ရုပ်သံလိုင်းသစ်တွေ မီဒီယာသတ်ကွင်းလား

စိန်ဝင်း (MJI)
ဒစ်ဂျစ်တယ်စနစ်ဖြင့် အခမဲ့ ကြည့်ခွင့်ရမည့် ရုပ်သံလိုင်း ၅ လိုင်းတွင် ပါဝင်သော DVB သတင်းဌာန၏ သတင်းစတူဒီယို / Reuters
Want create site? Find Free WordPress Themes and plugins.

မြန်မာ့အသံက ပေးတဲ့ Network ပေါ်မှာ Content Provider အဖြစ်နဲ့ ရုပ်သံ ထုတ်လွှင့်ရေး လုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရတဲ့ မဇ္ဈိမ၊ ကောင်းမြန်မာအောင်၊ Young Investment Group ၊ DVB၊ Fortune International တို့ အတွက် အဖြစ်က ဝမ်းသာရမလား၊ ဝမ်းနည်းရမလား မိသိန်းကြည် ဆိုသလိုပါ။ သတင်းစာ၊ ဂျာနယ်တွေ တဖြည်းဖြည်း ရပ်ကုန်ကြလို့ သတင်းသမားတွေ အလုပ်လက်မဲ့တွေ တိုးလာချိန်မှာ မျှော်လင့်ချက်က ရုပ်သံလွှင့် လုပ်ငန်းအသစ်တွေ ပေါ်လာရင် ဆိုပြီး မျှော်လင့်ချက်ထားနိုင်တာမျိုးပေါ့။ ဒါပေမယ့် မကြာခင် မြင်ရတော့မယ့် ရုပ်သံလိုင်း ၅ လိုင်းဟာ Opportunity အခွင့်အလမ်းကောင်း မဟုတ်ဘဲ Media killing field မီဒီယာ သတ်ကွင်းထဲ ဝင်သွားမယ့် အဖြစ်ကို ကြုံရနိုင်တာပါပဲ။ အကြောင်းက ပုံနှိပ်မီဒီယာမှာ ဝင်ငွေက စောင်ရေနှင့် ကြော်ငြာပေါ်မှာ မူတည် ပေမယ့် ဒီရုပ်သံလိုင်းတွေ အတွက်ကတော့ ကြော်ငြာကပဲ ဝင်ငွေဖြစ်မှာကြောင့်ပါ။

တကယ်တော့ ရုပ်သံလွှင့်ခွင့်ရ ၅ ဖွဲ့ဟာ စာမေးပွဲအောင်ဖို့ ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတာဖြစ်ပါတယ်။ EOI လျှောက်လွှာ တင်တဲ့ ကုမ္ပဏီပေါင်း ၄၄ ခု ရှိခဲ့တာကနေ ၄၂ ခု အောင်မြင်ခဲ့ပါတယ်။ စနစ်ကျတဲ့ လျှောက်လွှာ စိစစ်မှုကို Third Party အဖြစ် Tun Group Asia ကုမ္ပဏီက ဆောင်ရွက်ခဲ့တာပါ။ နောက်တဆင့် အနေနဲ့ ပဏာမ အဆင့် ကုမ္ပဏီ ၁၀ ခုကို ရွေးချယ်ခဲ့ပါတယ်။ နောက်ဆုံး ၅ ဖွဲ့ရွေးတာကိုတော့ အစိုးရက လုပ်ခဲ့တာပါ။ ဒီအဆင့်မှာ သတင်းလုပ်ငန်း အတွေ့အကြုံ ရှိပြီး ပုံနှိပ်မှာ အောင်မြင်ခဲ့တဲ့ အလဲဗင်းမီဒီယာ မပါလို့ မေးခွန်းထုတ်စရာလည်း ဖြစ်ခဲ့ပါသေးတယ်။

ဒီ ၅ ဖွဲ့ဟာ ဒစ်ဂျစ်တယ်စနစ် အခမဲ့ ကြည့်ရှု့ခွင့် အောက်မှာ သတင်း၊ အင်ဖော်မေးရှင်းနဲ့ ဖျော်ဖြေရေးတွေ ထုတ်လုပ် ပေးပို့ခွင့် ရှိသူတွေ ဖြစ်ပါတယ်။ ဘာတွေ ထုတ်လွှင့်မယ် ဆိုတာတွေ၊ လုပ်ငန်းပိုင်းဆိုင်ရာ ရင်းနှီးမြုပ်နှံမှု စီမံကိန်းတွေ၊ စက်ပိုင်း ဆိုင်ရာ နည်းပညာတွေ၊ သတင်းခန်း ဖွဲ့စည်း တည်ဆောက်မှု၊ အများပြည်သူ ဝန်ဆောင်မှု ဆိုင်ရာတွေ အတွက် တင်ပြ အဆိုပြုကြရပြီး လက်ရှိအချိန် အထိ လုပ်ငန်း အခွန်ကြေပြွန်မှု ကိုလည်း ထည့်သွင်း ဆုံးဖြတ်တယ်လို့ အကြမ်းဖျင်း သိရပါတယ်။

ဒီ ရုပ်သံလိုင်း ၅ လိုင်းကို ကြည့်ရှု့ဖို့ အတွက် ဒစ်ဂျယ်တယ်စနစ် Digital Video Broadcasting (DVB-T2) ဖမ်းယူစက်နဲ့ ကြည့်ရှု့ရမှာ ဖြစ်ပါတယ်။ (Democratic Voice of Burma ရဲ့ အတိုကောက် DVB နဲ့ မရောထွေးဖို့လိုပါတယ်)။ လိုင်းသစ်တွေ အနေနဲ့ ပြင်ဆင်မှု လုပ်ဖို့ အချိန် ၁ နှစ် လောက် ရကြမှာ ဖြစ်ပြီး တကယ့်ထုတ်လွှင့်မှုက ၂၀၁၈ ခုနှစ်ထဲ ရောက်မှ ပေါ်ထွက်လာမယ်လို့ ခန့်မှန်းရပါတယ်။

မြန်မာပြည်မှာ ၂၀၁၆ ခုနှစ် အတွင်းက မီဒီယာမှာ ကြော်ငြာခဲ့တဲ့ ကြော်ငြာစုစုပေါင်း တန်ဖိုးက အမေရိကန်ဒေါ်လာ ၁၈၅ သန်းကျော် ရှိပါတယ်။ အဲဒီမှာ ရုပ်သံတွေမှာ ကြော်ငြာတာက အမေရိကန်ဒေါ်လာ သန်း ၁၃၀ ကျော် ပါတယ်။ ရုပ်သံ ကြော်ငြာ အများစုက Free to Air အခမဲ့ ကြည့်ရှု့ခွင့် ရသူတွေဆီမှာ ထည့်ကြတာပါ။ လက်ရှိမှာ ကြော်ငြာ ဝေစုအများစုကို MRTV 4 (Free to Air ) က ရယူထားတာ ဖြစ်ပါတယ်။ ဒါအပြင် ရုပ်သံလိုင်းသစ် ၅ လိုင်း အတွက် အခမဲ့ ကြည့်ရှု့ခွင့် ဘက်မှာ ပြိုင်ဘက်တွေက Channel 7၊ MNTV၊ MRTV၊ မြဝတီ တို့ ရှိပါသေးတယ်။

ထုတ်လွှင့်မှု နည်းပညာအရ မြန်မာ့ရုပ်သံ စနစ်မှာ Analogue အန်နာလော့ဂ် နဲ့ Digital ဒစ်ဂျစ်တယ် ရယ်လို့ ကွဲပါတယ်။ ဒစ်ဂျစ်တယ် အတွက် ဖမ်းယူကြည့်ရှုမယ့် Digital set top box စက်က တပြည်လုံးမှာမှ ၁ သန်း ဝန်းကျင်ပဲ ရှိပါတယ်။ အဲဒီတော့ ကြော်ငြာရှင် အနေနဲ့ အခမဲ့ အန်နာလော့ဂ်စနစ် ထဲက ရုပ်သံလိုင်းတွေကို ကြော်ငြာ ထည့်မလား၊ ဒစ်ဂျစ်တယ်စနစ် ထဲက ရုပ်သံလိုင်း တွေကို ကြော်ငြာထည့် မလားဆိုတာ ခက်ခဲတဲ့ ပုစ္ဆာတခုတော့ မဟုတ်ပါ။ ဒါအပြင် သတိပြုရမှာက စီးပွားရေးတိုးတက်မှုနဲ့ ချိတ်ဆက်နေတော့ ဒီဘက်နှစ်တွေမှာ နှစ်စဉ်ကြော်ငြာတိုးနှုန်းက လျော့နည်းသွားတာ ဖြစ်ပါတယ်။

လိုင်းသစ် ၅ ခုအတွက် ဝင်ငွေသာ ဘယ်ဆီနေမှန်း မသိပေမယ့် ကုန်ကျစရိတ် ကတော့ သတင်း၊ ဖျော်ဖြေရေး၊ ပညာပေး ပရိုဂရမ်တွေပါ လုပ်ပြီ ဆိုရင် လစဉ်သိန်းရာချီ သေချာပေါက် ကုန်ပါမယ်။ ဒီကြားထဲက Network ကို အသုံးပြုတဲ့ အတွက် အစိုးရကို လစဉ် ငွေသွင်းနေရဦးမှာ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ လက်ရှိလုပ်ကိုင်နေဆဲ ရုပ်သံသမားတွေထဲက အကြီးတွေက လက်ခမောင်းခတ် နေရုံပါပဲ။

ရေရှည်မှာ ရုပ်မြင်သံကြားစက် အရေအတွက် တိုးလာနိုင်တာမို့ ကြော်ငြာလည်း တိုးလိမ့်မယ်လို့ စောဒက တက်ဦးတော့ လိုင်းသစ်တွေဟာ ကြားကာလမှာတင် ဒေါ်လာသန်းနဲ့ ချီပြီး ဆုံးရှုံးကာ ပြုတ်ပြုတ်ပြုန်း သွားမယ့် အခြေအနေ ဖြစ်ပါတယ်။

ဒါအပြင် လွတ်လွတ်လပ်လပ် သတင်း တင်ဆက်မှုနဲ့ ရပ်တည်လာခဲ့တဲ့ DVB ရုပ်သံ ဆိုရင် ဈေးကွက် ယှဉ်ပြိုင်မှုအောက် ရောက်လာပြီ ဆိုတဲ့ အကြောင်းပြချက်နဲ့ အတူ လက်ရှိထုတ်လွှင့် နေတဲ့ ဂြိုဟ်တုစလောင်းက ထုတ်လွှင့်မှုကို ရပ်ဆိုင်းရ နိုင်တဲ့ အန္တရာယ်လည်း ရှိပါသေးတယ်။

အကောင်းဘက်က မြင်ကြည့်နိုင်စရာတော့ ရှိပါတယ်။ တိုင်းပြည်ဟာ ရေရှည်မှာ အန်နာလော့ဂ် စနစ်ကို ဖျက်သိမ်းပြီး ဒစ်ဂျစ်တယ် ဘက်ကို လုံးလုံးလျားလျား ကူးမှာ သေချာခဲ့ရင် ဖြစ်ပါတယ်။ ဒါကလည်း အကူးအပြောင်း ဘယ်လောက်မြန်မလဲလို့ မေးစရာ ရှိပါသေးတယ်။

ပြီးတော့ အစိုးရက ပြန်ပြီး Review လုပ်နေတဲ့ ရုပ်သံ ဥပဒေ ထွက်လာရင် ဈေးကွက်မှာ မျှတတဲ့ ယှဉ်ပြိုင်မှုကို ဖော်ဆောင်နိုင်ဖွယ် ရှိနေပါတယ်။ ဒါလည်း ဘယ်လောက်မြန်မြန် လုပ်မလဲ။ လုပ်မယ် ဆိုရင် ရုပ်သံဥပဒေအရ ရုပ်မြင်သံကြား နဲ့ အသံလွှင့် ကောင်စီကို ဖွဲ့စည်းရပါမယ်။ ရုပ်သံလိုင်း ထုတ်လွှင့်ခွင့် လိုင်စင်ချထားတာကို ကောင်စီက ဆောင်ရွက်ပါ လိမ့်မယ်။ အဲဒီအခါကျရင် လိုင်းဟောင်းတွေရော လိုင်းသစ်တွေပါ အကုန် ပြန်လျှောက်ထား ကြရပါလိမ့်မယ်။

မြန်မာပြည်မှာ ဂျာနယ်လစ်ပေါင်း ဘယ်လောက်ရှိတယ် ဆိုတာကို အတိအကျ စာရင်းမရှိဘူး။ လူပြောများတဲ့ ခန့်မှန်းစကား ကတော့ ၄၀၀၀ ကျော် ပေါ့။ ဒါပေမယ့် ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ ပုံနှိပ်မီဒီယာတွေ သိသိသာသာ လျော့ကျသွားပြီး ဂျာနယ်လစ် ဘယ်နှယောက် အလုပ်ပြောင်းသွားတယ် ဆိုတာလည်း ပြောဖို့ခက်ပါတယ်။ ရန်ကုန်အခြေစိုက် မီဒီယာတွေ တင်မကဘဲ ဒေသန္တရ၊ တိုင်းရင်းသား မီဒီယာလေးတွေပါ လျော့ပါးကုန်တာ ဖြစ်ပါတယ်။ တိုးလာတယ်လို့ ယူဆရတာ ကတော့ အွန်လိုင်းမီဒီယာပါ။

သတင်းသမားတွေ အတွက် အလုပ်အကိုင် ရရှိမှု အပြင် ဒီမိုကရေစီ ဖြစ်စဉ်မှာ အရေးပါတဲ့ တိုင်းပြည်အတွင်း သတင်း စီးဆင်းမှု၊ မီဒီယာမှာ ဗဟုဝါဒ ဖြစ်ထွန်းမှုတွေက သတင်းတိုက်တွေ ဖြစ်ထွန်းမှုနဲ့ တိုက်ရိုက်အချိုးကျ နေတော့ ဒီအဖြစ်အပျက်ကြီးဟာ သတိပေး ခေါင်းလောင်းသံ ဖြစ်ပါတယ်။

သတင်းစာ ထုတ်ဝေခွင့် လိုင်စင်တွေ ခွင့်ပြုလိုက်တဲ့ အချိန် ထုတ်ဝေခွင့် ၃၀ ကျော် လျှောက်ထားခဲ့ကြတာ ကနေ ဆနွင်းမှုန့် လေလွင့်သလို တဖြည်းဖြည်း ကုန်လာကြတာ ဂျာနယ်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့ကြတဲ့ အတွေ့အကြုံ ရှိတဲ့ သတင်းတိုက်တွေတောင်မှ ရပ်တည်နိုင်ရေး ညည်းတွား လာနေကြရတဲ့ အခြေအနေလိုမျိုး ရုပ်သံလိုင်းတွေပါ ထပ်ဖြစ်မှာကို အစိုးရက သဗ္ဗေသတ္တာ ကမ္မသက္ကာလို့ ကြည့်မှာလား၊ လွတ်လပ်တဲ့ သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်အောင် အစိုးရက တာဝန် မရှိဘူးလားဆိုတာ မေးခွန်းကြီး ရှိနေပါတယ်။

ဒီအခြေအနေမှာ အစိုးရက ဘယ်လောက် အမျှော်အမြင် ကြီးသလဲ ဆိုတာ အရေးကြီးပါတယ်။ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို မကောင်းမြင်နေ သရွေ့၊ ရှုံးပြီး နားသွားကြလည်း အေးတာပဲ ဆိုတဲ့ စိတ်နဲ့ဆိုရင်တော့ တိုင်းပြည်ရဲ့ ဒီမိုကရေစီ ဖြစ်စဉ်ကိုပါ ခြိမ်းခြောက်လာမှာ အသေအချာပါပဲ။

(ဆောင်းပါးရှင် ဦးစိန်ဝင်းသည် ရန်ကုန်အခြေစိုက် မြန်မာ သတင်းပညာသိပ္ပံ၏ သင်တန်းညွှန်ကြားရေးမှူး ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading