ဒေသခံလူထုကို ဖိနှိပ်ခြင်းက ကချင်စစ်ပွဲကို ပိုဆိုးစေသည်

Joe Kumbun
မြစ်ကြီးနားမြို့အနီး စစ်ရှောင်ဒုက္ခသည်စခန်းရှိ ကချင်ဒုက္ခသည်တချို့ကို ၂၀၁၅ ခုနှစ်အတွင်းက မြင်ရစဉ် / Reuters
Want create site? Find Free WordPress Themes and plugins.

ကချင် လွတ်မြောက်ရေးအဖွဲ့ KIO သည် ဇုလိုင်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ လိုင်ဇာဌာနချုပ်တွင် လူထု အစည်းအဝေး တခုကျင်းပပြီး ကချင်လူထု ၅၀၀ ခန့်နှင့် KIO ကိုယ်စားလှယ် ၂၀၀ တက်ရောက်သည်။

ထိုအစည်းအဝေးတွင် KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်န်ဗန်လ က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ KIO နုတ်ထွက်ပြီး “ဝ” ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်နှင့် လက်တွဲရခြင်း အကြောင်းရင်းများကို ရှင်းပြသည်။

မြန်မာအစိုးရနှင့် ၎င်း၏ တပ်မတော်တို့နှင့် ဆက်ဆံရာတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံရေး ညှိနှိုင်းမှု ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (FPNCC) ၏ အနာဂတ်စီမံချက်များကို ၎င်းက အလေးထား ပြောသည်။ ထို့နောက် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်နှင့် ကချင်လွတ်မြောက်ရေး ကောင်စီ အတွင်းရေးမှူး ကာနယ် ဇော်ရော်တို့က KIO ၏ နိုင်ငံရေး ပန်းတိုင်များကို အလေးထားပြောကြားသည်။

ဂျင်နရယ်များ၏ အဆိုအရ KIO ၏ ရည်မှန်းချက် ပန်းတိုင်မှာ လူမျိုးစုများ၏ နိုင်ငံရေး တန်းတူညီမျှမှုကို အာမခံသော ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကို အခြေခံသည့် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး ဖြစ်သည်။ စစ်မှန်သော ဖက်ဒရယ် နိုင်ငံရေး စနစ်သည် ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ပြီး ပိုမိုငြိမ်းချမ်းသော မြန်မာနိုင်ငံပေါ်ပေါက်လာနိုင်သည် ဟူသည့် KIO ၏ အန္တိမ ရည်မှန်းချက်ကို ကချင်လူမျိုး အများစုက လက်ခံကြသည်။

မြန်မာ့တပ်မတော်၏ KIO အပေါ် သတ်တမ်းရှည်ကြာ ထိုးစစ်များသည် ငြိမ်းချမ်းရေး အတွက် အဖြေတခု မဟုတ်ဟု စစ်ရေးအကြမ်းဖက်မှုဒဏ် အဓိကခံနေရသော ကချင်ပြည်သူ အများစုက အခိုင်အမာ ယုံကြည်ကြသည်။

သက်တမ်းရှည်ခဲ့သော အပစ်အခတ်ရပ်စဲရေး ပျက်ပျယ်သွားပြီးနောက် KIA နှင့် မြန်မာ့တပ်မတော် အကြား တိုက်ပွဲများ ၂၀၁၁ တွင် ပြန်လည် စတင်သောအခါ ကချင်ရပ်ရွာများမှ မြေလှန်ခံရသော စစ်ဘေးရှောင်ခေါ် နေရပ်မှ ပိုင်ဆိုင်မှုများ စွန့်လွှတ် ထွက်ပြေးရသည့် ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသူ (IDP) အရေအတွက် မကြုံစဖူး များပြားလာသည်။ အများအပြားလည်း အသက်ဆုံးရှုံးခဲ့ရသည်။

ထို အကျပ်အတည်းသည် ဒေသအတွင်း ယာယီ အပစ်ခတ်ရပ်စဲရေးထက် ရေရှည်ငြိမ်းချမ်းရေး လိုလားမှုကို ကြီးထွားစေသည်။ ကချင်ပြည်သူများနှင့် KIO သည် ပဋိပက္ခကြီးထွားမှုကို ရပ်တန့်ရန် နည်းလမ်းရှာဖွေနေပြီး အစိုးရနှင့် ၎င်း၏ တပ်မတော်တို့နှင့် ပိုမိုအကျိုးရှိသော စေ့စပ်ညှိုနှိုင်းရေးကို ကြိုးစား လုပ်ဆောင်နေသည်။

ကချင် ပြည်သူ့စေတနာ့ဝန်ထမ်းများသည် အစိုးရနှင့် KIO အကြား ဆွေးနွေးပွဲများကို ကူညီရန် ၎င်းတို့၏ ဆန္ဒအလျှောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖန်တီးဖော်ဆောင်ရေး အဖွဲ့ (PCG) နှင့် နည်းပရိယာယ် အကြံပေးအဖွဲ့ (TAT) များ ဖွဲ့စည်းကြသည်။ ကံမကောင်း အကြောင်းမလှစွာပင် ၎င်းကြိုးပမ်းလုပ်ဆောင်မှုသည် အရာမထင်သေးပေ။

ငြိမ်းချမ်းရေး အစား လက်နက်ကိုင် ပဋိပက္ခသည် ပိုမိုပြင်းထန်လာသည်။ အထူးသဖြင့် ကချင်ပြည်နယ် ဖားကန့်နှင့် တနိုင်းဒေသများတွင် ပိုမိုပြင်းထန်ပြီး စစ်ဘေးရှောင် အရေအတွက် တိုးပွားလာသည်။

ထိုပဋိပက္ခများကြောင့် ကချင်အရပ်သား အများအပြားသည် မတရားသင်း အက် ဥပဒေပုဒ်မ ၁၇ (၁) ကဲ့သော ခေတ်မမီသည့် ဥပဒေများ၏ သားကောင် ဖြစ်ကြရသည်။ ၂၀၁၁ ခုနှစ်တွင် တိုက်ပွဲများ ပြန်လည်စတင်ခဲ့ပြီးနောက် ထိုသို့သော အမှုများကို မီဒီယာက အာရုံစိုက်မိလာသည်။ လာထောဘရန်ရှောင်သည် ၂၀၁၂ ဇွန်လတွင် စစ်ဘေးရှောင် စခန်းမှ အဖမ်းခံရပြီး နောက်နှစ်တွင် ထောင် ၂ နှစ် ချခံရသည်။ လာပိုင်ဂမ် ဆိုသူမှာ ထိုလတွင်ပင် အဖမ်းခံရပြီး ထောင် အနှစ် ၂၀ ချခံရသည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ပူတာအိုမှ လူငယ်အမျိုးသား အမျိုးသမီး ၄၉ ဦးတို့သည် လိုင်ဇာတွင် ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေး ၂၅ ရက် သင်တန်းမှ အပြန်တွင် အဖမ်းခံရသည်။ ထိုသင်တန်းတွင် မူးယစ်ဆေး အလွဲသုံးမှု တိုက်ဖျက်ရေး၊ ကချင်ဘာသာစကားနှင့် ယဉ်ကျေးမှုတိုးတက်ရေး၊ ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို နားလည် သဘောပေါက်ရေး တို့ကို သင်ကြားသည်။ လပေါင်းများစွာ ဖမ်းဆီးခံထားရပြီးနောက် တဦးကို နှစ်ပေါင်းများစွာ ထောင်ချပြီး ကျန် ၄၈ ဦးကို ပြန်လွှတ်ပေးသည်။

၂၀၁၆ ခုနှစ် နှောင်းပိုင်းက ရှမ်းပြည်မြောက်ပိုင်း မုန်းကိုးမှ တိုက်ပွဲများကြောင့် အရပ်သား ပိုင်ဆိုင်မှုများ ဖြစ်သော ဂိုဒေါင်များ၊ ကျောင်းတခု၊ ကက်သလစ်ဘုရားကျောင်း တခုနှင့် အိမ် ၁၀၀ ကျော် ဗုံးကြဲဖျက်ဆီးခံရသည်။ စစ်ဆင်ရေး အပြီးတွင် ကချင် ဘက်ပတစ် တရားဟောဆရာ ၂ ဦးဖြစ်သူ ဒမ်ဒေါ်နောင်လတ်နှင့် လဂျော်ဂန်ဆန်းတို့က သတင်းသမား များကို ဘုရားကျောင်းဖျက်ဆီးမှုခံရမှုအတွက် သတင်းသမားများသတင်းယူရန် ကူညီသည်ဟု စွပ်စွဲပြီး၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် အဖမ်းခံရသည်။

တိုက်ပွဲများအတွင်း နယ်စပ်ရှိ စစ်ဘေးရှောင်စခန်းများပေါ်သို့ အမြောက်ဆံများ ကျကွဲပြီး အချို့နေရာများတွင် အကြိမ်ကြိမ် ကျကွဲပြီး ထပ်မံနေရာရွှေ့ပြောင်းရသည် ဟု သတင်းများက ဆိုသည်။ ဥပမာ ဆိုရပါက ၂၀၁၄ ခုနှစ် ဧပြီလတွင် ရှမ်းကချင်နယ် နယ်စပ်ရှိ လာဂက်ယန် စစ်ဘေးရှောင် စခန်း ထိခိုက်ခဲ့ရပြီး စစ်ဘေးရှောင် ၈၀၀ ထွက်ပြေးခဲ့ရသည်။

ထိုစစ်ဗျူဟာများသည် KIO/A ကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် လက်မှတ်ထိုးရန် သို့မဟုတ် လက်နက် ဖြုတ်သိမ်းရန် ရည်ရွယ်သည် ဟု သုတေသီများက ယူဆကြသည်။

အရပ်သားများကို ဖမ်းဆီးခြင်း၊ စစ်ဘေးရှောင်များကို ပစ်မှတ်ထားခြင်းနှင့် KIO ကို မြန်မာ့တပ်မတော်က ဖိအားပေးခြင်း တို့သည် ကချင်လူထုနှင့် အစိုးရ၊ ၎င်း၏ တပ်မတော်တို့နှင့် ဆက်ဆံရေး တည်ဆောက်ရာတွင် အထောက်အကူ မဖြစ်စေဘဲ ဗမာမုန်းတီးရေး စိတ်များကိုသာ ကြီးထွားစေကာ KIO ကို ကချင်လူထုက ပိုမိုထောက်ခံလာစေသည်။

ယခုအချိန်သည် အစိုးရ၊ တပ်မတော်နှင့် လူမျိုးစုများအကြား ယုံကြည်မှု တည်ဆောက်နိုင်မည့် အချိန်ကောင်း ဖြစ်သည်။ အစိုးရက အရပ်သားများကို တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပတ်သက်သည် ဟူသော သံသယနှင့် တရားစွဲဆိုနေသာ ပုဒ်မ ၁၇ (၁) ကို ဖျက်သိမ်းသင့်သည်။ ပြည်သူလူထုသည် လူမျိုးစု လက်နက်ကိုင်များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တိုးတက်မှု ရရန်နှင့် နိုင်ငံရေး ရည်မှန်းချက်များ ပြောင်းလဲအောင် တွန်းအားပေးနိုင်သောကြောင့် လူမျိုးစု အရပ်သားများ သည် ၎င်းတို့ဒေသရှိ လူမျိုးစုများနှင့် ဆက်ဆံရမည် ဖြစ်သည်။

လူမျိုးစု အရပ်သားများကပင် လူမျိုးစု လက်နက်ကိုင် အုပ်စုများ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်ရန်ကူညီခဲ့ပြီး ယခင်က ကြားခံ အဖြစ်ပင် ဆောင်ရွက်ခဲ့ကြသည်။ ဥပမာ ဆိုရပါက ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အထူးစစ်ဆင်ရေးအဖွဲ့ (၁) တပ်မှူးနှင့် မြောက်ပိုင်းတိုင်း တိုင်းမှူးတို့သည် KIO ထံ သတင်းစကား ပါးရန် ကချင်ဘာသာရေး ခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီများကို မကြာခဏ အသုံးချကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင်လျှင် ဇူလိုင်လ ၂၄ ရက်နေ့က ကချင် ဘက်ပတစ် ကွန်ဗင်းရှင်းကို နေပြည်တော်သို့ ဖိတ်ခေါ်တွေ့ဆုံသည်။ အစိုးရနှင့် ၎င်း၏ တပ်မတော်က ထိုသို့သောသူများကို ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုနေလျှင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေပြီး နောင်ကျင်းပမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ငြင်းဆန် ဖျက်ဆီးရာရောက်သည်။

ထို့ကြောင့် အစိုးရနှင့် မြန်မာ့တပ်မတော်တို့သည် ပြည်သူလူထု၏ ၎င်းတို့အပေါ် နှင့် ၎င်းတို့၏ ငြိမ်းချမ်းရေး အစီအစဉ် အပေါ် ယုံကြည်မှုကို ထိခိုက်စေသော လုပ်နည်းလုပ်ဟန်များကို ရှောင်ကျဉ်သင့်သည်။ ကချင် လူမျိုးစုများ ကာလ ကြာမြင့် စွာ မျှော်လင့်နေသော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့် လုပ်ဆောင်သင့် သည်။ ထိုသို့သော အပြောင်းအလဲများ မပြုလုပ်ပါက ကချင်လူထုသည် အစိုးရအပေါ် အယုံအကြည် ကင်းမဲ့လာမည် ဖြစ်ပြီး ယင်းသို့ အယုံအကြည် ကင်းမဲ့ လာလျှင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပိုမို ခက်ခဲစေမည် ဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Joe Kumbun ၏ Myanmar Army Unnerves Ethnic Kachin ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading