ယခုအချိန်တွင် ကျနော်တို့ သတင်းသမားများ ဘက်ပေါင်းစုံမှ အရေးယူခံနေရပြီး မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့်သည် အန္တရာယ် ကျရောက်နေပြီဖြစ်သည်။
နောက်ဆုံးအရေးယူမှုမှာ ပြီးခဲ့သည့်အပတ်က ဧရာဝတီသတင်းဌာန အကြီးတန်းသတင်းထောက် ကိုလဝီဝမ် (ကိုသိန်းဇော်)နှင့် ဒီမိုကရက်တစ် မြန်မာ့အသံသတင်းသမားများဖြစ်သော ကိုအေးနိုင်နှင့် ပြည့်ဖုန်းအောင်တို့ကို စစ်ဘက်က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
သူတို့သည် သတင်းရယူရေး ခရီးတစိတ်တပိုင်းအနေဖြင့် တအောင်းန် အမျိုးသားလွတ်မြောက်ရေးတပ် ပိုင်နက် အတွင်း သွားရောက်သောကြောင့် မတရားသင်းဥပဒေပုဒ်မ ၁၇ (၁) ကို ချိုးဖောက်သည်ဟု စစ်ဘက်က တရားစွဲဆိုခံနေရသည်။
အထက်ပါ ဖမ်းဆီးတရားစွဲဆိုခြင်းများသည် တပ်မတော်အနေဖြင့် မီဒီယာများ၏ သဘောသဘာဝနှင့် ရည်မှန်းချက်ကို မသိရှိခြင်း သို့မဟုတ် တပ်မတော်ကို ဝေဖန်မှု ဖြစ်စေနိုင်သော အကြောင်းအရာများကို လက်ရှောင်ကြရန် သတင်းသမားများကို ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်လုပ်ဆောင်မှု ဖြစ်ကြောင်း ပြသနေသည်။
ကိုလဝီဝမ်နှင့် ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းသမား ၂ ယောက်ကို စစ်ဘက်စွပ်စွဲချက်အရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ဆက်သွယ်သောကြောင့် စစ်တပ်က ဖမ်းဆီးခဲ့သည်ဆိုလျှင် နိုင်ငံတဝန်းမှ လွတ်လပ်သော မီဒီယာများအတွက် လုပ်ဆောင်နေသော သတင်းသမား ရာပေါင်းများစွာကိုလည်း ဖမ်းဆီးရမလို ဖြစ်နေပါသည်။
မြန်မာသတင်းသမားအားလုံးနီးပါးသည် မြန်မာနိုင်ငံ၏ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တင်ဆက်ဖော်ပြနေသောကြောင့် အစိုးရက တရားမဝင်ဟု ကြေညာထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်များနှင့် လုပ်ငန်းသဘောအရ အနည်းဆုံး တကြိမ်တော့ ဆက်ဆံကြရမည်မှာ သေချာသည်။
အချက်အလက်များကို စစ်ဆေးအတည်ပြုရန်၊ တိကျသော သတင်းအချက်များဖော်ပြရန်နှင့် ရှုပ်ထွေးလှသောအခြေအနေနှင့် ရည်ရွယ်ချက်များကို ဖွင့်ဆိုရှင်းလင်းရန် သတင်းသမားများသည် ဘက်အားလုံးမှ လူများကို ပြောဆိုဆက်ဆံရန် လိုကြောင်းကို စစ်ဘက်နှင့် လက်ရှိအစိုးရအဖွဲ့ အစည်းများက နားလည်ဖို့ လိုအပ်ပါသည်။
ကျနော်တို့ သတင်းထောက်များအနေဖြင့် ထိုသို့မလုပ်ပါက ပြည်သူလူထုထံ ပြည့်စုံ တိကျသော သတင်းအချက်အလက်များ ပေးပို့နိုင်မည် မဟုတ်ပါ။
ယခင်သမ္မတဟောင်း ဦးသိန်းစိန် အာဏာရပြီး သူ၏ အစိုးရအဖွဲ့သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် စေ့စပ်ညှိုနှိုင်းမှု စတင်သည့် ၂၀၁၁ ခုနှစ်မှစ၍ ကျနော်တို့ သတင်းသမားများသည်လည်း လက်နက်ကိုင် ပဋိပက္ခနှင့် ပတ်သက်သော ပြဿနာများကို ပိုမိုပွင့်လင်းစွာ သတင်းရေးသား ဖော်ပြခဲ့ကြသည်။
သတင်းထောက်များသည် ဆယ်စုနှစ် ၇ ခုကြာ ပြည်တွင်းစစ်ကို ကူညီအဆုံးသတ်ပေးရန် တာဝန်သိစိတ်ဖြင့် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။
နိုင်ငံတဝန်းရှိ သတင်းစာ၊ ဂျာနယ်အများအပြားမှ သတင်းသမားများသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ခေါင်းဆောင်များ၊ တပ်သားများ၊ တိုင်းရင်းသား အခြေပြု လူမှုအဖွဲ့အစည်းများ၊ ဒေသခံများ၊ ဒုက္ခသည်များနှင့် တွေ့ဆုံမေးမြန်းရန် တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်သည့် ဒေသများအပါအဝင် လက်နက်ကိုင် ပဋိပက္ခဒေသများသို့ သွားရောက်ခဲ့ကြသည်။
သတင်းထောက်များအနေဖြင့် ယခင်နှင့် ယခုအစိုးရများက နေပြည်တော်၊ ရန်ကုန်နှင့် အခြားနေရာများတွင် ငြိမ်းချမ်းရေး ညီလာခံများ သို့မဟုတ် ဆက်စပ်သည့် အစည်းအဝေးများ ကျင်းပတိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များနှင့် အကြိမ်ကြိမ် တွေ့ဆုံမေးမြန်း စကားပြောခဲ့ကြသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များသည် ယခင်သမ္မတဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရနှင့် ယခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရကပါ ကျင်းပသည့် ဆွေးနွေးပွဲများတက်ရန် ၎င်းတို့၏ ဌာနချုပ်များမှ နေပြည်တော် သို့မဟုတ် ရန်ကုန်သို့ လာရောက်လေ့ကြသည်။
၎င်းတို့အနက် အထူးခြားဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် ကျင်းပသည့် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံခေါ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဖြစ်သည်။ ထိုညီလာခံကို တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင် အများအပြား တက်ရောက်ခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် စစ်ဘက်အကြီးအကဲတို့နှင့်အတူ မိန့်ခွန်းများ ခြွေခဲ့ကြသည်။
ထို့ကြောင့် သတင်းထောက်များအား တပ်မတော်မှ ယခုနောက်ဆုံး ဖမ်းဆီးမှုသည် ဒီမိုကရေစီ၏မဏ္ဍိုင်ဟု ကျနော်တို့ ယုံကြည်သော သတင်းလွတ်လပ်ခွင့်ကို ထိခိုက်စေသည်။
ထိုကဲ့သို့သော ဖမ်းဆီးမှုများသည် ၂၀၁၂ ခုနှစ်တွင် သမ္မတဟောင်း ဦး သိန်းစိန်က စာပေစိစစ်ရေးကို ရုတ်သိမ်းပြီးနောက်ပိုင်း ပိုမိုရရှိလာသော သတင်းလွတ်လပ်ခွင့်ကို ကန့်သတ်လိုက်ခြင်းပင် ဖြစ်သည်။
မြန်မာနိုင်ငံသည် ယခင် စစ်အစိုးရများအောက်တွင်ကဲ့သို့ စာနယ်ဇင်းသမားများအတွက် အန္တရာယ်ရှိသည့်နေရာ မဟုတ်တော့ကြောင်း နိုင်ငံတကာ ဧည့်သည်များနှင့် သတင်းသမားများကို ကျနော် ထုတ်ဖော် ပြောကြားလေ့ ရှိပါသည်။ သို့သော် အခြေအနေမှာ နောက်ပြန်လှည့်နေပုံရသည်။
ကိုလဝီဝမ်နှင့် ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းသမားနှစ်ဦးကို ဖမ်းဆီးခြင်းအတွက် စစ်ဘက်တွင် အဓိက တာဝန်ရှိသည်ဟု ဆိုစေကာမူ အစိုးရတွင်လည်း တာဝန်မကင်းပါ။
မြန်မာ့တပ်မတော်အနေဖြင့် အထက်ပါ သတင်းသမားများကို ဖမ်းဆီးရန် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် သို့မဟုတ် သမ္မတထံမှ ခွင့်ပြုသည်ကို စောင့်ရန် မလိုကြောင်း မိမိတို့ နားလည်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့သည် နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင်များ ဖြစ်သည်။
၎င်းတို့နှစ်ဦးသည် နိုင်ငံသားများ၏ အခြေခံနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခွင့်အရေးများကို ကာကွယ်ရန်၊ အထူးသဖြင့် ထိုအခွင့်အရေးများကို သြဇာကြီးမားသည့် အဖွဲ့အစည်းဖြစ်သည့် မြန်မာ့တပ်မတော်က ချိုးဖောက်သည့်အခါ သို့မဟုတ် ကိုင်တွယ်မှု မှားယွင်းသောအခါ ကာကွယ်ရန် တာဝန်ရှိသည်ဟု ယုံကြည်သည်။
ကိုလဝီဝမ်သည် ဧရာဝတီသတင်းဌာနအတွက် အလုပ်လုပ်နေသည်မှာ၂၀၀၇ ခုနှစ်ကပင် ဖြစ်သည်။ သူသည် ကိုအေးနိုင်နှင့် ကိုပြည့်ဖုန်းအောင်တို့ကဲ့သို့ပင် သူ့တာဝန် သူထမ်းနေသော သတင်းသမား တဦးဖြစ်သည်။ ကျနော်တို့ ဧရာဝတီအနေဖြင့် ကိုလဝီဝမ် ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတနှင့် ပြန်ကြားရေးဝန်ကြီးတို့ထံ စာ ၃ စောင် ပေးပို့ခဲ့ပြီး ဖြစ်သည်။
သူနှင့် အခြား သတင်းသမားများသည် သတင်းသမားများအဖြစ် အန္တရာယ်ရှိသောဒေသများတွင် သတင်းရ ယူပြီး ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေခြင်းသာ ဖြစ်သောကြောင့် သူတို့လွတ်မြောက်ရေးအတွက် ကူညီရန် မေတ္တာရပ်ခံသည်။
ရိုးသားစွာပြောရလျှင် သမ္မတ သို့မဟုတ် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဤကိစ္စတွင် ကူညီနိုင်သည်၊ မကူညီနိုင်သည်ကို ကျနော် အတိအကျ မသိပေ။ သို့်သော် ထိုပြဿနာကို စစ်ဘက်ထိပ်တန်းအရာရှိများနှင့် သူတို့ ဆွေးနွေး၊ မေးခွန်းထုတ်နိုင်သည်ဆိုတာကတော့ သေချာပါသည်။
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ခင်ဗျား …
တပ်မတော်သည် အစိုးရကို သစ္စာခံပါသည်။ ထို့ကြောင့် အစိုးရ မေးမြန်းသည်ကို တပ်မတော်မှ ပြန်လည် အကြောင်းပြန်ရမည်ဟု နားလည်ပါသည်။
အထက်ပါ သတင်းသမား ၃ ဦးကို ဖမ်းဆီးခြင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရမှ ကတိပြုထားသည့် ဒီမိုကရေစီ စံနှုန်းများကို ထိခိုက်စေပါသည်။ ထိုသတင်းသမားများ ရင်ဆိုင်နေရသော စွဲချက်များသည် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေး အရေးပါသော သတင်းလွတ်လပ်ခွင့်ကို တိုက်ခိုက်မှုလည်း ဖြစ်ပါသည်။
နိုင်ငံခေါင်းဆောင်များအနေဖြင့် ကျနော်တို့ စာနယ်ဇင်းသမားများအပါအဝင် နိုင်ငံသားတို့၏ အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာ အခွင့်အရေးများကို ကာကွယ်ပေးရန် တာဝန်ရှိပါသည်။ ထို့ကြောင့် ကျနော်တို့ အခွင့်အရေးများ တိုက်ခိုက်ခံနေရသည့် ဘေးမှ ကာကွယ်ပေးပါရန် မေတ္တာရပ်ခံပါသည်။
(ကျော်စွာမိုးသည် ဧရာဝတီ အင်္ဂလိပ်ပိုင်း တာဝန်ခံ အယ်ဒီတာဖြစ်သည်)