အပြန်အလှန် စိတ်ပျက်နေရုံနဲ့ မပြီးပါ

အောင်မျိုးမင်း
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ
Want create site? Find Free WordPress Themes and plugins.

အခုတလော မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီရဲ့အစီရင်ခံစာ အ ပေါ် ဝေဖန်သံတွေ ညံနေတဲ့ကာလဖြစ်နေတာ တွေ့ရပါတယ်။

မစ္စယန်ဟီးလီကလည်း မြန်မာနိုင်ငံအစိုးရရဲ့လူ့အခွင့်အရေး လုပ်ဆောင်မှုအပေါ် စိတ်ပျက်၊ မြန်မာအစိုးရကလည်း သူ့ရဲ့ အစီရင်ခံစာကို အပြန်အလှန်စိတ်ပျက်ကြတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ကြတဲ့ ကာလတခုပေါ့။

၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေတွေဟာ အထူးဆိုးဝါးလာပြီလို့ နိုင်ငံတကာက ယူဆတာ ကြောင့် ကုလသမဂ္ဂမှာရှိတဲ့ အထူးလုပ်ထုံးလုပ်နည်း (Special Procedure) မှာ ထည့်သွင်းပြီး မြန်မာနိုင်ငံရဲ့လူ့အခွင့်အ ရေးအခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ နိုင်ငံအလိုက် လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အထူးကိုယ်စားလှယ် (Country Human Rights Rapporteur) ကို ၁၉၉၂ ခုနှစ်မှာ စတင်ခန့်အပ်ခဲ့ပါတယ်။

တာဝန်ပေးခန့်အပ်ခံရတဲ့ အထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်လေ့ လာပြီး အခြေအနေတွေကို လူ့အခွင့်အရေးကောင်စီထံ ပြန်လည် အစီရင်ခံရမှာဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်ကစပြီး မြန်မာ နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးအထူးကိုယ်စားလှယ် စုစုပေါင်း ငါးဦး ခန့်အပ်ပြီးဖြစ်ပါတယ်။

ဒီကိုယ်စားလှယ်တွေဟာ ကုလသမဂ္ဂဝန်ထမ်းတွေမဟုတ်ဘဲ သီးခြားလွတ်လပ်တဲ့သူတွေ ဖြစ်ပါတယ်။ ဒီတာဝန် ထမ်း ဆောင်တာကြောင့် လခ ခံစားခွင့် လုံးဝမရှိသူတွေဖြစ်ပါတယ်။

လက်ရှိခန့်အပ်ခံရပြီး တာဝန်ထမ်းဆောင်နေတဲ့ တောင်ကိုရီးယားနိုင်ငံသူ မစ္စယန်ဟီးလီကတော့ ငါးကြိမ်မြောက် တာဝန် ပေးအပ်ခံရသူဖြစ်ပါတယ်။ အမျိုးသမီးလည်း ဖြစ်၊ အာရှသူလည်းဖြစ်တဲ့ သူမကို အာဏာပိုင်တွေက အစပိုင်းမှာ အတော် အဆင်ပြေပြေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။ ဒါပေမယ့် သူမရဲ့အစီရင်ခံစာထဲမှာ ရခိုင်ပြည်နယ်မှာရှိတဲ့ လူ့ အ ခွင့်အရေးအခြေအနေတွေကို တင်ပြလာခဲ့အခါမှာ ဆက်ဆံရေးအဆင်မပြေလာတာ တွေ့ရပါတယ်။

သူမကို “ရိုဟင်ဂျာ” ဆိုတဲ့ စကားမသုံးဖို့အထိ အာဏာပိုင်တွေဘက်က တိုက်တွန်းလာခဲ့တာတွေ့ရသလို သူမကလည်း ဒီအမည်စကားလုံးဟာ ကုလသမဂ္ဂမှာ တရားဝင်သုံးစွဲတဲ့အသုံးအနူန်းဖြစ်လို့ ဆက်လက်သုံးစွဲမှာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

ဒီလိုရပ်တည်မှုကြောင့် ရခိုင်ပြည်နယ်ကို သွားရောက်စုံစမ်းတဲ့အခါတိုင်း ဒေသခံပြည်သူတချို့ ရဲ့ကန့်ကွက်ဆန္ဒပြတာ တွေကို သူမ ကြုံတွေ့ခဲ့တယ်။ သူမကို ရိုင်းရိုင်းစိုင်းစိုင်းခေါ်ဝေါ်မှုတွေ၊ စွပ်စွဲပြစ်တင်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

၂၀၁၇ ခုနှစ် သူမ လာရောက်တဲ့ခရီးစဉ်မစတင်ကထဲက အစိုးရဟာ ထိန်းချုပ်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ သူမ လာ ရောက်တဲ့အခါမှာ ကုလသမဂ္ဂက တာဝန်အသိပေးပြီး ဖွဲ့စည်းခဲ့တဲ့ အချက်အလက်ရှာဖွေ စုံစမ်းရေးကော်မရှင် (Fact-Finding Mission) နဲ့ မပတ်သက်ရဘူးလို့ ကြိုတင်သတိပေးခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အထူးဖွဲ့စည်းတာဝန်ပေးလိုက်တဲ့ အချက်အလက်ရှာဖွေ စုံစမ်းရေးကော်မရှင်မှာ ကော်မရှင်သုံးဦး ပါဝင်ဖွဲ့စည်းထားပါတယ်။ ဒါပေမယ့် မြန်မာအစိုးရကတော့ ဒီကော်မရှင်ဟာ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေကို ပိုဆိုးစေမယ်၊ မလိုအပ်ဘူးဆိုတဲ့ပြောဆိုချက်နဲ့ လာရောက်ခွင့်မပြုခဲ့ပါဘူး။ ပူးပေါင်းဆောင်ရွက်မှုကိုလည်း လုပ်ဆောင်မှာမဟုတ်ဘူးလို့ အတိအလင်း ကြေညာခဲ့ပါတယ်။

အမှန်တကယ်ကတော အခုလို ကြိုတင်သတိပေးချက်ဟာ ကုလသမဂ္ဂရဲ့လုပ်ထုံးလုပ်နည်းကို နားမလည်ရာ ရောက်ပါတယ်။ ကုလသမဂ္ဂမှာ ဖွဲ့စည်းတာဝန်ပေးတဲ့ဌာနတိုင်း ကော်မရှင်တိုင်းဟာ မတူညီတဲ့ တာဝန်သတ်မှတ်ပေးချက်တွေ ရှိပါတယ်။

မစ္စယန်ဟီးလီရဲ့တာဝန်နဲ့ အခု အသစ်ဖွဲ့စည်းလိုက်တဲ့ အချက်အလက်ရှာဖွေစုံစမ်းရေးကော်မရှင်ရဲ့လုပ်ပိုင်ခွင့်တာဝန် မတူ ပါဘူး၊ မစ္စယန်ဟီးလီရဲ့တာဝန်က မြန်မာနိုင်ငံမှာ ဖြစ်ပွားတယ်လို့ယူဆရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းရမှာ ဖြစ်ပြီး ကော်မရှင်ကတော့ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းရမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂမှာ တဖွဲ့ရဲ့တာဝန်ကို တဖွဲ့က ဝင်ရောက်စွက်ဖက်လို့မရပါဘူး။ လူကြုံလက်ဆောင်ပေးလိုက်သလို ကြုံသလို ဝင်ရောက်လို့ မရပါဘူး။ အခုလို ကြိုတင်တားမြစ်မှုဟာ အစိုးရရဲ့အလွန်အမင်း စိတ်ပူမှုကို ဖော်ပြနေပါတယ်။ ဟန်ဟီးလီ လာရောက်တဲ့အခါမှာ ကန့်သတ်ချက်တွေ တိုးလာတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်မှာ လွတ်လပ်စွာ သွားလာခွင့်မရှိဘူး၊ မကြာမီက ဖမ်းဆီးခံခဲ့ရတဲ့ သတင်းသမားသုံးဦးကို ထိန်းသိမ်းထားတဲ့ သီပေါထောင်ကို သွားလာခွင့် မပြုခဲ့ဘူး။ ဒါတွေကို သူ့ရဲ့အစီရင်ခံစာမှာ ရေးသားထားခဲ့ပါတယ်။

ရလဒ်ကတော့ လက်ရှိအစိုးရလက်ထက်မှာ အရင်အစိုးရလိုဘဲ ကန့်သတ်ချက်တွေရှိနေတုန်းပါဆိုတဲ့ ကောက်ချက်ပဲ ဖြစ် ပါတယ်။ ဒီလိုလုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး မစ္စယန်ဟီလီးက “စိတ်ပျက်မိကြောင်း” ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

သူမရဲ့ဒီလိုသုံးသပ်မှုကြောင့် မြန်မာနိုင်ငံအစိုးရဘက်က “စိတ်ပျက်မိကြောင်း” တုံ့ပြန်ချက်တွေ ချက်ချင်းဆိုသလို ထွက် ပေါ်လာခဲ့ပါတယ်။ ဒါအပြင် ဥပဒေပြုခြင်း၊ စောင့်ကြည့်ခြင်းနဲ့ ပြည်သူကို ကိုယ်စားပြုခြင်းဆိုတဲ့တာဝန်သုံးရပ်ကို ထမ်း ဆောင်တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ယန်ဟီးလီရဲ့အစီရင်ခံစာအပေါ် ကန့်ကွက်ကြောင်း အရေးတကြီးအဆို တင်သွင်း ပြီး အတည်ပြုခဲ့တဲ့အထိ တုံ့ပြန်ခဲ့ကြပါတယ်။

အမှန်တကယ်တော့ အခုအချိန်ဟာ မြန်မာအစိုးရသစ်အနေနဲ့ လူ့အခွင့်အရေးတွေကို အမှန်တကယ် လေးစားအကောင် အထည်ဖော်နေကြောင်းကို သက်သေပြနိုင်တဲ့ အချိန်ဖြစ်ပါတယ်။

နိုင်ငံတကာမှာ ပြန့်နှံ့နေတဲ့ မှားယွင်းနေတဲ့ သတင်းစကားတွေရှိရင်လည်း ပြန်လည်ချေပနိုင်တဲ့အခွင့်အရေးဖြစ်ပါတယ်။ ဒါ ပေမယ့် “စိတ်ပျက်တယ်” ဆိုတဲ့စကားလုံးထက် အပြုသဘောကို ဦးတည်တဲ့လုပ်ဆောင်ချက်တွေနဲ့ သက်သေပြသင့်ပါ တယ်။

ဘက်မျှတဲ့သတင်းတွေကို ရရှိဖို့ ပါဝင်ပတ်သက်သူတွေအားလုံးနဲ့ တွေ့ဆုံနိုင်အောင် စီစဉ်ပေးတာမျိုး၊ မှန်ကန်တဲ့အချက် အလက်တွေကို တိတိကျကျရရှိနိုင်ဖို့အတွက် ကာယကံရှင်တွေနဲ့ လွတ်လွတ်လပ်လပ် တွေ့ဆုံခွင့်ပေးတာမျိုးတွေ လုပ်ဆောင် ပေးသင့်ပါတယ်။

မှားယွင်းတဲ့စွပ်စွဲချက်တွေရှိရင် သတင်းမှန်တွေနဲ့ တုံ့ပြန်နိုင်မှာဖြစ်ပါတယ်။ တဖက်မှာလည်း အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ လူ့ အခွင့်အရေးချိုးဖောက်မှုတွေရှိမယ်ဆိုလည်း တရားဥပဒေအတိုင်း ထိုက်သင့်သလို အရေးယူဆောင်ရွက်ခြင်းဖြင့် နိုင်ငံတ ကာရဲ့ယုံကြည်လေးစားမှုကို ပြန်လည်ရရှိနိုင်မှာဖြစ်ပါတယ်။

အပြန်အလှန်စိတ်ပျက်တယ်ဆိုနေတာကြောင့် အမှန်တကယ် လက်တွဲလုပ်ဆောင်နိုင်မယ့်အခြေအနေတွေကို ပျက်စီးဆုံး ရှုံးမသွားစေချင်ပါဘူး။ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ကာလများစွာ နာမည်ဆိုး တွင်ကျန်နေဆဲ မြန်မာနိုင်ငံရဲ့ဂုဏ်သိက္ခာကို ပြန်ဆည်နိုင်ဖို့အတွက်က လက်ရှိအစိုးရအနေနဲ့ နိုင်ငံတကာ အပါအဝင် ပါဝင်ပတ်သက်သူများအားလုံးနဲ့ စိတ်ရင်းစေတနာ ရှိရှိ ပူးပေါင်းဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။

အစီရင်ခံစာ ရေးသားသူဘက်ကလည်း တွေ့ရှိရတဲ့အချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဘက်လိုက်မှုမရှိဘဲ ရေးသားသလို အစိုးရဘက်ကလည်း တွေ့ရှိချက်တွေအပေါ် သုံးသပ်မှု၊ ဖြေရှင်းမှုတွေ မှန်မှန်ကန်ကန်လုပ်ဆောင်မယ်ဆိုရင် အမှန်တကယ် အကျိုးရှိမှာတော့ လူ့အခွင့်အရေးချိုးဖောက်ခံပြည်သူများပဲ ဖြစ်ပါတော့တယ်။

(အောင်မျိုးမင်းသည် ရန်ကုန်အခြေစိုက် လူ့အခွင့်အရေး ပညာပေးပြန့်ပွားရေး Equality Myanmar အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဖြစ်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading