ကျမရဲ့ သူငယ်ချင်းလည်းဖြစ်၊ လုပ်ဖော်ကိုင်ဖက်ဟောင်းလည်း ဖြစ်တဲ့ ကိုလဝီဝမ် အဖမ်းခံရတဲ့ ဖြစ်ရပ်ဟာ ကျမ အပေါ် ရုပ်ပိုင်းဆိုင်ရာ အရရော စိတ်ပိုင်းဆိုင်ရာအရပါ နက်နက်ရှိုင်းရှိုင်း လာထိခိုက် ခံစားခဲ့ပါတယ်။ ကျမရဲ့ ကိုယ်ထဲမှာ မြုပ်ကွယ်နေတာ ကြာပြီဖြစ်တဲ့ အကြောက်တရားကို ဒီအဖြစ်က တကျော့ပြန် နိုးထလာစေခဲ့ သလို ကိုယ်ရဲ့ ဖြစ်တည်မှုနဲ့ ကိုယ့်ရဲ့ ယုံကြည်ချက် အတွက် မတရားသဖြင့် အရေးယူ အပြစ်ပေးခံရမှာကို ကြောက်တဲ့ စိတ်တွေနဲ့ ဖိနှိပ်တတ်တဲ့ အစိုးရ အဆက်ဆက် လက်အောက်မှာ နေထိုင်ကြီးပြင်းရင်း ရုန်းကန်ခဲ့ရတဲ့ မြန်မာပြည်သူ အများအပြားလည်း ဒီလိုပဲ ဖြစ်မယ်လို့လည်း ထင်ပါတယ်။
ကိုလဝီ အဖမ်းခံရတဲ့ အဖြစ်ကြောင့် ကျမကို တခု တွေးမိစေပါတယ်။ အဲဒါကတော့ ကျမတို့ကြားထဲမှာ သိပ်ကို အမှုမဲ့အမှတ်မဲ့ ထားခဲ့တဲ့ ပြဿနာရဲ့ ရင်းမြစ်တွေထဲက တခုဖြစ်တဲ့ ကိုလိုနီအတိတ်ဆိုး ပါပဲ။
ကိုလဝီဝမ် (ခေါ်) ကိုသိန်းဇော်၊ ကိုအေးနိုင်နဲ့ ကိုပြည့်ဘုန်းနိုင် တို့ကို ဖမ်းဆီးရာမှာ ၁၉၀၈ ခုနှစ် မတရားအသင်း အက်ဥပဒေကို အသုံးပြုခဲ့တာ ဖြစ်ပြီး ဒါဟာ ဗြိတိသျှကိုလိုနီ အစိုးရက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေလည်း ဖြစ်ပါတယ်။ ဗြိတိသျှ ကိုလိုနီအစိုးရ ဟာ မြန်မာပြည်သူတွေနဲ့ တကွ တခြားသော ကိုလိုနီနယ်တွေကို ဖိနှိပ်အုပ်ချုပ်ဖို့ အတွက် ဒီ အက်ဥပဒေကို စဉ်းစားရေးဆွဲ ခဲ့တာ ဖြစ်ပါတယ်။
ဗြိတိသျှကိုလိုနီ အုပ်ချုပ်ရေးစနစ် အောင်မြင်ခဲ့တာဟာ ကိုလိုနီပြုကျင့်ခံ လူမျိုးတွေကို ထိန်းချုပ်ဖို့၊ သူတို့ နေစေချင်သလို လိုက်နေစေဖို့၊ ကိုလိုနီ အုပ်ချုပ်ရေး ယန္တရားသစ်တွေကို ကျိုးနွံစေဖို့ရာ အတွက် ဥပဒေတွေ၊ တရားရုံးတွေ၊ ရဲ၊ အကျဉ်းထောင်၊ အစိုးရ၊ စာသင်ကျောင်းနဲ့ စီးပွားရေး စတာတွေကို အသုံးချနိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။
“လွတ်လပ်ရေး” ရပြီး နှစ်ပေါင်း ၆၀ ကြာတဲ့ အခါမှာတောင် နိုင်ငံတော်ဟာ ကိုလိုနီခေတ်က ဥပဒေတွေနဲ့ ကျင့်ကြံပုံတွေ အပေါ်မှာ ဆက်လက်မှီခိုနေဆဲ ဖြစ်ပြီး ကျမတို့ဟာ ကိုလိုနီ အတွေးအခေါ်တွေကို ကိုယ့်ကိုယ်ပိုင်တွေ အဖြစ်နဲ့ ဆက်လက် ကျင့်သုံးရင်း ဆင့်ပွား မွေးမြူနေဆဲ ဖြစ်ပါတယ်။
တချိန်က ဗြိတိသျှတွေကို သစ္စာခံခဲ့တဲ့ အတွက် ကရင်လူမျိုးတွေကို ‘ကျွန်စိတ် မပျောက်တဲ့လူမျိုး’ ရယ်လို့ ပြောဆိုသုံးနှုန်း နေကြချိန်မှာ ကျန်တဲ့ လူတွေကတော့ ဒီစိတ်တွေ ကွာကျ သွားပြီးသား လူမျိုးတွေရယ်လို့ ခံယူနေကြဆဲ ကာလထဲမှာ ခုလို အဖြစ်အပျက်မျိုး ပေါ်ပေါက်လာတာက တော်တော်ကို ကမောက်ကမ နိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကိုလိုနီခေတ်က ဥပဒေတွေ၊ ဖိနှိပ်အုပ်ချုပ်မှု အလေ့အထတွေကို ဆက်လက် ကျင့်သုံးနေသရွေ့ ကျမတို့အားလုံးဟာ ‘ကျွန်စိတ်မပျောက်၊ ကျွန်စော်နံ’ နေဆဲပဲလို့ ဆိုရမှာ ဖြစ်လို့ပါ။
ဗြိတိသျှကိုလိုနီ စနစ်အောက်က မြန်မာနိုင်ငံ လွတ်မြောက်ခဲ့တဲ့ အပေါ် နိုင်ငံတော်အဆင့် တခမ်းတနား အောင်ပွဲခံ ကျင်းပကြပေမယ့်လည်း တချိန်တည်းမှာ နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေဟာ ကိုယ့်ပြည်သူတွေ ကို ဖိနှိပ်ပြီး ထိန်းချုပ်ထားဖို့ရာ အတွက် ကိုလိုနီခေတ်ရဲ့လက်ကျန် အမွေဆိုးတွေကို ဆက်လက် အသုံးပြုနေ ကြပါတယ်။ ဒါဆိုရင် ကျမတို့ဟာ လွတ်လပ်ပါပြီလို့ တကယ်ပဲ ဆိုနိုင်ပါရဲ့လား။
ကိုလိုနီနယ်ချဲ့စနစ်ကို ခုခံတွန်းလှန်ခဲ့တာ ဟိုးပဝေသဏီ ကတည်းကပါ။ ဒီလို ခုခံတွန်းလှန်ရာမှာ စုစုစည်းစည်း ဆောင်ရွက်ခဲ့ကြတယ်၊ သပိတ်တွေ၊ မကောင်းပြောတာတွေ၊ ဘာသာရေး လှုပ်ရှားမှုတွေ၊ ထုံးတမ်းကျင့်စဉ်တွေ၊ သီချင်း၊ စာပေ၊ လက်နက်ကိုင် တော်လှန်မှုနဲ့ ဆူပူအုံကြွမှုတွေကို အသုံးပြုခဲ့ကြပါတယ်။ ကိုလိုနီစနစ်ကို ဆန့်ကျင် ကြသူတွေ အတွက် ကတော့ လွတ်မြောက်ခြင်း ဆိုတာဟာ အဓိပ္ပာယ် အမျိုးမျိုးနဲ့ပါ။ အဲဒီ အဓိပ္ပာယ်ထဲမှာ လူမှုရေးအရ၊ နိုင်ငံရေးအရ လွတ်လပ်မှု ရှိတာ၊ ယဉ်ကျေးမှုကို ပိုမိုတိုးပွားစည်ပင်အောင် လုပ်တာတွေ ပါဝင်တယ် လို့ ဆိုနိုင်ပါတယ်။
ကိုလိုနီခေတ် နိုင်ငံတော်ဟာ သူတို့ကို အာခံပုန်ကန်မှုတွေကို ဖိနှိပ်ဖို့ အတွက် နည်းလမ်း အမျိုးမျိုးကို အသုံးချခဲ့ပါတယ်။ အလားတူပါပဲ ကိုလိုနီခေတ်အလွန် လွတ်လပ်သော မြန်မာနိုင်ငံတော်ရဲ့ နိုင်ငံတော် ယန္တရားတွေကလည်း ဒီနည်းလမ်း တွေကိုပဲ သုံးပြီး ကိုလဝီ၊ ကိုအေးနိုင်၊ ကိုပြည့်ဘုန်းနိုင် အပါအဝင် ပိုမို ကောင်းမွန်တဲ့ လူ့ဘောင်ကို ဖန်တီးဖို့ ကြိုးပမ်းနေ ကြတဲ့ လူအများအပြားကို ဖိနှိပ်နေကြဆဲ ဖြစ်ပါတယ်။
တိုင်းပြည် အတွင်းမှာ မတူကွဲပြားတဲ့ အမြင်တွေကို အသိအမှတ် ပြုပေးနိုင်တဲ့ လွတ်လပ်တဲ့ လူ့ဘောင်တခုဆီ ဦးတည်နေတဲ့ လမ်းကြောင်းကို တည်ဆောက်ရမယ့် အစား နိုင်ငံတော်ဟာ ဖိနှိပ်အုပ်ချုပ်မှု ပုံစံတွေကိုသာ ပုံစံတူ ကျင့်သုံးနေပါတယ်။ နိုင်ငံတော်ဟာ များသောအားဖြင့် နိုင်ငံတော်ရဲ့အကျိုးစီးပွား အတွက်လို့ အဖန်ဖန် အကြောင်းပြ ပေမယ့်လည်း ကျမ အတွက်တော့ သတင်းထောက်သုံးဦးကို ဖမ်းဆီးခဲ့တာဟာ နိုင်ငံတော်ရဲ့ အကျိုးစီးပွားနဲ့ လားလားမှ မဆိုင်တဲ့ အရာပါ။
ဒီနေရာမှာ ကျမက နိုင်ငံတော်ကို လူသား မဆန်တဲ့၊ အဆိုးအသွမ်း သဘောဆောင်တဲ့ အရာတခု ပုံစံမျိုး ဖော်ပြ ချင်နေတာ မဟုတ်ဘူး။ ကျမတို့ဟာ ကိုလိုနီခေတ်က အလေ့အထတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်အလေ့ အထတွေ အဖြစ် ပြန်လည် မွေးစားခဲ့ကြပြီး ပါပြီ။ နိုင်ငံတော်ရဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေဟာလည်း ကိုလိုနီအစွဲတွေ၊ စရိုက်လက္ခဏာ တွေကို ပြန်ချွတ်ချဖို့ လိုအပ်နေပါပြီ။ ကျမတို့ရဲ့ နှလုံးသားထဲမှာ ကျမတို့ အားလုံး ရှေ့ကိုပဲ ဆက်လက်ချီတက်ချင်ကြပြီး ပိုကောင်းမွန်တဲ့ လူ့ဘောင်တခုကို မျှော်လင့်ကြပါတယ်။ အဲဒီ လူ့ဘောင်ဟာ ဘယ်လိုပဲ ပုံစံပေါ်လာသည် ဖြစ်ဖြစ်ပါ။
ကိုလိုနီ အကျင့်ဆိုးတွေကို ဖျောက်ပစ်တယ် ဆိုရာမှာ ကျမတို့ရဲ့နိုင်ငံရေး အဆောက်အအုံနဲ့ တကွ လူ့ဘောင်ဟာ ဘယ်လို ပုံစံမျိုး ပေါက်သင့်တယ်၊ အဲဒီလူ့ဘောင်ရဲ့ အမြုတေသဘော တန်ဖိုးတွေ၊ ဥပဒေနဲ့ အစိုးရရဲ့ အခန်းကဏ္ဍ စတာတွေ အပေါ် နက်နက်ရှိုင်းရှိုင်း လေ့လာဆန်းစစ်သင့်ပြီး ကိုယ့်မြေကိုယ့်ရေနဲ့ မအပ်စပ်ဘဲ ဖိနှိပ်တဲ့ သဘောဆောင်တဲ့ ထောက်တိုင်တွေနဲ့ အတွေးအခေါ် တွေကို ကျင့်သုံးတဲ့ နေရာမှာ ပေါ်ပေါက်လာတဲ့ ကိုလိုနီပြုကျင့်မှုရဲ့ ကြမ်းတမ်း ရက်စက်မှု ပြဿနာကိုလည်း တပါတည်း ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ကျမတို့ ဒီနေ့ခေတ် လုပ်ဆောင်သမျှ လွတ်မြောက်ရေး နဲ့ ကိုလိုနီ ဆန့်ကျင်ရေး ဆိုတာဟာ ကိုလိုနီ အကျင့်များမှ လွတ်မြောက်ရေး ဆိုတဲ့ အနှစ်သာရ တန်ဖိုးတွေနဲ့လည်း ဖီလာ ကန့်လန့်တော့ ဖြစ်မနေသင့်ပါဘူး။
သတင်းသမား ၃ ဦး အဖမ်းခံရတဲ့ သတင်း ကြားရတော့ တခါက ထိုင်းမြန်မာနယ်စပ်မှာ ကျမ သတင်းထောက် လုပ်နေစဉ် ထိုင်းရဲတပ်ဖွဲ့ရဲ့ အဖမ်းအဆီး ခံခဲ့ရတာကို ပြန်ပြောင်း အမှတ်ရမိပါတယ်။ အဖမ်းခံရတဲ့ နောက် ကျမရဲ့ ဘေးကင်းလုံခြုံရေး နဲ့ ပတ်သက်လို့ မရေရာ မသေချာမှုဟာ ကျမရဲ့ စိတ်ထဲကို နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။
အဲဒီတုန်းက အဖြစ်အပျက်ကြောင့် ၁၀ စုနှစ် ၁ ခုကြာ ပြီးတဲ့နောက်ထိ ကျမ စိတ်မှာ ကြောက်စိတ် မပြယ်သေးပါဘူး။ ကျမ အဖမ်းခံခဲ့ရ တုန်းက နောက်ခံအခြေအနေနဲ့ ကိုလဝီတို့ အဖမ်းခံရတဲ့ အခြေအနေ အဆက်အစပ်တွေနဲ့တော့ မတူဘူးပေါ့။ ဒါပေမယ့် သူတို့လည်း စိတ်ထဲမှာ အတော်ကို စိုးရွံ့ထိတ်လန့်မယ်၊ နိုင်ငံတော်ဟာ သူတို့ကို ရုပ်ပိုင်းရော စိတ်ပိုင်းပါ ထိခိုက် နာကျင်အောင် လုပ်နေတယ် ဆိုတာတွေကတော့ ငြင်းမရတဲ့ အချက်တွေပါပဲ။
ဖမ်းဆီးခံရတဲ့ အဖြစ်အပျက်ဟာ သူတို့ရဲ့မိသားစုတွေ၊ မီဒီယာလောကက ရဲဘော်ရဲဘက်တွေနဲ့ မြန်မာ့လူ့ဘောင်တခုလုံး အထိ ရိုက်ခတ်တာ အမှန်ပါပဲ။
မတရားသင်း အက်ဥပဒေ အပါအဝင် ကျန်တဲ့ ကိုလိုနီခေတ် လက်ကျန် ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေကို အသုံးချပြီး ပြည်သူကို ထိန်းချုပ်ဖို့နဲ့ ဖိနှိပ်ဖို့ လုပ်ဆောင်နေတာကို ကြည့်ရင် ကျမတို့ဟာ ကိုလိုနီစနစ်ရဲ့ အမွေဆိုး အမွေဟောင်း တွေထဲမှာ ဆက်လက် ပိတ်မိ နေဆဲဆိုတာ ပေါ်လွင်ပါတယ်။ လွတ်လပ်ပြီး ကိုလိုနီ အမွေဆိုးတွေ ကင်းပတဲ့ မြန်မာနိုင်ငံ ဖြစ်ပေါ်လာဖို့ ကျမတို့ ဘာလုပ်ဖို့ လိုအပ်သလဲ ဆိုတာကို လှမ်းမျှော်ကြည့်နိုင်ဖို့ အခု လက်ရှိ အခြေအနေကို ကျမတို့ စိစစ်သုံးသပ်ဖို့ လိုပါတယ်။ ကိုလဝီဝမ်၊ ကိုအေးနိုင်နဲ့ ကိုပြည့်ဘုန်းနိုင်တို့ကို ဖမ်းဆီး တရားစွဲဆိုမှုမှာ တိုက်ရိုက် ပါဝင်နေသူတွေ ကိုယ်တိုင်က ကိုလိုနီလက်ကျန် အမွေစုကို ရှင်းလင်းသန့်စင်ပစ်ဖို့ အခုကိုပဲ လိုအပ်နေပါပြီ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Violet Cho ၏ Decolonize Myanmar? Start With the State ကို ဝေယံဘုန်းက ဘာသာပြန်သည်။ သူသည် ဧရာဝတီတွင် သတင်းထောက်လုပ်ခဲ့ဖူးပြီး ယခုအခါ Australian National University တွင် မနုဿဗေဒပညာရပ်ကို လေ့လာသင်ယူနေသော PhD Candidate တဦးဖြစ်သည်)