ကျောက်မီးသွေးလျှပ်စစ် စီးပွားရေးတွက်ခြေကိုက်မှာလား

အမရသီဟ
ရေရှည်တွက်ခြေကိုက်သော နေရောင်ခြည်၊ လေအားနှင့် ရေအားတွင်သာ ရင်းနှီးမြှုပ်နှံသင့်ပါသည်
Want create site? Find Free WordPress Themes and plugins.

မကြာမီ လပိုင်းများအတွင်း မြန်မာ့စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်နှင့် လျှပ်စစ်လိုအပ်မှုများ ဖြည့်ဆည်းရန်အတွက် ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်ယူရန် စီမံကိန်းများ စတင်သင့်ကြောင်းကို အစိုးရအဖွဲ့ဝင်များနှင့် အာဏာရပါတီမှပုဂ္ဂိုလ်များ ပြောဆိုသည်များကို တွေ့လာရပါသည်။

၂၀၁၅ ခုနှစ် အတွင်း ရေးဆွဲခဲ့သော အစိုးရ၏ လျှပ်စစ်နှင့်စွမ်းအင် မဟာဗျူဟာစီမံကိန်းတွင်လည်း ရေအားလျှပ်စစ် အစား နေရောင်ခြည်နှင့် ကျောက်မီးသွေး အဓိကထားကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သွားရန်အတွက် ရေးသား ဖော်ပြထားကြောင်း တွေ့ရပါသည်။

ဖော်ပြပါ မဟာဗျူဟာစီမံကိန်းသည် ပြည်သူလူထုအတွင်းသို့ ဖြန့်ဝေထားခြင်းမရှိသေးသော်လည်း မူဝါဒရေးရာ ရေးဆွဲ သူများအကြားတွင် ဆွေးနွေးနေခဲ့သည်မှာ အချိန်တခု ရှိနေခဲ့ပြီးဖြစ်ပါသည်။ လက်ရှိ အစိုးရနှင့် အာဏာရပါတီမှပြော ဆိုမှုများအား ကိုးကားပါက ကျောက်မီးသွေးမှ လျှပ်စစ်ထုတ်လုပ်ရန်မှာ အတည်မပြုရသေးသော်လည်း ကြိုက်နှစ်သက်နေသည်ကို ခန့်မှန်းနိုင်ပါသည်။

ထိုသို့ ပြောဆိုမှုများအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းများနှင့် ဒေသခံများ လူမှုရေးအဖွဲ့အစည်း များမှ ကန့်ကွက်ဝေဖန်မှုများရှိသော်လည်း စီးပွားရေးအရ တွက်ချေကိုက်ခြင်းနှင့် အချိန်တိုအတွင်း စီမံကိန်း စတင်နိုင်သည်ဟူသော အကြောင်းပြချက်များနှင့် ပြန်လည်ချေပခြင်းအား တွေ့ရမည်ဖြစ်သည်။

ထိုချေပချက်များနှင့် ယူဆချက်များသည် မဟာမဲခေါင်ဒေသနှင့် ကမ္ဘာတဝှမ်း ဈေးကွက်၊ လျှပ်စစ်စွမ်းအင် ထုတ်ယူနိုင် စွမ်းအခြေအနေနှင့် နှိုင်းယှဉ်ပါက မှန်ကန်မှုမရှိကြောင်း တွေ့ရမည်ဖြစ်သည်။

လျှပ်စစ်လိုအပ်ချက်နှင့် မူဝါဒ

မြန်မာနိုင်ငံသည် ၂၀၀၉ ခုနှစ်မှ ၂၀၁၄ခုနှစ်အတွင်း ပျှမ်းမျှ တနှစ်လျှင် လျှပ်စစ်လိုအပ်နှုန်း ၁၅ ရာခိုင်နှုန်း ခန့်တိုးလာရာ ၂၀၂၀ တွင် ၄,၅၀၀ မီဂါဝပ်ဇ် လိုအပ်မည်ဖြစ်ပြီး ၂၀၃၀ တွင် ၁၃,၄၁၀ မီဂါဝပ်ဇ် အထိ တိုးမြှင့်သွားမည်ဟု ခန့်မှန်းထားသည်။

လက်ရှိအခြေအနေတွင် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများနှင့် လုပ်ငန်း အကောင်အထည် ဖော်မှုများမှာ သိသာစွာ အကောင်အထည်ဖော်ခြင်းမရှိသည့်အပြင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများသည် အစိုးရအဖွဲ့ နှင့်ဝန်ကြီးဋ္ဌာနများအတွင်း မူဝါဒ ပြတ်သားမှုမရှိခြင်းကြောင့် နားလည်မှုသဝဏ်လွှာများ ရေးထိုးထားသော်လည်း ရှေ့ ဆက် လုပ်ငန်းများ စတင်ရန်အတွက် အခက်အခဲများရှိနေသည်ကို တွေ့ရသည်။

စီးပွားရေး မူဝါဒ မတည်ငြိမ်မှုများနှင့် ရေအားလျှပ်စစ်စီမံကိန်းများ လုပ်ဆောင်ရန် ဒေသများတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံမည့် စွမ်းအင် ကော်ပိုရေးရှင်းများ ချေးငွေရယူရာတွင် အတိုးနှုန်းကြီးမြင့်ကာ စရိတ် ပိုမိုကြီးမြင့်ခြင်းကြောင့်လည်း လုပ်ငန်းများ စတင်ရန် အခက်အခဲများ ရှိနေသည်။

ထို့ပြင် စီမံကိန်းများစတင်ပါက လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်အတွက် အနည်းဆုံး ၅ နှစ်ခန့်ကြာမြင့်မည်ဖြစ်ရာ စွမ်းအင်လိုအပ်ချက်အား အချိန်မီ ဖြည့်ဆည်းနိုင်မည်မဟုတ်။

ထိုအခြေအနေတွင် အစိုးရအနေဖြင့် မည်သည့်ဒေသတွင်မဆို တည်ဆောက်ကာ လည်ပတ်နိုင်သော ကျောက်မီးသွေး စွမ်းအင်အား ရွေးချယ်ခြင်းဖြစ်နိုင်သည်။

ရေတို ဖြည့်ဆည်းခြင်း

လိုအပ်သည့် လျှပ်စစ်စွမ်းအင်အား ရေတိုအနေဖြင့် ဖြည့်ဆည်းရန်အတွက် ပတ်ဝန်းကျင်နိုင်ငံများမှ လျှပ်စစ်ပြန်လည် ဝယ်ယူရန်နှင့် လျှပ်စစ်ထုတ်နိုင်သည့် သဘောအား ငှားရမ်းနိုင်ရန်အတွက် စီစဉ်ခဲ့သော်လည်း ပိုင်ဆိုင်မှုမရှိ ကုန်ကျစရိတ်ကြီးမြင့်သည်ဟူသော တွေးဆမှုများကြောင့် အစိုးရအတွင်း မူဝါဒ ချမှတ်နိုင်ခြင်းမရှိခြင်းခဲ့ပါ။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပေးပို့နေသော သဘာဝဓာတ်ငွေ့အား အသုံးပြုရန်အတွက်မူ ဓာတ်ငွေ့ ပိုမိုလိုအပ်မည် ဖြစ် ပြီး စက်များအား အဆင့်မြှင့်တင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်မည်ဖြစ်သည်။ ဓာတ်ငွေ့သည် နိုင်ငံ၏အများဆုံးသော ဝင်ငွေအရင်းအမြစ် ဖြစ်နေသောကြောင့် တင်ပို့မှုအား လျော့ချရန်အတွက် အခက်အခဲများ ရှိနေသည်။

လျှပ်စစ်ပြန်လည်ဝယ်ယူရန်မှာ မဟာဓာတ်အားလိုင်းများ ချိတ်ဆက်သွားရန် လိုအပ်မည်ဖြစ်သည်။ ထိုသို့ အခြေအနေ အရပ်ရပ်တွင် ကျောက်မီးသွေးသည် ရေတို ဖြေရှင်းနိုင်မည်ဟု ယူဆသော်လည်း စတင်ပြင်ဆင်သည့်အချိန်မှ လည်ပတ် ချိန်အထိ အချိန် ၃ နှစ်ခန့် ကြာမြင့်မည်ဖြစ်ရာ ရေတိုဖြည့်ဆည်းပေးနိုင်မည်မဟုတ်ပေ။

စီးပွားရေးတွက်ချေကိုက်လား

ကျောက်မီးသွေးစက်ရုံများ လာရောက်ရင်းနှီးသော် ယခင်အတိုင်း BOT (တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း) စနစ် ဖြင့်သာ လည်ပတ်မည်ဖြစ်ပြီး ပျှမ်းမျှ နှစ် ၃၀ ခန့် လည်ပတ်သွားမည်ဖြစ်သည်။ ကနဦးတည်ဆောက်ခြင်းအား အစိုးရအနေဖြင့် ကုန်ကျစရိတ်မရှိသော်လည်း ကျောက်မီးသွေးဖြင့် လည်ပတ်ခြင်းကြောင့် ရေရှည်ကုန်ကျစရိတ်အား သုံးသပ်ရန် လိုအပ်သည်။

လက်ရှိ အရှေ့တောင်အာရှအတွင်း အရင်းအမြစ်အလိုက် စွမ်းအင်ထုတ်လုပ်ကုန်ကျစရိတ် ၁ နာရီ ၁ ကီလိုဝပ်ဇ် (၁ kWh) ပျှမ်းမျှဈေးနှုန်းမှာ နေရောင်ခြည်မှ ၁၂၀၀ ကျပ်ခန့်၊ လေအားမှ ၁၀၀၀ ကျပ်ခန့်၊ ကျောက်မီးသွေးမှ ၈၀၀ ကျပ် ခန့်၊ အခြားနိုင်ငံမှ တင်သွင်းခြင်းသည် ၇၀၀ ကျပ်နှင့် ရေအားမှ ၅၀၀ကျပ်ခန့် ကုန်ကျသည်ကို တွေ့ရသည်။

သို့သော် ၂၀၀၉ မှ ၂၀၁၆ အတွင်း နည်းပညာတိုးတက်လာမှုကြောင့် နေရောင်ခြည်မှထုတ်လုပ်မှု ကုန်ကျစရိတ် သည် ၈၀ ရာခိုင်နှုန်းနှင့် လေအား၏ကုန်ကျစရိတ်သည် ၆၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး နှစ်စဉ် ၁၀ ရာခိုင်နှုန်းကျော်ခန့် ဆက်လက် ကျဆင်းနေသည်။

ထို့အတူ ထုတ်လုပ်မှု စရိတ်ကြီးမြင့်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းစရိတ်များကြောင့် ကျောက်မီးသွေးမှာ နှစ်စဉ် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းခန့် ပိုမိုကုန်ကျလာသည်ကို တွေ့ရသည်။ ယခုအတိုင်း ဆက်လက်သွားမည်ဆို ပါက ၂၀၂၀ တွင် ကျောက်မီးသွေးမှ ရရှိသော လျှပ်စစ်၏ကုန်ကျစရိတ်သည် နေရောင်ခြည်နှင့် လေအားထက် ပိုမို ကုန်ကျနေမည်ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံသည် BOT မကုန်မချင်း စီးပွားရေးတွက်ချေမကိုက်သော ကျောက်မီးသွေးအား ဈေးကြီးပေး အသုံးပြုနေရမည်ဖြစ်ပြီး BOT ကုန်ဆုံးပါကလည်း တွက်ချေမကိုက်သော စက်ရုံသာ ကျန်ခဲ့မည်ဖြစ်သည်။ စက်ရုံအား နိုင်ငံတကာအဖွဲ့အစည်းများမှ အတိုးမဲ့ အကူအညီနှင့် ဆောက်လုပ်သည့်တိုင် စီးပွားရေး တွက်ချေမကိုက်သောကြောင့် နိုင်ငံ ဖွံ့ဖြိုးမှုအတွက် ထိရောက်သော ရင်းနှီးမြှုပ်နှံမှုဖြစ်မလာနိုင်ပါ။

ထို့အတူ စက်ရုံလည်ပတ်နိုင်ရန်အတွက် လိုအပ်သည့် ကျောက်မီးသွေးနှင့် အရည်အသွေးလိုအပ်ချက်များအား တိကျစွာ သုတေသနပြုထားခြင်း မရှိသေးပါ။ အခြားနိုင်ငံများရှိ ရင်းနှီးမြှုပ်နှံမှုများအား ကနဦး လေ့လာချက်များအရ စက်ရုံ လည်ပတ်ရန်အတွက် ကျောက်မီးသွေးအား တင်သွင်းရပြီး အရည်အသွေး ကန့်သက်ချက်များရှိရာ မြန်မာနိုင်ငံသည် လည်း ကျောက်မီးသွေး တင်သွင်းရမည့် အလားအလာရှိပါသည်။ ထိုသို့တင်သွင်းရပါက ကုန်ကျစရိတ်သည် ပိုမိုများ လာမည်ဖြစ်ပြီး ကုန်သွယ်မှုလိုငွေ မြင့်ကာ၊ စွမ်းအင်မှီခိုမှုမြင့်တက်နေမည်ဖြစ်သည်။

မြန်မာနှင့် မဟာမဲခေါင်

မကြာမီရက်ပိုင်းအတွင်း ထုတ်ဝေခဲ့သော မဲခေါင်ဒေသတွင်း စွမ်းအင်ကဏ္ဍပြောင်းလဲမှုနှင့် တိုးတက်မှုဖြစ်စဉ် စာတမ်း ( Mekong Power Shift : Emerging Trends in the GMS power sector) အရ မြန်မာနိုင်ငံသည် လျှပ်စစ်လိုအပ်ချက်များ ရှိသော်လည်း ဒေသအတွင်း တရုတ်နိုင်ငံပြီးပါက လျှပ်စစ်ထုတ်လုပ်မှု အများဆုံးနှင့် တင်ပို့နိုင်သည့် အလားလာ အများဆုံး (အရှေ့တောင်အာရှ၏ဓာတ်ခဲ) အနေဖြင့် ဖော်ပြထားသည်။

၂၀၁၄ ခုနှစ်တွင် သဘောတူခဲ့ကာ ၂၀၁၆တွင် စတင်ခဲ့သော အာဆီယံ မဟာဓာတ်အားကွန်ရက်သည် မကြာမီ နှစ်များ အတွင်း အသက်ဝင်လာမည်ဖြစ်ပြီး နိုင်ငံများ ဖြတ်ကျော်ကာ ဓာတ်အား ဝယ်ယူလာနိုင်မည်ဖြစ်သည်။ ထို့ကြောင့် လျှပ်စစ် တင်ပို့ရန်အတွက် အခွင့်အလမ်း တိုးလာမည်ဖြစ်ပြီး တင်သွင်းစရိတ်လည်း လျော့နည်းလာမည်ဖြစ်သည်။

တရုတ်နိုင်ငံ (ယူနန်)သည် လက်ရှိတွင် ရေအားလျှပ်စစ်မှ နှစ်စဉ် ၁၀၀ မစ်ဂါဝက် ပိုနေပြီး မကြာမီအတွင်း လာအိုနှင့် ထိုင်းကို ဖြတ်ကျော်ကာ ရောင်းချသွားရန် စီစဉ်နေသည်။

မြန်မာနိုင်ငံသည် ထိုဈေးကွက်အတွင်း ပါဝင်လိုက ရေအားလျှပ်စစ်တွင် ရင်းနှီးမြှုပ်နှံသွားရန် လိုအပ်ပြီး လာအိုအား ဖြတ်ကျော်သွားနိုင်သည်။

ထိုစာတမ်းတွင် အကြံပြုချက်အနေဖြင့် ရေတိုတွင် လျှပ်စစ်အားတင်သွင်းရန် အားပေးပြီး ရေရှည်စီးပွားရေးအတွက် ရေအားတွင် ရင်းနှီးမြှုပ်နှံကာ တင်ပို့သွားရန် အကြံပြုထားသည်။ ဒေသအတွင်း မဟာလျှပ်စစ်ဓာတ်အား လိုင်းများနှင့် ချိတ်ဆက်ခြင်းသည် ရေတိုတင်သွင်းရန်နှင့် အနာဂတ် ရေအားလျှပ်စစ် တင်ပို့ရန် အထောက်အကူပြုသွားနိုင်သည်။

ထိုသို့ တင်သွင်းခြင်းသည် ကနဦးတွင် တွက်ချေမကိုက်၊ ပိုင်ဆိုင်မှုမရှိဟု ထင်ရသော်လည်း နောက် ၅ နှစ်အား မျှော် ကြည့်ပါက ကျောက်မီးသွေးထက် ပို တွက်ချေကိုက်သည်ကို တွေ့ရသည်။ သို့မဟုတ်ပါကလည်း အခြေခံအဆောက် အဦတွင်သာ ရင်းနှီးမြှုပ်နှံလိုပါက ရေရှည်တွက်ခြေကိုက်သော နေရောင်ခြည်၊ လေအားနှင့် ရေအားတွင်သာ ရင်းနှီးမြှုပ်နှံသင့်ပါသည်။

(အမရသီဟသည် လက်ရှိ အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ Stimson Center တွင် လုံခြုံရေးနှင့် ကာကွယ်ရေး သုတေသနပြုနေပြီး ယခု ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading