မကြာသေးမီက ဧရာဝတီနှင့် ဒီဗွီဘီမှ သတင်းသမား ၃ ဦး ဖမ်းဆီးခံရသည့်ကိစ္စတွင် အဓိက ဆုံးဖြတ်ရမည့် အလှည့်ကျသည်မှာ တရားစီရင်ရေးမဏ္ဍိုင်ပင် ဖြစ်ပါသည်။
“ဘယ်အမှုကို တရားရုံးက ဘယ်လိုစီရင်ရမယ်ဆိုတာကို ပြောဖို့က ကျမတို့ တာဝန် မဟုတ်ဘူး။ ဒါဟာ တရားစီရင်ရေးမဏ္ဍိုင်က လုပ်ရမယ့်အလုပ်” ဟု သတင်းသမား ၃ ဦး အဖမ်းခံရခြင်းအတွက် ပြီးခဲ့သည့် ကြာသပတေးနေ့က သတင်းစာရှင်းလင်းပွဲတခုတွင် မေးမြန်းခံရသောအခါ ဒေါ်အောင်ဆန်းစုကြည်က အင်္ဂလိပ်ဘာသာဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။
“ဒါပေမယ့် တရားစီရင်ရေးမဏ္ဍိုင်က သူ့တို့အလုပ်ကို သူတို့ကောင်းကောင်းမလုပ်ဘူးလို့ ကျမတို့ထင်ရင် ကျမတို့က အုပ်ချုပ်ရေးမဏ္ဍိုင် အနေနဲ့ သူတို့ကို လိုအပ်သလို အရေးယူဆောင်ရွက်ဖို့ တာဝန်ရှိတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်လက်ပြောကြားခဲ့သည်။
မြန်မာ့တပ်မတော်က ဖမ်းဆီးပြီး ၁၉၀၈ ခုနှစ်တွင် ပြဌာန်းခဲ့သည့် မတရားသင်း အက်ဥပဒေအရ ဖမ်းဆီးစွပ်စွဲခံခဲ့ရသော ဧရာဝတီ သတင်းဌာန၏ အကြီးတန်းသတင်းထောက် ကိုလဝီဝမ် ခေါ် ကိုသိန်းဇော်နှင့် ဒီမိုကရက်တစ် မြန်မာ့အသံမှ သတင်းသမားများဖြစ်သော ကိုအေးနိုင်နှင့် ကိုပြည့်ဖုန်းအောင်တို့နှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က သူ၏အမြင်ကို ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ဆိုလိုသည်မှာ ဤကိစ္စတွင် တရားစီရင်ရေးမဏ္ဍိုင်သည် ဘက်မလိုက်ဘဲ လွတ်လွတ်လပ်လပ် ဆောင်ရွက်သင့်သည်ဟု အဓိပ္ပါယ် ဖွင့်ဆိုရမည်ဟု ကျနော်ယူဆပါသည်။ အမှန်တကယ်လည်း တရားစီရင်ရေးမဏ္ဍိုင်အနေဖြင့် ထိုသို့်ပင်လုပ်ဆောင်ရမည့် တာဝန်ရှိသည်။ သို့သော် မြန်မာနိုင်ငံ၏ တရားစီရင်ရေးမဏ္ဍိုင်သည် လွတ်လပ်ပါသလားဟု မေးစရာရှိသည်။
မြန်မာနိုင်ငံ ရင်ဆိုင်နေရဆဲ ပြဿနာတခုမှာ တရားရုံးများနှင့်တရားသူကြီးများသည် အတိတ်၏ အမွေဆိုးမှ ရုန်းမထွက်နိုင်သေးခြင်းပင်ဖြစ်သည်။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက နိုင်ငံ၏ တပါတီအာဏာရှင်စနစ်နှင့် စစ်အုပ်ချုပ်ရေးစနစ်တို့က တရားစီရင်ရေးမဏ္ဍိုင်ကို ထိန်းချုပ် သြဇာလွှမ်းမိုးထားခဲ့သည်မှာ ကြာပြီဖြစ်သည်။ ကျနော်တို့နိုင်ငံတွင် ၂၀၁၁ ခုနှစ်မှစတင်ကာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုှများ စတင်ခဲ့သော်လည်း တရားစီရင်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများသည် အခြားကဏ္ဍများ၏ ပြုပြင်ပြောင်းလဲမှုများထက် နောက်ကျန်နေသည်မှာ အမှန်ပင်ဖြစ်သည်။ လက်ရှိ ပြည်သူ ရွေးချယ်တင်မြှောက်ခံရသော ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရ လက်အောက်တွင်လည်းပဲ တရားစီရင်ရေးမဏ္ဍိုင်တွင် ထင်ထင်ရှားရှား ပြုပြင်ပြောင်းလဲမှုများ မတွေ့ရသေးပါ။
မြန်မာနိုင်ငံမှ တရားရုံးများသည် အာဏာပိုင်တို့ ဩဇာလွမ်းမိုးသော သို့မဟုတ် ငွေကြေးချမ်းသာသူများ ဝယ်ယူထားသည့် ဇာတ်ခုံအဆင့်ထက် မပိုခဲ့ပါ။ ၁၉၈၈ မှ ၂၀၁၁ အထိ စစ်အစိုးရခေတ်အတွင်း အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် စွဲဆိုခံရသူများကို ထောင်နှစ်ရှည်ချရန် တရားရုံးများနှင့် တရားသူကြီးများကို စစ်အာဏာပိုင်များက ညွှန်ကြားသည်။ ထိုအငြင်းပွားဖွယ်ရာ ထောင်ဒဏ်များကို မည်သည့် တရားရုံးမျှ မဟန့်တားနိုင်ခဲ့ကြဘဲ တရားသူကြီးအများစုသည် အထက်မှ သတ်မှတ်ပေးသော ပြစ်ဒဏ်ကိုသာ ဖတ်ပြကြရသည်။ ထိုသို့မဟုတ်လျှင် စစ်ခုံရုံးများက ထိုကဲ့သို့သောအမှုများကို တိုက်ရိုက်ပြစ်ဒဏ်ချမှတ်သည်။ နိုင်ငံရေးနှင့် မဆိုင်သောအမှုများတွင်မူ တရားသူကြီးကို ဝယ်နိုင်လောက်အောင် ချမ်းသာသူများ သို့မဟုတ် ထိပ်တန်းအာဏာပိုင်များနှင့် အဆက်အသွယ်ရှိသူများက နိုင်ကြလေ့ရှိသည်။
လွန်ခဲ့သောနှစ်များအတွင်း ထင်ထင်ရှားရှား မပြောင်းလဲခဲ့ပါ။ မြန်မာနိုင်ငံ၏ တရားစီရင်ရေးကဏ္ဍသည် ဒီမိုကရေစီစံချိန်စံညွန်းများနှင့်မကိုက်ညီသော စစ်ဘက်ကရေးဆွဲသည့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပေါ် အခြေခံထားပါသည်။ ၂၀၁၁ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးမှ သမ္မတ ဖြစ်လာသူ ဦးသိန်းစိန်သည် လက်ရှိ တရားရုံးချုပ် တရားသူကြီးများနှင့်အတူ စစ်ဘက်အရာရှိဟောင်းတဦးကို ပြည်ထောင်စု တရားသူကြီးချုပ်အဖြစ် ခန့်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအရ ၎င်းတို့သည် ထိုရာထူးများကို အသက် ၇၀ ပြည့်သည်အထိ တာဝန်ထမ်းဆောင်နိုင်သည်။
ထိုကဲ့သို့သော တရားစီရင်ရေးစနစ်အောက်တွင် ဧရာဝတီ သတင်းဌာနနှင့် ဒီမိုကရက်တစ် မြန်မာ့ အသံတို့မှ သတင်းသမား ၃ ဦးတို့အတွက် တရားမျှတသည့် စီရင်မှုများကို ဆောင်ကျဉ်းပေးနိုင်ပါ့မလားဟု သံသယ ဖြစ်ပါသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် ထိုအခြေအနေကို ကောင်းကောင်းသိကြောင်း ထင်ရှားသည်။ ထို့ကြောင့်ပင် သူက သတင်းစာရှင်းလင်းပွဲတွင် “ဒါပေမယ့် တရားစီရင်ရေးမဏ္ဍိုင်က သူ့တို့အလုပ်ကို သူတို့ကောင်းကောင်းမလုပ်ဘူးလို့ ကျမတို့ထင်ရင် ကျမတို့က အုပ်ချုပ်ရေးမဏ္ဍိုင် အနေနဲ့ သူတို့ကို လိုအပ်သလို အရေးယူဆောင်ရွက်ဖို့ တာဝန်ရှိတယ်။ ဒါကြောင့် ဒီကိစ္စကို သတင်းသမားတွေနဲ့ တပ်မတော် ကြားက အပြန်အလှန်ကိစ္စလို့ ကျဉ်းမြောင်းစွာ မမြင်သင့်ဘဲ ယေဘုယျအားဖြင့် လက်ရှိဥပဒေတွေဟာ ကျမတို့ရဲ့ ဆန္ဒဖြစ်တဲ့ တရားမျှတမှုတို့၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတို့နဲ့ ကိုက်ညီလား၊ မကိုက်ညီဘူးလားဆိုတာကို စဉ်းစားသင့်တယ်” ဟု ပြောခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ပြောဆိုသည်မှာ တရားရုံးများ၊ တရားသူကြီးများ အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းတွင် အဖမ်းခံရသော သတင်းသမား ၃ ဦးနှင့် The Voice နေ့စဉ်သတင်းစာအယ်ဒီတာ ဦးကျော်မင်းဆွေတို့ အဖမ်းဆီးခံရသောအမှုများကို ကိုင်တွယ်သည့် တရားသူကြီးများနှင့် တရားရုံးများကို တိုက်ရိုက်ရည်ညွန်း ပြောဆိုပုံရပါသည်။ တပ်မတော်က တရားစွဲလိုသူများကို တရားမစွဲပါနှင့်ဟု သူနှင့် သူ၏ အစိုးရက ပြောခွင့်မရှိသည်မှာ သိသာပါသည်။ သို့သော် တရားသူကြီးများသည် ဒေါ်အောင်ဆန်းစုကြည်ပြောသလို လွတ်လွတ်လပ်လပ် စီရင်နိုင်မည်ဆိုလျှင် အထက်ပါ သတင်းသမား ၄ ဦးအတွက် စီရင်ချက်သည် တရားမျှတမှု ရှိမည်ဖြစ်ပါသည်။
“ဥပဒေတွေက ကျမတို့ရဲ့ တရားမျှတမှုနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆန္ဒနဲ့ မကိုက်ညီရင်တော့ ကျမတ့ိုက အဲဒီဥပဒေတွေကို လွှတ်တော်မှာ ပြင်ရမယ်။ ကျမတိုရဲ့တရားရုံးတွေဟာ ဖြောင့်မတ်တည်ကြည်မှုကို ရှာဖွေနိုင်အောင် လုပ်ရလိမ့်မယ်” ဟုလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သည်။
မိမိတို့ သတင်းသမားများအတွက် လာမည့်ရုံးချိန်းတွင် တရားရုံးများနှင့် တရားသူကြီးများသည် မည်သူ့ ဩဇာလွှမ်းမိုးမှု သို့မဟုတ် စိုးရိမ်ကြောက်ရွံ့မှုမရှိပဲ လွတ်လပ်စွာနှင့် တရားမျှတစွာ ဆောင်ရွက်ခြင်း ရှိမရှိကို ကျနော်တို့ စောင့်ကြည့်မည်ဖြစ်သည်။
ထို့ကြောင့် ယခု အဓိကကျလာသည်မှာ တရားစီရင်ရေးကဏ္ဍဖြစ်ပြီး ကျနော်တို့ သတင်းသမားများ၏ အမှုသည် မြန်မာနိုင်ငံ၏ တရားစီရင်ရေးမဏ္ဍိုင် ဘယ်လောက် တရားမျှတမှုရှိသလဲ ဆိုသည့်အပေါ် စမ်းသပ်မှုတခု ဖြစ်ပါလိမ့်မည်။
(ကျော်စွာမိုးသည် ဧရာဝတီ အင်္ဂလိပ်ပိုင်း၏ တာဝန်ခံ အယ်ဒီတာ ဖြစ်သည်)