ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ၂ဝ၁၇ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှာ အစိုးရ သတင်းစာတွေက တဆင့် အများပြည်သူ သိရှိ လေ့လာနိုင်စေရန် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ဥပဒေမူကြမ်း ထဲမှာ အဓိကပြင်ထားတာ ၄ ချက်ရှိပါတယ်။
ပထမ အချက်က လက်ရှိပုဒ်မ ၆၆ (ဃ) ထဲက မလျော်သြဇာ သုံးခြင်း၊ အနိုင်ထက်ပြုခြင်း နဲ့ မတရားတားဆီး ကန့်ကွက် ခြင်း ဆိုတာတွေ ဖြုတ်ခဲ့ပြီး “ဆက်သွယ်ရေးကွန်ရက် တခုခုခုကိုအသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့် တောင်းယူ ခြင်း (သို့မဟုတ်) အသရေဖျက်ခြင်း (သို့မဟုတ်) နှောက်ယှက်ခြင်း (သို့မဟုတ်) ခြိမ်းခြောက်ခြင်း” လို့ ပြင်ဆင်ထားပါတယ်။
ဒုတိယ အချက်က ပုဒ်မ ၆၆ (ဂ)၊ (ဃ)၊ ပုဒ်မ ၆၈ (က) တို့နဲ့ တရားစွဲဆိုရာမှာ ဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ ကြိုတင်ခွင့်ပြုချက် ယူစရာ မလိုအောင် ပြင်ဆင်ထားတာ ဖြစ်ပါတယ်။
တတိယ အချက်က ပုဒ်မ ၆၅ ၊ ပုဒ်မ ၆၆ (က)၊ (ခ) နဲ့ (ဃ) တို့ပါ ပြစ်မှုတွေကို အာမခံ ပေးနိုင်တဲ့ ပြစ်မှုများ အဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်ပါတယ်။
နောက်ဆုံးအချက်က အသရေဖျက်မှုနဲ့ တရားစွဲချင်ရင် သက်ဆိုင်ရာ နစ်နာသူကိုယ်တိုင် ဖြစ်စေ၊ ထိုသူရဲ့ ကိုယ်စား လွှဲအပ်ခြင်း ခံရသူက ဖြစ်စေ တိုင်တန်းချက် အရ မဟုတ်ရင် အရေးယူ ဆောင်ရွက်ခြင်း မပြုလုပ်ရ ဆိုပြီး ပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။
ဒီ ဥပဒေကြမ်းမှာ အာမခံ ပေးနိုင်တယ် လို့ ထပ်တိုးပြဋ္ဌာန်းထား ပါတယ်။ အာမခံ ပေးတယ် ဆိုပေမယ့်လည်း တရားစီရင်မှု လုပ်ထုံးလုပ်နည်းတွေ လွဲနေသေးတဲ့ အတွက် တရားစွဲခံရပြီ ဆိုတာနဲ့ အနည်းဆုံး ထောင်ဒဏ် ၆ လ ကျခံရဦးမှာပါပဲ။ Facebook မှာ အကောင့်အတု လုပ်ရတာ အရမ်းလွယ် ပါတယ်။ လူတဦး တယောက်က အခြားတယောက်ကို ချောက်တွန်းချင်ရင် အကောင့်အတု ပြုလုပ်ပြီး Facebook ပေါ်ကနေ အသရေဖျက်မှု တခုခု ပြုလုပ်လိုက်ရုံပါပဲ။
လက်ရှိ ဥပဒေကြမ်းထဲမှာ ရဲအရေးပိုင်တဲ့ ကိစ္စကလည်း ဆက်လက် တည်ရှိနေတာ ဖြစ်လို့ အကောင့်အတုနဲ့ ချောက်တွန်း ခံရတဲ့ သူဟာ ၂၄ နာရီလောက်တော့ ရဲအချုပ်ခန်းထဲ သွားနေရမှာ ဖြစ်ပါတယ်။ နောက်ပြီး အာမခံ ဘယ်လောက်ရရ တရားရုံးမှာ ကိုယ်တကယ် သုံးတဲ့ အကောင့် မဟုတ်ကြောင်း သက်သေပြဖို့ အမှုပြီးပြတ်တဲ့ အထိ ရင်ဆိုင်ရတော့မှာ ပါ။ အဲဒီမှာတင် လူတယေယာက်ရဲ့ ဂုဏ်သိက္ခာ၊ တန်ဖိုးရှိတဲ့ အချိန်နဲ့ တရားရုံး အတွက် သုံးစွဲရတဲ့ ငွေကြေး စတဲ့ နစ်နာဆုံးရှုံးမှုတွေ ဖြစ်လာပါပြီ။
လက်ရှိအချိန်ထိ ၆၆ (ဃ) နဲ့ ပတ်သက်တဲ့ အမှုတိုင်းဟာ တင်ထားတဲ့ ပို့စ်ကို Screen Shot ရိုက်ပြီး Print ထုတ်ထားတဲ့ စာရွက် သက်သေတွေနဲ့ပဲ တရားစွဲတာကို တွေ့မြင်နေရပါတယ်။ အဲဒီလို Print ထုတ်လို့ရတဲ့ Screen Shot တခုခု ရဖို့ အကောင့်အတု လုပ်ပြီး အမှုဆင်လို့ ရသလို၊ Photoshop နဲ့လည်း လုပ်ကြံဖန်တီး လို့ ရပါတယ်။ အဲဒီ Screen Shot အပေါ် အခြေခံပြီး CID ရဲ့ သက်သေထွက်ဆိုချက်ကိုပဲ တရားသူကြီးက အတည်ပြု အမိန့်ချနေတာ ဖြစ်တဲ့ အတွက် ဆက်သွယ်ရေး ဥပဒေနဲ့ ပတ်သက်တဲ့ တရားစီရင်မှုတွေဟာ မှန်ကန်တယ် လို့ ပြောရခက်ပါတယ်။
ပြီးတော့ CID ဆိုတာကလည်း ပြည်ထဲရေး လက်အောက်ခံ ဖြစ်တဲ့ အတွက် တပ်မတော်နဲ့ ဖြစ်တဲ့ အမှုကိစ္စတေ ွဆိုရင် အနည်းဆုံး ထောင်ဒဏ် ၆ လ ကျခံရဖို့တော့ ကျိန်းသေနေပါပြီ။ တခါတလေ တရားလိုက ငွေကြေး တတ်နိုင်ပြီး လာဘ်ထိုး တတ်တဲ့သူ ဖြစ်နေရင်လည်း စွပ်စွဲခံရသူ အနေနဲ့ အသက်ရှု မချောင်နိုင်ပါဘူး။
အရင်တုန်းက ဆိုရင် ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုချင်ရင် ပုဒ်မ ၈ဝ (ခ) အရ ဆက်သွယ်ရေး ဝန်ကြီးဌာန ကနေ တရားစွဲဆို ခွင့်ပြုမိန့် တောင်းခံရပါတယ်။ အခု ပြင်ဆင်မယ့် ဥပဒေကြမ်းထဲမှာ အဲဒီအချက်ကို ဖြုတ်ထားတဲ့ အတွက် ဆက်သွယ်ရေး ဝန်ကြီးဌာန ကနေ ခွင့်ပြုချက် တောင်းစရာ မလိုတော့ဘဲ အလွယ်တကူ တရားစွဲလို့ ရသွားတော့မှာ ဖြစ်ပါတယ်။ အမှုတခုခုကို တည်ဆောက်ဖို့၊ အတည်ပြုဖို့ ဆိုတဲ့ ကိစ္စတွေကို ရဲလက်ထဲမှာ အခွင့်အာဏာ အပြည့် ပေးလိုက်သလို ဖြစ်သွားပါတယ်။ ဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ မှတ်တမ်းတွေ အရ ၂ဝ၁၆ ခုနှစ် ဧပြီ ကနေ ၂ဝ၁၇ ခုနှစ် ဇွန် ၂၁ ရက်နေ့ အထိ တရားစွဲဆိုခွင့်ပြုမိန့် တောင်းခံလာတဲ့အမှု ၁၁၆ မှု အထိရှိတယ် လို့ သိရပါတယ်။ တကယ်လို့ ခွင့်ပြုချက် တောင်းစရာ မလိုတော့ဘူး ဆိုရင် ၆၆ (ဃ) နဲ့ ပတ်သက်တဲ့ အမှုတွေ ဘယ်လောက်တောင် တိုးပွားလာမလဲ ဆိုတာ မတွေးဝံ့စရာ ပါပဲ။
ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေး လှုပ်ရှားမှု ပူးပေါင်းအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေ အရ လက်ရှိ ဆက်သွယ်ရေး ဥပဒေမှာ ပယ်ဖျက်/ ပြင်ဆင်/ သုံးသပ် ရမယ့် အချက်ပေါင်း ၂၃ ချက် တိတိ ရှိနေတာကို တွေ့ရပါတယ်။ အဲဒီအချက်တွေထဲမှာ ပုဒ်မ ၆၆ (ဃ) နဲ့ ပုဒ်မ ၇၇ တို့ဟာ မဖြစ်မနေ ပယ်ဖျက်ရမယ့် ပုဒ်မတွေ ဖြစ်ပါတယ်။ ပုဒ်မ ၆၆ (ဃ) ကတော့ သူ့ထဲမှာ ပါတဲ့ ပြစ်မှုပုံစံတွေအားလုံးဟာ ရာဇသတ်ကြီးထဲမှာ ပြည့်ပြည့်စုံစုံ ပါရှိပြီးသား ဖြစ်တဲ့ အတွက် ပယ်ဖျက်ဖို့ လိုတာ ဖြစ်ပါတယ်။
ခြောက်လှန့်တောင်းယူမှု ဆိုရင် ရာဇသတ်ကြီးပုဒ်မ ၃၈၃ မှ ၃၈၉ အထိ၊ အသရေဖျက်မှု ဆိုရင် ရာဇသတ်ကြီးပုဒ်မ ၄၉၉ မှ ၅ဝ၂ အထိ၊ နှောင့်ယှက်ခြင်း ဆိုရင် ရာဇသတ်ကြီးပုဒ်မ ၂၆၈၊ ခြိမ်းခြောက်မှု ဆိုရင် ရာဇသတ်ကြီး ပုဒ်မ ၁၈၉၊ ၃၈၈ နဲ့ ၅၀၃ ဆိုတာတွေ ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ တချို့လူတွေက ရာဇသတ်ကြီးထဲက ပုဒ်မတွေနဲ့ အွန်လိုင်းပေါ်မှာ ဖြစ်ပွားတဲ့ အမှုကိစ္စတွေကို အရေးယူလို့ မရနိုင်ဘူး လို့ ပြောဆိုကြတာတွေ ရှိပါတယ်။
ဒါပေမယ့် ရာဇသတ်ကြီးထဲမှာက အွန်လိုင်းပေါ်က ပြစ်မှုတွေကို အရေးမယူရဘူး လို့ ပြဋ္ဌာန်းထားတာ မရှိသလို ပြီးခဲ့တဲ့ လွှတ်တော် သက်တမ်းမှာ ပြင်ဆင်ခဲ့တဲ့ ၂၀၁၅ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ရ၃ ဖြစ်တဲ့ သက်သေခံ အက် ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပုဒ်မ ၃ အရ – “documents” ဆိုသည့် စကားရပ် အဓိပ္ပာယ် ဖွင့်ဆိုချက်၏ နောက်တွင် “electronic record and information are included” ဆိုတဲ့ စကားရပ်ကို ဖြည့်စွက်ထားပြီး ဖြစ်တဲ့ အတွက် အွန်လိုင်းပေါ်က ပြစ်မှုတွေ အတွက်လည်း ရာဇသတ်ကြီး က လုံလုံလောက်လောက် အရေးယူလို့ ရပါတယ်။
တချို့တွေကလည်း အမျိုးသမီးတွေကို အွန်လိုင်းမှာ အကာအကွယ်ပေးဖို့ ၆၆ (ဃ) ရှိသင့်တယ် လို့ တွေးတာ ရှိပါသေး တယ်။ ခက်တာက အဲဒီလို အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် ခံရတာတွေ၊ စော်ကား ခံရတာတွေ၊ မဖွယ်မရာ ပုံတွေ တင်ပြီး ခြိမ်းခြောက် ငွေညှစ် အသရေဖျက် ခံရတာတွေနဲ့ ပတ်သက်ပြီး အရေးယူဖို့ ၆၆ (ဃ) က လုံလောက်အောင် ကာကွယ်ပေးနိုင်ခြင်း မရှိတာပါပဲ။
ကျနော် ကိုယ်တိုင် အဲဒီလို အမှုတွေကို တရားလိုဘက်က လိုက်ပါ ကူညီခဲ့တာတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် တရားခံကို ရှာဖွေ စုံစမ်း ဖော်ထုတ်ဖို့ ရဲဘက်မှာ အခက်အခဲတွေ ရှိနေတာကို တွေ့ရပါတယ်။ လက်ရှိ တရားရင်ဆိုင်နေတဲ့ အမှုတွေနဲ့ အမိန့်ချပြီးသား အမှုတွေကို ပြန်သုံးသပ် ကြည့်တဲ့ အခါမှာလည်း အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တဲ့ အမှုတွေ မရှိသလောက် နည်းပါးပြီး အစိုးရ၊ တပ်မတော်နဲ့ ပါတီခေါင်းဆောင်တွေက တရားစွဲတဲ့ အသရေဖျက်မှုတွေ၊ သာမန်အရပ်သား ပြည်သူအချင်းချင်း တရားစွဲတဲ့ အသရေဖျက်မှုတွေကိုပဲ တွေ့ရရှိရပါတယ်။
အမှန်တကယ် ဖြစ်သင့်တာက အမျိုးသမီး အခွင့်အရေးကို ကာကွယ်နိုင်အောင် သီးခြား ဥပဒေတခုခု ပြဋ္ဌာန်းဖို့နဲ့ Cyber Crime Law ပြဋ္ဌာန်းဖို့ပါ။ တလက်စတည်း ပြောချင်တာက အွန်လိုင်းပေါ်မှာ ကောလာဟလတွေ ဖြန့်နေတဲ့ သူတွေနဲ့ ပဋိပက္ခတွေ ဖြစ်အောင် အမုန်းစကားတွေနဲ့ သွေးထိုးလှုံ့ဆော်မှုတွေ အတွက် ဒီ ပုဒ်မ ရှိသင့်တယ်လို့ ပြောဆိုနေတဲ့ သူတွေ အတွက် ပါ။ ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသနအဖွဲ့ရဲ့ ၂ဝ၁၇ ခုနှစ်၊ ဇူလိုင် ၁၃ ရက်နေ့အထိ ကောက်ခံရရှိတဲ့ အမှု ၇၃ ခု အပေါ် လေ့လာတွေ့ရှိချက်တွေ အရ အမုန်းစကားနဲ့ ပတ်သက်ပြီး အရေးယူထားတဲ့ အမှု တခုခုမှ မပါဝင်တာကို တွေ့ရပါတယ်။ ပုဒ်မ ၆၆ (ဃ) ထဲမှာလည်း အမုန်းစကား ပြောဆိုခြင်းနဲ့ ပတ်သက်ပြီး အရေးယူနိုင်အောင် ပြဋ္ဌာန်းထားတာ မျိုး လုံးဝ မပါဝင်ပါဘူး။
နောက်ထပ် ပယ်ဖျက်ရမယ့် ပုဒ်မ ၇၇ ဆိုတာကတော့ အစိုးရအနေနဲ့ တနိုင်ငံလုံးရဲ့ အင်တာနက် ရရှိမှုနဲ့ ဖုန်း ဆက်သွယ်ရေး လိုင်းတွေကို အချိန် မရွေး ဖြတ်တောက်ပစ်နိုင်တဲ့ အချက်ပါ။ ပြည်သူတွေ အတွက် ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် အင်တာနက်ရရှိမှုနဲ့ ဖုန်းဆက်သွယ်ရေး လိုင်းတွေကို ဖြတ်တောက်ပစ်တာကို ခွင့်ပြုပေးလို့ မရနိုင်ပါဘူး။
၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးကာလမှာ နိုင်ငံတကာနဲ့အဆက်အသွယ် မရတော့အောင် သတင်းအမှောင် ချချင်တာ ကြောင့် အဲဒီလို အင်တာနက် ဖြတ်တောက်မှုကို စစ်အစိုးရက ပြုလုပ်ခဲ့ဖူးပါတယ်။ ဒီလို ပြုလုပ်မှုမျိုးဟာ အာဏာရှင် စစ်အစိုးရတွေရဲ့ ပြည်သူတွေ အပေါ် နှိပ်ကွပ်ဖို့ သုံးတဲ့ နည်းလမ်းတွေသာ ဖြစ်တာမို့ ဒီမိုကရေစီကို ဖော်ဆောင်နေတဲ့ အစိုးရသစ် လက်ထက်မှာ မရှိသင့်တော့ပါဘူး။
အခြား ပြင်ဆင်ရမယ့် အချက်တွေထဲမှာ အစိုးရအနေနဲ့ ပြည်သူတွေရဲ့ ဖုန်းခေါ်ဆိုမှု မှတ်တမ်းတွေ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဆက်သွယ်ရေး ကုမ္ပဏီတွေဆီကနေ အချိန်မရွေး တောင်းယူ ကြည့်ရှုလို့ ရအောင် ခွင့်ပြုထားတဲ့ ပုဒ်မ ၇၅၊ ၇၈ လို ပုဒ်မတွေလည်း ကျန်ပါသေးတယ်။
လက်ရှိ ထုတ်ပြန်ထားတဲ့ ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းမှာ ဆိုရင် ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေးလှုပ်ရှားမှု ပူးပေါင်းအဖွဲ့က အစိုးရနဲ့ လွှတ်တော်ကို တင်ပြတောင်းဆိုခဲ့တဲ့ အချက် ၂၃ ချက်ထဲက ဖျက်သိမ်းဖို့ တောင်းဆိုထားတဲ့ ပုဒ်မ ၆၆ (ဃ) တခုခုကိုပဲ ပြင်ဆင်တာမျိုး လုပ်ပြီး အခြား ပြင်ဆင် ပယ်ဖျက် ပြန်လည် စဉ်းစားသုံးသပ်သင့်တဲ့ အချက်တွေ အားလုံးကို လစ်လျူရှု့ခြင်းခံခဲ့ရပါတယ်။ အာမခံ ပေးဖို့နဲ့ ကြားလူက ထင်သလို တရားဝင်စွဲလို့ မရတော့အောင် ပြင်ဆင်လိုက်တာမျိုးကိုတော့ ကြိုဆိုပါတယ်။
တချက်တော့ ရှိတယ်။ အဲဒါကတော့ အာမခံပေးတဲ့ အပိုဒ်မှာတောင် အာမခံ ပေးရမည် လို့ သုံးထားတာ မဟုတ်ဘဲ အာမခံ ပေးနိုင်သည် လို့ပဲ သုံးထားတာ ဖြစ်တဲ့ အတွက် အာမခံရနိုင်/ မရနိုင် ဆိုတာ အတော်လေး အငြင်းပွားစရာ ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လက်ရှိ ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်တွေက မတရားမှုတွေကို လျော့ကျသွားစေမှာ မဟုတ်ပါဘူး။ ဆက်သွယ်ရေး ကုမ္ပဏီတွေနဲ့ပဲ ဆိုင်ရမယ့် ဆက်သွယ်ရေး ဥပဒေထဲမှာမှ အသရေဖျက်မှုကို ဖြစ်သလို လာထည့်ထားတာကိုက မှားယွင်းနေခြင်းပါပဲ။
လက်ရှိ အချိန်ထိ ဆက်သွယ်ရေး ဥပဒေနဲ့ တရားစွဲခံခဲ့ရတဲ့ အမှုဖြစ်စဉ်တွေ အားလုံးဟာ အသရေဖျက်မှု ဆိုတဲ့ ခေါင်းစဉ် အောက်ကချည်း ပါပဲ။ အဲဒါကြောင့် ပုဒ်မ ၆၆ (ဃ) ထဲက အသရေဖျက်မှု ဆိုတာကို မပယ်ဖျက် မချင်း ဒီပုဒ်မနဲ့ တရားစွဲဆိုမှုတွေ ဆက်လက် မြင့်တက်လာဖို့ပဲ ရှိပါတယ်။ ပိုဆိုးတာက အသရေဖျက်မှု ဆိုတဲ့ အဓိပ္ပာယ်ကို ဆက်သွယ်ရေး ဥပဒေထဲမှာ တိတိကျကျ ရှင်းလင်း ဖော်ပြထားခြင်း မရှိတာပါပဲ။ ကဗျာ ရေးတာလည်း အသရေဖျက်မှု၊ သရော်စာ ဖော်ပြတာလည်း အသရေဖျက်မှု၊ “မဖြစ်သင့်ပါ” လို့ Comment ဝင်ရေးမိတာလည်း အသရေဖျက်မှု ဆိုတာတော့ ဘယ်လိုမှ မတရားပါဘူး။
ကျနော်တို့ဟာ ကျနော်တို့ ဘာပြော မလဲ ဆိုတာကို ထိန်းချုပ်လို့ ရနိုင်ပေမယ့် တဖက်လူက ဘယ်လို တွေးမလဲ ဆိုတာကိုတော့ ထိန်းချုပ်လို့ မရနိုင်ပါဘူး။ ကိုယ်က နည်းလမ်းတကျနဲ့ ဘယ်လိုပဲ ဝေဖန်နေပါစေ၊ တဖက်လူက “ဒါဟာ ငါ့ကို အသရေဖျက်တာပဲ” လို့ တွေးပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အလွယ်တကူတရားစွဲလို့ ရနေပါတယ်။
အဲသလိုအခြေအနေကို ဒီဥပဒေက ခွင့်ပြုထားတာ ဖြစ်ပါတယ်။
လက်ရှိ တည်ဆဲဥပဒေမှာရော လွှတ်တော်က ပြင်ဆင်မယ် ဆိုတဲ့ ဥပဒေကြမ်းပါ လိုအပ်ချက်တွေ၊ ပြည်သူတွေရဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုခွင့်တွေကို ထိန်းချုပ်ကန့်သတ် ထားတဲ့ အချက်တွေ၊ သတင်းသမားတွေကို ရည်ရွယ်ချက် ရှိရှိ နှိပ်ကွပ်လို့ ရတဲ့ အချက်တွေနဲ့ အစိုးရရဲ့ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရာမှာ အဟန့်အတား ဖြစ်စေနိုင်တဲ့ အချက်တွေ ရှိနေပါသေးတယ်။
လူထုရဲ့ ထောက်ခံ အားပေးမှု ရရှိထားတဲ့ NLD ဦးဆောင်သော လွှတ်တော်အနေနဲ့ အာဏာရှင် အစိုးရ အဆက်ဆက် ပြည်သူတွေကို ဖိနှိပ်ဖို့ ရည်ရွယ်ချက် တခုတည်းနဲ့ ရေးဆွဲ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေ အားလုံးကို ပြင်ရ/ ဖျက်ရမှာ ဖြစ်လို့ ဥပဒေတခုခုကို တခါပြင်ပြီး သွားရင် နောက်တကြိမ် ပြန်ပြင်ဖို့ အတော်လေး ခက်ခဲသွားပါလိမ့်မယ်။
အဲဒါကြောင့် လွှတ်တော်အနေနဲ့ ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အတည်မပြုမီ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ လေ့လာသုံးသပ်ချက်တွေ၊ ဥပဒေပ ညာရှင်၊ အိုင်တီပညာရှင်တွေရဲ့ သဘောထား အမြင်တွေကို အချိန်ယူပြီး ကျယ်ကျယ်ပြန့်ပြန့် တောင်းခံရယူသွားဖို့ နဲ့ ရရှိလာတဲ့ အကြံပြုချက် တွေကိုလည်း ဥပဒေကြမ်းထဲမှာ ထည့်သွင်းရေးဆွဲသွားဖို့ မဖြစ်မနေလိုအပ်မှာ ဖြစ်ပါတယ်။ အဲဒီလိုသာ မဟုတ်ရင် ဒီမိုကရေစီ လွှတ်တော်ဆိုတာကလည်း ညောင်နှစ်ပင် ညီလာခံနဲ့ ထူးမခြားနား ဆိုတာမျိုး ပြည်သူတွေ ထင်မြင်သွားမှာ စိုးရပါတယ်။
(မောင်ဆောင်းခသည် သမ္မတ ဦးသိန်းစိန်လက်ထက် ပုဒ်မ ၆၆ (ဃ)ဖြင့် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသူ ကဗျာဆရာ ဖြစ်သည်။)