ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်

Dr Andrew Selth
စစ်ဘက်နှင့် အရပ်ဘက်အာဏာပိုင်များအကြား စိတ်မသက်သာဖွယ်ရာဖြစ်ပြီး ထိပ်တိုက်မတွေ့ဘဲ ပြဿနာရှောင် ဆက်ဆံရေးသာ ဆက်လက်ဖြစ်ပေါ်နေမည် / Reuters
Want create site? Find Free WordPress Themes and plugins.

ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံထားရသော ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာအစိုးရသည် ယခုအချိန်အထိ မဲဆန္ဒရှင်များ စိတ်ပျက်အောင်သာ လုပ်ဆောင်နိုင်သေးကြောင်း နိုင်ငံတကာလေ့လာသူများက ပြောသည်။ သူ့ကို ထောက်ခံသူများက အစိုးရ၏ အမှားများသည် တပ်မတော်ကြောင့်ဖြစ်သည်ဟု အပြစ်တင်ကြသော်လည်း ထိုပြောဆိုချက်သည် လက်ခံနိုင်ဖွယ်မရှိပေ။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အာဏာရလာ သည်မှာ တနှစ်ကျော်ကြာပြီဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ်လတွင် သမ္မတသစ်နှင့် အစိုးရအဖွဲ့သစ်တို့ ကျမ်းသစ္စာကြိမ် ဆိုသည်။ နောက်တလအကြာတွင် နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် အသစ်တီထွင်ထားသော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရာထူးဖြင့် နိုင်ငံ၏အမည်မခံသော ခေါင်းဆောင်ဖြစ်လာသည်။

မကျွမ်းကျင်ဘဲ ကိုယ်ကျိုးရှာသော စစ်အုပ်ချုပ်ရေးအောက်တွင် နှစ်ပေါင်း ၅၀ ကျော်ကြာခံစားခဲ့ရသည့် နိုင်ငံကို အစိုးရ သစ် က အကြီးအကျယ် ပြောင်းလဲစေလိမ့်မည်ဟု မြင့်မားသော မျှော်လင့်ချက်များထားရှိခဲ့ကြသည်။ ထိုသို့ခံစားကြခြင်းမှာ ဒေါ် အောင်ဆန်းစုကြည်၏ မဲဆွယ်ပွဲကတိများကြောင့်ဖြစ်သည်။ ထိုကတိများမှာ တပ်မတော်၏သြဇာကို လျှော့ချရန်၊ စစ်ဘက် အလိုကျဖြစ်နေသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရန်နှင့် အဂတိလိုက်စားမှုကို အဆုံးသတ်ရန်တို့ ဖြစ်သည်။

သို့သော် NLD ၏အာဏာရသက်တမ်း ပထမတနှစ်မှာ နိုင်ငံတကာလေ့လာသူများ၏အမြင်တွင် ဖရိုဖရဲ အနုတ်လက္ခဏာ ဆောင်နေသည်။

အာဏာရလာသောအခါ NLD သည် ရှုပ်ထွေးလှသော ပြဿနာမျိုးစုံကို အမွေရလိုက်သည်။ ထိုပြဿနာများအနက် အချို့မှာ ဗြိတိသျှကိုလိုနီခေတ် (၁၈၂၄-၁၉၄၈) ကတည်းကပင် ဖြေရှင်းမရသော ပြဿနာများဖြစ်နေသည်။

သမ္မတ ဦးသိန်းစိန်အစိုးရ (၂၀၁၁-၂၀၁၅) သည် ပြုပြင်ပြောင်းလဲရေးအတွက် ကနဦး ခြေလှမ်းများလှမ်းခဲ့သော်လည်း ၎င်း တို့သည် လွယ်ကူသော ပြုပြင်ပြောင်လဲရေးများကိုသာ ရွေးချယ်လုပ်ဆောင်ခဲ့သည်။ အရေးပါသော နိုင်ငံရေး၊ စီးပွားရေး နှင့် လူမှု ပြဿနာများကို အကြီးအကျယ် လျစ်လျူရှုထားခဲ့သည်။ ၂၀၁၆ ခုနှစ် ရောက်လာသောအခါ ကာကွယ်ရေး ဝန်ကြီး ဌာနမှအပ ကျန်ဝန်ကြီးဌာနအားလုံးတို့မှာ ပိုမိုကြီးမားသော အာရုံစိုက်မှုနှင့် ရင်းမြစ်များကို အကြီးအကျယ် တောင်းခံနေရ သည်။

အချို့သော နယ်ပယ်များတွင် အတန်အသင့် တိုးတက်မှုရှိသော်လည်း NLD အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သည်ပင် ရွေးကောက်ပွဲကတိများကို မလိုက်နာနိုင်ဘဲ မျှော်လင့်စောင့်စားနေသော ပြုပြင်ပြောင်းလဲမှုကို မလုပ်ဆောင်နိုင် သေး ကြောင်း ဝေဖန်ခံနေရသည်။

လူမျိုးစုလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည်လည်း ရပ်တန့်နေသည်။ မွတ်စလင် ရိုဟင်ဂျာများကို ဦး တည်သော လုံခြုံရေးတပ်ဖွဲ့များ၏နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများကိုလည်း ကုလသမဂ္ဂနှင့် အခြားနိုင်ငံများက လူ မျိုးတုန်းသတ်ဖြတ်မှုအဖြစ် ရှုတ်ချခံနေရသည်။

ထို ပြဿနာကို ဖြေရှင်းရန် ပျက်ကွက်ခြင်းကြောင် ဒေါ်အောင်ဆန်းစု ကြည်သည် ကျယ်ပြန့်စွာ ဝေဖန်ခံနေရသည်။

ပြည်တွင်းဝေဖန်မှုများသည် ပြည်ပလောက် ကျယ်လောင်ခြင်း မရှိသော်လည်း အစိုးရသစ်နှင့် ခေါင်းဆောင် တို့၏ တောက်ပမှုမှာ မှေးမှိန်လာနေသည်။ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ မကြာခဏ ကြားရသော ဝေဖန်မှုမှာ NLD အစိုးရသည် အချို့သောနယ်ပယ်များတွင် ယခင်စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရထက် ပိုမိုလုပ်ဆောင်နိုင်ခြင်းမရှိဟူသော ဝေဖန်မှုဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများကို ရာနှင့်ချီ ပြန်လွှတ်ပေးသော်လည်း ဖိနှိပ်သော ဥပဒေများရှိနေသေးပြီး အသက်ဝင်ကျင့်သုံး နေဆဲဖြစ်သည်။ သတင်းလွတ်လပ်ခွင့်ကို ကန့်သတ်ထားပြီး အစိုးရ သို့မဟုတ် တပ်မတော်ကို ဝေဖန်သူ မည်သူမဆို ဖိအား ပေးခံနေရသည်။ သတင်းသမားများကိုလည်း ထောင်ချထားသည်။ စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးနေပြီး ဆင်းရဲနွမ်းပါးမှုသည် အထူးသဖြင့် ကျေးလက်ဒေသများတွင် ပြင်းထန်သော ပြဿနာ ဖြစ်နေသေးသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရကို ထောက်ခံသူများက ထိုဝေဖန်မှုများကို ချေဖျက်ရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သြဇာကြီးမားသောနေရာများကို ထိန်းချုပ်ထားဆဲဖြစ်သော တပ်မတော်ကို အပြစ် တင်ကြသည်။ နိုင်ငံ၏ရှုတ်ထွေးလှသော ပြဿနာများကို ဖြေရှင်းရာတွင် အရပ်သားများကို အားကိုးမရနိုင်ကြောင်း ပြသ ရန် ဗိုလ်ချုပ်ကြီးများသည် အစိုးရသစ် မအောင်မမြင်ဖြစ်စေရန် ရည်ရွယ်ချက်ရှိသည်ဟုပင် အချို့သော သုတေသီများက တဆင့်တက် သုံးသပ်ကြသေးသည်။

ထိုကဲ့သို့သော ပူးပေါင်းကြံစည်မှု သဘောတရားများကိုလည်း လက်ခံနိုင်ဖွယ်မရှိပေ။ NLD အစိုးရသည် ၎င်းတို့ကိုယ်ပိုင် ပြဿနာ အများအပြားအတွက် တာဝန်ရှိသည်။ အာဏာရလာပြီးကတည်းက အစိုးရသည် ၎င်းတို့ကတိပေးခဲ့သော အကြီးအကျယ် ပြောင်းလဲ မှုများကို အကောင်အထည်ဖော်ရန် မူဝါဒ မရှိသလောက်ဖြစ်နေပြီး သေနင်္ဂဗျူဟာလည်း ကင်းမဲ့နေသည်။

NLD အဖွဲ့ဝင်အနည်းငယ်သာ အုပ်ချုပ်ရေး သို့မဟုတ် ဥပဒေပြုရေး အတွေ့အကြုံရှိကြသည်။ အာဏာရလာချိန်မှစတင်ပြီး မူဝါဒသစ်များသည် ပေါင်းစပ်ညှိနှိုင်းမှု မကောင်းလှဘဲ ပြည်တွင်းပြည်ပမှ သက်ဆိုင်သူများအတွက် အရှုပ်အထွေးဖြစ်စေပြီး ဝေဖန်ခံရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အပေါ်စီးဆန်သော နေထိုင်မှုပုံစံ၊ လူထုနှင့် ကင်းကွာမှု၊ အသေးစိတ် ချုပ်ကိုင်စီမံခန့်ခွဲသော ပုံစံများကလည်း မနှစ်မြို့မှုနှင့် အုပ်ချုပ်ရေးဆိုင်ရာ စွမ်းဆောင်ရည် ကင်းမဲ့မှုများကို ဖြစ်စေသည်။

ပိုမို တိကျစွာပြောရလျှင် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း မြန်မာ့နိုင်ငံရေးရှုခင်း အကြီးအကျယ်ပြောင်းလဲသွားခြင်းမှာ ၂၀၀၃ ခုနှစ်က တပ်မတော်က ရေးဆွဲထားသည့် အသေးစိတ် အစီအစဉ်တခုကြောင့်သာဖြစ်သည်။ တပ်မတော်သည် ထိုအသေးစိတ် စီမံချက် မအောင်မမြင်ဖြစ်သည်ကို မြင်လိုမည်မဟုတ်ပေ။

လက်တွေ့တွင် ဗိုလ်ချုပ်ကြီးများနှင့် NLD အကြားတွင် တူညီသော သေနင်္ဂဗျူဟာ ရည်မှန်းချက်များစွာရှိကြသည်။ ရှုတ် ထွေး ခက်ခဲသော အစိုးရလုပ်ငန်းမှ နောက်ဆုတ်ပြီး လုံခြုံရေးနှင့် ခေတ်မီတပ်မတော်ထူထောင်ရေးကို အာရုံစိုက်လုပ်ဆောင်ခြင်းသည် ၎င်းတို့၏ ရည်မှန်းချက်နှင့် ကိုက်ညီသည်။

မြန်မာနိုင်ငံသည် အခြားနိုင်ငံများကို အံ့သြသွားအောင် အမြဲလို လုပ်နိုင်သည့် စွမ်းရည်ရှိပြီး အနာဂတ်ကို ခန့်မှန်းရခက်သော နိုင်ငံ ဖြစ် သည်။ သို့သော် လာမည့်နှစ်အနည်းငယ်အတွက် ခန့်မှန်းချက်မှာမူ NLD အစိုးရသည် ၎င်း၏အားနည်းချက်များနှင့် ကတိပြုထားသော ပြုပြင်ပြောင်းလဲရေးကို ဖြည့်ဆည်းရန် အခက်အခဲများနှင့်သာ ဆက်လက် ရုန်းကန်နေမည် ဖြစ်သည်။

လူမျိုးစုလက်နက်ကိုင်အုပ်စုများနှင့် တနိုင်ငံလုံး ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ထိုးရေးကဲ့သို့သော မူဝါဒ အချို့မှာလည်း အခက်အခဲများ ဆက်လက်ကြုံတွေ့နေမည်ဖြစ်သည်။ ရိုဟင်ဂျာအရေးတွင်လည်း NLD အစိုးရသည် နိုင် ငံတကာအသိုင်းအဝန်းက ဖြစ်စေချင်သလောက် လုပ်နိုင်ရန် အလားအလာ လွန်စွာနည်းသည်။

တချိန်တည်းတွင် တပ်မတော်သည် ၎င်း၏အခွင့်ထူးများကို ဆက်လက်ကာကွယ်ပြီး ၎င်း၏အမြင်အရ မြန်မာနိုင်ငံ လုံခြုံရေးကို ကာကွယ်နေမည်ဖြစ်သည်။

ထိုသို့ လုပ်ဆောင်ရာတွင် လူမျိုးစုလက်နက်ကိုင်များနှင့် ရိုဟင်ဂျာများကို ဦးတည်သော စစ်ဆင်ရေးများ ပါဝင်လိမ့်မည်။ စစ်ဘက်နှင့် အရပ်ဘက်အာဏာပိုင်များအကြား စိတ်မသက်သာဖွယ်ရာဖြစ်ပြီး ထိပ်တိုက်မတွေ့ဘဲ ပြဿနာရှောင် ဆက်ဆံရေးသာ ဆက်လက်ဖြစ်ပေါ် နေမည်။

တပ်မတော်သည် အဖွဲ့အစည်းတခုလုံး ခြိမ်းခြောက်ခံရသည်ဟု မခံစားရလျှင် တိုင်းပြည်တစုတဝေး တည်ရှိမှု၊ တည်ငြိမ်မှု၊ အချုပ်အခြာ အာဏာပိုင်မှုတို့၏ ခြိမ်းခြောက်ခံရခြင်း မရှိလျှင် အာဏာသိမ်းရန် အလာအလာ လွန်စွာ နည်းသည်။ တပ်မတော်သည် ၎င်း၏အနေအထားကို ထိန်းထားရန်နှင့် မြန်မာ့နိုင်ငံရေးတွင် အချက်အချာနေရာရစေရန် ၂၀၀၈ ဖွဲ့စည်းပုံကိုသာ ဆက်လက်မှီခိုနေမည်ဖြစ်သည်။

နိုင်ငံတကာအသိုင်းအဝန်းသည် NLD အစိုးရကို အပြင်းထန်ဆုံး ဝေဖန်သူများဖြစ်သော်လည်း မြန်မာနိုင်ငံအခြေအနေကို တိုင်းတာရာတွင် အခြားနိုင်ငံများတွင် တိုင်းတာရာ၌သုံးသော စံနှုန်းများအတိုင်းသာ တိုင်းတာသင့်သည်။

ကမ္ဘာတဝန်းတွင် ရပ်တန့်သွားသော၊ နောက်ကြောင်းပြန်လှည့်သွားသော ဒီမိုကရေစီ အပြောင်းအလဲ ဥပမာပြစရာများစွာ ရှိသည်။ ထိုကဲ့သို့သော စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်မှာ မြန်မာတနိုင်ငံတည်း မဟုတ်ပေ။

ရိုဟင်ဂျာအရေးကဲ့သို့သော ပြဿနာများကို NLD အစိုးရက ကိုင်တွယ်ပုံသည် ဝေဖန်မှုများခံရသော်လည်း အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ အခြားသော ဒီမိုကရေစီနိုင်ငံသစ်များနှင့် ယှဉ်လျှင် မြန်မာအစိုးရသစ်သည် သိပ်မဆိုးလှပေ။

ထိုသို့ဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာစံနှုန်းများနှင့်တိုင်းတာရမည်။ မြန်မာနိုင်ငံ၏လူ့အခွင့်အရေး ချိုး ဖောက်မှုများကို ထုတ်ဖော်ပြောဆိုရန် နိုင်ငံတကာအသိုင်းအဝန်းကို ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသား တ ဦး အဖြစ် နှစ်ပေါင်းများစွာ တက်တက်ကြွကြွ အားပေးခဲ့ဖူးသည်။ သို့သော် ယခုအာဏာရလာပြီး သူ၏နိုင်ငံအပေါ် ထို ရှုထောင့် မှ စိတ်ဝင်စားခြင်းကို ကြိုဆိုပုံ မရတော့ပေ။ ယခင်က သူ့ကို ထောက်ခံသူများ စိတ်ပျက်သွားကြသည်မှာ အံ့သြစရာတော့မ ဟုတ်ပေ။

( ဒေါက်တာအင်ဒရူးဆက်သည် ဩစတြေးလျနိုင်ငံ ဘရစ်စဘိန်း ရှိ Griffith Asia Institute, Griffith University မှ တွဲဖက်ပါမောက္ခဖြစ်သည်။ Australian Institute of International Affairs တွင် ဖော်ပြထားသော ၎င်း၏ Aung San Suu Kyi and the Tatmadaw ကို ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading