ပညာရေးမှတဆင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆီသို့

စောမျိုးမင်းသူ
နိုင်ငံတနိုင်ငံရဲ့ နိုင်ငံသား ဖြစ်ခြင်းကိုသဘောထားကြီးကြီး အမြင်ကျယ်ကျယ်နဲ့သတ်မှတ်ခွင့် ပြုထားနိုင်မှသာ ကမ္ဘာ့နိုင်ငံသား ဖြစ်ခြင်း ဆိုတာကို အဓိပ္ပာယ်ရှိရှိ ပါဝင်ခံစားနိုင်မှာ ဖြစ်ပါတယ်။
Want create site? Find Free WordPress Themes and plugins.

မကြာသေးခင်က ယူနက်စ်ကို ဘန်ကောက်ရုံးက ဦးစီးကျင်းပတဲ့ တတိယအကြိမ်မြောက် အာရှပစိဖိတ် ဒေသဆိုင်ရာ “ပညာရေး ၂၀၃၀” အစည်းဝေးကို မြန်မာနိုင်ငံမှာ ရှိတဲ့ လူထုအခြေပြု အဖွဲ့အစည်းများရဲ့ ကိုယ်စားလှယ် တဦး အနေနဲ့ တက်ရောက်ခွင့် ရခဲ့ပါတယ်။ ကိုယ်စားလှယ် ဆိုတဲ့ နေရာမှာတော့ CSO များက ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ် အနေနဲ့ မဟုတ်ပါ။ CSOများရဲ့ အခန်းကဏ္ဍပါဝင်အောင် ဆိုပြီး UNESCO ရန်ကုန်ရုံးကနေ တဆင့် သပြေပညာရေး ဖောင်ဒေးရှင်း ကို အဆိုပြုလာတဲ့ အတွက် သွယ်ဝိုက်တဲ့ နည်းနဲ့ ကိုယ်စားပြု တက်ရောက်ခဲ့တာဖြစ်ကြောင်း ရှင်းလင်းပြောပါရစေ။

ပညာရေး ၂၀၃၀ လို့ ဆိုရာမှာ အဓိကအားဖြင့်တော့ ရေရှည် တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးရေး ပန်းတိုင်များ (Sustainable Development Goals) ထဲက target 4.7 ဖြစ်တဲ့ သက္ကရာဇ် ၂၀၃၀ မှာ ပညာသင်ယူသူတိုင်းဟာ ရေရှည်တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုးရေးကို အထောက်အကူပြုမယ့် နေထိုင်မှုစနစ်၊ လူ့အခွင့်အရေး ကျားမတန်းတူရေး ငြိမ်းချမ်းရေးနဲ့ အကြမ်းမဖက်ရေး ယဉ်ကျေးမှု၊ မတူကွဲပြားသော ယဉ်ကျေးမှုများနှင့် ၎င်းတို့ရဲ့ ရေရှည်တည်တန့်သော ဖွံ့ဖြိုးရေးအတွက် အကျိုးသက်ရောက်မှုများ နားလည်တတ်မြောက် ထားရမယ် ဆိုတဲ့ SDG 4.7 ရဲ့ ရည်ရွယ်ချက်ကတော့ အလွန်ကောင်း ပါတယ်၊ အတော်လည်း ပြည့်စုံတယ် လို့ ဆိုရမှာ ဖြစ်ပါတယ်။ တိုင်းပြည် အတော်များများရဲ့ အခြေအနေနဲ့ ကိုက်ညီအောင် လည်း ပြောရတာ ဖြစ်တဲ့ အတွက် အတိုင်းအတာ တခုအထိ ယေဘုယျဆန်တယ် လို့လည်း ဆိုနိုင်ပါတယ်။

ဒီနေရာမှာ ယေဘုယျဆန်ပြီး ကျယ်ပြန့်တဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေကို ဖော်ညွှန်းပေးနိုင်တဲ့ စကားလုံးတွေကြောင့် တိုင်းပြည်တခုနဲ့ တခု SDG target 4.7 ကို နားလည်တာ မတူညီမှုတွေ ရှိလာပါတယ်။ တချို့ကလည်း မိမိတို့ တိုင်းပြည်ရဲ့ အခြေအနေနဲ့ ရုန်းကန်လှုပ်ရှားနေရတဲ့ ပညာရေးကဏ္ဍမှာ ဦးစားပေးစရာတွေ အများကြီး ရှိတဲ့အထဲက ဒီလိုကျယ်ပြန့်တဲ့ SDG target 4.7 ကို စဉ်းစားရတာ ဖြစ်တဲ့ အတွက် ရှိသင့် ရှိထိုက်တဲ့ အလေးထားမှု မပေးနိုင်တာလည်း တွေ့ရပါတယ်။ အချို့သော အစိုးရကိုယ်စားလှယ်များ ဆိုရင် ဒီအပေါ်မှာ တာဝန်ကျေ သဘောလောက်သာ စဉ်းစားပြီး ကိုယ်လိုရာဘက်ကို ချဲ့ကား စဉ်းစားပြီး လက်တွေ့အကျုံးဝင်မှု မိမိတိုင်းပြည်အခြေအနေနဲ့ ဆက်စပ်မှုများကို အပေါ်ယံလောက်သာ ပါဝင် ဆွေးနွေး ကြတာလည်း တွေ့ရပါတယ်။

ဒီနေရာမှာတော့ ကျနော့်အနေနဲ့ အချက် နှစ်ချက်ကို ဆွေးနွေးချင်ပါတယ်။

ပထမ အချက်ကတော့ SDG target 4.7 မှာ ပါတဲ့ ဝေါဟာရနဲ့ သဘောတရားတွေကို အဓိပ္ပာယ် ဖွင့်ဆိုဖို့၊ ကျနော်တို့ တိုင်းပြည်မှာ ရှိတဲ့ လူ့အဖွဲ့အစည်းရဲ့ လက်တွေ့အခြေအနေနဲ့ ဘယ်လို ဆက်စပ်မှုတွေ ရှိနေလဲ ဆိုတာကို အရင်ကြည့်ဖို့ လိုပါမယ်။ ဒီလူ့အဖွဲ့အစည်း တခုအတွင်းမှာ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဖွံ့ဖြိုရေး ဆိုတဲ့စကားလုံးတွေ သဘောတရားတွေကို ဘယ်လို နိုင်ငံရေးအခြေအနေတွေနဲ့ ဆက်စပ် တွေးခေါ်နေရသလဲ ဆိုတဲ့ အပေါ်မှာ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေလည်း အများကြီး ကွာဟနိုင်ပါတယ်။

ဥပမာ ယဉ်ကျေးမှုနဲ့ ကိုးကွယ်ရာဘာသာ မတူတဲ့ လူမျိုးတွေ အများအပြား စုပေါင်းနေထိုင်ရာ တိုင်းပြည်မှာ မျိုးချစ်စိတ် ဆိုတာထက် နိုင်ငံချစ်စိတ်ကို ပြုစုပျိုးထောင်ပေးနိုင်ဖို့က ပိုအရေးကြီးတယ် လို့ ဆိုရမှာ ဖြစ်ပါတယ်၊ လူမျိုး တမျိုးဖြစ်ခြင်း ကလည်း သူ့နေရာနဲ့သူ အရေးကြီးပါတယ်၊ သို့သော် မြန်မာနှိင်ငံလို တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်ရာ နိုင်ငံမှာ လူမျိုးရေး ပဋိပက္ခများကို ပြေလျှော့လိုတယ် ဆိုရင်တော့ လူမျိုးဖြစ်ခြင်း ဆိုတာကို အလွန်အကျွံရှေ့တန်းတင်တာမျိုး မလုပ်သင့်ဘဲ နိုင်ငံသား ဖြစ်ခြင်း ဆိုတာကို တန်ဖိုးထားတာမျိုး စနစ်တကျ ပြုစုပျိုးထောင်သင့်ပါတယ်။

ကမ္ဘာ့နိုင်ငံသား ဖြစ်ခြင်း (Global Citizenship) ဆိုတဲ့ အသိစိတ်ကို လက်ခံနိုင်ဖို့ ဆိုရင် မိမိတိုင်းပြည်အတွင်းမှာ နိုင်ငံသား ဖြစ်ခြင်း ဆိုတာကို ပိုပြီးတော့ တိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ဖိုု့ ကလည်း အခြေခံကျပါတယ်။ ဒါအပြင် နိုင်ငံတနိုင်ငံရဲ့ နိုင်ငံသား ဖြစ်ခြင်းကို သဘောထားကြီးကြီး အမြင်ကျယ်ကျယ်နဲ့ သတ်မှတ်ခွင့် ပြုထားနိုင်မှသာ ကမ္ဘာ့နိုင်ငံသား ဖြစ်ခြင်း ဆိုတာကို အဓိပ္ပာယ်ရှိရှိ ပါဝင်ခံစားနိုင်မှာ ဖြစ်ပါတယ်။

ဒုတိယ အချက်ကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိတွင် ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ်မှာ ပညာရေး ကဏ္ဍကြီး တခုလုံးနဲ့ ဆက်စပ်နေတဲ့ အချက်ပါ။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့ အတွက် အခြေခံအုတ်မြစ်ကို ဒီကနေ့ စာသင်ခန်းတွေမှာ ပညာရှာနေကြတဲ့ ကျောင်းသူ ကျောင်းသားများက တဆင့် စတင်တည်ဆောက် ပေးရမှာ ဖြစ်ပါတယ်။

ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ စစ်ပွဲများ ရပ်တန့်ရေး၊ အမုန်းတရားများ ပပျောက်ရေး အစရှိတဲ့ မရှိခြင်းပေါ်မှာ အခြေခံတဲ့ ငြိမ်းချမ်းရေး (negative peace) ကို တည်ဆောက်ဖို့ လုပ်နေစဉ် တချိန်တည်းမှာ မတူကွဲပြား ခြားနားမှုကို အသိအမှတ်ပြု တန်ဖိုးထားခြင်း၊ အခြေခံလူ့အခွင့်အရေးကို အသိအမှတ်ပြု လိုက်နာခြင်း၊ လွတ်လပ်မှုနဲ့ တရားမျှတမှု အစရှိတာတွေကို လက်တွေ့ မြန်မာ့လူမှု အသိုင်းအဝိုင်းမှာ တန်ဖိုးထား ကာကွယ်သွားဖို့ ဆိုတာတွေ ကတော့ မလုပ်မဖြစ် ဝိုင်းဝန်း လုပ်ဆောင်သွားရမယ့် ငြိမ်းချမ်းရေး (positive peace) လုပ်ငန်းစဉ်မျိုး ဖြစ်ပါတယ်။

ဒီနေရာမှာတော့ ပညာရေးကဏ္ဍ တခုလုံးရဲ့ အရေးပါမှုကို သတိချပ်မိဖို့ လိုပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ သက်ရောက်မှု ရှိဖို့၊ စနစ်တကျပြုစုပျိုးထောင်နိုင်ဖို့ အတွက် ဆိုရင် ကဏ္ဍတခုလုံးကို လွှမ်းခြုံတဲ့ မူဝါဒပိုင်းဆိုင်ရာ အခြေခံ (policy foundation) ကို ပထမဦးဆုံးအနေနဲ့ တည်ဆောက်နိုင်ဖို့ လိုပါတယ်။ ဥပမာ- ပညာရေးကဏ္ဍ တခုလုံး အတွက် ငြိမ်းချမ်းရေးနဲ့ ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုဆိုင်ရာ မူဝါဒ (Education Sector Policy on Peace and Sustainable Development) လိုမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဒီလိုကျယ်ပြန့်ပြီး ကျနော်တို့နိုင်ငံရဲ့ မျိုးဆက်ပေါင်းများစွာ အပေါ်မှာ သက်ရောက်မှု ရှိမယ့် ကိစ္စမျိုး တွေကိုတော့ နိုင်ငံတော်ရဲ့ နှစ်ရှည်ပညာရေး မဟာဗျူဟာ စီမံကိန်း အစိတ်အပိုင်း တခုအနေနဲ့ ထည့်သွင်းစဉ်းစားမယ် ဆိုရင် ပိုပြီး အကျိုးရှိနိုင်ပါတယ်။ သင်ရိုးညွှန်းတန်း ပြုစုပြဋ္ဌာန်းရာမှာ ဖြစ်စေ၊ ဆရာဖြစ်သင်တန်းများ ပေးတဲ့အခါမှာ ဖြစ်စေ၊ စာသင်ခန်းများ အတွင်း သင်ကြားရေးအပိုင်းမှာ ဖြစ်စေ တပြိုင်တည်း ထည့်သွင်းအကောင်အထည် ဖော်နိုင်မယ် ဆိုရင်တော့ အထိရောက်ဆုံးဖြစ်မှာပါ။

ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး ဆိုတဲ့ ခေါင်းစဉ်တွေကို ဘာသာရပ်တခုစီအနေနဲ့ လေ့လာစေတာမျိုး သင်ကြားပေးတာမျိုးထက် ပညာရေးကဏ္ဍ တခုလုံးကို လွှမ်းခြုံစဉ်းစားတာက ပိုပြီး ထိရောက်မယ်လို့ ယူဆရပါတယ်၊ ပညာရှင်များရဲ့ လေ့လာတွေ့ရှိမှုများလည်း ရှိပြီး ဖြစ်ပါတယ်။

နောင် မျိုးဆက်များစွာ အတွက် မျှော်ကိုးပြီး တတ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားကာ အထက်ဖော်ပြပါ အခြေခံ မူဝါဒပိုင်းဆိုင်ရာ အုတ်မြစ်တွေကို စနစ်တကျ တည်ဆောက်နိုင်မှသာလျှင် ကျနော်တို့ နိုင်ငံဟာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှုဆီကို တက်လှမ်းနိုင်မှာ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။ ။

(စောမျိုးမင်းသူသည် ရန်ကုန်အခြေစိုက် သပြေပညာရေးဖောင်ဒေးရှင်း၏ အမှုဆောင်ဒါရိုက်တာ တဦး ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading