မြန်မာနိုင်ငံ အိန္ဒိယမှ ခွဲထုတ်ခဲ့သည်မှာ နှစ်ပေါင်း ၈၀ နီးပါးရှိခဲ့ပြီ။ ထိုသို့ ခွဲထွက်ခဲ့ခြင်းက နိုင်ငံ၏ သမိုင်းတွင် အရေးအပါဆုံးသော အလှည့်အပြောင်းများထဲမှ တခုဖြစ်ခဲ့သော်လည်း လုံးဝ သတိမပြုမိသလောက် နီးပါးဖြစ်သည့် အထိမ်းအမှတ်တခုလည်း ဖြစ်ပါသည်။
၁၉၃၅ ခုနှစ်တွင် အင်္ဂလန်ပါလီမန်ုက မြန်မာ အစိုးရဥပဒေ (Government of Burma Act) ကို အတည်ပြုခဲ့သည်။ ၁၉၃၇ နှစ်လည်ပိုင်းတွင် မြန်မာနိုင်ငံသည် အိန္ဒိယအင်ပါယာ၏ ပြည်နယ်တခု အဖြစ်မှ တဝက်က ရွေးကောက်ခံ ဖြစ်သည့် ကိုယ်ပိုင် အစိုးရ၊ လွှတ်တော်တခုနှင့် အင်္ဂလိပ်အစိုးရကို တိုက်ရိုက်တာဝန်ခံရသော ဘုရင်ခံတဦးတို့ ရှိသော နိုင်ငံတခု ဖြစ်လာသည်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်သို့ ဦးတည်သော ခြေလှမ်းတခုဟု ဆိုနိုင်သလို မြန်မာနိုင်ငံ၏ ကွဲပြားသော သွင်ပြင်လက္ခဏာကို အသိအမှတ်ပြုခြင်းတခုလည်း ဖြစ်သည်။
ဆင်ခြင်သုံးသပ်မှုများ အကြိတ်အနယ် နှစ်နှင့် ချီခဲ့ပြီးနောက် ခွဲထွက်ရေး ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သို့သော်လည်း နိုင်ငံတခု၏ သွင်ပြင်လက္ခဏာနှင့် ပတ်သက်သည့် ပြဿနာများက အစမှာပင် ရှိနေခဲ့ပြီး ၂၀ ရာစုအတွင်း ရှင်းစရာရှိသည်များက စစ်ပွဲ၊ အထီးကျန်မှုနှင့် ဆင်းရဲနွမ်းပါးခြင်းတို့သို့ ဦးတည်စေခဲ့သည်။
ယနေ့တွင်လည်း အလားတူ ကိစ္စများက အစိုးရ နှင့် တိုင်းရင်းသား လူမျိုးစု ကိုယ်စားပြု လက်နက်ကိုင်အဖွဲ့အစည်းတို့ကြားမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ လူနည်းစု မွတ်ဆလင်များ၏ ကံကြမ္မာ နှင့် ကမ္ဘာသို့ တံခါးဖွင့် နေသော တိုင်းပြည်၏ စီးပွားရေး အပေါ်မှာပင် ခြောက်လှန်နေဆဲ ဖြစ် သည်။ မဖြေရှင်းနိုင်သေးဘဲ တပုံတပင်ရှိနေသေးသည့် ကိစ္စများက မြန်မာနိုင်ငံ အနာဂတ်အတွက် အလယ်ဗဟိုတွင်ပင် ရှိနေသေးသည်။
အိန္ဒိယမှ ခွဲထွက်ခြင်းက ဗမာ အမျိုးသားရေး ဝါဒ အတွက် အောင်မြင်မှုတခု ဖြစ်ခဲ့သည်။ ဗမာစကားပြောသူ ဗမာအများစုက ဗုဒ္ဓဘာသာဝင် များဖြစ်ပြီး ဧရာဝတီ မြစ်ဝှမ်းမှာ နေထိုင်ကြသည်။ အင်္ဂလိပ်-မြန်မာ စစ်ပွဲဟု သိကြသည့် ၁၉ ရာစုမှ ပဋိပက္ခ ၃ ခုက မြန်မာနိုင်ငံကို အင်အားချည့်နဲ့ စေခဲ့ပြီး အထွဋ်အထိပ် ရွှေခေတ်ဖြစ်သော ဘူတန်နိုင်ငံ အနီးမှသည် ဘန်ကောက် အစွန်အဖျားထိရောက်အောင် ကျယ်ပြန့်သော ဗမာအင်ပါယာကို ဖျက်ဆီးလိုက်သည်။ ၁၈၈၅ ခုနှစ်တွင် ဗြိတိသျှတို့က နှစ်ပေါင်းထောင်ချီရှိခဲ့သော မြန်မာမင်းဆက်ကို ဖျက်သိမ်း၍ ဧရာဝတီမြစ်ဝှမ်းဒေသကို အိန္ဒိယလက်အောက်ခံ ပြည်နယ် အသစ် ဗြိတိသျှ ဘားမား (British Burma) အဖြစ် ပြောင်းလဲပစ်ခဲ့သည်။ ဗမာ အမျိုးသားရေးစိတ်ဓာတ်သည် မည်သည့်အချိန်တွင်မှ နာလံပြန် မထူတော့ပါ။
ကိုလိုနီအုပ်ချုပ်ရေးက ယူဆောင်လာသော စီးပွားရေးတိုးတက်မှုနှင့် အတူ အိန္ဒိယတိုက်ငယ်တလွှားမှာ သန်းနှင့် ချီသော လူများ အဆီးအတားမရှိ ပြောင်းရွှေ့ဝင်ရောက်လာကြသည်။ ထိုအချိန်က မြန်မာနိုင်ငံက ပိုမိုချမ်းသာကြွယ်ဝသည့် နိုင်ငံ ဖြစ်သောကြောင့် အိန္ဒိယမှ မိသားစုအများအပြားအတွက် တိုးတက်ရာတိုးတက်ကြောင်း အခွင့်အလမ်းများနှင့် စွန့်စားမှုများ ရှိသည့်နေရာ ဖြစ်သည်။ ၁၉၂၀ နှစ်များ နှောင်းပိုင်းတွင် ရန်ကုန်က နယူးယောက်ကဲ့သို့ ကမ္ဘာပေါ်၌ ရွှေ့ပြောင်းဝင်ရောက်မှု အများဆုံးဆိပ်ကမ်း ဖြစ်ခဲ့ပြီး ၁၉၂၇ ခုနှစ် တနှစ်တည်းမှာပင် လူ ၄၂၈၃၀၀ ကို လက်ခံခဲ့သည်။ ထိုစဉ်က မြန်မာနိုင်ငံ၏ လူဦးရေ စုစုပေါင်းက ၁၀ သန်း ဝန်းကျင်သာ ရှိသည်။ ရန်ကုန်မြို့သည်လည်း အိန္ဒိယ မြို့တမြို့ ဖြစ်လာတော့သည်။
မြန်မာများအမြင် ခေတ်မီသော အခြေအနေဆိုသည်မှာ ဥရောပသားများက ထိပ်ပိုင်းတွင် ရှိနေပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ နှင့် မြို့ပြ အလုပ်သမားလူတန်းစားသစ်တွင် အိန္ဒိယတိုက်သားများဖြင့် ပြည့်နေသော လူမှုအဖွဲ့အစည်းတခု ဖြစ်နေသည်။ ခံစားချက်များ ခါးသည်းလာကြပြီး ပိုမို၍သေးငယ်သော်လည်း သိသိသာသာ ပြောင်းရွှေ့ဝင်ရောက်လာသည့် တရုတ်လူမျိုး အသိုင်းအဝိုင်းကိုလည်း ဆန့်ကျင်လာကြသည်။ ကမ္ဘာ့ စီးပွားပျက်ကပ် နှင့် အတူ တင်းမာမှုများ မြင့်တက်လာပြီး ရန်ကုန်မြို့၌ ၁၉၃၀ တွင် ပထမဆုံး အိန္ဒိယသား ဆန့်ကျင်ရေး အဓိကရုဏ်းများနှင့် ၁၉၃၁ တွင် ပထမဆုံး တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းများ ပေါ်ပေါက်လာခဲ့သည်။
လူမျိုးရေးဂုဏ်သိက္ခာ
လူမျိုးရေးဂုဏ်သိက္ခာကို ပြန်လည်ရယူရန် ရည်ရွယ်သော နိုင်ငံရေးသမား မျိုးဆက်သစ်တခုလည်း ထိုကာလတဝိုက် ပေါ်ပေါက်လာခဲ့သည်။ ပေါ်ပေါက်လာသည့် အဖွဲ့အစည်းများထဲမှ တခုမှာ အိုင်ယာလန်နိုင်ငံမှ အမျိုးသားရေး ပါတီတခု ဖြစ်သည့် ရှင်ဖိန်း (Sinn Fein) နှင့် အလားတူသည့် ဒို့ဗမာအစည်းအရုံးဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတော်သီချင်းတွင် ထည့်သွင်း အသုံးပြုထားသော သံပြိုင်ပိုဒ် “ဒါတို့ပြေ၊ ဒါတို့မြေ၊ တို့ပိုင်တဲ့မြေ” မှာ အစည်းအရုံး၏ ဒို့ဗမာသီချင်းမှ ဖြစ်သည်။ တနည်းဆိုရသော် အခြားသူတို့ မပိုင်ဆိုင်ဟူ၍ ဖြစ်သည်။
နိုင်ငံခြား ကော်ပိုရေးရှင်းကြီးများကို ခေါင်းပုံဖြတ်သူများအဖြစ် အများစုက မြင်ခဲ့ကြသည်။ အချို့က ဗုဒ္ဓဘာသာက ပျောက်ကွယ်တော့မည်ဟု မြင်ခဲ့ကြသည်။ ၁၉၃၈ ခုနှစ် အထိ ဖြစ်ပွားခဲ့သော လူမှုအသိုင်းအဝိုင်း ပဋိပက္ခများက မွတ်ဆလင်ဆန့်ကျင်ရေးကို စတင်ဖြစ်ပွားစေခဲ့သည်။ မြန်မာ အမျိုးသားရေး ဝါဒီများက ယနေ့ခေတ်တွင်ဆိုလျှင် ဂလိုဘယ်လိုက်ဇေးရှင်းကို ဆန့်ကျင်ခြင်း နှင့် ရွှေ့ပြောင်းအခြေချမှုကို ဆန့်ကျင်ခြင်းဟု ခေါ်နိုင်သည့် လှုပ်ရှားမှုများကို လုပ်ခဲ့ကြသည်။
သို့သော်လည်း အမြဲတမ်းတော့ ထိုသို့ မဟုတ်ခဲ့ပါ။ ၁၈ ရာစုနှင့် ၁၉ ရာစုအတွင်းမှ မြန်မာမင်းများက ဂေါတမ ဗုဒ္ဓ၏ မျိုးနွယ်ဖြစ်သော သာကီဝင်များမှ ဆင်းသက်လာသူများဟု ဆိုခဲ့ကြပြီး အိန္ဒိယကို အလေးအမြတ်ထားရမည့်မြေ နှင့် အသိပညာ၏ ဗဟိုဌာန အဖြစ် မြင်ခဲ့ကြသည်။ မန္တလေးမြို့တော် ကျဆုံးသည့် ၁၈၈၅ ခုနှစ် အထိ အိန္ဒိယ၏ နည်းလမ်းများကို အတုယူစရာများအဖြစ် သဘောထားခဲ့သည်။ ထိုနှစ်အတွင်းမှာပင် အိန္ဒိယနိုင်ငံ ဗာရာဏသီမှ ဗြဟ္မဏ နွယ်ဝင် ပုဏ္ဏား တဦးဖြစ်သည့် ဂေါဝိန္ဒ (Govinda) ကို တော်ဝင်ဓလေ့ထုံးတမ်းများကို သုံးသပ်၍ လိုအပ်ပါက ပြင်ဆင်မှုများ ပြုလုပ်ရန် ဖိတ်ခေါ်ခဲ့သည်။
ယခုနှစ် မေလအတွင်း “ကုလား” ဆိုသည့် စကားလုံးကို လူမျိုးရေးခွဲခြားသည့် အမုန်းစကား ပုံစံတခုအဖြစ် Facebook က ပိတ်ပင်ခဲ့သည်။ ကိုလိုနီခေတ်အတွင်းကဆိုလျှင် ကုလားတဦး ဖြစ်ခြင်းက အဆင့်အတန်း မြင့်သည်ဟု ဆိုနိုင်ပါသည်။ သို့သော်လည်း ကိုလိုနီခေတ် မတိုင်မီကာလအတွင်းမှာပင် ကုလားနှင့် ပတ်သက်၍ စိုးရိမ်ကြောင့်ကျမှုတခု မြင့်တက်ခဲ့သည်။ မြန်မာရုံးတော် အတွက် ကုလားဆိုသည်မှာ ဒေသခံတို့၏ အမြင်တွင် အသွင်တူညီသည်ဟု ဆိုနိုင်သော အနောက်ဖက်မှ လူများ(အဓိက အားဖြင့် အိန္ဒိယမှ ဖြစ်သော်လည်း ပါရှားများ၊ အာရပ်များ နှင့် ဘိလပ်(အင်္ဂလန်) မှ ကုလားများ အပါအဝင် ဥရောပသားများ)ကို သိမ်းကျုံးခေါ်ဝေါ်လိုက်ခြင်း ဖြစ်သည်။ ၁၉ ရာစုရောက်သည့်အခါ ဗမာတို့၏ အတွေးတွင် သူတို့သည် ဗုဒ္ဓ၏ မျိုးနွယ်များဖြစ်ပြီး ခရစ်ယာန်နှင့် မွတ်ဆလင် ကုလား များက မြင့်မြတ်သောမြေကို ကျူးကျော်ဝင်ရောက်လာသည်ဆိုသည့် အယူအဆတခု ဝင်ရောက်လာခဲ့သည်။ ၁၈၅၅ ခုနှစ် တွင် မင်းတုန်းမင်းက ဗြိတိန် သံတမန် ဆာအာသာဖယ်ယာကို “အခု မင်းတို့ သိမ်းထားတဲ့ တိုင်းပြည်အားလုံးကို ငါတို့မျိုးနွယ်က အုပ်ချုပ်ခဲ့တယ်။ အခုတော့ ကုလားတွေက ငါတို့ အနီးကို ကပ်လာပြီ” ဟု ပြောခဲ့သည်။
ကိုလိုနီစနစ်က ကြောင့်ကျမှုနှင့် ရောနေသော လေးစားမှုကို လူမျိုးရေး မုန်းတီးမှု အဖြစ် ပြောင်းလဲပစ်ခဲ့သည်။ ခွဲထွက်ခြင်း နှင့်အတူ လူဝင်မှုကိုလည်း ထိန်းချုပ်လာခဲ့သည်။ မြန်မာနိုင်ငံကို ဂျပန်တို့ ကျူးကျော်ဝင်ရောက်လာသည့် ၁၉၄၂ ခုနှစ်တွင် ဗမာ အမျိုးသားရေး ဝါဒီတို့၏ အကြမ်းဖက်မှုကို ကြောက်ရွံ့သည့်အတွက် သိန်းနှင့် ချီသော အိန္ဒိယနွယ်ဖွားများ ထွက်ပြေးကြတော့သည်။ သူတို့ လုံးဝ ပြန်မလာခဲ့ကြပါ။ လွတ်လပ်ရေးရသည့် အချိန်တွင်လည်း နောက်ထပ်များစွာ ထွက်သွားကြသည်။ ၁၉၆၀ နှစ်များအတွင်းတွင် “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်” ၏ တစိတ်တပိုင်း အဖြစ် အိန္ဒိယနှင့်တရုတ် စီးပွားရေး လုပ်ငန်းများ ပြည်သူပိုင်သိမ်းခြင်း ခံခဲ့ရသည်။ ထိုအချိန်မှ စ၍ နိုင်ငံခြားသား ကြောက်ရွံ့မှုက တရားဝင် မူဝါဒ ဖြစ်လာခဲ့တော့သည်။
ခွဲခြားခံ နယ်မြေများနှင့် သစ္စာခံများ
၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ ဥပဒေက ပြည်တွင်းမှ ကွဲပြားမှုများကိုလည်း ခိုင်မာစေခဲ့သည်။ ကိုလိုနီခေတ် မတိုင်မီက မြန်မာ နိုင်ငံသည် အခြားသောနေရာများကဲ့သို့ပင် ကွဲပြားခြားနားသည့် ပြည်သူများနှင့် အောင်မြင်လိုက် ကျဆုံးလိုက် ဖြစ်နေသည့် ဘုရင့်နိုင်ငံ ဖြစ်သည်။ ခေတ်သစ်မြန်မာ့ မြေပုံမှာ အသစ်ဖြစ်ပါသည်။ သို့သော်လည်း ကိုလိုနီခေတ်နှောင်းပိုင်း အုပ်ချုပ်ရေးက တိုင်းပြည်ကို စုစည်းရန် လုပ်ဆောင်မပေးခဲ့ဘဲ တိုင်းရင်းသား အမျိုးအစားများ ခိုင်မာစေရန်နှင့် နိုင်ငံရေးကွဲပြားမှုများသာ ဖြစ်စေခဲ့သည်။
ကိုလိုနီခေတ် (အိန္ဒိယမှ ခွဲမထွက်မီ) ၁၈၆၁ မှ ၁၉၃၁ ခုနှစ် အထိ ဆယ်နှစ်တကြိမ် ကောက်ယူခဲ့သည့် အင်ပါယာ သန်းခေါင်စာရင်းများထဲတွင် လူမျိုးရောထွေးမှုကို အဓိပ္ပါယ်ရှိစေရန် (ကြည့်ကောင်းစေရန်) ဗြိတိသျှတို့က ကြိုးစားခဲ့သည်။ အိန္ဒိယတွင် ပြည်သူများကို “ဇာတ်” ဖြင့် ခွဲခြားသည်။ ထိုအချိန်တွင် ဗမာများ၊ ရခိုင်များနှင့် အခြားလူမျိုးအချို့ကို “Semi-Hindooised Aboriginees” ဆိုသည့် ခေါင်းစဉ်အောက်တွင် စာရင်းသွင်းခဲ့သည်။ ၁၉၀၀ နှစ်များ အစောပိုင်းရောက်သည့် အချိန်တွင် ဗြိတိသျှတို့က မြန်မာနိုင်ငံမှ ပြည်သူများကို ဘာသာဗေဒ အရ နှိုင်းယှဉ်သည့် ခေတ်မီ အတွေးအခေါ်များဖြင့် ဘာသာစကား အရ စတင်ခွဲခြား သတ်မှတ်မှုများ စတင်ပြုလုပ်လာခဲ့သည်။ ဗမာ၊ ရှမ်း၊ မွန် အစရှိသည့်လူမျိုးများဖြင့် ခွဲခြားသတ်မှတ်သည့် ကိုလိုနီခေတ်မတိုင်မီက အယူအဆများနှင့်လည်း အတိုင်းအတာတခုအထိ အံဝင်ခွင်ကျ ဖြစ်လာခဲ့သည်။
သို့သော် ယင်းသည် လူမျိုးဟူသည် ပြောင်းလဲ၍ မရနိုင်ဘဲ တိုင်းပြည်မူဝါဒနှင့် ဆက်စပ်နေသည်ဟု စတင်မြင်လာသည့် ၂၀ ရာစု အတွင်းတွင် ဖြစ်နေသည်။ အချို့လူမျိုးများကို တိုင်းရင်းသား အဖြစ်မြင်၍ အချို့ကို မမြင်ကြပါ။ အချို့ကို စစ်တပ်အတွင်း စုဆောင်းခေါ်ယူသော်လည်း ဗမာကဲ့သို့သော အချို့လူမျိုးများက အများအပြား ချန်ထားခဲ့သည်။
ပထဝီအရ ကွဲပြားမှုများလည်း ရှိနေသည်။ မြန်မာနိုင်ငံ၏ မြေနိမ့်ဒေသများမှာ တိုက်ရိုက် ကိုလိုနီအုပ်ချုပ်ရေး အောက်တွင် ရှိနေပြီး နောက်ပိုင်းတွင် ကိုယ်ပိုင် အုပ်ချုပ်ရေးသို့ တိုးမြှင့်ပေးခဲ့သည်။ ယင်းက ဂလိုဘယ်လိုက်ဇေးရှင်း၏ မြန်မာပြည်၊ ပြည်ပမှ လာရောက်အခြေချခြင်း၊ ကိုလိုနီစနစ် ဆန့်ကျင်သည့် နိုင်ငံရေး နှင့် ဗမာ အမျိုးသားရေးဝါဒ မြင့်တက် လာခြင်းဖြစ်သည်။
လူနည်းစု တိုင်းရင်းသားများထဲတွင် အကြီးဆုံးမှာ ကရင်များဖြစ်ပြီး သူတို့၏ ကိုယ်ပိုင် ခရစ်ယာန်ခေါင်းဆောင်မှုနှင့် ကိုယ်ပိုင် အမျိုးသားရေး ရည်မှန်းချက်များ မြင့်တက်လာသည့် အလျှောက် အိန္ဒိယနွယ်ဖွားများ၊ အင်္ဂလိပ်-အိန္ဒိယ ကပြားများနှင့် ၁၉၃၇ ခုနှစ် ပါလီမန်တွင် အသိုင်းအဝိုင်း ကိုယ်စားပြု နေရာများ ရရှိခဲ့သည်။ လွတ်လပ်ရေးရလုနီးချိန်တွင် ကရင်ခေါင်းဆောင်များက ဓနသဟာယ အဖွဲ့အတွင်းတွင် သူတို့ကိုယ်ပိုင် တိုင်းရင်းသားနယ်မြေ ရရှိရေး အင်္ဂလိပ်အစိုးရထံ တောင်းဆိုခဲ့ကြသည်။ စစ်အတွင်းက ဗြိတိသျှတို့ အပေါ်သစ္စာရှိစွာဖြင့် တိုက်ပွဲဝင်ခဲ့သော်လည်း သူတို့၏ တောင်းဆိုမှုကို ယဉ်ကျေးစွာ ငြင်းပယ်ခံလိုက်ရသည့်အခါ သစ္စာဖောက်ခံရသလို သူတို့ခံစားခဲ့ကြရသည်။
သို့သော်လည်း ကွဲပြားသော မြန်မာနိုင်ငံတခု ရှိခဲ့သေးသည်။ တိုင်းပြည်၏ တဝက်ဖြစ်သည့် နယ်စပ်ဒေသများကို မျိုးရိုး စဉ်ဆက် အုပ်ချုပ်ခဲ့သော သူတို့၏ ကိုယ်ပိုင် အကြီးအကဲများမှ တဆင့် ဗြိတိသျှတို့က သွယ်ဝိုက်သော နည်းဖြင့် အုပ်ချုပ်သည်။ ထို့ကြောင့် ထိုနေရာများသည် ၁၉၃၀ နှစ်များအတွင်းက စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတို့မှ ကင်း လွတ်နေခဲ့သည်။
၁၉၄၇ ခုနှစ်တွင် ဗြိတိသျှတို့ ပြန်လည်ထွက်ခွာရန် အလောတကြီး ဖြစ်နေသည့် အချိန်၌ ရှမ်းနှင့် အခြား ခေါင်းဆောင်များက အစမ်းသဘောဖြင့် နိုင်ငံတော်သစ်တွင် ပေါင်းစည်းရန် ရွေးချယ်ခဲ့ကြသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုလည်း ကတိပြုခဲ့သည်။ ထို့ကြောင့် လူမျိုးရေးနှင့် နယ်မြေပိုင်ဆိုင်ရေးရာ အယူအဆများ ရောထွေးသွားခဲ့သည်။ ထိုအချိန်မှစ၍ ဆယ်စုနှစ်များစွာသည် နိုင်ငံတည်ဆောက်ရေး ကျရှုံးသည့် ကာလတခု ဖြစ်ခဲ့သည်။ ကိုလိုနီခေတ်၏ အမွေများ၊ လူမျိုးရေးနှင့် ဆက်နွယ်နေသာ စစ်ပွဲများကို လွန်မြောက်နိုင်ခြင်း မရှိခဲ့ပါ။ ပြင်ပ ကမ္ဘာကိုလည်း အဆက်ဖြတ်ပြီး ကိုယ့်ဖာသာ တံခါးပိတ်၍ အထီးကျန်နေခဲ့သည်။
စိန်ခေါ်မှု၏ အဓိကနေရာတွင် ဗမာအမျိုးသားရေးဝါဒနှင့် ၎င်းတွင် ပါဝင်ဖွယ်ရှိသော အမျိုးသားရေး လက္ခဏာတို့၏ ဆက်စပ်မှု ဖြစ်သည်။ ဗမာအမျိုးသားရေး ဝါဒီတို့က တိုင်းပြည်ကို စုစည်းရန်နှင့် ပြင်ပလူတို့၏ ခြိမ်းခြောက်မှုဟု သူတို့မြင်သည့် အရာကို ကာကွယ်ရန် အာရုံစိုက်ခဲ့ကြသည်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံကြီးများဖြစ်သော အိန္ဒိယ နှင့် တရုတ် လူမျိုးများ ဖြစ်ကြသည်။ တိုင်းရင်းသားများအဖြစ် လက်ခံထားသော လူနည်းစုများနှင့်မူ ပေါင်းစည်းရေးက ဗမာအများစုအတွက် သိသာ ထင်ရှားသော ရည်ရွယ်ချက် ဖြစ်သည်။
သို့သော်လည်း အခြားသော တိုင်းရင်းသား ပြည်သူများအတွက် စိန်ခေါ်မှုမှာ ဗမာအမျိုးသားရေး ဝါဒကိုယ်တိုင် ဖြစ်နေသည်။ လွတ်လပ်ရေး ခေတ်လွန်နိုင်ငံမှ မညီမျှမှုများ၊ စီးပွားရေး အခွင့်အလမ်းများမှ ကင်းလွတ်နေခြင်းနှင့် ဗမာများ လွှမ်းမိုးသည့် ခေတ်မီတိုးတက်ရေး လုပ်ငန်းစဉ်တွင် သူတို့၏ ကိုယ်ပိုင်လက္ခဏာများ ပျောက်ကွယ်သွားမည်ကို စိုးရိမ်မှုများ ရှိနေသည်။
သွင်ပြင်လက္ခဏာကို ပြန်တည်ဆောက်ခြင်း
မည်သူက တိုင်းရင်းသား ဖြစ်ပါသနည်း။ ၁၉၂၁ ခုနှစ် ဗြိတိသျှ အင်ပါယာ သန်းခေါင်စာရင်းမှ တစိတ်တပိုင်းကို ဆွဲယူ၍ မြန်မာ့တပ်မတော်က ၁၉၉၀ အစောပိုင်း နှစ်များတွင် တိုင်းရင်းသား ၁၃၅ မျိုးစာရင်းကို ထုတ်ပြန်ခဲ့သည်။ ကမန်( ၁၇ ရာစုက ဒုက္ခသည် မဂို မင်းသား၏ ကိုယ်ရံတော်များမှ ဆင်းသက်ပေါက်ဖွားလာသည့် မွတ်ဆလင်များ) နှင့် တရုတ်စကား ပြော ကိုးကန့်များ (သူတို့၏ ဘိုးဘေးများသည် ၁၆၀၀ နှစ်များအတွင်းတွင် တရုတ်နိုင်ငံမှ ထွက်ပြေးလာသည့် မန်ချူးများ ဖြစ်ကြသည်)လည်း စာရင်းတွင် ပါဝင်လာသည်။ အသုံးအနှုန်းဟောင်း ဖြစ်သည့် မြန်မာဆိုသည်မှာ ယခုအခါ တိုင်းရင်းသားများ အားလုံးပါဝင် အကျုံးဝင်သည်ဟု ပြန်လည်သတ်မှတ်ခဲ့သည်။
တိုင်းရင်းသား စာရင်းတွင် မပါဝင်သူများမှာ ၁၉ ရာစုနှင့် ၂၀ ရာစုတွင် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ ရွှေ့ပြောင်းဝင်ရောက်လာသူများမှ ဆင်းသက်လာသူများ ဖြစ်သည်။ ၃.၁ သန်းကျော်ရှိသော ရခိုင်ပြည်နယ် လူဦးရေ၏ ၃ ပုံ ၁ ပုံ ရှိသော မွတ်ဆလင်များလည်း မပါဝင်ခဲ့ပါ။ ဗမာနှင့် ရခိုင် အမျိုးသားရေး ဝါဒီတို့၏ အမြင်တွင် သူတို့သည် ကိုလိုနီခေတ်က ဘင်္ဂလားက ရွှေ့ပြောင်းလာသူများမှ ဆင်းသက်သူများ သို့မဟုတ် လတ်တလောတွင် တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသူများ ဖြစ်ကြသည်။ သူတို့က သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဆိုသည့် အမည်ကို တိုးခေါ်လာပြီး သူတို့သည်လည်း တိုင်းရင်းသား ဖြစ်သည်ဟု ဆိုသည်။ တိုင်းရင်းသားဖြစ်ရေး၏ ဂယက်ရိုက်မှုများက အပြင်းအထန် အခြေအတင် ဆွေးနွေးစရာတခု ဖြစ်ခဲ့ပြီး ရိုဟင်ဂျာဆိုသည့် စကားလုံးကို ဒေါသတကြီး ငြင်းခုန်မှုများတွင် အဓိက အချက်ဖြစ်စေခဲ့သည်။
၂၀၁၂ ခုနှစ်မှ စတင်၍ ပေါ်ထွက်လာခဲ့သော ပဋိပက္ခများက ဒေသတွင်း လူမျိုးရေး ပဋိပက္ခကို ဒုတိယကမ္ဘာစစ်အထိ ပြန်ရောက်သွားစေခဲ့သည်။ သို့သော်လည်း ခွဲခြားမှုကို မီးထိုးပေးသည့် သရုပ်ခွဲမှုက ခေတ်သစ်နိုင်ငံရေး၏ ရွှေ့ပြောင်းဝင်ရောက်မှု ဆန့်ကျင်ရေး နှင့် တွဲဆက်နေခဲ့သည်။ ပေါ်ထွက်လာသည့် နိုင်ငံတွင် ပါဝင်သည် ဖြစ်စေ မပါဝင်သည် ဖြစ်စေ တိုင်းရင်းသား ဖြစ်ခြင်းနှင့် ပတ်သက်၍ တိုင်းရင်းသား လူမျိုးစု ဆိုသည်မှာ မည်သည့်အချိန်တွင်မှ မပြောင်းလဲဟု ဘက်အားလုံးက မြင်ကြသည်။
အနာဂတ်အတွက် မည်သို့ ရှိပါသနည်း။ မြန်မာနိုင်ငံက အလျှင်အမြန် ပြောင်းလဲနေသည့် နိုင်ငံတခု ဖြစ်သည်။ ပြည်သူများက ယခင်အချိန်များကဲ့သို့ မဟုတ်ဘဲ ပြည်တွင်းမှာရော ပြည်ပသို့ပါ ရွေ့လျား သွားလာနေကြသည်။ ရောနှောမှုများ၊ လူမျိုးခြား ဘာသာခြား လက်ထပ်မှုများ ရှိလာသည်။ မြို့ပြဖွံ့ဖြိုးတိုးတက်မှုက နေရာယူလာပြီး မကြာမီကာလတွင် လူများ စုက မြို့ကြီးများတွင် နေထိုင်ကြမည် ဖြစ်သည်။ မြန်မာခေါင်းဆောင်များက ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် ပြင်ပကမ္ဘာ့နိုင်ငံများနှင့် စီးပွားရေးပူးပေါင်းမှုသို့ ဦးတည်သွားနေသည်ဟု ပြောကြသည်။ သို့သော်လည်း တိုင်းပြည်က ကိုလိုနီခေတ်၏ လူမျိုးရေးသရုပ်ခွဲမှုဗေဒနှင့် ကိုလိုနီခေတ်လွန် မိမိဇာတိအကျိုး ရှေးရှုသည့် ဝါဒတို့ကို သယ်ဆောင်သွားနေရခြင်းက နောက်ထပ် လူမျိုးရေးပဋိပက္ခများ ပေါ်ပေါက်ရေးနှင့် သူစိမ်း(နိုင်ငံခြားသား) ကြောက်ရောဂါ အသစ်ပြန်လည်ပေါ်ပေါက်ရေးတို့အတွက် လမ်းခင်းပေးနေသည်။
ထို့ကြောင့် မြန်မာနိုင်ငံအတွက် အဓိက ခြိမ်းခြောက်မှုမှာ အာဏာရှင် စနစ်သို့ နောက်ကြောင်းပြန်ရောက်သွားနိုင်ခြင်း မဟုတ်ဘဲ အပျက်သဘောဆောင်သော အမျိုးသားရေးဝါဒနှင့် ဆက်နွယ်နေသော မလွတ်လပ်သည့် ဒီမိုကရေစီ ဖြစ်ပါသည်။ ယခုအချိန်သည် သမိုင်းကို ရိုးသားစွာ၊ ဝေဖန်ဆန်းစစ်မှုရှိစွာ ပြန်လည်သုံးသပ်မှုရန် လိုပြီး အားလုံး ပိုမိုပါဝင်နိုင်သည့် ၂၁ ရာစု မြန်မာနိုင်ငံ၏ သွင်ပြင်လက္ခဏာအတွက် သစ်လွင်သော ရှာဖွေမှုများ ပြုလုပ်ရန် အချိန်ပင် ဖြစ်ပါတော့သည်။
(ဒေါက်တာ သန့်မြင့်ဦးသည် သမိုင်းပညာရှင် စာရေးဆရာတဦး ဖြစ်ပြီး ရန်ကုန်မြို့တွင် နေထိုင်လျက် ရှိသည်။ Nikkei Asian Review ပါ သူ၏ Myanmar, an unfinished nation ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)