အမျိုးသား အမှတ်သရုပ်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး

လင်းငယ်
၂၀၁၆ Miss Universe ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု ပြိုင်ပွဲဝင်က အမျိုးသား အမှတ်သရုပ်ကို ပေါ်လွင်စေမည့် ဖက်ရှင်ကို ဝတ်ဆင်ပြသခဲ့စဉ် / Reuters
Want create site? Find Free WordPress Themes and plugins.

အရှေ့တောင် အာရှနိုင်ငံများမှ လူငယ်တချို့နှင့် တွေ့ဆုံခွင့် ရသည်။

ထိုင်း လူငယ်များက ဘာသာရေးလွှမ်းမိုးမှု ကင်းသော နိုင်ငံတခု ဖြစ်ချင်ကြသည်။ ဘာသာရေးက နိုင်ငံရေးကို လွှမ်းမိုးလာတာကို စိတ်ကုန်စ ပြုလာ ကြသည်။ နိုင်ငံရေးသမားတွေက ဘာသာရေးကို အကျိုးစီးပွား အတွက် အသုံချနေကြတာကို မမြင်ချင်ကြ။

နောက် တယောက်က ယင်းအမြင်ကို ပြန်ချေပသည်။ “ထိုင်းနိုင်ငံ တည်ထောင်စဉ် ကတည်းက ဗုဒ္ဓဘာသာက အရေးကြီးတဲ့ အစိတ်အပိုင်းအဖြစ် ဖြစ်တည်လာတာ။ သူတို့က ဘာသာရေးနဲ့ ဘုရင်စနစ်ကို ရောမွှေလိုက်ပြီးသား ဖြစ်နေပြီ။ ဖယ်ထုတ်ရန် မလွယ်” ဟူ၍ ဖြစ်သည်။

ထိုအမြင် အားကောင်း လာသောအခါ ထိုင်းနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော လာအိုအနွယ်နှင့် ဘာသာမတူသော မလေး အနွယ်တွေ အတွက် နေရာ မရှိသလို၊ ဖယ်ကြဉ်ထားသလို ဖြစ်လာသည်။

“ထိုင်းနိုင်ငံအတွက် အမှတ်သရုပ် အသစ်က ဘယ်မှာလဲ”ဟူသည့် အချက်က မေးခွန်းထုတ်စရာ ဖြစ်လာသည်။

နောက် အင်ဒိုနီးရှားကတော့ အာချေးပြဿနာက သိသာထင်ရှားသည်။

ခွဲထွက်ရေး လုပ်ရှားမှု အချိန်တုန်းက တော်တော် ပြင်းထန်ခဲ့သည်။ လူမှုစီးပွား အဘက်ဘက်က နှိမ်ချခံရခြင်း အပေါ်မှာ မကျေနပ်ရင်း ဘာသာတူသော်လည်း အာချေးက သီးခြား ဖြစ်သည်ဟု ခံယူကာ တိုက်ပွဲဝင်ခဲ့ကြသည်။ ၂၀၀၅ ခုနှစ်မှာ ငြိမ်းချမ်းရေး ရသွားသော်လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ပါ လူ့အခွင့်ရေး တရာရုံး၊ အမှန်တရားနှင့် ပြန်လည် သင့်မြတ်ရေးကော်မရှင် ဖွဲ့ကာ တရားမျှတမှု ရှာဖွေပေးဖို့ တွေမှာ အင်ဒိုနီးရှားအစိုးရက နှောင့်နေးတာကြောင့် ဆက်လက် တောင်းဆိုမှုတွေ ရှိနေသည်။

“အာချေးတွေကို အင်ဒိုလူမှု အသိုင်းအဝိုင်း (အစိုးရ) ဘက်က နစ်နာခဲ့ရတဲ့ အတိုင်း အသိအမှတ်ပြု မလုပ်တာဟာ နောက်ထပ် ပဋိပက္ခတွေကို ပြန်လည် ဦးတည်စေနိုင်တယ်” ဟု သတိပေးမှုတွေ ရှိနေကြသည်။ သူတို့ တိုင်းပြည်တွင် လူမျိုးစု အမျိုးမျိုး ရှိနေသည်ကို လက်ခံသော်လည်း လက်တွေ့တွင် မလွယ်ကူသေးသည်ကို ပြနေခြင်းပင်။ ဆိုတော့ အင်ဒိုနီးရှားရဲ့ အမှတ်သရုပ် စစ်စစ်က ဘာလဲ။

အရှေ့တောင် အာရှတွင် ပဋိပက္ခအဖြစ်ဆုံး သုံးနိုင်ငံ အနက် ဖော်ပြခဲ့သည့် နှစ်နိုင်ငံ၏ အထက်မှ မြန်မာက ဦးဆောင်သည်။ မြန်မာမှာ ပဋိပက္ခများက နှစ်ပရိစ္ဆေဒ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သမိုင်းဆိုင်ရာ မတူကွဲပြားမှုတွင် အခြေတည် လာခဲ့ခြင်း၊ ခေတ်အဆက်ဆက် ဘေးဖယ်ထား ခံရခြင်း၊ စီးပွားရေး၊ နိုင်ငံရေး အခွင့်အရေးများ ပိတ်ပင် ခံရခြင်းမှသည် သဘာဝ အရင်းအမြစ် ခွဲဝေမှုများကြောင့် ပဋိပက္ခများက ထုနဲ့ ထည်နဲ့ ဖြစ်နေပြီ ဖြစ်သည်။ ထိုအခြေခံ အကြောင်းရင်း များကြောင့် ကျနော်တို့ရဲ့ အမှတ် သရုပ်ကလည်း အမျိုးမျိုး အပြားပြား ဖြစ်နေပြီ။ တိုင်းရင်းသား အသီးသီးက ကိုယ့်အမှတ်သရုပ်ကို မြှင့်တင် ပုံဖော်ရင်း ကွဲပြားမှုတွေလည်း ပိုမိုကျယ်ပြန့်လာသည်။

လူမှုအဖွဲ့အစည်း တခုထဲ ရောက်သွားဖူးသည်။ ထိုအဖွဲ့တွင် တိုင်းရင်းသားများစွာ အလုပ် လုပ်နေကြသည်။ သို့သော် ရင်ထဲက မကျေလည်မှုများသည် ဗမာ ဖြစ်နေသည့် ကိုယ့်အပေါ် စုပြုံလာသည်လား ထင်ရသည်။ ‘ငါတို့က တန်းတူပဲ နော်’ ဆိုသည့် အပြုအမှုမျိုး၊ စကားမျိုးကို ခဏခဏပြောသည်။ ‘ဗမာ’ ဆိုတာကို ရိသဲ့သဲ့လုပ်သည်။ အစက အားလုံးသူလို ကိုယ်လို သဘောထားကာ ပွင့်ပွင့်လင်းလင်း ဆက်ဆံပြောဆိုသည်။ ကြာလာတော့လည်း နဂိုက မရှိခဲ့သော၊ မတွေးမိခဲ့သော ‘ငါ ဗမာပါလား’ ဆိုတာက စိတ်ထဲဝင်လာသည်။

“ငါတို့က ဘယ်သူတွေ” ဟု ဇွတ်အတင်းသိစေအောင် လုပ်လာကြခြင်းက “ငါကရော ဘယ်သူတုန်း” ဟု ကိုယ့်သာဘာ ပြန်မေးဖြစ် သွားစေသည်။ “သူတို့က သူတို့အတွက် ဒီလောက်တောင် စဉ်းစားပြီး လုပ်နေကြတာ၊ ငါက ငါတို့ အတွက် မလုပ်တဲ့ အပြင် ငါဘာလဲ တောင် မသိပါလား” ဟု တွေးမိလာသည်။

အမှတ်တကယ်တွင် “ဇွတ်အတင်း” ဟု ဆိုသည်ကပင် ဖန်တီးလိုက်ခြင်း ဖြစ်ပြီး ကျနော်တို့ကြား ကွဲပြားမှုကို ထင်ရှားစေခဲ့သည်။ ကွဲခြားမှုကို ဖြစ်စေခဲ့သည်။ အားနည်းခဲ့ သည်က ကျနော်တို့ နှစ်ဖက်လုံးက မတူကွဲပြားမှုကို ဘယ်လို တန်ဖိုးထား အသုံးပြုရမှန်း မသိခဲ့။ စည်းတခုအဖြစ် မြင်ကာ “စည်းရှိတယ် နော်။ အဲသည် စည်းကြီး မကောင်း” ဟု ထပ်ခါထပ်ခါ ပြောရင်း စည်းကို ပိုပြီး ခိုင်မာအောင် လုပ်နေမိသလို ဖြစ်ခဲ့ကြသည်။

ကျနော့် ဆရာ တဦး အမေရိကားသို့ ရောက်သွားသည့် အခါ သူတို့ ထုံးစံအတိုင်း ဒေသခံအိမ်တအိမ်မှာ နေရာချပြီး နေထိုင်စေသည်။ “လူတွေအကြောင်းလည်း သိစေ၊ ကုန်ကျစာရိတ်လည်း သက်သာစေ” ဟု ပြောရမည် ထင်သည်။ ရောက်ရောက်ချင်းပင် အိမ်ရှင်အဘိုးကြီး အဘွားကြီးတွေက“ဘယ်ကလာသလဲ” မေးသည်။

“မြန်မာ” ဟု ပြန်ဖြေသည့် အခါ “ဘယ်နားမှာ ရှိတာလဲ” ဟု မေးသည်။ Burma (ဘားမား) ဟု ပြန်ပြောကြည့်သည်။ နားမလည်။ နောက်ဆုံး တရုတ်နှင့် အိန္ဒိယနိုင်ငံ ကြားတွင် ရှိသည့် နိုင်ငံဟု ပြောမှ သဘောပေါက်ဟန် ပြသည်။ သို့တိုင် “တရုတ်နဲ့ အိန္ဒိယက နိုင်ငံချင်း ကပ်ရက်ပါ၊ ဘယ်နားက ကြားမှာ ရှိနေတဲ့ နိုင်ငံရှိနေပါလိမ့်” ဟု တွေးချင် တွေးနေပေလိမ့်မည်။

“မြန်မာ” ဆိုသော အမှတ်သရုပ်ကို ဘယ်လို ရအောင် ပြရမလဲ ခေါင်းခဲခဲ့ရသည် ဟု ဆရာက ညည်းညူပြောသည်။ ကိုယ့် ဥခွံလေးထဲကနေ အပြင်ကို ထွက်ကြည့်သည့်အခါ အရောင်းအသွေးစုံသော ကမ္ဘာကြီးကို မြင်ရ၏။ ထို့အတူ ကိုယ့်ဥခွံလေး၏ အရောင်ကိုလည်း မြင်ရ၏။

မကြာသေးခင် ကာလက သတင်းတပုဒ်ကို မှတ်မိနေသည်။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အား မည်သူမည်ဝါ ဖြစ်ကြောင်း အထောက်အထားလက်မှတ် CI (Certificate of Identity) များ ထုတ်ပေးရာတွင် ထိုင်းဘတ်ငွေ ထောင်နှင့် ချီ၍ အပိုပေးဆောင်နေရသည် ဆိုသော သတင်း။ သူများ တိုင်းပြည်ရောက်သွားသော အခါမှာတော့ “ကိုယ်ဘယ်သူလဲ” ဆိုတာကို သက်သေပြနိုင်ဖို့ အမှတ်သရုပ်ကို ငွေပေးပြီး ဝယ်ရသည်။ ပြည်တွင်း မှာသာ “မင်း ဘယ်သူ၊ ငါ ဘာလူမျိုး၊ ငါ့ ဘာသာ” စသဖြင့် အငြင်းပွားမည်။ ပြည်ပတွင်တော့ အမှတ်သရုပ်အတွက်၊ တရားဝင် နေနိုင်ဖို့ အတွက် အိုင်ဒီကဒ် တခုကတော့ မဖြစ်မနေ ဝယ်ရသည်သာ။ ထို အမှတ်သရုပ်တွင်တော့ “မြန်မာ” လို့သာ ပါမည် ထင်သည်။

တကယ်တော့ အမှတ်သရုပ် “အိုင်ဒမ်တတီ (Identity)” ဆိုတာ လူမူရေးအရ တည်ဆောက်ထားခြင်းသာ ဖြစ်သည်။ ကိုယ့်ကိုယ်ကို ဖော်ပြခြင်း တရပ်သာ ဖြစ်သည်။ ကိုယ့်ဘာသာ ဖွင့်ဆိုထားသည့် အရာသာ ဖြစ်သည်။ တရားသေ ဘယ်တော့မှ မပြောင်းလဲသည့် အရာလို့များ ကျနော်တို့ ယူဆထားကြ သလား။ အသေဆုပ်ကိုင်ဖို့ ကြိုးစားခဲ့ကြသည်။ အခြား တဖက် ကလည်း မလိုလားအပ်စွာ ကိုယ်ပိုင် အမှတ်သရုပ်များ မှေးမှိန်သွားအောင် လုပ်ခဲ့သည်။ ဖယ်ခံရတာ ကြာသောအခါ အသိအမှတ်ပြု မခံရသောအခါ “ငါက ဘယ်သူပဲ” ဆိုတာကို ပိုပြီး ပြချင်တဲ့ သဘောလည်း ဖြစ်မည်။

ကျနော့်မှာလည်း အိုင်ဒီကဒ်တခု ရှိပါသည်။ ထို အိုင်ဒီကဒ်ပေါ်မှာ ရေးထားသည် များက မှန် မမှန်တော့ အာမမခံနိုင်ပါ။ လူမျိုးက “ဗမာ” ဟု ရေးထားသည်။ သို့သော် ကျနော့် မျိုးဆက်မှာ ဘယ်နေရာမှာ သွေးနှောခဲ့မည် မှန်း မသိနိုင်ပါ။ ကမ္ဘာပေါ်မှာ သွေးမနှောတဲ့လူဆိုတာ မရှိဘူးဆိုတဲ့ လေ့လာမှုတခုက အခိုင်အမာ ပြောထားပြန်တော့ “ဗမာသွေးစစ်စစ်” ဟု ကျနော် မအော်ရဲ။

အမှတ်သရုပ် ဆိုတာ လူတွေကို စည်းရုံးနိုင်ဖို့ ပြန်လည် တည်ဆောက်ထားတာမျိုးလည်း ရှိနိုင်သည်။ တိုင်းရင်းသား များစွာ ဘက်ကတော့ သူတို့၏ အိုင်ဒမ်တတီ ပျောက်ကွယ်သွားမှာကို စိုးရိမ်သည်။ စိုးရိမ်စရာလည်း ကောင်းသည်။ ခေတ် အဆက်ဆက် လူမျိုးကြီး လွှမ်းမိုးမှုအောက် ရောက်နေခြင်း၊ ဘာသာရေး အစွန်းရောက်မှုများ ခေါင်းထောင်လာခြင်း (လက်ရှိ အချိန်မှာလည်း ခေါင်းထောင်နေခြင်း)၊ အာဏာရှင်စနစ်နှင့် ပဋိပက္ခများက ရှိနေဆဲ ဖြစ်ခြင်းများက စိုးရိမ်ပူပန်မူက လျော့မသွား။

ရိုးရှင်းသည့်ဆန္ဒက ကိုယ့်သာသာစကား ပြောချင်သည်။ ကိုယ့်ဘာသာနှင့် စာသင်လိုသည်။ ဓလေ့ထုံးတမ်းများကို ကျင့်သုံး လိုသည်။ ဤသည်ပင် လူနည်းစု တိုင်းရင်းသားတို့ ပြောသော အမှတ်သရုပ်ကာကွယ်မှု၊ တောင်းဆိုမှု ဖြစ်မည်။ အခြေခံ အခွင့်အရေးများ မရသောအခါ ပြဿနာက အထိမခံ ဖြစ်လာသည်။ အဝတ်အစားကိုပင် ဗမာ အဝတ်အစားဆို မဝတ်ချင်၊ ‘ဗမာစကား မပြောနဲ့’ ဆိုသည် အထိ ဖြစ်လာရသည်။ အခြားတဖက်ကို ဆန့်ကျင်ရင်း ကိုယ့် အမှတ်သရုပ်ကို မြှင့်တင့်ခဲ့ကြသည့် သဘောပင်ဖြစ်သည်။

လက်ရှိအစိုးရက အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးစားပေးမည် ဟု ပြောသည်။ တိုင်းပြည်၏ ပကတိ လိုအပ်ချက်နဲ့ ကိုက်ညီသည် ဟုပြောနိုင်မည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတာ ဘယ်လို ပြောချင်တာလဲ သေချာ မတွေ့မိသော်ငြား တပ်မတော်၊ လက်နက်ကိုင်အုပ်စုများနှင့် ပြန်လည် သင့်မြတ်လိုခြင်းကို အဓိက ဆိုလိုပုံ ရသည်။

သို့သော် အထက်မှာ ဆိုခဲ့သည့်အတိုင်း ကွဲပြားစည်းခြားနေသော အမှတ်သရုပ် သို့မဟုတ် “ငါတို့ဟာ မတူဘူး” ဆိုသည့် အသီးသီး မတူမှုများထဲမှ အားလုံး အတွက် မျှဝေ လက်ခံနိုင်မည့် အမှတ်သရုပ် တခုတည်ဆောက်ခြင်းသည် လည်း အမျိုးသား ပြန်လည် သင့်မြတ်ရေး၏ အရေးကြီးသည့် မျက်နှာစာ တခု ဖြစ်ပါလိမ့်မည်။
ကျနော်တို့ ဘယ်လို အမှတ်သရုပ်မျိုး တည်ဆောက်ကြမလဲ။

အပြင်ကနေ အင်အားသုံး၍ “မင်းက ဒါ၊ မင်းကတော့ ဟိုဟာ” လိုမျိုး လုပ်၍ ရသော အရာ မဟုတ်တော့။ အတူတကွ သဘောတူမှု တည်ဆောက်မှ ရမည့် အရာ။ တန်းတူညီမျှစွာ တွေးတောရမည့် အရာ။ ကိုယ့်ရှိရင်းစွဲ သရုပ်လေးလည်း ထိန်း။ အများနဲ့လည်း ညီစေမယ့် သရုပ်လည်း ပါဝင်အောင် တည်ဆောက် ဆိုတာမျိုး ဖြစ်သည်။

ဘာသာအယူအစွဲ ကွဲတာကို ဦးစားပေးလို့ မဖြစ်၊ လူမျိုး မတူတာကို အကြီးကြီး တွေးလို့ မရ။ နေရာဒေသ ကွဲပြားတာကို လျော့ပေါ့ စဉ်းစားလာနိုင်ရင် အားလုံးမျှဝေ လက်ခံ သုံးစွဲနိုင်မယ့် အမှတ်သရုပ်တခု ထွက်ပေါ်လာနိုင်မလား။ ကျနော်တို့ ခေတ်၏ လေးနက်သည့် မေးခွန်း၊ အရေးကြီးသည့် မေးခွန်း ဖြစ်ပါသည်။

(လင်းငယ်သည် နိုင်ငံတကာ ဖွံ့ဖြိုးရေးဘာသာရပ် လေ့လာနေသူဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် နှီးနွယ်သော မျက်မှောက်ရေးရာများကို သုံးသပ်ရေးသားနေသူ တဦးဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading