နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် လွန်ခဲ့သောလ အစောပိုင်းက ကနေဒါ နိုင်ငံသို့ ၅ ရက်ကြာ သွားရောက်သည်။ ယင်း ခရီးစဉ်သည် ဗြိတိန်၊ အမေရိကန်နှင့် သြစတြေးလျ တို့သို့ သွားရောက်ခဲ့ပြီးနောက် အတန်ကြာ ကြန့်ကြာနေခဲ့သည့် ခရီးစဉ်လည်း ဖြစ်သည်။
ဝန်ကြီးချုပ် ဂျပ်စတင်ထရူဒူး နှင့်ဓာတ်ပုံတွဲရိုက်သည်ထက် ပို၍ မည်သည့်ကိစ္စများ အောင်မြင်ခဲ့သည်ကို ဆန်းစစ်ရမည် ဖြစ်သည်။ အမေရိကန် ဒေါ်လာ ၈ ဒသမ ၈ သန်း အကူအညီကို ကြေညာခြင်းသည် မြန်မာအတွက် လူသားချင်းစာနာမှု အကူအညီနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြှင့်တင်ပေးမည် ဟု အချို့က ပြောကောင်းပြောမည်။ အမှန်မှာ ထိုငွေကြေး အကူအညီသည် အသစ်အဆန်း မဟုတ်ဘဲ ယခင်နိုင်ငံခြားရေး ဝန်ကြီး စတီဖင်ဒီယွန် မြန်မာနိုင်ငံသို့ သွားရောက်စဉ် ၂၀၁၆ ဧပြီလ အစောပိုင်းက ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံရာတွင် ကြေညာခဲ့သည့် ဒေါ်လာ ၄၄ သန်း အကူအညီ ပေးရေး အစီအစဉ်၏ အစိတ်အပိုင်း တခုသာ ဖြစ်သည်။
သူမသည် ကနေဒါဖက်ဒရယ် စနစ်ကို လေ့လာရန် အဖွဲ့တခုကိုလည်း ခေါ်ဆောင်လာသည် ဟု ဆိုသည်။ ဖက်ဒရယ်စနစ် နှင့်ပတ်သက်၍ နှစ်နိုင်ငံအကြား နှိုင်းယှဉ်ရန် အကြောင်းရှိပါသလား။ ကနေဒါ ဖက်ဒရယ်စနစ် သည် ရိုးရှင်းသော်လည်း မြန်မာ ဖက်ဒရယ်စနစ်သည် ဗဟို အစိုးရနှင့် စစ်ဖြစ်နေသော လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ရှုပ်ထွေးနေသည်။ ကနေဒါ စနစ်မှ ရယူစရာ မည်သည့်အရာမျှ မရှိပေ။
စိတ်ဝင်စားစရာ ကောင်းသည်မှာ ကနေဒါမီဒီယာများသည် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အကြောင်း မည်သည့် သဲလွန်စမျှ မရကြ။ ကနေဒါ အသံလွှင့်ကော်ပိုရေးရှင်း၊ ကနေဒါ တီဗွီ၊ သည်ဂလုပ်အင်မေးလ် နှင့် သည်တိုရွန်တို စသည့် ကနေဒါမီဒီယာ အားလုံး၏ တွေ့ဆုံမေးမြန်းရန် မေတ္တာရပ်ခံမှုအားလုံးနှင့် အများပြည်သူ တွေ့ဆုံဆွေးနွေပွဲ တောင်းဆိုမှု အားလုံးကို အကြောင်း မပြန်ပေ။ စုံစမ်းသော အခါ ကနေဒါ နိုင်ငံခြားရေး နှင့် မြန်မာသံရုံးတို့က ဘော်လီဘော ပုတ်နေခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည် လာရောက်ကြောင်း ကနေဒါလူထုက သိရန် ခက်သည်။ သိလျှင်လည်း ကနေဒါမီဒီယာတွင် သတင်းဖော်ပြမှု မရှိသည့် အကြောင်း ပြောကြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ကနေဒါ နိုင်ငံသို့ မည်သည့်အတွက် ခပ်လျှိုလျှို သွားရောက်ခဲ့ရ ပါသနည်း။ မည်သည့် အကြောင်းကြောင့် ကနေဒါ ရောက်မှသာ ထိုပုံစံ ဖြစ်သွားရပါသနည်း။ ကနေဒါ ခရီးစဉ် အပြီး ဆွီဒင်သို့ ရောက်သောအခါ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဆွီဒင်ဝန်ကြီးချုပ်နှင့် သတင်းစာရှင်းလင်းပွဲ ကျင်းပသည်။
မြန်မာ့ရေးရာများကို ထောက်ခံခဲ့ရာတွင် အဓိက အခန်းမှ ပါဝင်ခဲ့သည့် နိုင်ငံရေးသမားဟောင်းများ၊ ဝန်ကြီးဟောင်းများ၊ သူမ လွတ်မြောက်ရေး အတွက် ရှေ့တန်းမှ ဆောင်ရွက်ခဲ့သည့် လူမှုအခြေပြု အဖွဲ့များမှ ကိုယ်စားလှယ်များကိုလည်း ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံရန် ပျက်ကွက်ခဲ့သည်။ “ကျမကိုယ်တိုင် ကနေဒါကို လာပြီး ကနေဒါပြည်သူတွေကို လူကိုယ်တိုင် ကျေးဇူးတင်ခွင့် ရအောင် မြန်မာနိုင်ငံက ခွင့်ပြုတဲ့ အခြေအနေ အချိန်အခါကို ကျမ အရမ်းကို မျှော်လင့်မိ ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် တခါက ပြောခဲ့ဖူးသည်။ သူမသည် ထိုရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ကြောင်း ထင်ရှားသည်။
သို့သော် သူမသည် တိုရွန်တိုနှင့် အော့တာဝါရှိ မြန်မာအသိုင်းအဝန်းနှင့် တွေ့ဆုံနိုင်ခဲ့သည်။ ထိုမြို့တွင် နေထိုင်သော ဗမာ၊ ကရင်၊ ချင်းနှင့် ကချင် ထောင်နှင့်ချီ ရှိနေသော်လည်း မြန်မာသံရုံးက လူ ၂၅၀ နှင့် တွေ့ဆုံရန် စီစဉ်ပေးခဲ့သည်။
အော့တာဝါတွင် မြန်မာအသိုင်းအဝန်းနှင့် တွေ့ရန် အစီအစဉ်မူလက မပါ။ လူကိုယ်တိုင် သူ့ကို မေးခွန်းထုတ် ခံရမှ ကမန်းကတန်း စီစဉ်ရန် ညွှန်ကြားရသည်။ အော့တာဝါတွင် မြန်မာလူထု မည်မျှ နေထိုင်သည်ကို သတိမထားမိခဲ့ကြောင်း လူ ၁၀၀ ကျော် တက်သော လူထုအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် ဝန်ခံပြီး ကနေဒါမှ ထောက်ခံသူများကို မတွေ့ဆုံနိုင်သောကြောင့် တောင်းပန်ရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သွားရောက်မည့် နိုင်ငံ၏ အခြေအနေကို အပြည့်အဝ မသိရှိ၊ တင်ပြခံရခြင်း မရှိကြောင်း အတန်ပင် ထင်ရှားသည်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် သည် ယခင် ကွန်ဆာဗေးတစ် အစိုးရ၏ အထူးဖိတ်ကြားမှုကို လက်ခံရရှိခဲ့သည်။ သို့သော် သူမက Forum of Federations ၏ ဖိတ်ကြားမှုနှင့် အစီအစဉ်အရ ကနေဒါသို့ လာသည်ဟု မြန်မာအသိုင်းအဝန်းနှင့် တွေ့ဆုံစဉ် ပြောသည်။ ထိုအဖွဲ့သည် လွန်ခဲ့သော ၂၅ နှစ်အတွင်း ကနေဒါတွင် မြန်မာ့အရေး ဆောင်ရွက်ခဲ့သည်ဟု စာရေးသူ မသိပေ။ ကနေဒါအစိုးရသည် ဝန်ကြီးချုပ် ထရူဒူးနှင့် ဓာတ်ပုံတွဲရိုက်ရန်၊ နိုင်ငံခြားရေး ဝန်ကြီး ခရစ်စတီယာ ဖရီးလန်းနှင့် ခဏတာ တွေ့ဆုံရန် ကမန်းကတန်း စီစဉ်ပေးခဲ့ရပုံ ပေါ်သည်။
ကနေဒါနိုင်ငံဘက်က ပျက်ကွက်မှုမှာ ဒေါ်အောင်ဆန်းစုကြည် သည် ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသူနှင့် လေးစားစရာ ဒီမိုကရေစီ ခေါင်ဆောင် ဖြစ်သော်လည်း လွှတ်တော် နှစ်ရပ်ပေါင်း အစည်းအဝေးတွင် မိန့်ခွန်းပြောရန် ဖိတ်ကြားမှု မရှိခြင်း ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံသော အနောက်တိုင်း ဒီမိုကရေစီ နိုင်ငံအားလုံးသည် သူ့ကို ပါလီမန်တွင် မိန့်ခွန်း ပြောရန် ဖိတ်သည်။ ဗြိတိန်ဆိုလျှင် ၎င်း၏ ဝက်မင်စတာခန်းမကိုပင် ဖွင့်ပေးခဲ့သဖြင့် သူသည် အထက်နှင့် အောက်လွှတ်တော် နှစ်ရပ်လုံးကိုပင် မိန့်ခွန်းပြောခွင့် ရခဲ့သည်။ ထိုအခွင့်အရေးမှာ နိုင်ငံအကြီးအကဲ မဟုတ်သူများ ရှားရှားပါးပါး ရသည့် အခွင့်အရေး ဖြစ်သည်။ ဆွီဒင်ပါလီမန် ကမူ သူမ ကနေဒါမှ ထွက်လာလာချင်း ကြိုဆိုမှုတွေ ရှိနေခဲ့သည်။
ကနေဒါ ပါလီမန် နှစ်ရပ်၏ ဥက္ကဋ္ဌများသာ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ခွင့်ရပြီး စုံစမ်းမေးမြန်းမှု တခုပြုလုပ်သော အခါ ကနေဒါ ပါလီမန် နိုင်ငံခြားရေးရာ ကော်မတီ အဓိက ခေါင်းဆောင်တဦးက ထိုကိစ္စသည် ကနေဒါအစိုးရ၏ အရေးကိစ္စသာ ဖြစ်သည် ဟု ဝင်ပြောသည်။ ထိုကိစ္စတွင်မူ ဝန်ကြီးချုပ်ရုံးက ဦးဆောင်နေကြောင်း ထင်ရှားသည်။
ထို့အပြင် လစ်ဘရယ်အစိုးရ၏ ကြိုဆိုမှုမှာ စိတ်အားထက်သန်မှု မရှိပေ။ တခါတရံ အမှုမဲ့ အမှတ်မဲ့ ပုံပင်ပေါက်နေသည်။ ယခင် ကွန်ဆာဗေးတစ် အစိုးရသည် မအောင်မြင်သော်လည်း သူ့ကို ကနေဒါသို့ ခေါ်ရန် ကြီးမားစွာ အားထုတ်ခဲ့သည်။ လက်တွေ့တွင် ယခင်အစိုးရသည် ၎င်းအာဏာ ရှိစဉ်က မြန်မာ တက်ကြွလှုပ်ရှားသူ အသိုင်းအဝန်း၏ တောင်းဆိုမှုများ၊ ချဉ်းကပ်ပုံများကို ပိုမို ကြိုတင်ပြင်ဆင်မှုများဖြင့် လက်ခံခဲ့သည်။
လတ်တလော ကနေဒါရှိ မြန်မာအသိုင်းအဝန်း အတွက် အဓိက အရေးကြီးသော ပြဿနာမှာ ကိုသန်းစိုး ခေါ် ကိုရဲရင့်ကို ပြည်နှင်သော အမိန့်ဖြစ်နေသည်။ သူသည် ၁၉၈၀ ခုနှစ်များက ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံရခြင်းကို ကမ္ဘာက အာရုံစိုက်မိစေရန် အသက်စွန့်ပြီး ထိုင်းသို့ ဦးတည်သော မြန်မာလေယာဉ်ကို လမ်းကြောင်း ပြောင်းအောင် လုပ်ခဲ့သည်။ သူသည် သူ့လုပ်ရပ် အတွက် ထောင်ချခံခဲ့ရ သော်လည်း သူ့ကို သူရဲကောင်းဟု ထိုစဉ်က ကြိုဆိုခဲ့ကြသည်။ သူပြန်လည် လွတ်မြောက်သော အခါ အမေရိကန်ုပြည်ထောင်စုတွင် ပညာဆည်းပူးရန် ရည်ရွယ်ခဲ့သည်။ သို့သော် ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တိုက်ခိုက်ခံရမှု အပြီးတွင် ကမ္ဘာ့နိုင်ငံရေး ရာသီဥတု ပြောင်းလဲသွားပြီး ၂၀၀၆ တွင် သူသည် ကနေဒါတွင် နိုင်ငံရေး ခိုလှုံခွင့်တောင်းသည်။ သို့သော် ယခင် စီရင်ချက်ကြောင့် ငြင်းပယ်ခံရသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ ခရီးစဉ် အားကိုးဖြင့် ကနေဒါနယ်ခြားစောင့် အေဂျင်စီ (CBSA) သည် ခိုလှုံခွင့်တောင်းသူ ရဲရင့်အား မြန်မာသို့ ပြန်ပို့ရန် စိတ်အေးလက်အေး လုပ်နိုင်သည်ဟု ယူဆပြီး ပြည်နှင်အမိန့်ကို ဇွန်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ ဖြစ်နေသည်။
ကနေဒါ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးသည် ဝန်ကြီးအာဏာဖြင့် ကနေဒါနယ်စပ် လုံခြုံရေးဌာန၏ အမိန့်ကို ပယ်ဖျက်ခြင်း ရှိ/မရှိ စောင့်ကြည့်ရသည်မှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ယခင်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဂျေဆင်ကန်နီ သည် အလားတူကံကြမ္မာမျိုးမှ မြန်မာ ၂ ဦးကို ကယ်ရန် သူ၏ လုပ်ပိုင်ခွင့်ကို သုံးခဲ့သည်။ လစ်ဘရယ်အစိုးရက ကြားဝင်ရန် မြန်မာ အသိုင်းအဝန်းက တောင်းဆိုသော မေတ္တရပ်ခံစာကို ဖြန့်ချိခဲ့သည်။
သို့သော် အချိန်အခါ အရ ကံမကောင်း အကြောင်း မလှခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည် ၏ ခရီးစဉ်သည် ပျော်ရွှင်စရာ နိဂုံး မဟုတ်ခဲ့ပေ။ ပြုံးပျော်နေသော ဓာတ်ပုံများကို ရိုက်ခဲ့ကြသော်လည်း ထိုပြုံးပျော်မှုက တခဏအတွင်းသာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ၏ ကနေဒါ ခရီးစဉ်အတွင်း ဖြစ်နိုင် ရနိုင်သည့် အခွင့်အလမ်း ဆုံးရှုံးမှုများကို ကျနော်တို့ ပေါ့ပေါ့တန်တန် သဘောထားပါက ရဲရင့်၏ ဖြစ်ရပ်ကဲ့သို့ပင် ကျနော်တို့သည် မဆုံးနိုင်သော ဆုံးရှုံးမှုများနှင့် တကျော့ပြန် သံသရာလည် ရတော့မည် ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ထားသည့် ဆောင်းပါးရှင် တင်မောင်ထူး၏ Daw Aung San Suu Kyi’s Lackluster Visit to Canada ကို ဘာသာပြန်သည်။ ၎င်းသည် မြန်မာ-ကနေဒါ မိတ်ဆွေများ အဖွဲ့၏ ဒါရိုက်တာ အဖွဲ့ဝင် တဦး ဖြစ်ပြီး အုပ်ချုပ်မှု ဒါရိုက်တာ အဖြစ်လည်း ၂၀၀၅ မှ ၂၀၁၃ အထိ ထမ်းဆောင်ခဲ့သည်။)