ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသန စစ်တမ်းများအရ လက်ရှိအချိန်အထိ ၆၆(ဃ)နှင့် တရားစွဲဆိုမှု အရေအတွက် ၇၄ မှု ရှိပြီဖြစ်ပါတယ်။ အများစုဟာ အသရေဖျက်မှုနဲ့ သက်ဆိုင်တဲ့ အမှုတွေဖြစ်ပါတယ်။ ၆၆(ဃ)ဟာ မတရားတဲ့ ဥပဒေဖြစ်ကြောင်း လူတိုင်းသိပြီးဖြစ်တဲ့အတွက် အဲဒီအကြောင်းကို ဒီဆောင်းပါးမှာ မဆွေးနွေးလိုပါဘူး။ ကျနော် အဓိက ထားဆွေးနွေးလိုတဲ့ အကြောင်းအရာက ဒစ်ဂျစ်တယ်သက်သေခံ ကိစ္စဖြစ်ပါတယ်။
၆၆(ဃ)နဲ့ ဆက်စပ်တဲ့ အမှုတွေကို လေ့လာကြည့်မယ့်ဆိုရင် နည်းပညာအရ ဘယ်လိုမှမဖြစ်သင့်တဲ့ သက်သေခံချက်တွေ ပါဝင်နေတာတွေ့ရပါတယ်။ ကွန်ပျူတာဘရောက်ဇာမှာ ဝင်ရောက်ထားတဲ့ သမိုင်းကြောင်းအရ အကောင့်ပိုင်ရှင်ဖြစ်ကြောင်း သတ်မှတ်တာတို့ လူမှုကွန်ယက်မှာ တင်ထားတဲ့ ပုံကို ပရင်ထုတ်ပြီး သက်သေခံတာတို့ လော့ကျသွားတဲ့ အိုင်ဖုန်းကတဆင့် အချက်အလက်တွေ ထွက်လာတာတို့ စသည်ဖြင့် ဒစ်ဂျစ်တယ်သက်သေနဲ့ ပတ်သက်ရင် အလွဲပေါင်းများစွာ တွေ့နေရပါတယ်။
ကွန်ပျူတာ ဘရောက်ဇာမှာ ကိုယ်လည်ပတ်ထားတဲ့ ဝက်ဘ်ဆိုက်တွေကို မှတ်သားထားလေ့ရှိပါတယ်။ အဲဒီလို လည်ပတ်ရုံနဲ့ အကောင့်ပိုင်ရှင်ပါလို့ သတ်မှတ်လို့ မရပါဘူး။ လူမှုကွန်ယက်မှာ တင်ထားတဲ့ ပုံကို စခရင်ရှော့ရိုက် ပုံရိပ်ဖမ်းယူပြီး ပရင့်ထုတ်တာလဲ သက်သေခိုင်လုံတယ်လို့ ပြောလို့ မရပါဘူး။ နည်းပညာခေတ်ကြီးထဲမှာ အတုပေါင်းများစွာ ပြုလုပ်နိုင်စွမ်း ရှိနေတဲ့အတွက် ပရင့်မထုတ်ခင်မှာ အတုကို အလွယ်တကူ ဖန်တီးလို့ရနိုင်ပါတယ်။ အိုင်ဖုန်းတလုံးဟာ လော့ကျသွားရင် ဘာအချက်အလက်မှ မရနိုင်တော့ပါဘူး။ (အမေရိကန်မှာ ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တခုအရ အိုင်ဖုန်းဖန်တီးသူထံ လော့ကျသွားတဲ့ ဖုန်းက အချက်အလက်တွေ တာဝန်ရှိသူက တောင်းခံခဲ့ပေမယ့် အိုင်ဖုန်းကုမ္ပဏီက ထုတ်မပေးခဲ့ပါဘူး) ဒါပေမယ့် ၆၆(ဃ)နဲ့ သက်ဆိုင်တဲ့အမှုတွေမှာ လော့ကျသွားတဲ့ အိုင်ဖုန်းက အချက်အလက်တွေ ထွက်လာပါတယ်ဆိုပြီး သက်သေခံတင်ပြချက်တွေ လေ့လာတွေ့ရှိရပါတယ်။
၆၆(ဃ)နဲ့ ဆက်စပ်ပတ်သက်ပြီး အမှုတွေကို လေ့လာကြည့်မယ်ဆိုရင် အားလုံးနီးပါး ဒစ်ဂျစ်တယ် သက်သေခံချက်အရ မပြည့်စုံဘူး။ မမှန်ကန်ဘူးလို့ လေ့လာတွေ့ရှိရပါတယ်။ ၆၆(ဃ)နဲ့ ပတ်သက်ပြီး တရားစွဲဆိုခံရမှု အများစုဟာ Facebook လို့ခေါ်တဲ့ လူမှုကွန်ယက်အပေါ်မှာ မူတည်ပြီး ဖြစ်ပေါ်ကြတာ အဓိကဖြစ်ပါတယ်။ အဲဒီလို Facebook အပေါ်မှာ မူတည်ပြီး အမှုအခင်းတွေ ဖြစ်ကြပေမယ့် မူလဒစ်ဂျစ်တယ် သက်သေခံနိုင်တဲ့ Facebook ရဲ့ Government Official Request (သက်ဆိုင်ရာ အစိုးရမှတစ်ဆင့် အမှုအခင်းများအတွက် Facebook သို့ တရားဝင် တောင်းဆိုနိုင်သော နေရာ) မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တရားဝင်တောင်းဆိုမှုတွေ မရှိတာ တွေ့ရပါတယ်။ (လေ့လာချက်အရ သမ္မတရုံးက တရားဝင်တောင်းဆိုချက်တခုသာ လေ့လာတွေ့ရှိရပါတယ်။ ဒါကလည်း ၆၆(ဃ) နဲ့ သက်ဆိုင်ပုံမရပါဘူး) Facebook နဲ့ ပတ်သက်ပြီး ဖြစ်ပျက်သမျှ အမှုအခင်းတိုင်း Facebook ရဲ့ ဒစ်ဂျစ်တယ် သက်သေခံချက် မပါရင် သက်သေခံချက် မမှန်ကန်ဘူးလို့ ယူဆရမှာပဲဖြစ်ပါတယ်။
တကယ်တန်း ဆက်သွယ်ရေးဥပဒေဆိုတာ မူလရည်ရွက်ချက်အရ ဆက်သွယ်ရေး ကုမ္ပဏီနှင့် သုံးစွဲသူအကြား ဖြစ်ပေါ်လာသော ပြဿနာများကို ဖြေရှင်းပေးဖို့ အကာအကွယ်ပေးဖို့ ဖြစ်ပါတယ်။ သို့သော်လည်း အချို့သောသူများအနေဖြင့် အမျိုးသမီးများကို အကာအကွယ်ပေးနိုင်ရန်၊ မိမိကို အွန်လိုင်းမှာ လက်လွတ်စပယ် ထိခိုက်ပြောဆိုမှုများအတွက် အကာအကွယ်ပေးနိုင်ရန် ရှိသင့်တယ်လို့ ယူဆကြပါတယ်။ တကယ်တန်းတော့ အဲဒီလို အကာအကွယ်ပေးနိုင်ဖို့အတွက်လဲ ၆၆(ဃ)က မလုံလောက်ပါဘူး။ အဓိကအားဖြင့် အကောင့်ပုန်းများဖြင့် တိုက်ခိုက်မှုများ ရှိလာတဲ့အခါ ဒစ်ဂျစ်တယ် သက်သေအရ မဖော်ထုတ်နိုင်တဲ့အတွက် မူရင်းတိုက်ခိုက်သူကို ဖော်ထုတ်ဖို့ အခက်အခဲ အများကြီး ရှိနေပါတယ်။ ၆၆(ဃ)အရ တိုင်ကြားထားပြီး အရေးယူဆောင်ရွက်နိုင်ခြင်း မရှိတဲ့ အမှုတွေကို လေ့လာကြည့်မယ်ဆိုရင် အဲဒီလို အခြေအနေတွေကို တွေ့ရမှာ ဖြစ်ပါတယ်။
နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ဒစ်ဂျစ်တယ် သက်သေခံချက်တွေ ဖော်ထုတ်တဲ့ နည်းလမ်းတွေကို လေ့လာကြည့်မယ်ဆိုရင် တိုင်ကြားချက်တခု ဖြစ်လာပြီဆိုတာနဲ့ တာဝန်ရှိသူတွေအနေနဲ့ ဘယ်အိုင်ပီက တက်လာတာလဲ၊ ဘယ်ဖုန်းနံပါတ်ကလဲ၊ ဘယ် စက်ပစ္စည်းကိရိယာကလဲ စသည်ဖြင့် တိတိကျကျ လိုက်လံစုံစမ်းဖော်ထုတ်ကြရပါတယ်။ Facebook အကောင့်တစ်ခု ဖြစ်နေမယ်ဆိုရင်လဲ Facebook ကို အစိုးရတရားဝင် တောင်းဆိုမှုပြုပြီး အကောင့်ပိုင်ရှင်ကို အတည်ပြုရယူပါတယ်။ ဒစ်ဂျစ်တယ် သက်သေခံချက်ပြည့်ပြည့်စုံစုံ တည်ဆောက်နိုင်ပြီဆိုမှသာ တရားစွဲဆိုမှုအပိုင်းကို ဆက်သွားလေ့ရှိပါတယ်။ တရားစွဲဆိုအရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ရမှာလဲ သတိပေးတဲ့အဆင့်၊ ငွေဒဏ်ဆောင်ခိုင်းတဲ့အဆင့်၊ ထောင်ဒဏ်ချမှတ်နိုင်တဲ့အဆင့် စသည်ဖြင့် အဆင့်ဆင့်ရှိပါတယ်။ ဒစ်ဂျစ်တယ်သက်သေခံဆိုတိုင်း လူပုဂ္ဂိုလ်ကို ညွှန်းဆိုတာ မဟုတ်ပါဘူး။ အခြား အသုံးချဆော့(ဖ်)ဝဲ၊ သီချင်း၊ ဗီဒီယို၊ အသံ၊ ဓာတ်ပုံ စသည်ဖြင့်လဲ ရှိနိုင်ပါတယ်။ အဲဒါတွေအတွက် ဒစ်ဂျစ်တယ်သက်သေခံချက်တွေ ရယူပြီး ဆက်လက်အရေးယူဆောင်ရွက်ရမယ့် လမ်းကြောင်းအတိုင်း ဆောင်ရွက်ရပါတယ်။
ဒစ်ဂျစ်တယ် သက်သေခံချက်ဆိုတာ အင်မတန်ထွေပြားတဲ့ စနစ်ကြီးဖြစ်ပါတယ်။ အဲဒီအတွက် ရှုထောင့်ပေါင်းစုံက ဒစ်ဂျစ်တယ် သက်သေခံ ကျွမ်းကျင်ပညာရှင်တွေ လိုအပ်ပါတယ်။ ဥပမာ – ဓာတ်ပုံတပုံဟာ မူရင်းဓာတ်ပုံ ဟုတ်မဟုတ် စစ်ဆေးနိုင်တဲ့ ပညာရှင်တွေ လိုပါတယ်။ အစစ်နဲ့ခွဲမရအောင် အတုပြုလုပ်ထားတဲ့ ဓာတ်ပုံတပုံနဲ့ လီဆယ်တိုင်ကြားပြီး ၆၆(ဃ)နဲ့ တရားစွဲတဲ့အခါမှာ ဒစ်ဂျစ်တယ် သက်သေခံချက်ဟာ အင်မတန်အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိလာမှာဖြစ်ပါတယ်။ ယခုလက်ရှိအနေအထားအရ ပရင့်ထုတ် ဖိုတိုစတက်ဆွဲထားတာနဲ့ တရားစွဲဆို အတည်ပြုနေတာတွေ လေ့လာတွေ့ရှိနေရပါတယ်။ ဒစ်ဂျစ်တယ် သက်သေခံချက်အတွက် အလားအလာမကောင်းတဲ့ လက္ခဏာဖြစ်ပါတယ်။
ယခုလက်ရှိ လွှတ်တော်မှာ ဆက်သွယ်ရေးဥပဒေနဲ့ ပတ်သက်ပြီး ပြင်ဆင်ချက်မူကြမ်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ တင်ပြထားတာလေ့လာတွေ့ရှိရပါတယ်။ ပြင်ဆင်သည့် အချက်များတွင် ၆၆(ဃ)၏ ရုပ်အဆိုးဆုံး အပိုင်းတစ်ခုဖြစ်သော ကြားလူမှတစ်ဆင့် တရားစွဲဆိုပိုင်ခွင့်ရှိနေသည့် အချက်ကို ပြင်ဆင်လိုက်သည့်အတွက် ကြိုဆိုပါတယ်။ ဒါပေမယ့် တာဝန်ယူမှု တာဝန်ခံမှုအပိုင်းအတွက် အဓိကထား ထည့်သွင်းရေးဆွဲထားသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အတည်ပြုချက် ရယူရမည်ဆိုသည့် အချက်ကို ဖြုတ်လိုက်တာကတော့ အလွန်မဖြစ်သင့်သော ပြင်ဆင်မှုဟု ဆိုရမှာဖြစ်ပါတယ်။ ဆက်သွယ်ရေးဥပဒေသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တင်သွင်းသော ဥပဒေဖြစ်ပါတယ်။ အဆိုပါဝန်ကြီးဌာနမှ တာဝန်ခံရတဲ့ ဥပဒေဖြစ်ပါတယ်။ အဆိုပါအချက်ကို ဖြုတ်လိုက်တဲ့အတွက် ဝန်ကြီးဌာနအနေနဲ့ ခေါင်းရှောင်လိုက်သလို ဖြစ်သွားပါတယ်။
ဝန်ကြီးဌာနကို ခွင့်ပြုချက်ရယူရမည် ဆိုတဲ့အချက်ဟာ အဓိကအားဖြင့် ဥပဒေကို တာဝန်ခံရမယ်ဆိုတဲ့ သဘောသက်ရောက်သလို ဒစ်ဂျစ်တယ်သက်သေများအတွက် အတည်ပြုချက်ပေးနိုင်ဖို့ တာဝန်လည်း ပါဝင်ပြီး ဖြစ်ပါတယ်။ ယခင်က mmCERT ကဲ့သို့သော အဖွဲ့အစည်းများမှ ဒစ်ဂျစ်တယ် သက်သေခံချက်များ ထုတ်ဖော်လိမ့်မည်ဟု ယူဆခဲ့သော်လည်း အမှန်တကယ် လက်တွေ့တွင် ၆၆(ဃ)နှင့် ပတ်သက်ပြီး ဒစ်ဂျစ်တယ် သက်သေခံချက် တခုမှ ထုတ်မပေးနိုင်သေးတာ တွေ့ရပါတယ်။ (အဆိုပါအဖွဲ့အစည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတွင် ရှိသေးလားဆိုတာ မသိရတော့ပါဘူး။ အခြားနိုင်ငံများတွင် အဆိုပါအဖွဲ့အစည်းများမှ တဆင့် Facebook ကို အစိုးရတရားဝင် တောင်းဆိုမှုများ ပြုလေ့ရှိပါတယ်)
နဂိုမူလ ဥပဒေ၏ လုပ်ထုံးလုပ်နည်း ဥပဒေပင် မထွက်နိုင်သေးသည့် အချိန်တွင် ပြင်ဆင်သင့် ဥပဒေအရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ယူ တာဝန်ခံရမည့် လုပ်ထုံးလုပ်နည်းများကို ဖယ်ရှားလိုက်ခြင်းသည် အလွန်အန္တရာယ်များသော ပြင်ဆင်မှု၊ အလွန်မဖြစ်သင့်သော ပြင်ဆင်မှုဖြစ်ပါသည်။
ဒစ်ဂျစ်တယ် သက်သေခံချက်များတွင် အလွန်အရေးကြီးသော အချက်တခု ရှိပါသေးသည်။ ဒစ်ဂျစ်တယ်သက်သေအရ ခုခံချေပပိုင်ခွင့် ရှိဖို့ ဖြစ်သည်။ တဖက်မှ ဒစ်ဂျစ်တယ်သက်သေနှင့် တရားစွဲဆိုလာသော အမှုအခင်းကို တဖက်မှလည်း ဒစ်ဂျစ်တယ်သက်သေအရ ခုခံချေပပိုင်ခွင့်ရှိရမည် ဖြစ်သည်။ ထိုကဲ့သို့ ခုခံချေပရာတွင် တရားသူကြီး၏ တရားစီရင်ထုံးဘောင်မှ ကျော်လွန်နေသော အခြေအနေများ၊ တရားသူကြီးအနေဖြင့် စစ်ဆေးဆုံးဖြတ်နိုင်စွမ်း မရှိသော အခြေအနေများ ဖြစ်ပေါ်လာနိုင်ပါသည်။ ထိုအခါ ဒစ်ဂျစ်တယ်သက်သေနှင့် ပတ်သက်သော အဆုံးအဖြတ်ခံရာ နေရာအဖြစ် ဝန်ကြီးဌာနအနေဖြင့် တာဝန်ခံဖို့ လိုအပ်ပါသည်။
ယခုလက်ရှိအနေအထားအရ ဒစ်ဂျစ်တယ်သက်သေခံအဆင့်မရောက်သော သက်သေများကို တရားစွဲဆိုသူဖက်မှ ပြင်ဆင်လာသည့် ပုံစံအတိုင်း လက်ခံတရားစွဲဆိုမှုများ၊ အရေးယူမှုများသာ တွေ့ရပါသည်။ တရားခံမှ ဒစ်ဂျစ်တယ် သက်သေအရ ခုခံပိုင်ခွင့် အခွင့်အလမ်း အင်မတန်နည်းပါးနေသည့် အနေအထားဖြစ်ပါသည်။ ပြင်ပမှ ပညာရှင်များ တရားခွင်လျှောက်လဲချက်များကို တရားသူကြီးက ထည့်သွင်းစဉ်းစားမှု မရှိတာ လေ့လာတွေ့ရှိရပါတယ်။
ယခုဥပဒေကြမ်းသည် ဥပဒေကြမ်းအဆင့်သာ ရှိပါသေးသည်။ လွှတ်တော်အမတ်များအနေဖြင့် ပြည်သူ့အသံနားစွင့်ပြီး မဖြစ်သင့်မဖြစ်ထိုက်သည့် ပြင်ဆင်မှုများအတွက်ရော ဖြစ်သင့်ဖြစ်ထိုက်သည့် ပြင်ဆင်မှုများအတွက်ပါ ဆွေးနွေးခွင့်ရှိနေသည့် အချိန်ဖြစ်ပါသည်။ ယခုလို အခါအခွင့်သင့်သည့် အချိန်တွင် ဒစ်ဂျစ်တယ် သက်သေခံခြင်းနှင့် ပတ်သက်သော အချက်အလက်များ မဖြစ်မနေ ထည့်သွင်းဆွေးနွေးပေးကြဖို့ တိုက်တွန်းလိုက်ရပါသည်။
(စိုးသီဟနောင်သည် ဆက်သွယ်ရေးဥပဒေဆိုင်ရာသုတေသနအဖွဲ့မှ အိုင်တီပညာရှင်တဦးဖြစ်သည်)