ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ခရီးစဉ်နှင့် မြန်မာ-ရုရှား စစ်ဘက်ဆက်ဆံရေး အလားအလာ

ကိုရဲ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားနိုင်ငံကာကွယ်ရေး ဝန်ကြီးတို့ ရုရှားဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကို ခံယူ / Senior General Min Aung Hlaing Facebook
Want create site? Find Free WordPress Themes and plugins.

၂၀၁၇ ခုနှစ်၊ ဧပြီလက ရုရှားနိုင်ငံ၊ မော်စကိုမှာ ကျင်းပခဲ့တဲ့ “နိုင်ငံတကာလုံခြုံရေး ကွန်ဖရန့်” မှာ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနရဲ့ လက်ထောက်ကာကွယ်ရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး အလက်ဇန်းဒါးဖိုမင် နဲ့ မြန်မာ့ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲမှာ မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ ယခုနှစ် နွေရာသီမှာ ရုရှားနိုင်ငံကို ချစ်ကြည်ရေးခရီး လာရောက် လည်ပတ်မယ် လို့ အတည်ပြုခဲ့ကြပါတယ်။

ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ဒုဗိုလ်ချုပ်ကြီး အလက်ဇန်းဒါးဖိုမင် က “မြန်မာ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချစ်ကြည်ရေးခရီး လာရောက်မယ် ဆိုတဲ့ အတွက် နှစ်နိုင်ငံအကြားမှာ စစ်ဘက်ရေးရာ ဆက်ဆံရေးနဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာပိုင်း ကူးလူးဆက်ဆံရေး တွေမှာ အလားအလာကောင်း တွေကို တွေ့ရပါလိမ့်မယ်” လို့ မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

ဒုဗိုလ်ချုပ်ကြီး အလက်ဇန်းဒါးဖိုမင် ဆိုတာဟာ ဒီဘက် နောက်ပိုင်းကာလ ရုရှားနိုင်ငံရဲ့ စစ်ဘက်ဆက်ဆံရေး ချဲ့ထွင်မှု အပိုင်းမှာ အခရာကျတဲ့ ပုဂ္ဂိုလ်တဦးလို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် သူဟာ နိုင်ငံတကာနဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး (တနည်း) ရုရှားရဲ့ စစ်ဘက် နည်းပညာတွေ အတွက် ဈေးကွက် ရှာဖွေရေး လုပ်ငန်းတွေကို ဦးစီးဦးဆောင်ပြု ဆောင်ရွက်ခဲ့သူ ဖြစ်ပါ တယ်။ သူဟာ၂၀၀၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ၁၂ နှစ် ကြာ ရုရှားရဲ့ စစ်ဘက် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဌာနမှာ လက်ထောက် ဒါရိုက်တာ၊ ပထမ လက်ထောက် ဒါရိုက်တာ၊ အဲဒီကမှ ဒါရိုက်တာ ရာထူးတွေ အဆင့်ဆင့် ထမ်းဆောင်ခဲ့ပြီး ဒီနှစ် ဇန်နဝါရီကမှ ကာကွယ်ရေး ဝန်ကြီး ဌာနရဲ့ လက်ထောက်ကာကွယ်ရေး ဝန်ကြီးရာထူးကို တိုးမြှင့် ခန့်အပ်ခံခဲ့ရသူ ဖြစ်ပါတယ်။

ဒုဗိုလ်ချုပ်ကြီး အလက်ဇန်းဒါးဖိုမင် ဟာ မြန်မာ့တပ်မတော်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသူ တဦးလို့လည်း ဆိုနိုင်ပါတယ်။ ၂၀၁၃ ခုနှစ် အတွင်းမှာ ရုရှားကာကွယ်ရေး ဝန်ကြီး Sergey K. SHOIGU နဲ့ မြန်မာ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ ချစ်ကြည်ရေး ခရီးတွေ အပြန်အလှန် လည်ပတ် ခဲ့ကြပြီးတဲ့ နောက် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလမှာ အလက်ဇန်းဒါးဖိုမင် ဟာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ ရုရှား စစ်ဘက် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဌာနရဲ့ ဒါရိုက်တာ အဖြစ် ဆောင်ရွက်နေတဲ့ သူဟာ ရုရှား-မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲ ဥက္ကဋ္ဌ အဖြစ်နဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့တာပါ။

အလားတူပဲ၊ ၂၀၁၄ ခုနှစ် နိုဝင်ဘာလက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ ဘီလာရုစ်နိုင်ငံကို အသွား ရုရှားမှာ ခရီးတထောက်နားတော့ အလက်ဇန်းဒါးဖိုမင် ဟာ လေဆိပ်ကို လာရောက် တွေ့ဆုံခဲ့ သလို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာမှာလည်း သူ ဟာ မြန်မာနိုင်ငံကို တခေါက်ထပ်မံ ရောက်ရှိခဲ့ပါသေးတယ်။ အလက်ဇန်းဒါးဖိုမင် ဟာ သူ့ရဲ့ တွေ့ဆုံမှုတွေတိုင်းမှာ စစ်ဘက်ဆက်ဆံရေး တိုးမြှင့်ဖို့နဲ့ စစ်ဘက်နည်းပညာ ကူးလူးဆက်ဆံဖို့ အကြောင်းတွေကို အဓိကထား ဆွေးနွေးခဲ့တာ တွေ့ခဲ့ရပြီး သူ့ဆွေးနွေးမှုတွေ ကလည်း အတိုင်းအတာ တခုထိ ခရီးရောက် ပေါက်မြောက်ခဲ့တယ် လို့ ဆိုနိုင်ပါတယ်။

ပြောရမယ် ဆိုရင် ဒီကာလတွေမှာ ၂၀၀၁ ခုနှစ် နောက်ပိုင်း အားကောင်းလာတဲ့ မြန်မာ-ရုရှား စစ်ဘက်ဆက်ဆံရေး ဟာ အတော်လေး အခြေကျ ခိုင်မာလာခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ အနောက်နိုင်ငံများရဲ့ ပိတ်ဆို့ အရေးယူမှုတွေ ကြောင့် အိမ်နီးချင်း တရုတ် နိုင်ငံအပေါ်မှာ အတော်လေး မှီခို အားထားခဲ့ရပါတယ်။

အထူးသဖြင့် စစ်လက်နက်ပစ္စည်း ဝယ်ယူရေး အပိုင်းမှာ မြန်မာ တပ်မတော်အနေနဲ့ တရုတ်ကို အတော် မှီခိုခဲ့ရပါတယ်။ စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ၁၉၈၈ ကနေ ၂၀၀၀ ပြည့်နှစ် အထိ မြန်မာနိုင်ငံဟာ တရုတ်ဆီကနေ စစ်လက် နက်ပစ္စည်း အများဆုံး ဝယ်ယူခဲ့ပြီး စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေး သုတေသန အင်စတီကျူရဲ့ မှတ်တမ်းတွေ အရ ဒီကာလမှာ တရုတ်ဆီက စစ်လက်နက်ပစ္စည်းဝယ် ယူမှု ပမာဏဟာ အမေရိကန်ဒေါ်လာ ၁၆၂၉ သန်း တန်ဖိုးရှိခဲ့တယ် လို့ သိရပါတယ်။

ဒါပေမယ့် In the Name of Phauk-Phaw စာအုပ်မှာ မောင်အောင်မျိုးက “ ……. အရည်အသွေးနိမ့်တဲ့ အတွက် တပ်မတော်ဟာ တရုတ်လက်နက်တွေကို သဘောမကျပါဘူး။ ဒါကြောင့် ၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလတွေက စလို့ တပ်မတော်ဟာ ရုရှားဆီကနေ ပိုမို ခေတ်မီတဲ့ လက်နက်တွေ ဝယ်ခဲ့သလို ပညာသင်တွေကိုလည်း ရုရှားကို ပိုမို စေလွှတ် ခဲ့ပါတယ်” လို့ ရေးသားခဲ့ပါတယ်။ မှန်ပါတယ်။ ၂၀၀၁ ခုနှစ်မှာ ရုရှားဆီကနေ MiG29B တိုက်လေယာဉ် ၁၂ စီး ဝယ်ယူခဲ့ပြီး နောက်ပိုင်း မြန်မာနိုင်ငံဟာ ရုရှားဆီ ကနေ ပိုမိုအဆင့်မြင့်တဲ့ စစ်လက်နက်ပစ္စည်းတွေ ဆက်တိုက် ဝယ်ယူသုံးစွဲလာခဲ့ ပါတယ်။

၂၀၀၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ် ကာလအတွင်းမှာ မြန်မာ့တပ်မတော်ဟာ ရုရှားဆီက စစ်လက်နက်ပစ္စည်း အများဆုံး ဝယ်ယူခဲ့ပြီး ဒီကာလအတွင်း ရုရှားဆီက ဝယ်ယူခဲ့တဲ့ စစ်လက်နက်ပစ္စည်း တန်ဖိုး ပမာဏဟာ တရုတ်ဆီက ဝယ်တဲ့ ပမာဏထက်တောင် ပိုများနေတာကို တွေ့ရပါတယ်။ မှတ်တမ်းတွေ အရတော့ ဒီကာလမှာ မြန်မာနိုင်ငံဟာ ရုရှားဆီကနေ စစ်လက်နက်ပစ္စည်း ဝယ်ယူမှု တန်ဖိုး ပမာဏဟာ ဒေါ်လာ ၁၄၄၆ သန်း ရှိခဲ့ပြီး တရုတ်ဆီက ဝယ်ယူမှုကတော့ ၁၄၁၈ သန်းပဲ ရှိခဲ့ပါတယ်။

ဒါကို ကြည့်ရင် ၂၀၀၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံ အနေနဲ့ ရုရှားနဲ့ စစ်ဘက်ရေးရာ ပူးပေါင်းဆက်ဆံရေးမှာ အတော်လေး အားကောင်း လာတယ် ဆိုတာ အထင်အရှား ပါပဲ။ သိပ်မကြာသေးခင်ကပဲ မြန်မာက ဝယ်ယူထားတဲ့ Yak-130 အမောင်းသင် လေယာဉ် ၃ စီးကို ရုရှားကုမ္ပဏီက လွှဲပြောင်း ပေးအပ်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာလည်း ဝယ်ထားတဲ့ လေယာဉ်တွေ ထပ်မံလွှဲပြောင်း ပေးအပ်မယ် လို့ သိရပါတယ်။

ဒါတင်ပဲလား ဆိုတော့ ၁၉၈၈ နောက်ပိုင်းမှာ ပညာသင် လေ့ကျင့်ရေး သင်တန်းသားတွေကို တရုတ်နိုင်ငံကို အများဆုံး စေလွှတ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ နောက်ပိုင်းကာလတွေ မှာတော့ ရုရှားနိုင်ငံကို သင်တန်းသားတွေ အများအပြား စေလွှတ် ခဲ့ပါတယ်။ Ludmila Lutz-Auras က ရုရှားပညာရေး ဝန်ကြီးဌာန မှတ်တမ်းတွေကို ကိုးကားပြီး ၁၉၉၃ ကနေ ၂၀၁၃ အထိ နှစ် ၂၀ အတွင်း ရုရှား တက္ကသိုလ်တွေမှာ တက်ရောက် ပညာသင်ကြားနေတဲ့ မြန်မာပညာသင် စုစု ပေါင်း ၄၇၀၅ ဦး ရှိပြီး ဒီပမာဏဟာ အရှေ့တောင်အာရှမှာ ဗီယက်နမ် ပြီးရင် အများဆုံး ပမာဏပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့မှာ နိုင်ငံပိုင်မြန်မာ့အလင်း သတင်းစာနဲ့ တွေ့ဆုံခန်းမှာလည်း ရုရှားသံအမတ်ကြီး နီကိုလေးအေလစ်တိုပါဒေါ့ဖ် က “ရုရှားနိုင်ငံရဲ့ အကောင်းဆုံး တက္ကသိုလ်တွေမှာ မြန်မာ့တပ်မတော်က ပညာတော်သင် စုစုပေါင်း ၆၀၀၀ လောက် တက္ကသိုလ်ဘွဲ့ရပြီး ဖြစ်ပါတယ်။ တချိုု့က ဘွဲ့လွန်သင်တန်း၊ ဒေါက်တာ ဘွဲ့ရတာတွေလည်း ရှိပါတယ်” လို့ ထုတ်ဖော် ပြောကြားခဲ့ပြီး လောလောဆယ်လည်း ရုရှားနိုင်ငံမှာ ပညာသင်ယူနေတဲ့ မြန်မာနိုင်ငံက ကျောင်းသား/ ကျောင်းသူ ၆၀၀ ကျော်လောက် ရှိနေတယ် လို့ ပြောကြားခဲ့ပါတယ်။ သံအမတ်ကြီးက သူ့အင်တာဗျူး မှာ ဒီလို ပညာသင်ကြားမှုကို မြန်မာနိုင်ငံ အတွက် လိုအပ်နေတဲ့ ခေတ်မီတပ်မတော် တည်ဆောက်ရေးနဲ့ ချိတ်ဆက်ပြီး မှတ်ချက်ပြု ပြောကြားခဲ့တာ ကလည်း စိတ်ဝင်စားစရာပါ။

ဒါအပြင် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလမှာပဲ ရုရှား-မြန်မာ သံတမန်ဆက်ဆံရေး ၆၅ နှစ် ပြည့်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ရုရှား စစ်သဘောၤ ၃ စီးဟာ ရန်ကုန်ကို ဆိုက်ကပ် ရောက်ရှိ လာခဲ့ပါသေးတယ်။ ဒါဟာ ဆိုရင် ခေတ်သစ် သမိုင်းမှာ ရုရှား စစ်သင်္ဘောတွေ မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် ရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မေလ မှာလည်း ရုရှားစစ်သင်္ဘော ၃ စီးဟာ ရန်ကုန်မြို့ကို ထပ်မံ ဆိုက်ကပ် ရောက်ရှိခဲ့ပါတယ်။

ဒီလို အားကောင်းလာခဲ့တဲ့ နှစ်နိုင်ငံ ဆက်ဆံရေးဟာ ပြီး ခဲ့တဲ့ နှစ်ပိုင်းမှာတော့ စာချုပ်စာတန်းတွေနဲ့ ပိုမိုခိုင်မာတဲ့ ဆက်ဆံရေး ပုံစံအဖြစ် တိုးမြှင့်လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလမှာ ရုရှား-မြန်မာ စစ်ထောက်လှမ်းရေးဆိုင်ရာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လွှတ်တော်က ကန့်ကွက်သူ မရှိသဘောတူခဲ့ သလို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရတက်ပြီး မကြာခင်မှာပဲ ရုရှား-မြန်မာ စစ်ရေးပူးပေါင်းဆောင်ရွက်မှု စာချုပ်ကိုလဲ ပြည်ထောင်စု လွှတ်တော်ကနေအတည်ပြုပေးခဲ့ ပါတယ်။

ဒီစာချုပ်ကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ ဇွန်လမှာ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ တရားဝင်လက်မှတ် ရေးထိုးခဲ့ပါတယ်။ ဒီစာချုပ်ဟာ အဓိကအားဖြင့် နည်းပညာဖလှယ်ဖို့၊ စစ်ဘက်ပညာရေး၊ ပညာရပ်ဆိုင်ရာတွေကို ပူးပေါင်း ဆောင်ရွက်ဖို့ ရည်ရွယ်ထားပေမယ့် နိုင်ငံရေး အသွင်ကူးပြောင်းမှု ကာလမှာ မြန်မာနိုင်ငံအနေနဲ့ ရုရှားလို အင်အားကြီး နိုင်ငံတနိုင်ငံနဲ့ စစ်ဘက်ရေးရာ စာချုပ်တွေ ချုပ်ဆိုခဲ့တာဟာ စိတ်ဝင်စားစရာပါ။

မြန်မာ့တပ်မတော် ဟာ နိုင်ငံတကာ ဆက်ဆံရေး၊ စစ်ဘက်နည်းပညာနဲ့ စစ်လက်နက်ပစ္စည်း ဝယ်ယူမှုတွေမှာ တရုတ်ကို အလုံးစုံ မှီခိုလို့ မရဘူးဆိုတာ ၂၀၀၀ ပြည့်နှစ် အစောပိုင်း ကာလတွေကတည်း သိမြင်လက်ခံခဲ့ပြီး ရုရှားနဲ့ ဆက်ဆံရေးကို မြှင့်တင်ခဲ့တယ်။ ရုရှားနဲ့ တင်မကဘူး။ အနောက် အုပ်စုဝင် မဟုတ်တဲ့ နိုင်ငံအတော်များများနဲ့ ဆက်ဆံရေး ကောင်းတွေ တည်ဆောက်လာခဲ့တယ်။ နိုင်ငံရေး အသွင်ကူးပြောင်းမှုတွေ စတင်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာတော့ အနောက်အုပ်စု နိုင်ငံတွေနဲ့ပါ ရွှေလမ်းငွေလမ်းတွေဖောက် လာနိုင်ခဲ့ပါတယ်။

မြန်မာ့တပ်မတော် အနေနဲ့ အနောက်အုပ်စုနိုင်ငံတွေ ဆီကနေ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူလို့ မရသေးပေမယ့် အဲဒီ နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြန်လည် ထူထောင်ပြီး ယူအက်စ်၊ ယူကေ စတဲ့နိုင်ငံတွေကို သင်တန်းသားတွေ ပုံမှန် စေလွှတ်နေ ပါတယ်၊ တိုက်ခိုက်ရေးသုံး မဟုတ်တဲ့ လေ့ကျင့်ရေး လေယာဉ်တွေကိုလည်း ဥရောပသမဂ္ဂဝင် ဂျာမနီနိုင်ငံရဲ့ ကုမ္ပဏီတွေကနေ စတင်ဝယ်ယူနေပါပြီ။ ဒါအပြင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ ပြီးခဲ့တဲ့ နှစ်က ဘရပ်ဆဲလ်မှာ ကျင်းပခဲ့တဲ့ ဥရောပသမဂ္ဂ စစ်ကော်မတီ အစည်းအဝေးမှာ မိန့်ခွန်း ပြောကြားခွင့် ရခဲ့သလို အခုနှစ် မှာလည်း ဩစတြီးယားနဲ့ ဂျာမနီနိုင်ငံတွေကို သွားရောက် လည်ပတ်ခဲ့ပါတယ်။ ဒီနှစ်ပိုင်းတွေ အတွင်းမှာ မြန်မာ့တပ်မတော် နဲ့ အနောက်နိုင်ငံတွေရဲ့ ဆက်ဆံရေး တိုးတက်လာတယ် ဆိုတာ ငြင်းလို့ မရပါဘူး။

ဒါပေမယ့်လည်း အကန့်အသတ်တွေ အားလုံး ပြေလျော့သွားတာမျိုးတော့ မဟုတ်သေးပါဘူး။ အထူးသဖြင့် စစ်လက်နက် ပစ္စည်း ရောင်းဝယ်ရေးနဲ့ နည်းပညာ ကူးလူးဆက်သွယ်မှုမှာ အကန့်အသတ်တွေက အများကြီးရှိနေဆဲပါ။

မြန်မာ့တပ်မတော် ခေါင်းဆောင်တွေ အနေနဲ့ တရုတ်ကို အလွန်အမင်း မှီခိုအားကိုးလို့ မဖြစ်နိုင်ဘူး ဆိုတာ တစ်ဖက်က သိနားလည် သဘောပေါက်ထား သလို တဖက်ကလည်း အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ အကန့်အသတ်တွေ ရှိနေသေးတာ ကြောင့် သူတို့ မျှော်မှန်းနေတဲ့ စံနှုန်းမီ တပ်မတော် (standard army) ဖြစ်ရေး အတွက်ဆိုရင် ရုရှားလို နိုင်ငံမျိုးဟာ ခုချိန်မှာတော့ မဟာဗျူဟာမြောက် မိတ်ဘက်နိုင်ငံ ဖြစ်နေပါတယ်။ အထူးသဖြင့် အနောက်နိုင်ငံတွေနဲ့ စစ်ဘက်ဆက်ဆံရေး ဆောင်ရွက်ရာမှာ အရပ်ဘက် နိုင်ငံရေး ဆက်ကြောင်းက အခရာကျပေမယ့် ရုရှားလို နိုင်ငံမျိုးနဲ့ ကျတော့ အရပ်ဘက်နိုင်ငံရေး အရိပ်ကနေ ကင်းလွတ်ပြီး ပိုမို လွတ်လပ်စွာ ဆက်ဆံနိုင်ပါတယ်။

ရုရှားအနေနဲ့ကတော့ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်မှာ တရုတ်ဩဇာ ကြီးထွားလာတာနဲ့ အတူ အာရှ-ပစိဖိတ်ဒေသရဲ့ အရေးပါလာမှုကို မျက်စိကျလာ ပါတယ်။ ဆိုဗီယက် ခေါင်းဆောင်ကြီး လီနင် တချိန်က “အရှေ့ကို မျက်နှာမူ ကြစို့ရဲ့။ အနောက်ကို သိမ်းပိုက်ဖို့ အရှေ့က ကျွန်ုပ်တို့ကို ကူညီလိမ့်မယ်”လို့ ကြွေးကြော်ခဲ့ဖူးပါတယ်။ အခုအခါ ဗလာဒီမာပူတင် ကလည်း လီနင် ကြွေးကြော်ခဲ့ သလို အရှေ့ဘက် မျက်နှာမူရေးကို အတော်လေး စိတ်ဝင်စားလာ ပါတယ်။ အထူးသဖြင့် အရှေ့ဘက်ကိုမျက် နှာမူရာတွင် အရှေ့တောင်အာရှမှာ ရုရှားအတွက် အထူး အရေးပါနေပါတယ်။

မကြာသေးမီ နှစ်ပိုင်းအတွင်းက ရုရှားရဲ့ စီးပွားရေးကျ ဆင်းလာသလို လက်နက်ဈေးကွက်မှာလည်း ဆုတ်ယုတ် မှုတွေ ကြုံတွေ့လာတာကို တွေ့ရပါတယ်။ ၂၀၁၃ ခုနှစ်မှာ စစ်လက်နက်ပစ္စည်း တင်ပို့ရောင်းချမှု တန်ဖိုး ဒေါ်လာ ၇၇၇၉ သန်း ရှိခဲ့ပေမယ့် ၂၀၁၄ မှာ ၅၁၀၃ သန်း၊ ၂၀၁၅ မှာ ၅၅၅၄ သန်း အထိ ကျဆင်းခဲ့ပါတယ်။ ပြောမယ် ဆိုရင် အဓိကဝယ်လက် တရုတ်က ပြည်တွင်းလက်နက် ထုတ်လုပ်မှုကို ပိုအာရုံစိူက်လာလို့ အဝယ်ကျလာ သလို အရှေ့ ဥရောပနဲ့ အရှေ့အလယ်ပိုင်း ဈေးကွက်ကလည်း ရပ်ဆိုင်းလုနီးပါး ဖြစ်နေပါတယ်။ ထို့အတူ ရုရှားလက်နက်တွေကို ၇၅ ရာခိုင်နှုန်း နီးပါး မှီခိုနေရတဲ့ အိန္ဒိယဈေးကွက်ကလည်း ကျဆင်းလာနေတာကို တွေ့ရပါတယ်။ ဒီအခြေအနေမှာ ခေတ်မီ စစ်တပ်တွေကို အပြိုင်အဆိုင် တိုးချဲ့တည် ဆောက်လာကြတဲ့ အရှေ့တောင်အာရှနိုင်ငံတွေဟာ ရုရှား အတွက် မျက်စိကျစရာ ဖြစ်နေပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတွေဟာ ၂၀၂၀ ကျရင် စစ်လက်နက်ပစ္စည်း နည်းပညာ အတွက် စုစုပေါင်း ဒေါ်လာ ဘီလီယံ ၄၀ လောက် သုံးလာနိုင်မယ် လို့ စစ်ဘက်ရေးရာ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ က ၂၀၁၆ အထိ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ရုရှားဆီက စစ်လက်နက် ပစ္စည်းဝယ်ယူမှုကို ကြည့်မယ် ဆိုရင် ဗီယက်နမ်က ဒေါ်လာ ၅၇၃၈ သန်းဖိုး၊ မြန်မာက ၁၄၄၆ သန်းဖိုး၊ မလေးရှားက ၁၂၉၉ သန်းဖိုး၊ အင်ဒိုနီးရှားက ၁၁၄၇ သန်းဖိုး စစ်လက်နက် ပစ္စည်းတွေ ဝယ်ယူခဲ့ကြပါတယ်။ ပြောရမယ်ဆိုရင် ဒီကာလမှာ မြန်မာဟာ ဒီကာလမှာ ဗီယက်နမ် ပြီးရင် ရုရှားဆီက လက်နက်အဝယ်ဆုံး၊ ရုရှားနဲ့ စစ်ရေးဆိုင်ရာ ဆက်သွယ်မှု အကောင်းဆုံး နိုင်ငံဖြစ်နေပါတယ်။

နောက်ပြီး ရုရှား စစ်ဘက်ရေးရာ ကျွမ်းကျင်သူ ရာချာစလဗ်ဆီလျူကို သုံးသပ်ခဲ့သလို ရုရှားအနေနဲ့ မြန်မာမှာသာ ခြေကုပ်ယူနိုင်မယ် ဆိုရင် ဘင်္ဂလားဒေ့ရှ်၊ လာအို၊ အင်ဒိုနီးရှားနဲ့ အရှေ့တောင်အာရှ ဈေးကွက်ကို ပိုမိုထိုးဖောက် ချဲ့ထွင် လာနိုင်မယ့် အလားအလာ ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ ဈေးကွက်ကို မျက်စိကျနေတဲ့ ရုရှား အတွက်တော့ မဟာဗျူဟာမြောက်တဲ့ ဈေးကွက်ဆုံချက်တခု ဖြစ်လာနိုင်ပါတယ်။

နောက်ပြီး မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်း လာချိန်မှာ မြန်မာနိုင်ငံရဲ့နိုင်ငံတကာ ဆက်ဆံရေး ပုံစံတွေကလည်း ပြောင်းလဲ လာတဲ့ အတွက် အကျပ်အတည်းကာလ တုန်းက နိုင်ငံတကာမှာ မြန်မာနိုင်ငံ အတွက်အခိုင်အမာရပ်တည် ပေးခဲ့ရတဲ့ ရုရှားအနေနဲ့ မြန်မာနိုင်ငံကို အလွယ်တကူနဲ့ လက်လွှတ် မခံလိုပါဘူး။ အရပ်သား အစိုးရတွေရဲ့ အနေအထား၊ ရပ်တည်ချက် မူဝါဒနဲ့ ခြေလှမ်းတွေကို စောင့်ကြည့်အကဲခတ်နေရဆဲ ဒီအချိန်မျိုးမှာ ရုရှားအနေနဲ့က မိတ်ရင်း ဆွေရင်း ဖြစ်တဲ့ တပ်မတော်နဲ့ ရင်းနှီးတဲ့ ဆက်ဆံ ရေးကောင်းကို ဆက်ထိန်းထားပြီး မြန်မာနိုင်ငံမှာ သူ့ အနေအထားကို ပိုမို ခိုင်မာအောင် တည်ဆောက်ထားနိုင်မယ် လို့ တွက်ဆထားပုံ ရပါတယ်။

ဒီဖြစ်ပေါ် တိုးတက်မှုတွေ၊ အခင်းအကျင်းတွေကတော့ နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေး ဆုံချက်တွေပဲ ဖြစ်ပါတယ်။ ဒီဆုံချက် အနေအထားကနေ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ဟာ နှစ်နိုင်ငံ စစ်ဘက် ဆက်ဆံရေးနဲ့ စစ်ဘက်နည်းပညာ ဆက်ဆံရေးတွေမှာ အလားအလာကောင်းတွေ ထပ်မံမြင်တွေ့ရမယ် လို့ ရုရှား လက်ထောက် ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ် ကြီး အလက်ဇန်းဒါးဖိုမင် က ဆိုထားပါတယ်။ အခုဆိုရင် မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ရုရှား နိုင်ငံကို ရောက်ရှိနေပါပြီ။ ဒီခရီးစဉ်ကနေ ဘယ်လိုမျိုး နှစ်နိုင်ငံ စစ်ဘက် ဆက်ဆံရေး အလာကောင်းတွေ ထပ်မံထွက်ပေါ်လာနိုင်မလဲ ဆိုတာ စောင့်ကြည့်လေ့လာ ရဦးမှာပါ။ ။

(ကိုရဲသည် ရန်ကုန်အခြေစိုက် တကောင်း နိုင်ငံရေး လေ့လာမှုအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သည်။ တကောင်း နိုင်ငံရေး လေ့လာမှုအဖွဲ့သည် မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုတွင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးနှင့် လုံခြုံရေး ကဏ္ဍကို သုတေသနပြု လေ့လာနေသောအဖွဲ့ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading