လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှုဟာ နိုင်ငံတွင်း ဖွံ့ဖြိုးတိုးတက်မှုမှာ အရေးပါတဲ့ အချက်တခု ဖြစ်ပါတယ်။ အခြေခံ အဆောက်အအုံ ဖြစ်တဲ့ လမ်း၊ ရေ၊ မီး ကောင်းမွန်မှုဟာ ကုန်ထုတ်လုပ်မှုကို အထောက်အကူပြုစေသလို ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတွေအထိပါ သက်ရောက်မှု ရှိစေပါတယ်။ ကျမတို့ မြန်မာနိုင်ငံက လမ်းတွေရဲ့ ကြံ့ခိုင်မှု အရည်အသွေး ကိုပါ ထည့်သွင်း စဉ်းစား ကြည့်ကြရအောင်ပါ။
လမ်းပန်းအဆက်အသွယ် ခက်ခဲတဲ့ ဒေသတွေ နိုင်ငံမှာ အများအပြားရှိနေဆဲဖြစ်ပါတယ်။ ချင်းပြည်နယ်လို နေရာမျိုးမှာ အခုလို မိုးရာသီဆို လမ်းတွေမှာ ရွံ့နွံ့တွေ ထူထပ်ပြီး တောင်ကမ်းပါးယံ မြေသားတွေ ပြိုကျလာနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီးက နန်းယွန်း၊ လဟယ်… စတဲ့မြို့တွေဆိုလည်း သွားလာရခက်ခဲတဲ့ မြို့တွေ ဖြစ်နေဆဲပါ။
ကုန်စည် စီးဆင်းမှု လွယ်ကူရေး အတွက် လုံခြုံစိတ်ချရတဲ့ လမ်းတွေ ရှိနေဖို့ဟာ အလွန် အရေးပါပါတယ်၊ ပင်ရင်းစိုက်ပျိုး ထုတ်လုပ်တဲ့ ဒေသမှာ ဂေါ်ရခါးသီး တလုံး ၁၀၀ ကျပ် ဝန်းကျင်ပဲ ရှိပေမယ့် ရန်ကုန်လို မြို့ရောက်ရင် ၂၀၀ ကျပ်၊ ၃၀၀ ကျပ် ဖြစ်သွားပါတယ်၊ ရိုးရှင်းတဲ့ ဥပမာကိုပဲ ကျမ ပြောပြတာဖြစ်ပြီး သယ်ယူပို့ဆောင်ရေး စရိတ်တွေကြောင့် ဈေးကွာ သွားရတာပါ။ ဒီကြားထဲ လမ်းခရီးမှာ အခက်အခဲ တခုခုကြောင့် ကြန့်ကြာနေရင် ဟင်းသီးဟင်းရွက်တွေ ပုပ်သိုးသွားနိုင်ပါ သေးတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ကျေးရွာချင်းဆက်လမ်းတွေ ဖောက်လုပ်နေတာ၊ ရှိပြီးသား လမ်းတွေကို အဆင့် မြှင့်တင်မှု ပြုလုပ် နေတာ၊ လမ်းအသစ်တွေ ဖောက်လုပ်ဖို့ စီစဉ်နေတာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမှာပါ။ ဒါပေမယ့် ရှိပြီးသား လမ်းတွေရော၊ နောက် ဖောက်မယ့် လမ်းတွေပါ အရည်အသွေးပြည့်မီဖို့ လိုပါတယ်။ ဝန်ကြီးဌာနက အရည်အသွေးပိုင်းကို စနစ်တကျ ကြီးကြပ်ဖို့ အထူးလိုအပ်ပြီး ဆောက်လုပ်ခွင့် ချပေးတဲ့ ကုမ္ပဏီကို ကြပ်မတ်ရမှာပါ။ ကုမ္ပဏီက ဖြစ်သလို ခင်းတဲ့ လမ်းတွေဟာ တခဏအတွင်းမှာပဲ ပျက်စီးတာ ကြောင့် နိုင်ငံ့ဘဏ္ဍာကိုပါ ဆုံးရှုံးစေနိုင်တာ ကြောင့် ဖြစ်ပါတယ်။
နယ်တွေကို မဆိုထားနဲ့ ရန်ကုန်တိုင်းဒေသကြီးက လှိုင်သာယာ မြို့နယ်မှာတောင် မည်ကာမတ္တလမ်းတွေ ရှိနေဆဲပါ။ လမ်းမီးတိုင်တွေက မီးမလင်းလို့ ရာဇဝတ်မှုတွေကိုပါ ဖိတ်ခေါ်သလို ဖြစ်နေပါတယ်။ နွေရာသီမှာ ဖုန်ထူ၊ မိုးရာသီမှာ ဗွက်ထနေတဲ့ ရပ်ကွက်တွင်းက လမ်းတွေ ရန်ကုန်ရဲ့ ဆင်ခြေဖုံးဒေသတွေမှာ မမြင်ချင်မှ အဆုံးပါ၊ လမ်းခင်းရာမှာလည်း ကတ္တရာလမ်း ခင်းတာက ပိုကောင်းပေမယ့် လိုအပ်တဲ့ အချိုးအဆတိုင်း ကတ္တရာ မလောင်းတာ၊ ပစ္စည်းလျော့သုံးတာတွေ ကြောင့် တနှစ်ခံလမ်း၊ တရာသီခံလမ်းလို ဖြစ်နေပါတယ်။
လမ်းခင်းပြီးလို့မှ ဘာမှမကြားသေးဘဲ ကျင်းတွေ၊ ချိုင့်တွေ ဖြစ်လာတာ၊ အောက်ခံခဲတွေ ပေါ်လာတာတွေက အဲဒီလမ်းတွေ ကို အားပြု သွားလာရတဲ့ ပြည်သူတွေအတွက် အဆင်မပြေပါဘူး၊ လမ်းခင်းတာနဲ့ အတူ ယှဉ်တွဲစဉ်းစားရမှာက လမ်းခင်းတဲ့ နေရာဟာ မိုးရွာရင် ရေတက်နိုင်တဲ့ နေရာလား ဆိုတာပါပဲ၊ ရေတက်နိုင်တဲ့ နေရာဆိုရင် လမ်းပခုံးသား မြှင့်ပေးရမှာ ဖြစ်ပြီး ရေမြောင်းတွေ ရေးစီးရေလာ ကောင်းဖို့ကိုပါ ထည့်သွင်း စဉ်းစား ဆောင်ရွက် ပေးရမှာပါ။
တချို့နေရာတွေမှာ အထူးသဖြင့် ရပ်ကွက်ထဲက လမ်းတွေကို ကွန်ကရစ်လမ်း အခင်းများလာတာတွေ့ရပါတယ်။ ကွန်ကရစ်လမ်း ခင်းလိုက်တဲ့ အခါ ရွာချလိုက်တဲ့ မိုးရေတွေက မြေကြီးထဲ အလွယ်တကူစီးဝင်နိုင်မယ့် အခြေအနေဖန်တီး ပေးရမှာပါ။ လမ်းနံဘေးက ရေမြောင်းတွေရဲ့ စနစ်ကိုပါ မြှင့်တင်ပေးမှ ကွန်ကရစ်လမ်းပေါ်က ရေတွေဟာ ရေမြောင်းတွေထဲ အလွယ်တကူ စီးသွားနိုင်မှာ ဖြစ်ပါတယ်။
ဒီနှစ်မိုးရာသီ အစမှာပဲ ရန်ကုန်မြို့က ပြည်လမ်း နေရာတချို့မှာ လမ်းပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။ အထင်ကရလမ်းတွေ တောင် အဲဒီလို ဖြစ်ရင် နယ်က လမ်းတွေဆို ပိုဆိုးပါလိမ့်မယ်။ တချို့ နယ်တွေမှာ နွေရာသီမှာ သွားလာရ အဆင်ပြေ ပေမယ့် မိုးတွင်းဆို သွားလာရ အဆင်မပြေတဲ့ လမ်းတွေ အများကြီး ရှိပါတယ်။ အဲဒီလို လမ်းတွေကို မိုးရာသီ မရောက်ခင် ကတည်းက ပြင်ဆင်ပေးမှ ဒေသခံလူထု အတွက် အကျိုးရှိ ပါလိမ့်မယ်။ ကျောင်းတက်ရတဲ့ကလေးတွေ၊ မွေးလူနာတွေ အတွက် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေရင် ဆုံးရှုံး နစ်နာမှုတွေ ပိုရှိနိုင်ပါတယ်။
ရေတိုက်စားလို့ ပျက်စီးသွားရတဲ့ လမ်းတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အများကြီးပါ။ မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားလမ်းက လမ်းပိုင်းမှာ ဖောက်လုပ်ပြီး သိပ်မကြာမီမှာပဲ ပျက်စီးမှုတွေ ဖြစ်ခဲ့ပါသေးတယ်။ တကယ်လို့ သက်ဆိုင်ရာ ဝန်ကြီးဌာန ကနေ လုပ်ပိုင်ခွင့် ချပေးတဲ့ ကုမ္ပဏီကို စနစ်တကျ ဖောက်လုပ်ပေးဖို့ အရည်အသွေးပိုင်း ကြီးကြပ်နိုင်ခဲ့ရင် ရေရှည်အသုံးပြုနိုင်မယ့် လမ်းတွေ ဖြစ်လာမှာပါ။
လမ်းတလမ်း မဖောက်ခင်ကတည်းက ရာသီမရွေး အသုံးပြုနိုင်ဖို့ ရည်ရွယ် တွက်ချက်ရမှာ ဖြစ်ပါတယ်။ အရင် အစိုးရတွေ လက်ထက်မှာ တုန်းက လမ်းဖွင့်ပွဲ လုပ်ဖို့ ဖဲကြိုးဖြတ်ဖို့လောက်ပဲ လုပ်ခဲ့လို့ လမ်းဖွင့်ပွဲလုပ်ပြီး သိပ်မကြာမီမှာ ပျက်စီးသွားတဲ့ လမ်းတွေ ရှိခဲ့တာပါ၊ ဒါ့အပြင် လုပ်ပိုင်ခွင့် ရသူတွေက ကိုယ်ကျိုးရှာပြီး အိတ်ထဲ ထည့်ခဲ့လို့ နိုင်ငံ့ဘဏ္ဍာငွေ အလာဟဿ ဆုံးရှုံးခဲ့ရတာကြောင့် အခုအစိုးရသစ် လက်ထက်မှာ အဲဒီလို အမှားမျိုး ဆက်မှားခွင့် မပြုသင့်တော့ ပါဘူး။
ဝမ်းသာစရာ ကောင်းတဲ့ အချက်က အစိုးရသစ် လက်ထက် တိုင်ကြားမှုတွေ ရှိလာရင် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဝန်ကြီးဌာနက ကွင်းဆင်း စစ်ဆေးမှုတွေ ပြုလုပ်တာပါပဲ၊ ဒါပေမယ့် တိုင်ကြားသူ ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ အသေအချာ ကြပ်မတ်ပြီး စံမမီတဲ့ ကုမ္ပဏီကို အရေးယူတာ၊ လုပ်ပိုင်ခွင့် ရုပ်သိမ်းတာတွေ ပိုမိုပြုလုပ်သင့်ပါတယ်။ ရန်ကုန်မြို့က လမ်းတွေကို အဆင့်မြှင့်တင် ရမှာလည်း မြို့ပြ အစီအမံကို နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေရဲ့ အကြံဉာဏ်ကိုပါ ရယူသင့်ပါတယ်။
နေပြည်တော် တဝိုက်မှာပဲ လမ်းတွေကောင်းနေရုံနဲ့ နိုင်ငံရဲ့ အခြေခံအဆောက်အအုံ ကောင်းမွန်ရေးကို ဦးတည်နိုင်မှာ မဟုတ်ပါဘူး။ နေပြည်တော်က လမ်းတွေကောင်းသလို ဖွံ့ဖြိုးမှု နည်းနေသေးတဲ့ ပြည်နယ်တွေက လမ်းတွေကောင်းဖို့ လိုပါတယ်။ ကျေးရွာချင်းဆက် လမ်းတွေ ကောင်းဖို့ လိုပါတယ်။ ရန်ကုန်ရဲ့ ဆင်ခြေဖုံးနေရာက လမ်းတွေကောင်းဖို့ လိုပါတယ်။ ဒါမှသာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု ကျဉ်းမြောင်းသွားမှာ ဖြစ်ပါတယ်။
မလိုအပ်တဲ့ ဒေသတွေ…၊ ဥပမာအနေနဲ့ လမ်းကောင်းပြီးသား နေရာတွေမှာ လမ်းတွေ ထပ်ဖောက်စရာ မလိုပါဘူး။ လိုနေတဲ့ နေရာတွေမှာသာ စံချိန်စံညွှန်း ဖြည့်မီတဲ့ လမ်းတွေ ဖောက်ပေးရမှာပါ။ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် တွေ အနေနဲ့ ကိုယ့်မဲဆန္ဒနယ်မှာ လမ်းတွေ ပြည့်စုံသလား၊ လိုအပ်သလား ဆိုတာ လေ့လာပြီး လိုအပ်ချက်ကို ဖြည့်ဆည်း ပေးဖို့ ကြိုးစားရ ပါလိမ့်မယ်။ ရေကြီး၊ ရေလျှံမှု၊ ရေတိုက်စားမှု ဒဏ်ခံနိုင်တဲ့ လမ်းတွေ ဖြစ်ဖို့လည်း အရေးကြီးပါတယ်။ အဲဒီလို မဟုတ်ဘဲ မိုးရွာတိုင်း ရေကြီးတိုင်း လမ်းတွေ ပျက်လိုက်၊ ပြန်ခင်းလိုက် လုပ်နေရရင် ငွေကုန်၊ အချိန်ကုန်ဖို့ပဲ ရှိပါတယ်။
ကျမတို့ မြန်မာနိုင်ငံရဲ့ လမ်းတွေ စံချိန်စံညွှန်းမီဖို့ လိုသလို ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေတဲ့ နိုင်ငံမှာ ငြိမ်းချမ်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေး ဆိုတဲ့ လမ်းတွေကလည်း တရာသီခံ လမ်းတွေ မဟုတ်ဘဲ ရေရှည်တည်တံ့တဲ့ လမ်းတွေဖြစ်လာဖို့ လိုနေတယ် လို့ နှိုင်းယှဉ်စဉ်းစား မိပါကြောင်း။
(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာတဦး ဖြစ်သည်)