထွက်ခွာ လာစဉ်တုန်းက အိမ်အကူ မိန်းကလေးတွေဟာ လစာ ကောင်းကောင်းရမယ်၊ မြန်မာငွေနဲ့ ဆို ၁ လကို ၅ သိန်းနီးပါး ရမယ် ဆိုတာလောက်ပဲ သိပြီး ပွဲစားတွေကလည်း အပြောကောင်းကောင်းနဲ့ ဆွယ်ကြပါတယ်။ လက်တွေ့ အခြေအနေ မှာတော့ ၁ လကို စင်ကာပူဒေါ်လာ ၅၀၀ ရရင် အေးဂျင့်က ဒေါ်လာ ၄၈၀ အထိ ဖြတ်ယူပါတယ်။ တချို့ အေးဂျင့်တွေက အိမ်အကူ လစာရဲ့ ၃ လစာပဲ ဖြတ်ပေမယ့် ၇ လ၊ ၈ လ အထိ ဖြတ်ရင် အိမ်အကူတွေမှာ လခရယ် လို့ ဘာမှ မရသလောက် ဖြစ်သွားပါတယ်။
စင်ကာပူမှာ အလုပ် လုပ်ကိုင်ခွင့် ရဖို့ တချို့ မိန်းကလေးတွေက ရောက်နှင့် ပြီးသား မြန်မာ အလုပ်သမားတွေနဲ့ လက်ထပ်တာ လည်း ရှိပါတယ်။ အဲဒီလို ဆိုရင် ၁ နှစ် ကနေ ၃ နှစ် အထိ စင်ကာပူမှာ အလုပ် လုပ်ခွင့် ရပေမယ့် သစ္စာ မရှိတဲ့ ယောက်ျားတွေနဲ့ တွေ့ရင် ကိုယ်ဝန် ရှိလာလို့ တာဝန် မယူတာတွေလည်း ရှိပါတယ်။ အိမ်အကူ မိန်းကလေးတွေဟာ စားသောက်မှု အပိုင်းမှာ လည်း အခက်အခဲတွေနဲ့ တွေ့နေရတာပါ။
ဆိုးတဲ့ အိမ်ရှင်တွေက ရေကိုတောင် ဝဝ မသောက်ခိုင်းတာ၊ ထမင်းတောင် ဝဝ မစားခိုင်းတာကြောင့် နောက်ဆက်တွဲ အနေနဲ့ ပိန်လှီပြီး အာဟာရ ချို့တဲ့မှုပါ ဖြစ်လာပါတယ်။ တချို့အိမ်ရှင်တွေဆို ထမင်း နည်းနည်းလေးကို ပဲပြား ၃ ပြားပဲ ပုံပေးတာ၊ အရွက်ကြော် တဇွန်းပဲ ခပ်ပေးတာတောင် ရှိပါသတဲ့။ လူနာစောင့်ပေးရမယ် လို့ခေါ်ပြီး လူနာသာ မက သူ့သား၊ သမီးအိမ်စာ အိမ် အလုပ်တွေ လုပ်ပေးရပေမယ့် လစာရတော့ တအိမ်စာလုံး အတွက် အလုပ် လုပ်ခ မပေးဘဲ ခေါင်းပုံဖြတ် ခံနေရပါတယ်။
အိမ်အကူတွေကို ရုပ်ပိုင်းဆိုင်ရာ အရ ညှင်းပန်းမှုတွေ ရှိသလို အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ အရပါ ညှင်းဆဲမှုတွေ ရှိနေတာ ကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ အိမ်အကူ မိန်းကလေးတွေ ရှိလာသလို တချို့ကနေ အိမ်ရှင်ကို ပြန်လည် ခုခံ သတ်ဖြတ်တာတွေ ရှိလာပါတော့တယ်။ ဒီလိုဆိုရင် စင်ကာပူမှာရှိတဲ့ မြန်မာ့သံရုံးက အကူအညီ မပေးဘူးလား လို့ မေးစရာ ဖြစ်လာပါတယ်။ အရင်အစိုးရ လက်ထက်တုန်းက သံရုံးကို ဖုန်းဆက်ရင်တောင် ဖုန်းမကိုင်တာတွေ ရှိပေမယ့် NLD အစိုးရ လက်ထက်မှာ မြန်မာသံရုံးကို ဆက်သွယ် အကူအညီ တောင်းနိုင်ပါတယ်။
ဒါပေမယ့် အိမ်အကူ မိန်းကလေးတွေဟာ သံရုံးကို အကူအညီတောင်းရမှန်း မသိသူတွေ ရှိနေတာမို့ သတင်း အချက်အလက်တွေကို ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ပေးဖို့ လိုပါလိမ့်မယ်။ ဒါအပြင် စင်ကာပူ အခြေစိုက် Humanitarian Organization for Migrations and Economics (HOME) အဖွဲ့က လည်း လိုအပ်တာတွေ ကူညီပေးနေ ပါတယ်။
ဘာသာစကား မကျွမ်းကျင်မှုက အိမ်အကူ မိန်းကလေးတွေ အတွက် အခက်အခဲ ဖြစ်နေဆဲပါ။ မြန်မာနိုင်ငံမှာ လုပ်ရတဲ့ အိမ်အကူ အလုပ်နဲ့ စင်ကာပူမှာ လုပ်ရတဲ့ အိမ်အကူ အလုပ်ကလည်း သဘော သဘာဝချင်း မတူပါဘူး။ တကယ်တော့ ဘာသာစကားနဲ့ လုပ်ငန်းမှာ ကျွမ်းကျင်မှု ရှိမှ တခြားနိုင်ငံကို သွားရောက် အလုပ် လုပ်တာ အကောင်းဆုံးဖြစ်ပါတယ်။ အိမ်အကူ မိန်းကလေးတွေထဲမှာ အသက် ၁၈ နှစ်အောက် အရွယ်တွေ ပါဝင်နေတာကလည်း စဉ်းစားစရာပါ။
တချို့က စင်ကာပူကို ထွက်ချင်တာနဲ့ အသက်ပြည့်တယ် လို့ ထင်မှတ်အောင် အဒေါ်တော်သူ၊ အစ်မတော်သူတွေရဲ့ မှတ်ပုံတင်နဲ့ ထွက်တာတွေလည်း ရှိနေပါတယ်။ အခု ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ မိန်းကလေးဟာ အသက် ၁၅ နှစ်ပဲ ရှိသေးပေမယ့် အေးဂျင့်တွေက ၂၅ နှစ်လို့ ထည့်သွင်းထားတာဟာ ဥပဒေနဲ့ မညီညွတ်ပါဘူး။ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ဝန်ကြီးတွေက အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို ပွဲစားတွေက စင်ကာပူကို ပို့ခဲ့တဲ့ အတွက် အရေးယူမှုတွေ ပြုလုပ်သွားဖွယ် ရှိကြောင်း မီဒီယာတွေကို ပြောကြားထားပါတယ်။
အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ဒေါ်မာမာဦးက သူ့အမြင်ကို အခုလိုပြောပြပါတယ်။
“ဒီအစိုးရက ILO နဲ့ အိမ်အကူ လုပ်သားဆိုင်ရာ ပြဌာန်းချက် ၁၈၉ ကို လက်မှတ် မထိုးရသေးဘူး၊ စင်ကာပူနဲ့ မြန်မာကြား ရွှေ့ပြောင်း လုပ်သားတွေ တရားဝင် ပို့ဆောင်နိုင်ဖို့ MOU ကိုလည်း လက်မှတ် မရေးထိုးရသေး ဘူး၊ သွားတဲ့ မိန်းကလေးတွေက အသက် ၁၈ နှစ် အောက်တွေ ပါတယ်၊ လဝက က ဘာလို့ ခွင့်ပြုနေတာလဲ ပေ့ါနော်၊ အဲဒါတွေ သေချာ စိစစ်ဖို့ လိုပါတယ်။ သွားတဲ့ မိန်းကလေးတွေက စင်ကာပူက အခြေအနေမှန်ကိုလည်း မသိဘူး။ ဘာသာစကား ကျွမ်းကျင်မှုနဲ့ လုပ်ငန်းခွင် ကျွမ်းကျင်မှုလည်း မရှိဘူး၊ အဲဒီတော့ အိမ်ရှင်တွေက ဖိနှိပ်တယ်၊ အေးဂျင့်တွေကလည်း တာဝန်ယူမှု မရှိကြဘူး” လို့ ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က ထုတ်ပြန်ထားတဲ့ အိမ်အကူ လုပ်သားဆိုင်ရာ ပြဌာန်းချက်အမှတ် ၁၈၉၊ အပိုဒ် ၄ မှာ “အသက် ၁၈ နှစ် အောက်နှင့် အလုပ်အကိုင် အတွက် အနည်းဆုံး ရှိရမည့် အသက်အရွယ်အထက် ရှိသော အိမ်အကူ လုပ်သားများ လုပ်ကိုင်သည့် အလုပ်အကိုင်သည် မသင်မနေရ ပညာရေးကို သင်ယူခွင့် (သို့မဟုတ်) အခြား ပညာရေး (သို့မဟုတ်) အသက်မွေးဝမ်းကျောင်း သင်တန်း တက်ရောက်သင်ယူနိုင်ခွင့် များကို အဟန့်အတား မရှိစေရန် အဖွဲ့ဝင်နိုင်ငံ တနိုင်ငံချင်းစီက ဆောင်ရွက်ရမည်” လို့ ဖော်ပြထားပါတယ်။
အပိုဒ် ၁၀ မှာ “အပတ်စဉ် အနားယူချိန်သည် အနည်းဆုံး အားဖြင့် ၂၄ နာရီ တဆက်တည်း ရှိစေရမည်” လို့ ဖော်ပြထား ပါတယ်။ မြန်မာအစိုးရ အနေနဲ့ ILO ပြဋ္ဌာန်းချက်အမှတ် ၁၈၉ ကို အနှေးနဲ့ အမြန် လက်မှတ်ထိုးဖို့ လိုအပ်နေပြီလို့ အလုပ်သမား အရေး လှုပ်ရှားသူတွေက ထောက်ပြ ပြောဆိုကြပါတယ်။
အခု ဇွန် ၁၆ ရက်နေ့ဟာ “အပြည်ပြည်ဆိုင်ရာ အိမ်အကူ အလုပ်သမားများနေ့” လည်း ဖြစ်တာကြောင့် သူတို့တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရရှိဖို့ ဆက်လက် လုပ်ဆောင် ပေးသွားရမှာပါ။
စင်ကာပူမှာ မြန်မာအိမ်အကူ အလုပ်သမား ၄ သောင်း ဝန်းကျင်ရှိတယ် လို့ သိရတဲ့ အတွက် တရားမဝင် ပို့ဆောင်မှု၊ ကလေး အလုပ်သမားတွေ အဖြစ် ခေါင်းပုံဖြတ် ခံရမှု၊ လူကုန်ကူးမှု စတာတွေ ရှိ၊ မရှိ အစိုးရ အနေနဲ့ အရေးတကြီး ဆောင်ရွက်ဖို့ သင့်နေပါပြီ။ အိမ်အကူ အမျိုးသမီးတွေ တရားဝင်လမ်းကြောင်းက သွားရောက်နိုင်အောင် အစိုးရအနေနဲ့ ကူညီပေးသင့်သလို သူတို့တွေကို ဥပဒေရဲ့ အကာအကွယ် ရရှိအောင် တာဝန်ယူမှု တာဝန်ခံမှုအပြည့်အဝနဲ့ ဆောင်ရွက် ပေးဖို့ အချိန်တန်ပြီ ဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။ ။
(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာဖြစ်သည်။)