၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီးတဲ့နောက် ရခိုင်အမျိုးသားပါတီ(ANP)က ဦးဆောင်ပြီး စတင်ဖွဲ့ စည်းခဲ့တဲ့ ဒုတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော်ဟာ အခုဆို ၁ နှစ် ကျော် ရှိခဲ့ပါပြီ။ ဒုတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော်ကို ဖွဲ့စည်းပြီးနောက် ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ကတော့ ၎င်းတို့ ပါတီက ရခိုင်ပြည်နယ် လွှတ်တော်ကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ မီဒီယာက တဆင့် ပြောဆိုထားတာလည်း တွေ့ရပါတယ်။
ဒါပေမယ့် ရခိုင်ပြည်သူတွေ ကြားမှာကတော့ ဒုတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော်ရဲ့ စွမ်းဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပြင်းထန်တဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ အဲဒီတော့ ရခိုင်ပြည်နယ် လွှတ်တော်ဟာ ရခိုင်ပြည်သူတွေရဲ့ ကိုယ်စား ဘာတွေကို စွမ်းဆောင်နိုင်ပြီလဲ၊ ဘာတွေက ဝေဖန်စရာတွေ ဖြစ်နေသလဲ ဆိုတာကို လေ့လာကြည့် ရအောင်ပါ။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ပြည်နယ်နှင့် တိုင်းဒေသကြီးတွေမှာ အာဏာ ၃ ရပ် ဖြစ်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်၊ အစိုးရအဖွဲ့နှင့် တရားစီရင်ရေးတို့ကို အညီအမျှ အာဏာခွဲေ၀ ပေးထားတာ ရှိပါတယ်။
အဲဒီ၂၀၀၈ ဖွဲ့စည်းပုံအရပဲ ရခိုင်ပြည်နယ် လွှတ်တော်ကို မြို့နယ်တမြို့နယ်ကို ကိုယ်စားလှယ် ၂ ဦးကျစီ ရွေးချယ် တင်မြှောက်တဲ့ ကိုယ်စားလှယ် ၃၄ ဦး၊ နိုင်ငံတော် လူဦးရေ စုစုပေါင်းရဲ့ သုည ဒသမ ၁ ရာခိုင်နှုန်း ဖြစ်တဲ့ ချင်း တိုင်းရင်းသား ရေးရာ ကိုယ်စားလှယ် ၁ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ဖြစ်သော ကိုယ်စားလှယ် ၁၂ ဦး၊ စုစုပေါင်း ကိုယ်စားလှယ် ဦးရေ ၄၇ ဦးဖြင့် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ရလဒ် အရ ရခိုင်ပြည်နယ် လွှတ်တော်မှာ ရခိုင်အမျိုးသား ပါတီမှ ကိုယ်စားလှယ် ၂၂ ဦး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ကိုယ်စားလှယ် ၉ ဦး (ချင်းတိုင်းရင်းသား ရေးရာ ကိုယ်စားလှယ် အပါအဝင်)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် ၃ ဦး နှင့် တသီး ပုဂ္ဂလ ကိုယ်စားလှယ် ၁ ဦး ရွေးချယ်ခံခဲ့ရ ပါတယ်။
ရခိုင် အမျိုးသားပါတီ (ANP) ကတော့ ရခိုင်ပြည်နယ်တွင် မဲအများဆုံး အနိုင်ရတာကြောင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဖွဲ့စည်းခွင့် ပေးဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို တောင်းဆိုခဲ့ပါသေးတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် အညီ ရခိုင်ပြည်နယ် ဂွမြို့နယ် အမှတ် (၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးညီပုကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခဲ့ ပါတယ်။
အဲဒီအတွက် ကြောင့်လက်ရှိ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုဟာ ရခိုင်အမျိုးသားပါတီ (ANP) က ဦးဆောင်တဲ့ ရခိုင်ပြည်နယ် လွှတ်တော်မှာ ANP ပါတီမှ ကိုယ်စားလှယ်များရဲ့ ပြင်းထန်တဲ့ ကန့်ကွက်မှုနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ရခိုင်ပြည်နယ် အမျိုးသားပါတီ (ANP) က ရခိုင်ပြည်နယ်မှာ မဲအများဆုံး အနိုင်ရတာကြောင့် ဒုတိယ အကြိမ် ရခိုင်ပြည်နယ် လွှတ်တော်ကို ဦးဆောင် ဖွဲ့စည်းခွင့် ရရှိပြီး ရခိုင်အမျိုးသားပါတီ (ANP) ကပဲ လွှတ်တော် ဥက္ကဋ္ဌ နေရာနဲ့ ဒုဥက္ကဋ္ဌ (ကွယ်လွန်) နေရာကို ရယူထားတာ ဖြစ်ပါတယ်။
ပြောရမယ် ဆိုရင် ရခိုင်အမျိုးသားပါတီ (ANP) က ဦးဆောင်တဲ့ ဒုတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော် ၁ နှစ်ကျော် ကာလအတွင်း ကိုယ်စားလှယ်များက မေးခွန်းစုစုပေါင်း ၃၀၂ ခု မေးမြန်းခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် မေးခွန်း အများစု ကတော့ ရခိုင်ပြည်နယ် တခုလုံးနဲ့ သက်ဆိုင်တဲ့ မူဝါဒရေးရာ မေးခွန်းများထက် ရွာတရွာရဲ့ လိုအပ်ချက်တွေ ဖြစ်တဲ့ လမ်း၊ တံတား၊ ကျောင်းဆရာ၊ ဆေးခန်း၊ စာသင်ကျောင်းစတဲ့ မေးခွန်းတွေကို အဓိက မေးမြန်းခဲ့ ကြတာ တွေ့ရပါတယ်။
တကယ်တော့ ကိုယ်စားလှယ်တွေက မေးခွန်းတွေ၊ အဆိုတွေကို ရခိုင်ပြည်နယ် လွှတ်တော်မှာ တင်ကြပေမယ့် NLD ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ကတော့ လွှတ်တော်ကို တာဝန်ခံမှု အားနည်းတာတွေ၊ တိတိကျကျ ပြန်လည် ဖြေကြားမှု မရှိတာတွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေ လာရောက်ဖြေဆိုမှုတွေ၊ မေးခွန်းနဲ့ မသက်ဆိုင်တဲ့ ဝန်ကြီးဌာနက လာရောက် ဖြေဆိုမှုတွေလည်း ရှိနေပါတယ်။
ရခိုင်ပြည်နယ် အမ်းမြို့နယ် အမှတ် ၂ မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးခင်မောင်ဌေးက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ရက် ၁၀၀ စီမံကိန်းနဲ့ ပတ်သက်ပြီး သိရှိလိုကြောင်း ရခိုင်ပြည်နယ် လွှတ်တော်မှာ မေးမြန်းခဲ့ ပါတယ်။ ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးမင်းအောင်က ပြန်လည် ဖြေကြားတဲ့ အပြည့်အစုံကတော့ “ပြီးခဲတဲ့ ၂၀၁၆ ဇူလိုင်လ ၂၂ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေရှိ ဦးဥတ္တမ ခန်းမမှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ချပြပြီး ဖြစ်တာကြောင့် သီးခြား လွှတ်တော် ကိုယ်စားလှယ်များကို ဖြန့်ဝေဖို့ အစီအစဉ် မရှိကြောင်းနဲ့ သိရှိလိုပါက သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးဌာနကို လာရောက်ပြီး စာရွက်စာတမ်း တန်ဖိုးကျသင့်ငွေဖြင့် ထုတ်ယူနိုင်ကြောင်း” ပြောကြားခဲ့ပါတယ်။
အလားတူ ရခိုင်အမျိုးသားပါတီ (ANP) ဦးဆောင်တဲ့ ဒုတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော်မှာ မေးခွန်းတွေ၊ အဆိုတွေ တင်နိုင်ကြပေမယ့် ယနေ့ အချိန်ထိ ဥပဒေအသစ် ရေးဆွဲပြဋ္ဌာန်းတာတွေ၊ ခေတ်နဲ့ မညီတော့တဲ့ ဥပဒေတွေကို ပြောင်းလဲတာတွေ မရှိသေးဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လက တောင်ကုတ်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (စည်ပင်ဝန်ကြီး) ဦးမင်းအောင်က ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဥပဒေ (မူကြမ်း) နဲ့ စည်ပင်သာယာရေး ကောက်မတီဝင်များ ရွေးကောက် တင်မြောက်ခြင်း ဆိုင်ရာ ဥပဒေ (ကြမ်း) ကို ရခိုင်ပြည်နယ် လွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။
ဒါပေမယ့် အဲဒီဥပဒေ မူကြမ်းဟာ ရန်ကုန်တိုင်း ဒေသကြီးရဲ့ စည်ပင်ဥပဒေနဲ့ တူညီတာတွေ၊ ရခိုင်ပြည် နယ်လွှတ်တော်ရဲ့ နည်းဥပဒေနဲ့ မညီဘူး ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ရခိုင်ပြည်နယ် လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ အစီအစဉ် မရှိကြောင်း ရခိုင်ပြည်နယ် လွှတ်တော်က ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒုတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော်မှာတော့ အဆို ၂၆ ခု တင်သွင်းခဲ့ရာ အဆို ၃ ခုကို မှတ်တမ်း အဖြစ် ထားရှိပြီး အဆို ၂၃ ခုကို အတည်ပြုခဲ့ပါတယ်။ ဥပမာအားဖြင့် ကိုဖီအာနန် ကော်မရှင်ကို အသိအမှတ်မပြုကြာင်း အဆို၊ စစ်တကောင်း ဒေသမှ အကြောင်းမျိုးမျိုးကြောင့် ဝင်ရောက်လာတဲ့ ဘင်္ဂါလီကို ဘင်္ဂါလီဟုသာ ခေါ်ဆိုမည် စတဲ့ အဆိုတွေကို အတည်ပြုခဲ့ ပါတယ်။
ဒါပေမယ့် ရခိုင်ပြည်နယ် လွှတ်တော်က အဆိုတွေ၊ အတည်ပြုချက်တွေကို NLD ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အစိုးရ ကတော့ အရေးတယူ အကောင်အထည်ဖော် ဆောင်ရွက်တာ မရှိဘူး လို့ ပြောရမှာ ဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အရ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဟာ ရခိုင်ပြည်နယ် အတွင်း ဆောင်ရွက်မယ့် စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လွှတ်တော်ရဲ့ သဘောတူညီချက် ရယူရမယ် လို့ ဆိုပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ် လွှတ်တော်ဟာ ယနေ့ အချိန်ထိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေ၊ စီမံကိန်းတွေကို လာရောက် ရှင်းလင်းတင်ပြဖို့ ဝေဖန် ထောက်ပြမှုတွေလည်း မရှိသေး ပါဘူ။
ရခိုင်ပြည်နယ် လွှတ်တော်က လွှတ်တော်ရေးရာ ကော်မတီနဲ့ လွှတ်တော်လုပ်ငန်းအဖွဲ့ ၁၀ ခုကို ဖွဲ့စည်း ထားပေမယ့် ကော်မတီတွေ၊ လုပ်ငန်းကော်မတီတွေ ဟာလည်း ထိထိရောက်ရောက် စွမ်းဆောင်နိုင်မှု မရှိဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။
ပြောရမယ် ဆိုရင် ရခိုင်ပြည်နယ် လွှတ်တော်က လွှတ်တော်ကော်မတီနဲ့ လုပ်ငန်းအဖွဲ့တွေဟာ တချို့ လုပ်ငန်းတွေကို ဆောင်ရွက်တာတွေ ရှိပါတယ်။ ဥပမာအားဖြင့် ယခင်အစိုးရ တာဝန်ပြီးဆုံးခါနီး စစ်တွေမြို့ ဆတ်ရိုးကျ ရပ်ကွက်ရှိ စက်မှုရပ်ကွက်လို့ သတ်မှတ်ထားတဲ့ လယ်ယာမြေများအား ခွဲဝေချထားပေးခြင်း အပေါ် စုံစမ်းစစ်ဆေးခြင်း၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မောင်တော၊ ရသေ့တောင် ဘင်္ဂါလီ အကြမ်းဖက်ခံရမှု စုံစမ်းစစ်ဆေး တင်ပြခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါပေမယ့် တဖက်မှာလည်း လွှတ်တော်ကော်မတီတွေ၊ လုပ်ငန်းအဖွဲ့တွေဟာ သက်ဆိုင်ရာ ကော်မတီအလိုက် ရခိုင် ပြည်နယ် အစိုးရအဖွဲ့ရဲ့ လုပ်ငန်းတွေ၊ ဘဏ္ဍာငွေ သုံးစွဲမှုတွေကို လေ့လာဆန်းစစ်ချက်တွေ မရှိ သလို၊ မူဝါဒတွေ၊ ဥပဒေတွေ၊ အစီအစဉ်တွေ ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်မှု ရှိ/မရှိ ဝေဖန်ထောက်ပြဖို့ အားနည်းနေ ပါတယ်။
ခြုံငုံပြီး သုံးသပ်ကြည့်မယ် ဆိုရင် ရခိုင်အမျိုးသားပါတီ (ANP) က ဦးဆောင်တဲ့ ရခိုင်ပြည်နယ်လွှတ်တော်ဟာ ၁ နှစ်ကျော် အတွင်း ဥပဒေအသစ် ရေးဆွဲပြဋ္ဌာန်းနိုင်မှု မရှိတာတွေ၊ ဥပဒေပြုပြင်ပြောင်းလဲနိုင်မှု မရှိသလို၊ NLD ပါတီက ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကိုလည်း အပြန်အလှန် ထိန်းကျောင်းမှု မလုပ်နိုင်ဘူး လို့ ပြောရမှာ ဖြစ်ပါတယ်။
အခုလို ရခိုင်ပြည်နယ် လွှတ်တော်ဟာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ထိထိရောက်ရောက် အပြန်အလှန် ထိန်းကျောင်းနိုင်မှု မလုပ်နိုင်တာကို လက်ရှိ အနေအထားအတိုင်းပဲ ရှေ့ကို ခရီးဆက်မှာလား၊ ဒါမှမဟုတ် ဘာတွေ တိုးတက်ပြောင်းလဲမှုတွေ ဆောင်ရွက်လာမှာလဲ ဆိုတာကို စောင့်ကြည့်နေရဦးမှာ ဖြစ်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ရခိုင်ပြည်နယ် လွှတ်တော်ဟာ ရခိုင်ပြည်သူတွေက ယုံကြည်စွာ ရွေးချယ်တင်မြှောက် တာဝန်ပေးထား တာကြောင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို အပြန်အလှန် ထိန်းကျောင်းနိုင်ဖို့ ရခိုင်ပြည်နယ် လွှတ်တော်က အပြည့်အ၀ တာဝန်ရှိ သလို၊ အဲဒီတာဝန်တွေကို ကျေပွန်စွာ ဆောင်ရွက်ဖို့ လိုအပ်ကြောင်း တင်ပြလိုက်ရပါတယ်။ ။
(ထွန်းထွန်းနိုင်သည် ၂၀၁၃ ခုနှစ်က ဖိလစ်ပိုင် တက္ကသိုလ်မှ မဟာဗျူဟာရေးဆွဲခြင်းနှင့် ပြည်သူ့ရေးရာမူဝါဒ မဟာဘွဲ့ရရှိခဲ့ ပြီး ရခိုင်နိုင်ငံရေးနှင့် မူဝါဒရေးရာ လေ့လာရေး သုံးသပ်ချက် ဆောင်းပါးများ ရေးသားနေသူတဦး ဖြစ်သည်။)