တိုင်းရင်းသား လူမျိုး ၁၃၅ မျိုး ဘယ်လိုသတ်မှတ်ခဲ့သလဲ

Bertil Lintner
ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဖုန်းဓာတ်ပုံတွဲရိုက်နေသော တိုင်းရင်းသူတဦး / Reuters
Want create site? Find Free WordPress Themes and plugins.

မြန်မာအစိုးရ၊ တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကြားတွင် ဆက်လက် ဆောင်ရွက်နေသော ငြိမ်ချမ်းရေး ညှိနှိုင်းဆွေးနွေးမှုများထဲမှ အဓိက ကျသော အချက်တခုမှာ နယ်စပ်ဒေသများတွင် မည်မျှအထိ ကိုယ်ပိုင်အုပ် ချုပ်ခွင့် ပေးသင့်သည် ဆိုခြင်း နှင့် တိုင်းရင်းသား လူမျိုးစု အမျိုးမျိုးကို မည်ကဲ့သို့ လုပ်ပိုင်ခွင့် အာဏာခွဲဝေ ပေးသင့်သည် ဆိုသည့် ကိစ္စများ နှင့် သက်ဆိုင်နေပါသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲနှင့် ဒီမိုကရေစီသို့ တပိုင်းတစ အသွင်ကူးပြောင်းမှု ရှိသော်လည်း တပ်မတော်က မြန်မာနိုင်ငံတွင် အာဏာအရှိဆုံး အဖွဲ့အစည်းအဖြစ် ဆက်လက်ရှိနေသည်။ တပ်မတော်ခေါင်းဆောင် အဆက်ဆက်က တပ်မတော်၏ ဖိနှိပ်မှုများ နှင့် ပတ်သက်၍ ကာလရှည်ကြာစွာ တိုင်းရင်းသား လူနည်းစုများ၏ နစ်နာဆုံးရှုံးမှုများကို အလေးအနက်မထားဘဲ ငြင်းဆန်ခဲ့ ပိတ်ပင်ခဲ့ကြသည်။ တုန့်ပြန်မှု မရှိခြင်းက လက်နက်ကိုင် ပဋိပက္ခကို အဖန်ဖန်ဖြစ်စေခဲ့သည်။

ထိုအမြင်များက မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူက ဆက်လက် အကောင်အထည် ဖော်နေသော ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံအထိ ရောက်လာခဲ့သည်။ မေလ ၂၄ ရက်နေ့ ပင်လုံညီလာခံ ဖွင့်ပွဲ တွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအကြားတွင် နှစ်ပေါင်း များစွာဖြစ်ပွားခဲ့ သော အထင်အမြင်လွဲမှားမှု၊ နားလည်မှု လွဲမှားမှုများ နှင့် ထိုလွဲမှားမှုများမှ ဖြစ်ပေါ်လာသော လက်နက်ကိုင် ပဋိပက္ခ များကို အပြီးတိုင်ဖယ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

သိုု့သော်လည်း တပ်မတော်အနေဖြင့် ကိုလိုနီအုပ်ချုပ်ရေးမှ လွတ်လပ်ရေးရရှိခြင်းနှင့်အတူ မြန်မာနိုင်ငံက အမွေဆက်ခံခဲ့ရသော ပြဿနာ အများအပြားကို နားလည်သဘောပေါက်ရမည် ဖြစ်သည်။ ကိုလိုနီ ဗြိတိသျှတို့သည် ၁၉ ရာစု သူတို့ ရောက်မလာမီအချိန်ကတည်းက တူညီမှုနည်းပါးသော သို့မဟုတ် ပဋိပက္ခတွင် အမြစ်တွယ်နေသော ပြည်သူများကို ပရမ်းပတာ ပေါင်းစည်းခဲ့သည်။ ထိုကဲ့သို့ ရာစုနှစ်နှင့် ချီ၍ ရှိခဲ့သော လူမျိုးရေးအရ တင်းမာမှုများကို သွေးခွဲအုပ်ချုပ်သည့် ပုံစံဖြင့် ဗြိတိသျှတို့က အမြတ်ထုတ်ခဲ့သည်။

နောက်ပိုင်းတွင် မြန်မာ့တပ်မတော်ကလည်း ဗဟိုချုပ်ကိုင်မှု အလွန်များသည့် နိုင်ငံရေးစနစ်တခုတွင် ဗမာတိုင်းရင်းသားများက အုပ်ချုပ်သည့် အခြေအနေကို ထိန်းသိမ်းထားနိုင်ရန် အဆိုပါ နည်းဗျူဟာကိုပင် ကျင့် သုံးခဲ့သည်။ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတွင် အပြစ်မြင်တတ်သည့် ချဉ်းကပ်မှုကို မြန်မာနိုင်ငံသည် “တိုင်းရင်းသား လူမျိုး ၁၃၅ မျိုး” မှီတင်းနေထိုင်သည့် နေရာဆိုသည့် တပ်မတော်၏ တရားဝင် ပြောဆိုချက်တွင် ရှင်းရှင်းလင်းလင်း မြင်ရပါသည်။

သို့သော်လည်း တပ်မတော်က ဆိုလိုသည့် “လူမျိုး” ဟု ဆိုသည်မှာ မရှင်းလင်းပါ။ တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ အချို့ အခိုင်အမာပြောကြားခဲ့သော တိုင်းရင်းသား ၁၃၅ မျိုး၏ တရားဝင်စာရင်းကို ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် ဖော်ပြထားသည်။ သို့သော် ဗြိတိသျှ အုပ်ချုပ်ရေးအတွင်း နောက်ဆုံး ကောက်ယူခဲ့သော သန်းခေါင်စာရင်း ဖြစ်သည့် ၁၉၃၁ ခုနှစ် အိန္ဒိယ သန်းခေါင်စာရင်းတွင် တရုတ်နှင့် အိန္ဒိယ နွယ်ဖွားများ အပါအဝင် စာရင်းသွင်းထားသော တိုင်းရင်းသား လူမျိုးစု ၂၀ ထက် မပိုပါ။

ကွဲပြားခြားနားသည့် နိုင်ငံသားအမျိုးမျိုးဖြင့် ကွဲပြားခြားနားစွာ ဖွင့်ဆိုထားပြီး အချို့သော လူမျိုးစုတို့၏ အခွင့်အရေးကို ထိခိုက်နစ်နာစေသည့် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကလည်း တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုး ရှိကြောင်း အတိအလင်း ပြောဆိုထားခြင်း မရှိပါ။ မြန်မာနိုင်ငံ၏ လက်ရှိ နယ်နိမိတ်အတွင်းတွင် တိုင်းရင်းသားလူမျိုးစုတခုက မည်မျှကြာအောင် အခြေချနေထိုင်ခဲ့သည် ဆိုသည်ကို မူတည်၍ နိုင်ငံသား အဆင့်အတန်းအမျိုးမျိုးကိုသာ အသေးစိတ် ဖော်ပြထားသည်။

၁၉၈၂ နိုင်ငံသား ဥပဒေတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ကဲ့သို့သော တိုင်းရင်းသားလူမျိုးစုများနှင့် မြန်မာနိုင်ငံအတွင်း ၁၈၂၄-၁၈၂၆ ခုနှစ် အင်္ဂလိပ်-မြန်မာ စစ်ပွဲမတိုင်မီက မြန်မာနိုင်ငံတွင် အခြေချနေထိုင်ခဲ့သော အခြားလူမျိုးများကို မြန်မာနိုင်ငံသား ဖြစ်သူများဟု သတ်မှတ်သည်။ ဥပဒေတွင် ပထမဆုံး ရောက်ရှိရမည့်အချိန်ကို ဖော်ပြ ထားခြင်း မရှိပါ။ စစ်ပွဲပြီးမှ ရောက်ရှိလာသည့် အခြားသူများကို ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ အဖြစ် သတ်မှတ်နိုင်ကြောင်း ၁၉၈၂ နိုင်ငံသား ဥပဒေက ဆိုသည်။

တိုင်းရင်းသား ၁၃၅ မျိုးဆိုသည့် သဘောတရားက ရှေ့တန်းသို့ ရောက်လာခဲ့သည်မှာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး အဖွဲ့ (နဝတ) အမည်ရသည့် စစ်အစိုးရ လက်ထက် ၁၉၉၀ နှစ်များ အစောပိုင်းတွင် ဖြစ်သည်။ သို့သော်လည်း အဆိုပါ တိုင်းရင်း သား လူမျိုးအမည် အသေးစိတ်ကို ထိုစဉ်က အတိအကျ သတ်မှတ်ဖော်ပြခြင်း မရှိခဲ့ပါ။

မြန်မာအရေးကျွမ်းကျင်သူ Martin Smith က သူ၏ စာတမ်းတခု ဖြစ်သော ““Ethnic Groups in Burma: Development, Democracy and Human Rights” တွင် နဝတ က တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးရှိသည်ဟု ရည်ညွှန်း ခဲ့သော်လည်း ယုံကြည်လက်ခံနိုင်လောက်သည့် အချက်အလက် သို့မဟုတ် အမည်စာရင်းကို ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း ၁၉၉၄ ခုနှစ်က ရေးသားခဲ့သည်။

တိုင်းရင်းသား ၁၃၅ မျိုးနှင့် ပတ်သက်၍ အစောဆုံး ကိုးကားဖော်ပြခဲ့ခြင်းများထဲမှ တခုမှာ ထိုစဉ်က အစိုးရအာဘော် ဖြစ်သည့် လုပ်သား ပြည်သူ့နေ့စဉ် သတင်းစာတွင် ၁၉၉၁ ခုနှစ် သြဂုတ်လ ၇ ရက်နေ့က “တပ်မတော်အရာရှိကြီးတဦး” ကလောင် အမည်ဖြင့် ရေးသားခဲ့သော ဆောင်းပါးဖြစ်သည်။“မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုး ၁၃၅ မျိုး မှီတင်း နေထိုင်သည်ဆိုသည့် အချက်က အခြေခံဥပဒေ မူကြမ်းတခု ရေးဆွဲရာတွင် လူမျိုးကြီး အယူအဆကို အခြေမခံနိုင်ရန် ကာကွယ်ထားသည်” ဟု အဆိုပါ ဆောင်းပါးတွင် ဖော်ပြထားသည်။

ထိုဆောင်းပါးတွင် အတိအလင်း ဖော်ပြထားခြင်း မရှိသော်လည်း နောက်ကွယ်တွင်ရှိနေသည့် အယူအဆမှာ အဓိက တိုင်းရင်းသားလူမျိုးစုများ အနေဖြင့် လူမျိုးကြီးဟု သတ်မှတ်ခြင်းနှင့် လူမျိုးကြီးများနှင့် ဆွေးနွေးညှိနှိုင်းရခြင်းများမှ ရှောင်ရှားနိုင်ရန် သေးငယ်သည့် လူမျိုးစုငယ် အဖွဲ့ခွဲများ အဖြစ် ခွဲခြားသင့်ကြောင်း ဖြစ်သည်။ အတိအကျဆိုရသော် ချင်း၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင် နှင့် ရှမ်း တိုင်းရင်းသားများ ဖြစ်ကြသည်။

ပထမဆုံးသော တိုင်းရင်းသားလူမျိုး ၁၃၅ ခုတရားဝင် စာရင်းကို ၂၀၁၄ ခုနှစ် အမျိုးသား သန်းခေါင်စာရင်း မကောက်ယူမီ အချိန်တွင် ထုတ်ပြန်ခဲ့သည်။ ထိုစာရင်းတွင် ကွဲပြားသော တိုင်းရင်းသားလူမျိုး ကချင်ပြည်နယ်တွင် ၁၂ ခု၊ ကယားပြည် နယ်တွင် ၉ ခု၊ ကရင်ပြည်နယ်တွင် ၁၁ ခု၊ ချင်းပြည်နယ်တွင် ၅၃ ခု၊ ဗမာတိုင်းရင်းသား အုပ်စုတွင် ၉ ခု၊ မွန်ပြည်နယ်တွင် တခု၊ ရခိုင်ပြည်နယ်တွင် ၇ ခုနှင့် ရှမ်းပြည်နယ်တွင် ၃၃ ခုရှိကြောင်း ဖော်ပြထားသည်။

အမျိုးအစားခွဲခြားသတ်မှတ်မှုများ အားလုံးနီးပါးတွင် လူမျိုးစု သတ်မှတ်ချက်က မရှင်းမလင်း ဖြစ်နေသည်။ ရှမ်းပြည်နယ် မှ စာရင်းကို ဥပမာ အဖြစ်ပြရလျှင် “တိုင်းလုံ” သို့မဟုတ် “ရှမ်းကြီး” က စာရင်းတွင် ၂ ခါထပ်နေသည်။ တိုင်းလုံ ဟု ဖော်ပြ ပြီးမှ နောက်တနေရာတွင် ရှမ်းကြီးဟု ပါနေသည်။ ထိုအမည် ၂ ခုမှာ ရှမ်းအဓိပ္ပါယ်အရ အတူတူပင် ဖြစ်သည်။

ကချင်ပြည်နယ်တွင်လည်း “ခခူ” ကို သီးခြားလူမျိုးစု တခုအနေဖြင့် ဖော်ပြထားသည်။ အမှန်တကယ် အားဖြင့် ခခူ ဆိုသည် မှာ မြစ်ညာ(မြစ်အထက်ပိုင်း)တွင် နေသူများကို ရည်ညွှန်းခြင်း ဖြစ်သည်။ နိုင်ငံ၏ အဓိက ပင်မဖြစ်သော ဧရာဝတီမြစ်ကို ဖြစ်ပေါ်စေခဲ့သည့် မေခ နှင့် မလိခ မြစ်ဆုံ၏ အထက်တွင် နေထိုင်ကြသူများ ဖြစ်သည်။ လူမျိုးမဟုတ်သည့် လူမျိုးစု အဖွဲ့ အစည်းတခု ဖြစ်သည် “ဂေါ်ရီ”ကိုလည်း သီးခြားလူမျိုးစု အဖြစ် စာရင်းသွင်းထားသည်။

ချင်းပြည်နယ်မှ လူမျိုးစု ၅၃ ခုမှာလည်း အမှန်တကယ်အားဖြင့် ချင်းတိုင်းရင်းသားများကြားတွင် ဒေသသုံးစကား အမျိုးမျိုး ကွာခြားနေခြင်းသာ ဖြစ်သည်။ ကျန်တိုင်းရင်းသားများ စာရင်းတွင်လည်း အလားတူပင် ညတိုင်းရင်းသား လူမျိုးစုကြီးများမှ သီးခြားလူမျိုးစုများ ဖန်တီးထားခြင်းများ ရှိနေသည်။

တပ်မတော်က တိုင်းရင်းသား လူမျိုးစု အရေအတွက်ကို သတ်မှတ်ရာတွင် ဂဏန်းဗေဒင်အရ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု အချို့က သံသယရှိကြသည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့က တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုး ရှိကြောင်း ကြေညာခဲ့သည့် အချိန်တွင် လေ့လာသုံးသတ်သူအချို့က ၁ ၊ ၃ နှင့် ၅ ဂဏန်းများကို ပေါင်းလိုက်ပါက ကံကောင်းစေသော ဂဏန်းဟု ယူဆကြသော ၉ ဂဏန်း ရှိကြောင်း မှတ်ချက်ပြုခဲ့ကြသည်။

ယခင် စစ်အစိုးရလက်ထက်က အဓိကကျသည့် ဆုံးဖြတ်ချက်များကို ဂဏန်းများ ပေါင်းလဒ် ၉ ရသည့် နေ့များတွင် များသော အားဖြင့် လုပ် ဆောင်လေ့ရှိခဲ့သည်။ ၁၉၈၈ ခုနှစ်က စက်တင်ဘာလ ၁၈ ရက်နေ့ တွင် စစ်တပ် အာဏာသိမ်းယူ ခဲ့သည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၉ ခု ဇူလိုင်လ ၁၈ ရက်နေ့တွင် နေအိမ် အကျယ်ချုပ် ချ ထားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက အနိုင်ရရှိခဲ့သော ၁၉၉၀ ရွေးကောက်ပွဲကို မေလ ၂၇ ရက်နေ့တွင် ပြုလုပ် ခဲ့သည်။ မြန်မာနိုင်ငံတွင် ၄၅ ကျပ်တန် နှင့် ၉၀ တန် ငွေစက္ကူများပင် ရှိခဲ့သည်။

မြန်မာနိုင်ငံကဲ့သို့ လူမျိုးစုံလင်ကွဲပြားသော၊ လွတ်လပ်ရေး ရသည့် ၁၉၄၈ ခုနှစ်ကထဲက ပြည်တွင်းစစ်ကြောင့် ထိခိုက်နစ်နာ ခဲ့ရသော နိုင်ငံတခုတွင် အမျိုးသား ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးအတွက် ဂဏန်းဗေဒင်ကို လမ်းညွှန်တခု အဖြစ် ထားခြင်းက နားလည်ရခက်စေသည်။ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက် ယခင်က ကြိုးပမ်းမှုများ အားလုံး မည်သည့် အတွက်ကြောင့် ကျရှုံးရသည်ကို ဆင်ခြင်တွက်ဆ၍ ပိုမို လက်တွေ့ကျပြီး အဖြစ်မှန်ကို အခြေခံသော ချဉ်းကပ်မှုတခု လိုအပ်နေပါသည်။

တိုင်းရင်းသား လူနည်းစု အဖွဲ့အများအပြားကက တောင်းဆိုသလို ဖက်ဒရယ်ပြည်ထောင်စုတခု ပေါ်ပေါက် လာရန် ဖြစ်စေ၊ တိုင်းရင်းသား လူမျိုးစုကွဲပြားခြင်းကြောင့် တိုင်းပြည် အစိတ်စိတ်မကွဲစေရန် ကာကွယ်ရမည်ဟု တပ်မတော်က ယုံကြည် ထားသည့် အတိုင်း ဗဟိုချုပ်ကိုင်မှုကြီးမားသော ပုံစံကို ဆက်လက်ထိန်းသိမ်းရန် ဖြစ်စေ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အကယ်၍ အဆိုပြုထားသည့် တိုင်းရင်းသားစု တခုတိုင်းကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်နေရာ ၁၃၅ ခု အထိရှိနေခဲ့ လျှင် ပြဿနာက မြန်မြန်ဆန်ဆန် ပြေလည်သွားနိုင်လိမ့်မည် မဟုတ်ပါ။

( Asia Times ပါ ဘာတေးလင့်တနာ၏ A question of race in Myanmar ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading