တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ယုံတမ်းစကား

Matthew Walton
အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်သည် လုပ်ကြံတည်ဆောက်ထားသော စိတ်ကူးယဉ် လူမျိုးစုညီညွတ်ရေးအပေါ် အခြေမခံဘဲ ပင်လုံကို ညီညွတ်ရေး လှုံ့ဆော်မှု တွန်းအားအဖြစ် မြင်သင့်သည် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ယုံတမ်းစကားသည် ခေတ်ပြိုင်မြန်မာနိုင်ငံတွင် ထင်ထင်ရှားရှား ရှိနေသေးသည်။ ယခင်စစ်အစိုးရနှင့် လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှပင် မှားယွင်းသော သမိုင်းအယူအဆများကို ကြားရမည်ဟု မျှော်လင့်နေသည့် တချိန်တည်းတွင် နိုင်ငံရှိ လူမျိုးစုများ၏ အတိတ်သမိုင်းနှင့် ပတ်သက်ပြီး မှားယွင်းသည့် အယူအဆများသည် ပိုမို ရှုပ်ထွေးသည်သာမက ကရုဏာသက်စရာအဖြစ် ပုံဖေါ်ရန် ကြိုးစားသူများထံမှလည်း ပေါ်ထွက်လာတတ်သည်။

မကြာသေးမီက မြန်မာ့နိုင်ငံရေး သုတေသီ ဦးစည်သူအောင်မြင့် ရေးသားသော အတွေးအမြင်ဆောင်းပါးတပုဒ်သည် ထိုအချက်ကို ပြသနေသည့် ဥပမာကောင်းတခုဖြစ်သည်။ ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရန် ပြည်ထောင်စုမှ ခွဲမထွက်ရေး စည်းကမ်းချက်အား ကြိုတင်သဘောတူဖို့ လိုအပ်ခြင်းအပေါ် အငြင်းပွားမှုနှင့် ပတ်သက်၍ ဦးစည်သူအောင်မြင့်က ဗမာမဟုတ်သော လူမျိုးစု အများစု၏ သဘောထားကို ထောက်ခံရေးသားသည်။ လူမျိုးစုများသည် မြန်မာနိုင်ငံ၏ အစိတ်အပိုင်းအဖြစ် နေထိုင်မည်ဟု ကတိပေးပြီးဖြစ်သောကြောင့် အထက်ပါ စည်းကမ်းချက်သည် မလိုအပ်သည့်အပြင် စော်ကားခြင်းလည်းဖြစ်သည်ဟု ရေးသားခဲ့သည်။

သို့သော် သူသည် ထိုသို့ဆွေးနွေရာတွင် လွတ်လပ်ရေးခေတ်က ပြဿနာအရှိဆုံးနှင့် သမိုင်းမဆန်ဆုံး အမြင်များအနက် တခုကို သက်ဆိုးရှည်အောင် ဆက်လက်ကိုင်စွဲသည်။ ထိုအမြင်မှာ ဗမာနှင့် အခြားတိုင်းရင်းသား လူမျိုးစုများသည် လွတ်လပ်ရေးအတွက် ဗြိတိသျှကို လက်တွဲတိုက်ခဲ့သည်ဟူသော အမြင်ဖြစ်သည်။

ထိုအချက်မှာ မှန်ကန်ခြင်းမရှိပေ။ ဗမာလွှမ်းမိုးသော ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ် (ဖဆပလ) တွင် ဗမာမဟုတ်သော လူမျိုးစုအုပ်စုများ၊ အခြားလူမျိုးစု မဟာမိတ်များပါဝင်သော်လည်း ဗမာမဟုတ်သော လူမျိုးစုအုပ်စုများအကြား ဗြိတိသျှကိုလိုနီ အုပ်ချုပ်ရေးနိဂုံးကို တုံ့ပြန်ပုံမှာ ကွဲပြားခဲ့သည်။

ပထမဆုံးအချက်မှာ မည်သူမဆို လွှတ်လပ်ရေးအတွက် ဗြိတိသျှကို တိုက်ခိုက်ခဲ့သည်မဟုတ်ပေ။ လွတ်လပ်ရေးသည် မြန်မာနိုင်ငံအတွက် ရုန်းကန်လှုပ်ရှားမှုဖြစ်သော်လည်း ဒုတိယကမ္ဘာစစ်အပြီးတွင် ဗြိတိသျှနှင့် စစ်မြေပြင်တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့ပေ။ ထိုနိုင်ငံရေးလှုပ်ရှားမှုအတွင်းမှာပင် လူမျိုးစုအလိုက် အမြင်များ ကွဲပြားသည်။

ရှမ်းစော်ဘွားများသည် ဖိနှိပ်သော မြေရှင်ပဒေသရာဇ်များဖြစ်သည်ဟု ဗမာ အမျိုးသားရေးဝါဒီများက ပြင်းထန်စွာ ဝေဖန်သော်လည်း စော်ဘွားစနစ်ကို ထောက်ခံသူများသည် ဖဆပလ က အဆိုပြုသော နိုင်ငံရေးဗဟိုချုပ်ကိုင်မှုထက် ဗြိတိသျှပုံစံ ဒေသအလိုက် အုပ်ချုပ်ခွင့်ပြုခြင်းသည် ပိုမိုအကျိုးအမြတ်ရှိသည်ဟု မြင်ကြသည်။

ယင်းသို့မြင်သူများထဲတွင် ရုပ်ဝတ္တုအရ အကျိုးအမြတ်ရသူများသာမက ပိုမို အလှမ်းကျယ်ပြောသည့် တရားဝင်မှုကို ယုံကြည်သူများလည်း ပါဝင်သည်။ ၁၉၄၇ ပင်လုံညီလာခံဖြစ်ရပ်များကလည်း ဗြိတိသျှဆန့်ကျင်ရေးစိတ်ဓာတ် သို့မဟုတ် အမျိုးသားရေးစိတ်ဓာတ် ပေါ်ပေါက်လာခြင်းထက် ဗမာနှင့်ပေါင်းစည်းရေး အထောက်အပံ့ဖြစ်စေသော ပြောဆိုဆွေးနွေးမှုများဖြင့် ဗမာမဟုတ်သော လူမျိုးစုကိုယ်စားလှယ်အများစုကို စွဲဆောင်ခဲ့ရကြောင်း ရှင်းလင်းစွာ ဖော်ပြပြီး ဖြစ်သည်။

ခရစ်ယာန်ဘာသာသို့ ကူးပြောင်းခဲ့ကြပြီး ဘာသာရေးစိတ်က ပြုစုပျိုးထောင်ပေးလိုက်သည့် ကရင်ခေါင်းဆောင်များနှင့် ဗြိတိသျှစစ်သားများ၊ အုပ်ချုပ်သူများအကြား ခိုင်မာသော ဆက်ဆံမှုများကြောင့် ဗမာဦးဆောင်သော လွတ်လပ်ရေးလှုပ်ရှားမှုကို သံသယ အဝင်ဆုံးမှာ ကရင်လူမျိုးစုဖြစ်နိုင်သည်။

ထိုစဉ်က သီးခြားလွတ်လပ်သော ပြည်နယ်ထူထောင်လိုသည့် ကရင်များ၏ ဆန္ဒကို ထင်ရှားသောဗြိတိန်ခေါင်းဆောင်များ၏ အလားတူ လိုလားသော အရေးအသားများနှင့် အများပြည်သူသို့ ထုတ်ပြန်ကြေညာသော ကြေညာချက်များတွင်လည်းတွေ့နိုင်သည်။ ကရင်လူမျိုးစု အများအပြားအကြားတွင် အမြင်အမျိုးမျိုး ဖြစ်နေကြသော်လည်း ၁၉၄၀ ခုနှစ်များနှောင်းပိုင်း သြဇာအကြီးမားဆုံး ကရင်ခေါင်းဆောင်အချို့သည် ဗြိတိသျှဓနသဟာရအဖွဲ့ဝင် ကရင်နိုင်ငံတော်ဟူသော အယူအဆကို ထောက်ခံကြသည်။

ဗမာခေါင်းဆောင်သည့် လက်နက်ကိုင်အဖွဲ့များက ကရင်အသိုင်းအဝန်းအပေါ် ကျူးလွန်ခဲ့သော အတိတ်က အကြမ်းဖက်မှုကြောင့် သူတို့အများအပြားသည် သဘာဝကျစွာပင် ဗမာလွှမ်းမိုးသည့် လွတ်လပ်သောမြန်မာနိုင်ငံကို ကြောက်ရွံ့ခဲ့ကြသည်။

လွတ်လပ်ရေးလှုပ်ရှားမှုအတွင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တဘက်သတ်ပြောဆိုမှုများတွင် မဖော်ပြဘဲ ချန်လှပ်ခဲ့သည့် အချက်တခုလည်း ရှိသည်။ ယင်းမှာ ဖဆပလ၏ အဓိကခေါင်းဆောင်များဖြစ်လာမည့် ဗမာခေါင်းဆောင်အုပ်စုသည် ဒုတိယကမ္ဘာစစ်အတွင်းတွင် ဂျပန်နှင့်ဦးစွာ မဟာမိတ်ဖွဲ့ခဲ့ကြသည်။ မြန်မာပြည် စစ်မျက်နှာတွင် ဂျပန်နှင့် ဗမာကတဘက်၊ ဗြိတိန်နှင့် အခြားလူမျိုးစုများကတဘက် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

စစ်အတွင်း အပြင်းအထန် တိုက်ခိုက်ခဲ့ကြပြီးနောက် ဂျပန်အုပ်ချုပ်ရေးကို မကျေနပ်သောကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဘက်ပြောင်းလာသူများက ၎င်းတို့သည် ဗြိတိသျှ မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းလိုကြောင်း ကြေညာသောအခါ သံသယများနှင့် ရင်ဆိုင်ခဲ့ကြရသည်။ ဂျပန်များကို မောင်းထုတ်ပြီးသည့်တိုင် မြန်မာနိုင်ငံတဝန်းလုံးတွင် လူမျိုးစုချင်း ပဋိပက္ခများ ဆက်လက်ရှိနေကြသည်။ သမိုင်းဝင် ပင်လုံညီလာခံမတိုင်မီ သို့မဟုတ် အပြီးတွင်ပင် ဆက်ဆံရေးတင်းမာနေခဲ့သည်။ ယင်းသည် တိုင်းရင်းသားလူမျိုးစုများ ညီညွတ်ကြသည်ဟုဆိုခြင်းမှာ မှားယွင်းကြောင်း သက်သေပြမှုများ ဖြစ်သည်။

လူမျိုးစု လက်နက်ကိုင်များဘက်မှ ထောက်ခံပြီး တစုံတရာ ပြောဆိုပေးသော ဆောင်းပါးတပုဒ်မှ သေးငယ်သော ထိုအမှားအယွင်းသည် မည်သည့်အတွက် အရေးပါနေရပါသနည်း။

ထို ဗြိတိသျှကို ဆန့်ကျင်သည့် ညီညွတ်ရေး ယုံတမ်းစကားသည် အတိတ်ကာလ မြန်မာနိုင်ငံတွင် သော့ချက်ကျပြီး ခိုင်ခန့်သော လှုပ်ရှားမှုတခု၏ လွန်းထိုး ရောယှက်နေသည့် တွန်းအားများကို ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုမှု ဖျက်လိုဖျက်စီးလုပ်မှု တခု ဖြစ်သည်။ လက်ရှိ ဗမာမဟုတ်သော လူမျိုးစု အသိုင်းအဝန်းများနှင့် ၎င်းတို့၏ လက်ရှိ နိုင်ငံရေး ရည်မှန်းချက်များကို တရားမဝင်ဖြစ်စေခြင်းသည် ဆက်လက်ဖြစ်တည်နေဆဲဟု ကျနော် ဆွေးနွေးချင်သည်။

ဗြိတိသျှ ကိုလိုနီမူဝါဒများကို ဝေဖန်ရန် အကြောင်းများစွာ ရှိပါသည်။ ဗမာအုပ်စုကို သွေးခွဲပြီး အင်အားနည်းသွားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း သို့မဟုတ် ရိုးရှင်းစွာပင် ထိုအချိန်က မြန်မာပြည်၏ သွင်ပြင်ပေါင်းစုံပါဝင်သော အမျိုးသားရေး သဘောသဘာဝကို နားမလည်မှုအပေါ် အခြေခံခြင်းနှင့် လမ်းမှားခြင်းတို့ ဖြစ်နိုင်ပါသည်။

လွတ်လပ်ရေးလှုပ်ရှားမှုအတွင်း ရန်သူအဖြစ် ရှည်ကြာစွာ ဖော်ပြခြင်းသည် ဗြိတိသျှတို့ကို ထောက်ခံရင်းနှီးခဲ့သော လူမျိုးစုအုပ်စုများကို မြန်မာနိုင်ငံ ထူထောင်ရာတွင် ကောင်းစွာ မပါဝင်သူများ၊ မျိုးချစ်စိတ်ကို သံသယရှိသူများ၊ အားလုံးအကျိုးထက် ကိုယ်ကျိုးစီးပွားအပေါ် အခြေခံပြီး လုပ်ဆောင်သူများ အဖြစ် ပုံဖော်ရာ ရောက်ပါသည်။

လွတ်လပ်ရေးမတိုင်မီခေတ် တိုင်းရင်းသားလူမျိုးစုညီညွတ်ရေးနှင့် ပတ်သက်ပြီး မတိကျသော ပြောဆိုမှုများသည် လူမျိုးစု လက်နက်ကိုင်အဖွဲ့များနှင့် ဗမာမဟုတ်သော လူမျိုးစုများ၏ လက်ရှိ နစ်နာမှုများကိုလည်း နားမလည်ရာကျသည်။ ၂၀၀၈ ခုနှစ်က ကျနော် ရေးသားခဲ့သည့် ပင်လုံယုံတမ်းစကား (The Myths of Panglong) ဆောင်းပါးတွင် ဖေါ်ပြခံသည့်အတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပင်လုံအပေါ် ချဉ်းကပ်တင်ပြချက်မှာ စစ်အုပ်ချုပ်ရေးကို သက်ဆိုးရှည်စေပြီး ၁၉၄၇ ပင်လုံညီလာခံမှ ထုတ်လုပ်ပေးလိုက်သည့် တန်းတူညီမျှရေး ကတိကဝတ်ကို ငြင်းပယ်နေခဲ့သည်။

ထိုတင်ပြချက်တွင် လွတ်လပ်ရေးကာလ မြန်မာတနိုင်ငံလုံးသည် ညီညွတ်ကြသည်၊ ၁၉၅၀ ခုနှစ်များအတွင်း စစ်ဘက် ထကြွမှုများနှင့် ၁၉၆၂ မှစတင်သော စစ်အုပ်ချုပ်ရေးသည် ညီညွတ်ရေးအိပ်မက်ကို ပျက်စီးစေခဲ့သည်ဟူသော ယုံတမ်းစကားအား လက်ခံခြင်းပေါ် မူတည်ထားသည်။ ယင်း ဆွေးနွေးချက်၏ ယုတ္တိရှိရှိ တွေးဆန့်ချက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အရပ်သားတပိုင်း အုပ်ချုပ်မှုသည် လွတ်လပ်ရေးခေတ် လူမျိုးစုညီညွတ်ရေးကို ပြန်လည်ရယူနိုင်မည်ဟူ၍ပင်။

ထို့ကြောင့် လူမျိုးစုအခြေခံ လှုပ်ရှားမှု၏ မည်သည့်နောက်ဆက်တွဲကိုမဆို တရားမဝင်ဟု ဆက်လက်ရှုမြင်ပြီး တနိုင်ငံလုံးအကျိုးထက် မိမိလူမျိုးစု၏ အကျိုးစီးပွားအပေါ် ကျဉ်းမြောင်းစွာ အာရုံစိုက်ခြင်းအဖြစ်သာ ယူဆတော့မည်ဖြစ်သည်။

ထိုအချက်ကို လွန်ခဲ့သောနှစ်များအတွင်းကတည်းက ကျနော် နားလည်သဘောပေါက်ခဲ့ပါသည်။ ရန်ကုန်တွင် ကျင်းပသော တိုင်းရင်းသားလူငယ်များ စုဝေးပွဲတခု၌ မိမိ၏ ပင်လုံလေ့လာချက်များနှင့်ပတ်သက်ပြီး ဖိတ်ခေါ်စကားပြောစေခဲ့စဉ် သူတို့၏ အမြင်နှင့် ပင်လုံနှင့်ဆက်လျဉ်းသော ယုံတမ်းစကားများက ယင်းသို့ ဖြစ်စေခဲ့သည်။

နောက်ဆက်တွဲဆွေးနွေးပွဲများ၏ အရေးပါသည်များမှာမူ စာရေးသူ၏ စာတမ်းအကြောင်း မဟုတ်တော့ဘဲ စာရေးသူကို သုတေသနအချို့ လုပ်ဆောင်ကူညီပေးနေသော ဗမာ လူငယ်ပညာရှင်တဦးက သူ့ ရင်တွင်းခံစားချက်ကို လူမျိုးစုလူငယ်များအား ပြောပြခြင်းဖြစ်သည်။ ထိုဗမာလူငယ်က သူ လွတ်လွတ်လပ်လပ် မလေ့လာတတ်သေးမီအထိ ကျောင်းသုံးဖတ်စာအုပ်များ ဆရာများ မိဘများက လက်ရှိလူမျိုးစုပဋိပက္ခသည် တရားဝင်သော နိုင်ငံရေးအရနစ်နာမှုအပေါ် အခြေမခံဘဲ အတ္တကြီးသော ရုပ်ဝတ္တုအကျိုးစီးပွားပေါ်တွင် အခြေခံသည်ဟု သင်ကြားပေးခဲ့ကြောင်း ပွင့်လင်းစွာ ပြောပြခဲ့သည်။

သူ၏တောင်းပန်ခြင်းနှင့် လူမျိုးစုပဋိပက္ခများ၏ အကြောင်းရင်းကို အသိအမှတ်ပြုခြင်းတို့ကြောင့် ထိုအခိုက်အတန့်အချိန်လေးသည် စွမ်းအားကြီးသည့် အချိန်ပင်ဖြစ်သည်။ သို့သော် ဗမာများသည် လွန်ခဲ့သော ဆယ်စုနှစ် ၅ ခုအတွင်း စစ်တပ်၏ လူ့အခွင့်အရေးချိုးဖေါက်မှုများ အပြင်းထန်ဆုံးခံစားခဲ့ရသော လူမျိုးစုများအပေါ် ကရုဏာသက်ကြသည့်တိုင် မြန်မာ့ လူမျိုးစုသမိုင်းနှင့်ပတ်သက်သော ဘက်လိုက် လိမ်ညာထားသည့် အမြင်များကို အနည်းဆုံး တစိတ်တပိုင်း ဆက်လက်ဆုပ်ကိုင်ထားနိုင်ဆဲ ဖြစ်သည်။

မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်သည် လုပ်ကြံတည်ဆောက်ထားသော စိတ်ကူးယဉ် လူမျိုးစုညီညွတ်ရေးအပေါ် အခြေမခံဘဲ ပင်လုံကို ညီညွတ်ရေး လှုံ့ဆော်မှု တွန်းအားအဖြစ် မြင်သင့်လှပေသည်။ ၁၉၄၇ ခုနှစ်က ဗမာ ခေါင်းဆောင်များသည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် မည်သည့်အခါကမှ မဖြည့်ဆီးပေးသည့် ကတိများကို ပေးခဲ့ကြသည်။

သို့သော် မူလ ပထမ ပင်လုံညီလာခံသည် ယနေ့ခေတ် ရေပေါ်ဆီများ လွှမ်းမိုးသည့် ညီလာခံထက်ပင် လူမျိုးစုမျိုးစုံ ပါဝင်မှုနည်းပြီး ထိုညီလာခံတွင် ရရှိခဲ့သော ပဏာမ သဘောတူညီချက်များသည် မြန်မာနိုင်ငံ၏ လူမျိုးစုတန်းတူညီမျှရေးအတွက် ဆက်လက်လှုပ်ရှားမှုတိုင်းအား ဖော်ပြနေသည့် သမိုင်းဇာတ်လမ်း၏ အရေးပါသော အစိတ်အပိုင်းတခုဖြစ်သည်။

မခွဲထွက်ရေး စည်းကမ်းချက်နှင့်ပတ်သက်သော သူတို့၏ သဘောထားကို ထောက်ခံသောကြောင့် ဦးစည်သူအောင်မြင့်ကို ဗမာမဟုတ်သော လူမျိုးစုများက ကျေးဇူးတင်ကြမည်မှာ သေချာသည်။ သို့သော် မြန်မာနိုင်ငံ၏ ရှုပ်ထွေးလှသော လူမျိုးစု အတိတ်သမိုင်းကို တိကျစွာ ကိုယ်စားပြုရန် မြန်မာပညာတတ်များ၏ စုပေါင်းအားထုတ်ခြင်းသည် ပိုမိုကျယ်ပြန့်သော လူမျိုးစုရေးရာများကို ပိုမိုအထောက်အကူပြုနိုင်ပြီး ထိုသို့လုပ်ဆောင်ရင်း အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲများအတွက် အုတ်မြစ်ကို ရိုးသားမှု၊ အားလုံးပါဝင်မှုနှင့် အသိအမှတ်ပြုမှုတို့အပေါ် အခြေခံပြီး ချမှတ်ရမည်ဖြစ်သည်။

(မက်သယူး ဝေါ်လတန်၏ Myanmar’s Myths of Ethnic Unity ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ သူသည် အောက်စဖို့တက္ကသိုလ်၊ စိန့်အန်တိုနီကောလိပ်မှ ခေတ်သစ်မြန်မာ့ရေးရာဆိုင်ရာ သုတေသီဖြစ်သည်။ သူ၏ သုတေသနများသည် မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာနှင့် မြန်မာဗုဒ္ဓဘာသာ နိုင်ငံရေးအတွေးအခေါ်ကို အထူးပြုပြီး အရှေ့တောင်အာရှနိုင်ငံရေးနှင့် ဘာသာရေးကိုလည်း အထူးပြုသည်။ လူမျိုးစုရေးရာ၊ ပဋိပက္ခနှင့် မြန်မာ့နိုင်ငံရေးအကြောင်းများကိုလည်း ရေးသားသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading