နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် “ပညာရေး” ဟာ အထူးပဲ အရေးကြီးလှ ပါတယ်။ ပညာလူ့အဖွဲ့အစည်းဆီ ကမ္ဘာကြီးက ဦးတည်နေချိန်မှာ ကျမတို့ မြန်မာနိုင်ငံကလည်း နောက်ကျ ကျန်နေလို့ မဖြစ်ပါ။ တဖက်ကလည်း ပညာရေး ကဏ္ဍ အတွက် “အသုံးစရိတ်” တွေ တိုးမြှင့်သုံးစွဲဖို့ လိုအပ်နေသလို အားလုံးနဲ့ အကျုံးဝင်တဲ့ ပညာရေး (All Inclusive Education) ဖြစ်ဖို့လည်း လိုအပ်နေပါတယ်။
အခုချိန်ထိ အတန်းတင်စာမေးပွဲမှာ အမှတ်များများရဖို့၊ ဂုဏ်ထူးများများ ရဖို့ကိုပဲ မိဘတွေက သား သမီးတွေကို ဦးစားပေး ဆုံးမ လမ်းညွှန်နေကြဆဲ ဖြစ်သလို တတ်မြောက် အောင်မြင်ထားတဲ့ ဘွဲ့ကို ပြန်လည် အသုံးချနိုင်တာလည်း နည်းပါးနေပါ သေးတယ်။ အထက်တန်း အထိ အခမဲ့ပညာရေး ဖြစ်တာ ဝမ်းသာစရာ ကောင်းပေမယ့် မြို့ပေါ်မှာထက် ကျေးလက်ဒေသ တွေမှာ ချို့ချို့တဲ့တဲ့ ပညာသင်ယူနေရသူတွေ၊ ကျောင်းထွက်ပြီး အလုပ် လုပ်ကိုင်နေရသူတွေ အများကြီးရှိနေပါ သေးတယ်။
ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ ခုထက်ထိ ကျူရှင်စနစ်က အမြစ်တွယ်နေဆဲပါပဲ။ ၉ တန်း၊ ၁၀ တန်းတွေ အိမ်ခေါ် သင်ရင် တဘာသာကို တလ ငါးသောင်းကနေ တသိန်းကျပ် အထိပေးနေရပါတယ်။ ငွေကြေးတတ်နိုင်တဲ့ မိဘတွေ အတွက် မထောင်းတာပေမယ့် အခြေခံ လူတန်းစား ဆိုရင် ဒီပမာဏဟာ ဝန်ထုပ်ဝန်ပိုးကြီး တခုပါ။ ကျောင်းမှာပဲ ဆရာ၊ ဆရာမတွေက သင်ရိုးကုန်အောင် ဖိဖိစီးစီး သင်ပေးတာမျိုးပဲ ဖြစ်သင့်ပေမယ့် ဆရာအင်အားနဲ့ ကျောင်းသားအင်အား မမျှတတာတွေလည်း ရှိနေပြန်ပါရောပဲ။
ဥပမာအနေနဲ့ အတန်းတတန်းမှာ ဘာသာရပ်တခုကို ဆရာတယောက်တည်းက ကျောင်းသား ၇၀ ကျော်ကို သင်ပေးနေရ တာမျိုးပါ။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဆရာ/ဆရာမ လိုအပ်ချက်ရှိတဲ့ စာသင်ကျောင်းတွေ အများကြီး ရှိနေသေး တာမို့ အစိုးရက ဦးစားပေးဖြည့်ဆည်း ပေးသင့်ပါတယ်။ နောက်တခုက ဆရာ/ဆရာမတွေရဲ့ လစာကိစ္စပါ။ အထက်တန်းပြ ဆရာတယောက်ရဲ့ လစာဝင်ငွေက တလမှာ တသိန်းရှစ်သောင်းကျော်လေးသာ ရှိလို့ လောက်ငဖို့ အတွက်တောင် ရုန်းကန်ရမယ့် အနေအထား ဖြစ်နေပါတယ်။
ကျမတို့ အထက်တန်းကျောင်းတက်ခဲ့စဉ်က အဋ္ဌမတန်းထိ ဘာကျူရှင်မှ တက်စရာ မလိုခဲ့ပါဘူး။ မိဘတွေဘက်ကလည်း သား သမီးတွေကို အမှတ်ကောင်းဖို့ တခုတည်းအတွက်နဲ့ ဇွတ်ပုံသွင်းယူတာ မရှိခဲ့ပါဘူး။ ပြိုင်ဆိုင်မှုများတဲ့ အခုအချိန်မှာ သား သမီးတွေကို နေ့ရော၊ ညပါ မနားမနေ ကျောင်းနဲ့ ကျူရှင်ထားတာ၊ ဂိုက်နဲ့ စာကျက်ခိုင်းတာ၊ တချို့မိဘတွေက အောင်ချက် ကောင်းတဲ့ ဘော်ဒါဆောင်ကို ပို့တာတွေ ရှိလာပါတယ်။ အနားယူချိန်၊ အပန်းဖြေချိန် မရှိနိုင်တော့အောင် ဖြစ်နေတဲ့ ကလေးတွေဟာ စက်ရုပ်နဲ့ပိုတူလာပြီး ကျောင်းစာကလွဲလို့ အပြင်စာတွေ မဖတ်နိုင်တာ၊ အပြင်ဗဟုသုတ မရှိတော့တာတွေ ဖြစ်လာပါတော့တယ်။
စာမေးပွဲအောင်တာ တခုတည်းနဲ့ ဘဝကို တည်ဆောက်မရမှန်း ရှင်းမပြဘဲ၊ စိတ်ဓာတ်ခွန်အား မပေးဘဲ စာမေးပွဲ တခါကျရုံနဲ့ တသက်လုံး သုံးစားမရတော့ မလို ပြောနေတဲ့ မိဘတွေလည်း ရှိပါတယ်။ စိတ်မကောင်းစရာ အဖြစ်အပျက် တခုက အထက်တန်းစာမေးပွဲကျရှုံးတဲ့ အတွက် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်က ၁၇ နှစ် အရွယ် မိန်းကလေး တယောက်ဟာ အောင်စာရင်းထွက်တဲ့ နေ့မှာပဲ ကိုယ့်ကိုယ်ကို ကြိုးဆွဲချ သတ်သေခဲ့တာ ပါပဲ။ အထက်တန်းမှာ ဂုဏ်ထူးတွေ အများကြီးနဲ့ အောင်မြင်တာဟာ ဝမ်းမြောက်စရာကောင်းပေမယ့် ဒီထက်အရေးကြီးတာက “ပညာ” နဲ့ ဘဝမှာ အသက်မွေးဝမ်းကျောင်း ပြုနိုင်ဖို့ပါ။
မြန်မာနိုင်ငံရဲ့ လက်ရှိပညာရေး ကဏ္ဍဟာ အသုံးစရိတ်တွေ ပိုမို သုံးစွဲလာတာကို တွေ့နေရပေမယ့် အားရစရာ မကောင်း သေးပါဘူး။ ရရှိထားတဲ့ ဘွဲ့နဲ့ အသက်မွေးဝမ်းကျောင်း တထပ်တည်းကျတဲ့သူ အရေအတွက် နည်းပါးနေသေးတာ အထင်အရှား ပါ။ ဘွဲ့ရပြီးမှ အငှားကား မောင်းနေရတာ၊ မုန့်ဟင်းခါး ရောင်းနေရတာ၊ အရောင်းစာရေး ဝင်လုပ်နေရတာ တွေ မဖြစ်သင့်ပါဘူ။ “အရည်အချင်း” ပြည့်ဝသူတွေကို ပညာရေးက မွေးထုတ်ပေးရမယ့် အစား “အရေအတွက်” များများစားစားပဲ မွေးထုတ်နေရင် အလွဲကြီး လွဲချော်နေပါပြီ။
ကျမ မိတ်ဆွေတယောက်က နဝမတန်းကလေးတွေကို အင်္ဂလိပ်စာခမဲ့ သင်ကြားပေးနေသူပါ။ ကလေးတွေဟာ အင်္ဂလိပ်စာ သဒ္ဒါမှာ အားနည်းလွန်းပြီး ကိုးတန်း ရောက်တဲ့အထိ ကြိယာ၊ နာမဝိသေသန၊ ကြိယာဝိသေသန စတာတွေကို ကွဲကွဲပြားပြားမသိ၊ ဝါကျတကြောင်းကိုတောင် စနစ်ကျအောင် အင်္ဂလိပ်လို မရေးတတ်ဘူးလို့ စိတ်ပျက်လက်ပျက် ပြောပြပါတယ်။
အင်္ဂလိပ်စာ အားနည်းနေလို့ မိခင် ဘာသာစကားဖြစ်တဲ့ မြန်မာစာမှာ ထူးချွန်သလား ဆိုတော့လည်း မဟုတ်သေးပြန်ပါဘူး။ အခြေခံက စပြီး ပိုင်ပိုင်နိုင်နိုင် သင်ကြားပေးခဲ့တာ မရှိ၊ တနှစ် တတန်း အတန်းမှန်မှန် တင်ပေးတာ တွေနဲ့ အတန်းကြီး လာတဲ့ အခါ ကျောင်းသားတွေဟာ ဘာကိုမှ သေသေချာချာ မသိဘဲ အခက်တွေ့ရတော့တာ ပါ။ အဲ့ဒီမှာပဲ နဝမတန်းမှာ စာမေးပွဲကျရတဲ့ ကျောင်းသားတွေ ရှိလာပါတယ်။
အလွတ်ကျက် အာဂုံဆောင်နိုင်ဖို့ထက် စဉ်းစား တွေးခေါ်တတ်အောင်၊ ဖြန့်ထွက် တွေးခေါ်တတ်အောင် ပညာရေးက လမ်းပြတာမျိုး ဖြစ်သင့်ပါတယ်။ “ကျနော်အဖေသည် ဦးမြ ဖြစ်သည်” လို့ ပြဋ္ဌာန်း စာအုပ်မှာ ပါရင် အဲဒီအတိုင်းဖြေတဲ့ ကျောင်းသားကိုပဲ အမှတ်ပေးတာက မဖြစ်သင့်ပါဘူး။ “ကျနော်အဖေသည် ဦးထွန်းဖြစ်သည်” “ကျနော်အဖေသည် ဦးတင့်လွင်” ဖြစ်သည် စတဲ့အဖြေတွေကိုပါ အမှတ်ပေးသင့်ပါတယ်။ ဆရာဝန်၊ အင်ဂျင်နီယာတွေချည့်သာ ပညာ မဟုတ်ကြောင်း မိဘတွေဘက်က သဘောပေါက်နားလည်ပြီး သား သမီးကို သူတို့တက်ချင်တဲ့ တက္ကသိုလ်ကို တက်ခွင့်ပေးသင့်ပါတယ်။
မသန်စွမ်းကျောင်းသား ကျောင်းသူတွေကို ခွဲခြားဆက်ဆံမှု မပြုဘဲ တန်းတူရည်တူ ပညာသင်ယူခွင့် ရှိတဲ့ အခွင့်အလမ်းကို အစိုးရအနေနဲ့ ဖန်တီးပေးရမှာပါ။ တက္ကသိုလ် တက်ရောက်ခွင့်ကို အမှတ်နဲ့ ခွဲရာမှာလည်း မိန်းကလေးရော၊ ယောက်ျား လေးပါ တပြေးညီ ဖြစ်ရမှာပါ။ တချို့ မိန်းကလေးတွေ ဆိုရင် ကိုယ်တက်ရောက်ချင်တဲ့ တက္ကသိုလ်ကို သတ်မှတ်တဲ့ အမှတ်က မြင့်နေလို့ တက်ရောက်ခွင့် မရတာမျိုး ရှိပါတယ်။ ဆေးတက္ကသိုလ် တက်ရောက်ချင် ပေမယ့် မိန်းကလေးဖြစ်လို့ အမှတ်မမီဘဲ တက်ခွင့် မရခဲ့ရင် သူ့အတွက်ရော လူ့အဖွဲ့အစည်း အတွက်ပါ ဆုံးရှုံးမှု ဖြစ်ပါတယ်။
အရွယ်မတိုင်ခင် မြန်မာနိုင်ငံမှာ ကျောင်းပညာရေးကနေ ကျောခိုင်းသွားရတဲ့ ကလေး အရေအတွက် များလာနေတယ် လို့ သိပ်မကြာခင်က ထုတ်ပြန်ခဲ့တဲ့ Save the Children ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အကြောင်းရင်းတွေကို ဆန်းစစ်ကြည့်မယ် ဆိုရင် စားဝတ်နေရေး အဆင်မပြေမှု၊ ပြည်တွင်းစစ် ဖြစ်ပွားမှုတွေကြောင့် လို့ ဆိုနိုင်ပါတယ်။ ဘယ်လောက်ပဲ အခမဲ့ပညာရေးကို ဖော်ဆောင်နေသည် ဆိုစေဦးတော့ စားဝတ်နေရေး အဆင်မပြေရင် မိဘတွေက သား သမီးကို ကျောင်းဆက် မထားတော့ဘဲ မြို့တက်ပြီး စားပွဲထိုးလုပ်ခိုင်းတာ၊ မိန်းကလေးဆိုရင် အိမ်အကူ လုပ်ခိုင်းတာတွေ ရှိလာမှာပါပဲ။
စစ်ပွဲနဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင် ကလေးငယ်တွေ အတွက် ပညာရေး ဆုံးခန်းတိုင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အကြီးမားဆုံး အခက်အခဲကြီးနဲ့ ရင်ဆိုင်နေရဆဲပါ။ အထူးသဖြင့် တကျော့ပြန် ကချင်စစ်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ ကလေးငယ်တွေ ဆက်လက် ပညာသင်ယူနိုင်အောင် ပညာရေးဝန်ကြီးဌာန အနေနဲ့ ကူညီပေးသင့်ပါတယ်။ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့ရတဲ့ ကျောင်းတွေကိုလည်း အချိန်မှ ကျောင်းပြန်ဖွင့်နိုင်ရေး ပြင်ဆင်ပေးရမှာပါ။ ဝေးလံခေါင်းဖျားတဲ့ ဒေသတွေမှာ တာဝန်ထမ်းဆောင်ရတဲ့ ကျောင်းဆရာ၊ ဆရာမတွေကိုလည်း ထောက်ပံ့ကူညီမှုတွေ အခုထက် ပိုပေးသင့်ပါတယ်။
လမ်းပန်းဆက်သွယ်ရေး မကောင်းလို့ ခက်ခက်ခဲခဲ ကျောင်းတက်နေရသူတွေ အတွက် လမ်းပန်းဆက်သွယ်ရေး ချောမွေ့ဖို့ စီစဉ်ပေးရမှာ ပါ။ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ အခြား ပြည်နယ်တွေမှာ ရေလမ်းကနေ ကျောင်းတက်ရတဲ့ ကျောင်းသားတွေ စိတ်ချလုံခြုံဖို့ အစီအမံတွေ ချမှတ်ပေး သင့်ပါတယ်။ စာသင်ကျောင်းတွေရဲ့ ကြံ့ခိုင်ရေးကိုလည်း မေ့ထားလို့မရပါဘူး။ မိုးရာသီမှာ မိုးယိုနေတဲ့ ကျောင်း မဖြစ်အောင်၊ စိတ်လက်ချမ်းမြေ့စွာ တက်ရောက်နိုင်တဲ့ ကျောင်းဖြစ်အောင် စီမံပေးရမှာပါ။
ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်တို့လို အထင်ကရတက္ကသိုလ်ကြီးတွေ ပြန်စည်ကားလာဖို့၊ တက္ကသိုလ်ရဲ့ အငွေ့အသက် ရရှိစေဖို့လည်း လုပ်ဆောင်သင့်ပါတယ်။
“ပညာ” ဟာ အကောင်းနဲ့ အဆိုး၊ အကြောင်းနဲ့ အကျိုး၊ အမှားနဲ့ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်စေတဲ့ အရာဖြစ်လို့ ပညာ သင်ယူရခြင်းရဲ့ ရည်ရွယ်ချက်ဟာ လူ့ဘဝမှာ မှန်ကန်အောင် ရပ်တည်ရှင်သန်နိုင်ဖို့ အတွက်ပဲ ဖြစ်တယ် ဆိုတာ ဆရာ ဆရာမတွေနဲ့ မိဘတွေက ကျောင်းသားတွေ သား၊ သမီးတွေကို နားလည် သဘောပေါက်အောင် ရှင်းပြသင့်ပါတယ်။
ဆင်းရဲ၊ ချမ်းသာ မခွဲခြားဘဲ အားလုံး အကျုံးဝင်တဲ့ ပညာရေး ဖြစ်လာစေဖို့ ကျောင်းနေအရွယ် ကလေးငယ်တိုင်း ကျောင်းနေနိုင်ရေး ဆောင်ရွက်ပေးမှ၊ တဖက်ကလည်း အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူပြုတဲ့ ပညာရပ်တွေ သင်ကြား ပေးမှ၊ တဖန် သင်ကြားပေးတဲ့ အရည်အချင်းပြည့် ဆရာ ဆရာမတွေကို ထိုက်သင့်တဲ့ လစာပေးမှ၊ စာသင်ကျောင်းတွေ လုံလုံလောက်လောက် ဆောက်လုပ် ပေးမှသာ “ပညာရေး မြင့်မားလာမှာ” ဖြစ်ပါတယ်။
မြန်မာ့ပညာရေးကဏ္ဍ မြင့်မားလာဖို့ ပညာရေး အသုံးစရိတ်တွေ တိုးမြှင့်သုံးစွဲဖို့နဲ့ အတူယိုယွင်းနေတဲ့ ပညာရေးကဏ္ဍကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အချိန်တန်နေပြီ ဖြစ်ပါကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်ရှင်။
(သွေး-စစ်ကိုင်း သည် ရန်ကုန်အခြေစိုက် စာရေးဆရာမ တဦး ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ သဘာ၀၀န်းကျင်ဆိုင်ရာ ဆောင်းပါးများနှင့် အခြားစာပေများ ရေးသားလျက်ရှိသည်။)