ကျောက်မီးသွေးသုံးမှ စွမ်းအင် အမြန်ထုတ်လုပ်နိုင်မှာလား

သွေး(စစ်ကိုင်း)
စက်ရုံတွေ လည်ပတ်ဖို့ သုံးရမယ့် ကျောက်မီးသွေးကလည်း မြန်မာနိုင်ငံက ထွက်တဲ့ ကျောက်မီးသွေးက အရည်အသွေး မမီလို့ သြစတြေးလျနိုင်ငံကနေ မှာယူတင်သွင်းရမှာ ဖြစ်တယ်
Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက် မြင့်မားမှုဟာ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လာရေး အတွက် အဟန့်အတားတခု ဖြစ်နေဆဲပါ။ မြို့ပြမှာထက် ကျေးလက်ဒေသတွေမှာ လျှပ်စစ်မီးမရသေးတဲ့ ဒေသတွေ အများအပြား ရှိနေပါသေးတယ်။ စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ အတွက် အစိုးရဘက်က ကြိုးစားနေသလို ဖြစ်နိုင်ခြေ ရှိတဲ့ စွမ်းအင်ရင်းမြစ် အကုန်လုံးကို ထည့်သွင်း စဉ်းစားရမှာပါ။

NLD အစိုးရ လက်ထက်မှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ တည်ဆောက်ဖို့ ရှိတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာနဲ့ အတူ အဲဒီလို တည်ဆောက်လို့ ဆန္ဒပြခဲ့ရင်လည်း မကြောက်ဘူး လို့ ပြောကြားသံပါ ထွက်ပေါ်ခဲ့လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေရဲ့ စိုးရိမ်မှု မြင့်တက်လာခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ Clean Coal Technology လို့ ခေါ်တဲ့ သန့်စင်တဲ့ ကျောက်မီးသွေး နည်းပညာဟာ မြန်မာနိုင်ငံ မဆိုထားနဲ့ အမေရိကန်၊ ဂျပန်လို နိုင်ငံတွေမှာတောင် လက်တွေ့အကောင်အထည် ဖော်ဖို့ မလွယ်ကူလို့ ပါ။

ကျမတို့ မြန်မာနိုင်ငံမှာ Renewable Energy လို့ ခေါ်တဲ့ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် ထုတ်လုပ်နိုင်တဲ့ ရင်းမြစ်တွေ ရှိနေတာကြောင့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ တည်ဆောက်တာဟာ မှန်ကန်တဲ့ အဖြေ မဟုတ်ပါဘူး။ လျှပ်စစ်မီး ရရှိမှ ဖွံ့ဖြိုးတိုးတက်မယ် ဆိုတဲ့ အမှန်တရားကို လက်ခံရမှာ ဖြစ်သလို သဘာဝပတ်ဝန်းကျင် မထိခိုက်တဲ့ နည်းလမ်းနဲ့ စွမ်းအင်ထုတ်လုပ်ဖို့လိုတယ် ဆိုတဲ့ အမှန်တရားကိုပါ လက်ခံရမှာ ဖြစ်ပါတယ်။

နေရောင်ခြည် လုံလုံလောက်လောက် ရရှိတဲ့ နိုင်ငံမှာ နေစွမ်းအင် အသုံးပြုပြီး စွမ်းအင်ထုတ်လုပ်နိုင်ရင် တော်တော်လေး အဆင်ပြေပါလိမ့်မယ်။ ဒါအပြင် မြန်မာနိုင်ငံဟာ ချောင်းမြစ်ပေါများတဲ့ နိုင်ငံဖြစ်တာကြောင့် ရေအားလျှပ်စစ် ထုတ်လုပ်ရေး ကို လုပ်ဆောင်နိုင်ပါတယ်။ အသေးစား ရေးအားလျှပ်စစ် ထုတ်လုပ်ရေး လုပ်ဆောင်ရင် ဒေသတွင်း အသုံးပြုမှု အတွက် တော့ ဖူလုံနိုင်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီးမှာ မြစ်၊ ချောင်းတွေ ပေါများတဲ့ အတွက် ရေးအားလျှပ်စစ်ကို ဦးစားပေး စဉ်းစားသင့်တယ်လို့ သတ္တုတွင်းပညာရှင် ဦးစိန်မြင့် (သတ္တုဦးစီး) က သိပ်မကြာခင်က ပြုလုပ်ခဲ့တဲ့ “ကောင်းကင်ပြာ အတွက် ကျောက်မီးသွေး ဆိုင်ရာ ပဲ့တင်သံများ” စကားဝိုင်းမှာ ထောက်ပြ ပြောဆိုခဲ့ပါတယ်။

အရပ်ဘက်အဖွဲ့အစည်း တခု ဖြစ်တဲ့ Spectrum အဖွဲ့က လျှပ်စစ်စွမ်းအင်နဲ့ ပတ်သက်တဲ့ အကြံပြုချက်မှာလည်း ကချင်နဲ့ ကရင်ပြည်နယ်မှာ လိုအပ်တဲ့ လျှပ်စစ်ကို “အသေးစား ရေအားလျှပ်စစ်” ၊ “အိမ်သုံးဆိုလာ” နဲ့ “မဟာဓာတ်အားလိုင်းနဲ့ မချိတ်ဆက်တဲ့ သီးခြား ဓာတ်အားပေး စနစ်ငယ်” တွေနဲ့ ဖြေရှင်းနိုင်တယ် လို့ ဖော်ပြထားပါတယ်။ ကရင်ပြည်နယ်မှာ TTCL ကုမ္ပဏီ ကနေ ၁၂၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ဒေသခံတွေက လက်မခံနိုင်ဘူး လို့ ဆိုပါတယ်။

အကြောင်းကတော့ တည်ဆောက်မယ့် ကုမ္ပဏီဘက်က Clean Coal Technology ကို သုံးပြီး စီမံကိန်း အကောင်အထည် ဖော်ရာမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနဲ့ ပတ်သက်လို့ (၁၀၀ ရာခိုင်နှုန်း) ထက် ပိုပြီး ကောင်းမွန်တယ် လို့ စည်းရုံးခဲ့တာ ကြောင့်ပါ။ ဘယ် ကျောက်မီးသွေးသုံး စီမံကိန်းမျိုးမှာ မဆို သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းနဲ့ အများရှိတာပါပဲ။၊ ဖြစ်သင့်တာက ဒေသခံတွေကို ကျောက်မီးသွေးရဲ့ ကောင်းကျိုးကို ရော၊ ဆိုးကျိုးကိုပါ ချပြပြီး ဒေသနဲ့ အဆင်ပြေနိုင်မယ့် စွမ်းအင် ထုတ်လုပ်တဲ့ နည်းလမ်းကို ရွေးချယ်စေတာ ဖြစ်ပါတယ်။ EIA လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်ခြေ၊ SIA လို့ခေါ်တဲ့ လူမှုဘဝ ထိခိုက်နိုင်ခြေနဲ့ HIA လို့ခေါ်တဲ့ ကျန်းမာရေး ထိခိုက်နိုင်ခြေတို့ကို စီမံကိန်း အကောင်အထည် မဖော်ခင်မှာ မဖြစ်မနေထည့်သွင်း တွက်ချက်သင့်ပါတယ်။

ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတွေကနေ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ (CO2)၊ ဆာလ်ဖာဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ (SO2)၊ နိုက်ထရိုဂျင်ဓာတ်ငွေ့ (NO2)၊ ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့ (CO)၊ လေလွင့်အမှုန်၊ ဟိုက်ဒရိုကာဗွန် (VOC)၊ ပြဒါး (Mercury) ၊ ခဲ (Lead)၊ ကက်ဒမီယမ် (Cadium) ၊ မီးခိုးခေါင်းတိုင်ပြာ၊ မီးဖိုပြာနဲ့ ယူရေနီယံအနည်းငယ် ထွက်ပါတယ်။ အဲဒီလို ထွက်တယ် ဆိုတာ ကို အချက်အလက်နဲ့ တကွ ပြည်သူကို ချပြဖို့ အစိုးရနဲ့ ကုမ္ပဏီမှာ တာဝန်ရှိပါတယ်။

နောက်ပြီးတော့ စက်ရုံတွေ လည်ပတ်ဖို့ သုံးရမယ့် ကျောက်မီးသွေးကလည်း မြန်မာနိုင်ငံက ထွက်တဲ့ ကျောက်မီးသွေးက အရည်အသွေး မမီလို့ သြစတြေးလျနိုင်ငံကနေ မှာယူတင်သွင်းရမှာ ဖြစ်တယ် လို့ သိရပါတယ်။ ဒါဆိုရင် သယ်ယူပို့ဆောင်ရေး စရိတ်၊ သိုလှောင်ရေး စရိတ် စတဲ့ အထွေထွေ စရိတ်တွေကိုလည်း ထည့်မတွက်လို့ မရပါ။

ဥပမာ လျှပ်စစ်ဓာတ်အား တရက် ဘယ်လောက်ရဖို့၊ ကျောက်မီးသွေး တန် ဘယ်လောက်ကို အသုံးပြုရတယ်၊ အဲဒီကနေ ထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် အပါအဝင် ဓာတ်ငွေ့ပမာဏ ဘယ်လောက်ရှိမယ်၊ စွန့်ပစ် ပစ္စည်း ပမာဏ ဘယ်လောက်ရှိမယ်၊ သဘာ၀၀န်းကျန်နဲ့ လူအပါအဝင် သက်ရှိတွေ အတွက် ဆိုးကျိုး မဖြစ်အောင် ဘယ်လို ကြိုတင်ကာကွယ်မှုတွေ စီစဉ်ပြုလုပ်ထားတယ် ဆိုတာ အများပြည်သူ သိရှိအောင် ချပြ ရှင်းလင်းဖို့ ပါ။

အဲ့ဒီလို ချမပြဘဲ ကျောက်မီးသွေးကသာ စွမ်းအင်ထုတ်လုပ်နိုင်မယ့် တခုတည်းသော နည်းလမ်းအဖြစ် ပြည်သူတွေကို ထင်ယောင်ထင်မှား မဖြစ်စေသင့်တဲ့ အပြင် ပြည်သူတွေရဲ့ ရွေးချယ်ခွင့် ပေးရမှာ ဖြစ်တယ်။ တဖက်ကလည်း ပေမီဒေါက်မီ ကျောက်မီးသွေးစက်ရုံတွေ တည်ဆောက်နိုင်မယ်၊ အထက်မှာ ပြောပြခဲ့တဲ့ ဓာတ်ငွေ့တွေက ဆိုးကျိုး မဖြစ်စေအောင် နည်းပညာအရ စီမံခန့်ခွဲနိုင်မယ် ဆိုရင် ပြည်သူတွေက လက်ခံကြမှာပါပဲ။

ကျောက်မီးသွေးသုံးဖို့ ထောက်ခံတဲ့သူတွေက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေကို ရေအားလျှပ်စစ် ထုတ်မယ် ဆိုရင်လည်း ကန့်ကွက်တယ်၊ ကျောက်မီးသွေး ဆိုလည်း ကန့်ကွက်တယ် လို့ အပြစ်ဖို့ကြပါတယ်။ တကယ်တမ်းမှာ ရေအားလျှပ်စစ်ကနေ စွမ်းအင်ထုတ်လုပ်မှာကို ကန့်ကွက်နေတာ မဟုတ်ဘဲ Mega Dam လို့ခေါ်တဲ့ အကြီးစား ရေကာတာ စီမံကိန်းတွေကိုသာ ကန့်ကွက်နေတာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းမှာ စွမ်းအင်လိုအပ်ချက်ကို စပါးခွံကနေ စွမ်းအင်ထုတ်ပြီး ဖြေရှင်းနိုင်တယ် လို့ သိပ်မကြာမီကပဲ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားခဲ့ပါတယ်။ စပါးခွံကနေ စွမ်းအင်ထုတ်ရင် ၁ နှစ် ကနေ ၃ နှစ် အတွင်း လျှပ်စစ်မီး ရနိုင်ပြီး မဂ္ဂါဝပ် ၂၀ နဲ့ ၃၀ ကြား ထုတ်လုပ်နိုင်တယ် လို့ ဆိုပါတယ်။

ကျောက်မီးသွေးနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေကို ကာကွယ်ဖို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေ မရှိသေးတာကလည်း အားနည်းချက် တရပ် ဖြစ်နေဆဲပါ။ ဒါအပြင် မြန်မာနိုင်ငံကို လာရောက်ပြီး ကျောက်မီးသွေး စက်ရုံဆောက်ဖို့ စီစဉ်နေတဲ့ ကုမ္ပဏီတွေ အနေနဲ့ Corporate responsibility လို့ခေါ်တဲ့ တာဝန်သိ စီးပွားရေး လုပ်ဖို့ လိုအပ်ပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခဲ့ရင် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို ဒေသတွင်းက လူထုကပဲ ခံစားရမှာကို မမေ့စေချင်ပါဘူး။

အရင်အစိုးရ လက်ထက်တုန်းက မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့မှာ နေရောင်ခြည်သုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်ဖို့ ထိုင်းနိုင်ငံက Green Earth Power ကုမ္ပဏီနဲ့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနကြား သဘောတူညီချက် ရရှိထားပါတယ်။ နေရောင်ခြည်သုံး ဓာတ်အားပေး စက်ရုံကို အခု အစိုးရလက်ထက်မှာ အကောင်အထည် ဖော်နိုင်ရင် စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာပါ။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ဘန်းချောင်းဒေသ၊ ကွမ်းချောင်ကြီး ကျေးရွာမှာ ရှိတဲ့ ကျောက်မီးသွေးသတ္တုတွင်း စီမံကိန်းကြောင့် လေထု၊ ရေထုညစ်ညမ်းမှုတွေဖြစ်ပေါ်နေပြီး သီးနှံစိုက်ခင်းတွေပါ ထိခိုက်နေတာကြောင့် ဒီစီမံကိန်းကို ရပ်ဆိုင်းဖို့ ဘန်းချောင်းဒေသခံတွေက သူတို့ သဘောထားကို ထုတ်ပြန် ကြေညာထားပါတယ်။

ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံနဲ့ ကျောက်မီးသွေးမိုင်း ရဲ့ ဆိုးကျိုးကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း မြို့နယ်က “တီကျစ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ” က သက်သေပြခဲ့ပြီးပါပြီ။တီကျစ်ဒေသမှာ စက်ရုံက ထွက်လာတဲ့ ဓာတ်ငွေ့တွေကြောင့် သားပျက်သားလျှောတာ၊ လူ့သက်တမ်း တိုလာတာ၊ အာလူးခင်းတွေ ပုပ်တာ၊ အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါတွေဖြစ်တာတွေ ရှိခဲ့ပါတယ်။

ဇူလိုင်လ ၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ မြန်မာအစိမ်းရောင်ကွန်ရက် (Myanmar Green Network) ရဲ့ သတင်း ထုတ်ပြန်ချက်မှာ “လျှပ်စစ်ရရန် ကျောက်မီးသွေး အသုံးပြုခြင်းသည် တခုတည်းသော နည်းလမ်းမဟုတ်ပေ၊ ကျောက်မီးသွေး အစား ပြန်ပြည့်မြဲ စွမ်းအင် (Renewable Energy) ဖြစ်သော နေ၊ ရေ၊ လေ၊ ဇီဝစွမ်းအင်များမှ လျှပ်စစ် ထုတ်ယူနိုင်ပါသည်” လို့ ဖော်ပြထားပါတယ်။

ဆက်လက်ပြီး “ပြန်ပြည့်မြဲ စွမ်းအင်နည်းပညာ (Renewable Energy Technology) ဖြင့် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပါက အလျင်အမြန် ဆောင်ရွက်နိုင်ခြင်း၊ ကုန်ကျစရိတ် သက်သာခြင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူနေမှုဘဝ ထိခိုက်မှုများကို ရှောင်ရှားနိုင်ခြင်းစသော အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်သည်။ လက်ရှိတွင်လည်း နေ၊ ရေ၊ လေ ဇီဝစွမ်းအားတို့ဖြင့် တနိုင်တပိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဆောင်ရွက်နေမှု အများအပြား ရှိနေပါသည်။ ထို့ကြောင့် နေရောင်ခြည် စွမ်းအင် အပါအဝင် ပြန်ပြည့်မြဲ စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် အစိုးရအနေဖြင့် ဦးစားပေး စဉ်းစားသင့်ပါသည်” လို့ ဖော်ပြပါတယ်။

စွမ်းအင်လုံလောက်မှ နိုင်ငံဖွံ့ဖြိုးတိုးတက်မှာဖြစ်သလို တဖက်ကလည်း ပြည်သူ၊ ဘဝတွေကို မထိခိုက်တဲ့ စွမ်းအင် ထုတ်လုပ်တဲ့ နည်းလမ်းတွေ အသုံးပြုမှသာ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြေရှင်းနည်းဖြစ်လိမ့်မယ်လို့ သုံးသပ်ရေးသား လိုက်ရပါတယ်။

(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာတဦး ဖြစ်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading