ပွဲဖျက်ချိန် မတန်သေး

ကျော်ဖြိုးသာ
တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

တပ်မတော်အကြီးအကဲရာထူး နှင့်ပတ်သက်သော ပြောကြားမှုအတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အစိုးရက မည်သို့အရေးယူမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါ။ ထိုဖြစ်ရပ်သည် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တပ်မတော်နှင့်ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်နေသော ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရအတွက် မျက်နှာပူစရာဖြစ်သည်မှာ သေချာသည်။

ထို့ကြောင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ပြောဆိုမှုမှာ အစိုးရ၏ ရပ်တည်ချက်သဘောထား မဟုတ်ဘဲ အစိုးရနှင့် တပ်မတော်ကြား အထင်အမြင်လွဲမှားမှု ဖြစ်ပေါ်စေခဲ့ကြောင်း သမ္မတရုံးက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) သို့ အကြောင်းပြန်ကြားလိုက်ကြောင်း သိရသည်။ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက “ ဒီလိုမျိုး ပြောကြားချက်တွေက နိုင်ငံတော် အစိုးရနဲ့ တပ်မတော်ကြားမှာ အထင်အမြင် လွဲမှားမှုတွေ ဖြစ်ပေါ်စေခဲ့တယ်။ နောက်ဆုံးတော့ သက်ဆိုင်ရာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်အနေနဲ့ တာဝန်ရှိတဲ့အလျောက် သူဆောင်ရွက်ရမယ့်ဟာတွေကို ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။ မီဒီယာကိုတော့ လောလောဆယ် ဒီလောက်ပဲ ပြောနိုင်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီမိုကရေစီခေတ်တွင် စစ်ဘက် အရပ်ဘက် ဆက်ဆံရေးမရှိကြောင်း၊ တပ်မတော်အကြီးအကဲ၏ အဆင့်သည် နိုင်ငံတော်အင်္ဂါစဉ်အရကြည့်လျှင် ညွှန်ကြားရေးမှူးချုပ် အဆင့်သာရှိကြောင်း ပြောဆိုမှုများအတွက် လိုအပ်သော အရေးယူမှုများပြုုလုပ်ပေးရန် မြန်မာ့တပ်မတော်က အစိုးရကို တိုင်ကြားခဲ့သည်။

တနင်္ဂနွေနေ့က ရန်ကုန်တွင် ကျင်းပသည့် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်ထူထောင်ရေး အလုပ်ရုံဆွေးနွေးပွဲအတွင်း မိန့်ခွန်းတွင် ဦးဖြိုးမင်းသိန်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ တပ်မတော်ကို အရပ်သားအစိုးရအောက်တွင် ထားသင့်သည်ကို ရှင်းလင်းပြောကြားရင်း ထိုမှတ်ချက်များကို ပြောခဲ့ခြင်းလည်းဖြစ်သည်။ “ဒါပေမယ့် ဆက်ဆံရာမှာတော့ နိုင်ငံ့အကြီးအကဲ level လို ဆက်ဆံနေရတယ်။ ဒါဟာ ဒီမိုကရေစီ မဟုတ်ဘူး” ဟု တပ်ချုပ်ကို ရည်ညွှန်းပြောဆိုခဲ့သည်။

ထို့သို့ပြောဆိုခြင်းအပေါ် တပ်မတော်က အရေးယူရန် တိုင်ကြားလာခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံပြင်ရန်မျှော်လင့်ချက်ဖြင့် တပ်မတော်နှင့် ယုံကြည်မှုတည်ဆောက်နေချိန်တွင် တပ်မတော်နှင့် အစိုးရတို့ကြား ဆက်ဆံရေး ကသိကအောက်ဖြစ်သွားရသည်။ ရန်ကုန်ဝန်ကြီးချုပ်၏ပြောဆိုချက်သည် နိုင်ငံ၏ အရေးပါသော လုံခြုံရေးဝန်ကြီးဌာန ၃ ခုနှင့် လွှတ်တော်နေရာများ၏ ၂၅ ရာခိုင်နှုန်းကို ဖွဲ့စည်းပုံအရ ထိန်းချုပ်ခွင့်ရသော တပ်မတော်ကို ဒေါသထွက်စေခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရ၏ တရားဝင် နိုင်ငံတော်၏ အင်္ဂါစဉ်အရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်ခေါင်းဆောင်များအနက် ပြည်ထောင်စုတရားသူကြီးချုပ်၏နောက် အဆင့် ၈ နေရာတွင်ရှိသည်။ ထိုအဆင့်သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယခင်အစိုးရ ခေတ်ကတည်းက ရရှိထားသော အဆင့်လည်းဖြစ်သည်။ ထိုစဉ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးမရှိသေးသောကြောင့် သူသည် အဆင့် ၇ ဖြစ်သည်။ ဦးဖြိုးမင်းသိန်းက သူ၏ရာထူးကို အောက်ဆုံးအဆင့် အဆင့် ၃၈ ရှိ ညွှန်ကြားရေးမှူးချုပ် သို့မဟုတ် ကာကွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးအဆင့်နှင့် နှိုင်းသဖြင့် ဗိုလ်ချုပ်မှူးကြီးသည် စော်ကားခံရသလို ခံစားရနိုင်သည်။

တပ်မတော်အကြီးအကဲသည် အဆင့် ၈ တွင်ရှိနေသော်လည်း ဦးဖြိုးမင်းသိန်း၏ စကားတွင် အမှန်တရားအချို့ပါဝင်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံထိပ်တန်းခေါင်းဆောင်တဦးလို ဆက်ဆံရသည်ဟူသော စကားဖြစ်သည်။ လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်မတော်နှင့် လုံခြုံရေးကိစ္စများတွင် အာဏာအရှိဆုံးသူဖြစ်ပြီး၊ အရပ်ဖက်ဆိုင်ရာ ကိစ္စများတွင်သာ ရွေးကောက်ခံ NLD အစိုးရ၏ သမ္မတဦးထင်ကျော်က အဆုံးအဖြတ်ပေးသည်။ ထိုအချက်သည် အခြား ဒီမိုကရေစီတိုင်းပြည်များနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ဥပမာဆိုရပါက အမေရိကန်ပြည်ထောင်စုတွင် အရပ်သားရွေးကောက်ခံသမ္မတသည် စစ်ဘက်အကြီးအကဲအဖြစ်လည်း ဆောင်ရွက်သည်။

မြန်မာနိုင်ငံတွင် အစိုးရ အဖွဲ့မှ မည်သူမျှ စစ်ဘက်အကြီးအကဲကို တိုက်ရိုက်ခန့်အပ်နိုင်ခြင်းမရှိပေ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တဦးတည်းကသာလျှင် သူ့ကို ဆက်ခံမည့်သူကို ရွေးနိုင်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယခင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ခန့်အပ်ခဲ့သည်။ သမ္မတသည် တပ်မတော် အကြီးအကဲကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံတင်ပြအမည်စာရင်းတင်သွင်းသူကို ခန့်အပ်ရမည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဌာန်းထားသည်။ သို့သော်ထိုကောင်စီ၏ အဖွဲ့ဝင် ၁၁ ဦးတွင် တပ်မတော်ကာကွယ်ရေးဦးစိးချုပ်အပါအဝင် ၆ ဦးသည် စစ်ဘက်မှဖြစ်ပြီး သူကပင် အခြားသူများကို ခန့်အပ်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဒုတိယသမ္မတ တဦး၊ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများကို ခန့်အပ်နိုင်သည်။

ဦးဖြိုးမင်းသိန်း ပြောဆို ထောက်ပြသော အချက်ကို ဖြေရှင်းရန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးနှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရည်မှန်းချက်တခုဖြစ်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး နည်းလမ်းဖြင့်သာ ဖြေရှင်းနိုင်ဖွယ်ရှိသည်။ သို့သော် ထိုရည်မှန်းချက်နှစ်ခု အထမြောက်ရန် ကြာဦးမည်ဖြစ်သည်။ ၎င်းတို့ကို အောင်မြင်စေရန် စစ်ဘက်၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါလှသောကြောင့် တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဆက်ဆံရေးသည်ကို ဒေါ်အောင်ဆန်းစုကြည်က နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရသည်။ ပြည်သူများ မလိုလားဆုံးအရာမှာ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံအတွက်အားထုတ်မှုများတွင် (တစုံတဦးကြောင့်) နောက်ထပ် အခက်အခဲများ မဖြစ်စေရေးပင်ဖြစ်သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ ပြောဆိုမှုကြောင့် ဖြစ်ပေါ်လာသော ပြဿနာက မြန်မာနိုင်ငံတွင် စစ်ဘက် အရပ်ဘက်ဆက်ဆံရေးသည် ထိလွယ်ခိုက်လွယ် အနေအထားတွင်သာ ရှိနေသေးကြောင်းနှင့် သတိလက်လွတ်ပြောဆိုမှုများသည် အခြေအနေတခုလုံးကို လှုပ်ရှားသက်ရောက်သွားစေနိုင်ကြောင်း လက်ရှိနောက်ဆုံးသတိပေးချက် ဖြစ်ပါသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ကျော်ဖြိုးသာ၏ Not the Time to Rock the Boat ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading